← Chapters

( ကျန်တဲ့သူတွေ မပြောရဲရင် ငါပြောမယ်!)

Vol. 11 Ch. 143

( ကျန်တဲ့သူတွေ မပြောရဲရင် ငါပြောမယ်!)

Vol. 11 Ch. 143

နှင်းနဂါးတောင်၊ တောင်ခြေရှိ စားသောက်ဆိုင်၏ဒုတိယထပ်တွင် စားပွဲအပြည့် ဟင်းပွဲများကို တည်ခင်းထားသည်။

ကျောက်ကောင်းက စားပွဲတွင် ထိုင်နေခဲ့သည်။ သူ့ရဲ့ မျက်နှာတစ်ခုလုံးတည်ငြိမ်နေပြီး လုံးဝစကားမပြောခဲ့ဘူး။

အနီးတွင် သိုင်းလောကသားများစွာ ဒူးထောက်ပြီး ခစားနေကြသည်။

“သခင်ကျောက် ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုသွားခွင့်ပေးပါ၊ ဒီလိုမျိုး ဆက်သွားလို့ မဖြစ်တော့ဘူး၊ နှင်းနဂါးတောင်က အရမ်းကိုကျယ်ဝန်းလွန်းတယ်၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ဆယ်ယောက်ကျော်လည်း ပျောက်ဆုံးသွားခဲ့ပြီ၊ ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင် အခြေအနေတွေက ကျွန်တော်တို့ မကိုင်တွယ်နိုင်အောင် ဆိုးဝါးလာမှာကို စိုးရိမ်ရပါတယ်”

“အမှန်ပဲ၊ သခင်ကျောက်လည်း သေချာသိတာပဲ၊ နှင်းနဂါးတောင်နဲ့ပက်သက်ပြီး ပုံပြင်တွေအများကြီးရှိခဲ့တယ်၊ မကြာခင်ရက်ပိုင်းကမှ ဒီနေရာမှာပြောင်းလဲမှု အများကြီးဖြစ်ပေါ်ခဲ့တယ်လို့ ကြားခဲ့တယ်၊ အရင်ကထက် သားရဲတွေက အဆပေါင်းများစွာ ပိုကြမ်းကြုတ်လာခဲ့တယ်၊ ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင် အိမ်မက်ဆိုးကြီးတစ်ခုလိုမျိုး ရုန်းထွက်လို့မရမှာကို စိုးရိမ်ရတယ်!”

အကုန်လုံးရဲ့မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပြည့်နက်နေခဲ့သည်။

“အရှုံးသမားတစ်အုပ်! မင်းတို့ဆယ်ရက်ကျော်သွားခဲ့တယ်၊ ဒါပေမယ့် အဖြေရှာမတွေ့ခဲ့ဘူး၊ ဒီတော့ ဘာကိစ္စမင်းတို့ကို ငါကအသက်ရှင်အောင် ထားပေးနေရဦးမှာလဲ?”

ကျောက်ကောင်းက မျက်နှာကိုမဲ့လိုက်သည်။ သူ့ရဲ့အတွင်းစွမ်းအင်တွေလည်း ချက်ချင်းပဲ လျှံထွက်လာ၏။

ရုတ်တရက်မြေကြီးပေါ်မှာ ဒူးထောက်ထားသော လူတွေအားလုံး တွန့်လိမ်ကုန်တော့သည်။ မြေပြင်ပေါ်မှာ လူးလိမ့်ရင်း အဆက်မပြတ်အော်ဟစ်နေကြ၏။

“သခင်ကျောက်..ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ၊ သခင်ကျောက်..ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ!”

“ကျွန်တော်တို့မှားမှန်းသိပါပြီ!”

“ကျွန်တော်တို့မှားမှန်းသိပါပြီ!”

“ဒါပေမယ့် နှင်းနဂါးတောင်ကို ဆက်သွားလို့မဖြစ်ပါဘူး!”

…..

ထိုသူကအဆက်မပြတ် အော်ဟစ်နေခဲ့သည်။ နာကျင်နေပေမယ့် လက်မလျှော့ခဲ့ဘူး။ သူတို့ရဲ့ မျက်လုံးထဲမှာ နှင်းနဂါးတောင်ကို လွန်စွာကြောက်ရွံ့နေကြ၏။

ထိုအချင်းအရာကို မြင်သောအခါမှာ ကျောက်ကောင်းရဲ့ မျက်လုံးတွေက ရေခဲတမျှ အေးစက်လာတော့၏။

တစက်ကလေးမှ မငှဲ့ညှာပေးခဲ့ဘူး။ သူရဲ့လက်အတွင်းမှာ ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်ကို ပိုပြီးအားထည့်လိုက်၏။ မကြာခင်မှာပဲ မြေပြင်ပေါ်မှာ လူးလိမ့်နေတဲ့လူတွေအားလုံး မေ့လဲသွားတော့သည်။

ထိုအချိန်မှပဲ ကျောက်ကောင်း စွမ်းအင်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။

“စောက်သုံးမကျတဲ့ ငကြောက်တွေ!”

“ရေခဲပုစဉ်းနဲ့ ပက်သက်ပြီးတော့လည်း ဘာသတင်းမှ မကြားရဘူး”

ကျောက်ကောင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက်မှာ မြေပြင်ပေါ်မှာ မေ့လဲနေတဲ့ လူတစ်အုပ်ကို အေးစက်စွာ ကြည့်လိုက်၏။

“ဒီလူတွေ အားလုံးကို အခု ခေါ်သွားတော့၊ နောက်ပြီးရင် နေ့ရက်တစ်ရက်ရွေးပြီး မဟာတံတိုင်းတည်ဆောက်မယ့် နယ်စပ်ကိုပို့လိုက်”

ကျောက်ကောင်းအေးစက်စွာပြောလိုက်သည်။

အစေခံတွေ ချက်ချင်းပဲ မြေပြင်ပေါ်ကလူတွေကို သယ်ဆောင်သွားကြ၏။

ဒီလိုနဲ့ပဲ ကြီးမားသောစားသောက်ဆိုင်အတွင်းတွင် ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော သိုင်းသမားတစ်ချို့သည် မတတ်နိုင်စွာ ခေါင်းယမ်းလိုက်ကြသည်။

“အာဏာပြလိုက်တာ၊ တကယ်ကို အာဏာပြလိုက်တာ! ဒီလိုလုပ်ရပ်က တရှားတိုင်းပြည်အတွက် ဂုဏ်ကျစေမယ့်လုပ်ရပ်ပဲ၊ မဖွံ့ဖြိုးတဲ့ဒေသတွေမှာ ပညာမတတ်သူတွေ ပေါများတယ်ဆိုတဲ့စကားပုံက အမှန်ပဲကို၊ အခုဒီလူရဲ့အပြုအမူကိုလည်း ကြည့်လိုက်ဦး၊ ရိုင်းဆိုင်းနေတာပဲ!”

“ဒါ့အပြင် သိုင်းလောကသားတွေဖြစ်ပြီး ရုံးတော်အတွက် ဘယ်လိုများ အလုပ်လုပ်ပေးနိုင်တာလဲ? အခြေခံမရှိတဲ့ကောင်တွေ!”

ချက်ချင်းပဲ ထိုသူ့ကို ဘေးနားက သူငယ်ချင်းတွေက ဝိုင်းဝန်းတားမြစ်လိုက်ကြသည်။

“ရှူး….မင်းရဲ့အသံကိုတိုးထား!”

“ဘာလဲ? ငါတို့က ဝေဖန်ခွင့်တောင် မရှိတော့ဘူးလား? ဒါကအရှက်ရစရာပဲ! ငါတို့သိုင်းလောကသားတွေအတွက် လုံးဝကို အရှက်ရစရာပဲ!”

ထိုသူက အမှုမထားစွာဖြင့် လက်တစ်ဖက်ကို ခါယမ်းလိုက်သေးသည်။ သူ့ရဲ့မျက်လုံးထဲမှာလည်း အထင်သေးမှုတို့ ပြည့်နေ၏။

“ဒုတိယထပ်မှာ ထိုင်နေတဲ့သူကို ဘယ်သူလဲမင်းသိလား?”

“ဘယ်သူမို့လို့လဲ? ဘယ်လောက်ပဲ အဆင့်မြင့်တဲ့အရာရှိဖြစ်နေပါစေ၊ သူကဘာလုပ်နိုင်မှာမို့လို့လဲ? ဘာကိစ္စ ငါ့ပါးစပ်ကိုပိတ်ထားရမှာလဲ? ငါအမှားလုပ်ခဲ့လို့လား? ကိုယ်ကအမှားလုပ်ထားပြီး ဝေဖန်မခံချင်ဘူးဆိုရင် ဘာကိစ္စအစတည်းက အမှားလုပ်သေးလဲ? လူတစ်ယောက်အနေနဲ့ သေရမှာကြောက်တာ သူတို့မှာဘာအပြစ်ရှိသွားလို့လဲ? ဘာကိစ္စသူတို့ရဲ့အသက်ကို အတင်းအကျပ် စွန့်စားခိုင်းနေရတာလဲ?”

“အဲဒီသူက ကျောက်ကောင်းပဲ၊ အရှင်မင်းကြီးရဲ့ သဘောကျမှုကို ရထားတဲ့ မိန်းမစိုးကျောက်ကောင်းဆိုတာ သူပဲ!”

ဘေးနားက မိတ်ဆွေက သတိပေးလိုက်သည်။

ဒေါသတကြီး ပြောဆိုနေခဲ့တဲ့ ပထမလူ ချက်ချင်းပဲ အသံတိတ်သွားတော့၏။

သူ့ရဲ့မျက်နှာသည်လည်း ဖြူဖတ်သွားခဲ့သည်။

“ကျောက်ကောင်း…အဲဒီသူက ထိုက်အန်းမြို့တော်ရဲ့ သိုင်းလောကသားအားလုံးကို တစ်ညတည်းနဲ့ ဖမ်းဆီးခဲ့တဲ့သူမလား? သူကဘာလို့ဒီမှာရှိနေတာလဲ?!”

“သူဒီမှာ ရှိနေတာ နှစ်ပတ်ကျော်နေပြီ၊ မင်းက အခုမှရောက်လာတာဆိုတော့ မသိသေးတာအမှန်ဖြစ်သင့်တာပဲ”

“ကျောက်ကောင်း ဒီနေရာကိုရောက်လာခဲ့တာက ရေခဲပုစဉ်းကို လာရှာတာလို့ ကြားတယ်၊ ဒါပေမယ့် ငါတို့တွေ့သလောက်တော့ နှင်းနဂါးတောင်ဆိုတာကလည်း အကျယ်ကြီးပဲလေ၊ ရှာတွေ့ဖို့ဆိုတာက မလွယ်ကူဘူး”

စကားပြောနေရင်းနဲ့ ရုတ်တရက် သူတို့၏နောက်တွင်အေးစက်မှုကို အကုန်လုံး ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလို ပုံရိပ်မည်းတစ်ခုက အားလုံးရဲ့အနောက်ကို ရောက်လာခဲ့သည်။ တချိန်တည်းမှာပဲ တိုးဖျော့သော ကျောက်ကောင်းရဲ့အသံကို ကြားလိုက်ရ၏။

“မင်းတို့အခု ဘာတွေပြောနေလဲတော့မသိဘူး၊ ငါသေချာမကြားရလို့ အနီးကပ်လာနားထောင်တာ”

စားပွဲဝိုင်းက လူတွေအားလုံးချက်ချင်းပဲ အေးစက်တောင့်တင်းသွားကြသည်။ လေထုက လေးလံလာ၏။

ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အင်အားကြီးသည့်ဖိအားကို အကုန်လုံးကို ခံစားလိုက်ရသည်။

“အကုန်လုံး ငါနဲ့အပေါ်ထပ် လိုက်ခဲ့ချင်လား?”

ကျောက်ကောင်း ထိုသူတွေအားလုံးကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုအချိန်တွင် သူကဖိအား အနည်းငယ်ကိုသာ ထုတ်လွှတ်ထားခဲ့သည်။ ဒါပေမယ့် ထိုဖိအားအနည်းငယ်ကတင် စားပွဲဝိုင်းက လူအားလုံးကို လွန်စွာကြောက်လန့်စေဖို့ လုံလောက်နေခဲ့သည်။

“သခင်ကျောက် ကျေးဇူးပြုပြီး ချမ်းသာပေးပါ၊ သခင်ကျောက် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ!”

“ကျွန်တော်တို့ နည်းနည်း အရက်မူးသွားပြီး စိတ်ရှုပ်ထွေးသွားလို့ပါ၊ ဒါကြောင့် သခင်ကျောက်ကို စိတ်ဆိုးစေဖို့ ဘာစကားတွေပြောခဲ့မိမလဲဆိုတာ ကျွန်တော်တို့မမှတ်မိတော့ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!”

ထိုသူက ချက်ချင်းပဲ ကျောက်ကောင်းကို အရိုအသေပေးလိုက်သည်။

ကျောက်ကောင်းကတော့ ဘာတုံ့ပြန်မှုမှ မပြခဲ့ပေ။ ထိုနေရာမှာပဲ တိတ်ဆိတ်စွာ ရပ်နေ၏။ မောက်မာပြီး လွှမ်းမိုးနိုင်စွမ်း ပြည့်ဝသော ခံစားချက်ကို အပြည့်အဝဖော်ကျူးနေသည်။ သူအနေနဲ့ ထိုသူတွေအားလုံးကို မျက်စိထဲမထည့်ထားပါချေ။

သူတွေးနေမိတာတစ်ခုက

ဒီလူတွေကို လွှတ်ပြီးတော့ ရေခဲပုစဉ်းသွားရှာဖို့ လုပ်ခိုင်းလိုက်သင့်လား?

ဒီရက်ပိုင်းအတွင်း ကျောက်ကောင်း ထိုသို့ပြုလုပ်ခဲ့တာ များလေပြီ။

ကျောက်ကောင်းရဲ့ ပုံစံကြောင့် အနီးအနားရှိ စားပွဲဝိုင်းကသူတွေအားလုံး မတတ်နိုင်စွာ ခေါင်းယမ်းလိုက်ကြသည်။ ဒီမြင်ကွင်းကို သူတို့အသားကျနေပြီပင်။ ဒါက ပထမဦးဆုံးအကြိမ် မဟုတ်တော့ဘူး။

“ကောင်းပြီ၊ ငါမင်းတို့ကို ချမ်းသာပေးမယ်၊ မင်းတို့သာ တရှားတိုင်းပြည်အတွက် အလုပ်လုပ်ဖို့ဆန္ဒရှိသရွေ့ ငါမင်းတို့ရဲ့ အသက်ကိုချမ်းသာပေးမယ်”

ကျောက်ကောင်းက ပြောပြီးတာနဲ့ သေခြင်းရှင်ခြင်းအဆောင်သိုင်းကို အသက်သွင်းဖို့ပြင်လိုက်သည်။

ထိုအချိန်မှာပဲ စားပွဲဝိုင်းတွင် အစောက အာဘောင်အာရင်းသန်သန်ဖြင့် ပြောဆိုခဲ့သောသူက ရုတ်တရက် မတ်တပ်ထရပ်လာပြီး စားပွဲခုံ လက်ဖြင့်ကျယ်လောင်စွာ ရိုက်ချလိုက်သည်။

“ကျောက်ကောင်း၊ ငါမင်းကိုပြောမယ်၊ ကျန်တဲ့သူတွေက မင်းကို ကြောက်ချင်ကြောက်ပေမယ့် ငါကလုံးဝမကြောက်ဘူး၊ အမှန်အတိုင်း ပြောရရင် ငါကတရှားတိုင်းပြည်မှာ မွေးဖွားခဲ့တဲ့သူမဟုတ်ဘူး၊ ငါက တဟန်တိုင်းပြည်ကပဲ! တဟန်တိုင်းပြည်ရဲ့ထန်ဝမ်ဂိုဏ်းက လာခဲ့တာ!”

ထန်ဝမ်ဂိုဏ်း…!

အကုန်လုံးအံ့ဩသွားခဲ့ကြသည်။

လူတစ်ချို့သည် မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်ကြ၏။

တဟန်တိုင်းပြည်ရှိထန်ဝမ်ဂိုဏ်းသည် တရှားတိုင်းပြည်အတွင်းရှိ တာအိုဂိုဏ်းနှင့်မတူညီပေ။ ထန်ဝမ်ဂိုဏ်းတွင် ကျွမ်းကျင်ကျင့်ကြံသူများဖြင့် ပြည့်နေပြီး အင်အားကြီးဂိုဏ်းတစ်ခုဖြစ်၏။ ထန်ဝမ်ဂိုဏ်းအတွင်းတွင် ပထမအဆင့်ကျင့်ကြံသူ ငါးယောက်ထက်မနည်းရှိသည်။

ကျောက်ကောင်းလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။ အချိန်တစ်ခဏကြာသည်အထိ မတုံ့ပြန်ခဲ့ဘူး။

ဒါပေမယ့် မကြာခင်မှာပဲ သူ့ရဲ့မျက်လုံးတွေက အေးစက်လာခဲ့သည်။

စားသောက်ဆိုင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သဖြင့် ချက်ချင်းဆိုသလို ကျောရိုးထဲထိချမ်းစိမ့်သွားစေတဲ့ အကြောက်တရားကို အကုန်လုံး ခံစားလိုက်ရသည်။ ကျောက်ကောင်းရဲ့ မျက်လုံးထဲမှ လူသတ်ငွေ့တွေ အဆက်မပြတ် ထုတ်လွှတ်နေ၏။

“ဟုတ်လား? မင်းကထန်ဝမ်ဂိုဏ်းကလား?”

ကျောက်ကောင်းရဲ့ မျက်လုံးတွေက ရေခဲတမျှအေးစက်နေခဲ့သည်။

သူရဲ့ အကြည့်စူးစူးက စားသောက်ဆိုင်ထဲရှိ လူတွေအားလုံးကို တိတ်ဆိတ်အောင် လုပ်သွားခဲ့၏။

ရှကျိုးယွီနောက်ကို လိုက်ခဲ့ပြီးတည်းက သူဘယ်သူ့ကိုမှ မကြောက်ရွံ့တော့ဘူး။ ဘာပြဿနာကိုမှလည်း မကြောက်ရွံ့တော့ပေ။ ဒါ့အပြင် ပြဿနာတွေကို ရင်ဆိုင်တဲ့အချိန်မှာ အောက်ခြေကစပြီး ဖြေရှင်းတတ်သည်။

ထို့ကြောင့် သူခဏစဉ်းစားလိုက်၏။ ကျောက်ကောင်းလှုပ်ရှားဖို့ ပြင်လိုက်စဉ်မှာပဲ စားသောက်ဆိုင်၏ ထောင့်တွင်ရှိနေသော ရိုးရှင်းသည့်ဝတ်စုံကိုဝတ်ဆင်ထားသည့် သာမန်မျက်နှာနဲ့ လူတစ်ယောက်က ရုတ်တရက် ထရပ်လိုက်သည်။

“အဟမ်း”

ထိုလူငယ်ရဲ့ လည်ချောင်းရှင်းသံက တိတ်ဆိတ်နေသော စားသောက်ဆိုင်အတွင်းတွင် ပဲ့တင်ထပ်သွားလေရဲ့။

“ကျန်တဲ့သူတွေ စကားမပြောဘူးဆိုရင်လည်း ငါပြောမယ်။ မောက်မာပြီး လွှမ်းမိုးတယ်၊ ဘယ်သူကိုမှ အထင်မကြီးဘူး၊ ဒါက တရှားတိုင်းပြည်အနေနဲ့ လက်လွှတ်သင့်တာကြာပြီဖြစ်တဲ့ အပြုအမူပဲ!”

ထိုစကားကြောင့် အခန်းထဲက လူတွေအားလုံး အံ့ဩသွားခဲ့ကြသည်။ သူတို့တွေက ထိုလူငယ်ကို အံ့ဩစွာ ကြည့်လိုက်ကြ၏။

မကြာခင်မှာပဲ ထိုသူရဲ့သာမန်ဆန်လွန်းသော ရုပ်သွင်ပြင်ကြောင့် အံ့ဩမှုက အဆမတန်မြင့်တက်သွားခဲ့ရသည်။ ထိုသူရဲ့ပုံစံက သာမန်ဆန်လွန်းလို့ နှစ်ခါပြန်မကြည့်မိရင် လုံးဝသတိမထားမိနိုင်မယ့် အနေအထားမျိုးပဲ။

ဒါ့အပြင် ဒီလူငယ်ဆီကနေ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်တောင်မှ အာရုံခံလို့မရခဲ့ဘူး။ မသိရင် သာမန်သူတစ်ယောက်လိုမျိုးပဲ!

ရိုးရှင်းပေမယ့် ဆန်းကြယ်ပုံပေါက်သည့် ဝတ်ဆင်ပုံလွဲရင် ထိုသူနဲ့ပက်သက်ပြီး ထူးခြားသည့်အချက်မရှိပေ။ ဒါပေမယ့် ဒီလိုမျိုး သာမန်ဆန်တဲ့ လူငယ်တစ်ယောက်က မကြောက်မလန့်စကားတွေ ဘယ်လိုကြောင့်ပြောရဲတာလဲ?!

……….

All Chapters