( ငါကရှကျိုးယွီလို့ မင်းတို့ စဥ်းစားဖူးကြလား?)
Vol. 11 Ch. 148
"အွန်း"
ဟွမ်ပထျန်းရဲ့ စကားလုံးတွေကြောင့် ရှကျိုးယွီ အနည်းငယ် တွေးတောလိုက်သည်။ ထို့နောက်မှာ ခေါင်းညိတ်လိုက်၏။
'ဒီတစ်ခေါက် ငါ့ရဲ့အားလပ်ချိန်မှာ လုပ်စရာတစ်ခုခု ရှာနေတာပဲ မဟုတ်ဘူးလား? ဒါကြောင့် အခုလိုမျိုး မကောင်းမှုကို တိုက်ဖျက်တဲ့ အစီအစဉ်ထဲ ဝင်ပါလိုက်တာက ကံကြမ္မာအမှတ်ကိုလည်း တစ်ဖက်တစ်လမ်းက ဆန့်ကျင်လို့ရသွားမယ်!’
ရှကျိုးယွီ ခေါင်းညိတ်တာကို မြင်တဲ့အချိန်မှသာ ဟွမ်ပထျန်း စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
"တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က ၁လတည်းနဲ့ ၆ဆ တက်သွားခဲ့တယ်။ ဒါကြောင့် အကုန်လုံးက တရှားတိုင်းပြည်အတွင်းထဲမှာ လျှို့ဝှက်ချက်ကြီး ရှိနေမယ်လို့ ထင်ကြတယ်"
"လျှို့ဝှက်ချက် ဟုတ်လား? မင်း ဘာတွေ ပြောနေတာလဲ?"
ရှကျိုးယွီ ရှုပ်ထွေးစွာဖြင့် ဟွမ်ပထျန်းကို ကြည့်လိုက်သည်။
ဟွမ်ပထျန်း နောက်တစ်ကြိမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့၏။ ထို့နောက်မှာ ပတ်ဝန်းကျင်ရှိ လူတွေကို အကဲခတ်လိုက်ပြီးမှ ဘယ်သူမှ နားမထောင်နေတာ သေချာသောအချိန်တွင် ရှကျိုးယွီ အနားကို တိုးကပ်လာခဲ့သည်။
"ငါတို့က လူစုဖွဲ့နေတာ။ ငါတို့ရဲ့အစီအစဥ်က ထိုက်အန်းမြို့တော်ကို သွားပြီးတော့ ရှကျိုးယွီကို ဖမ်းဖို့ပဲ! ငါတို့သာ ရှကျိုးယွီကို ထိန်းချုပ်ထားနိုင်သရွေ့ တရှားတိုင်းပြည်တစ်ခုလုံးက ငါတို့အပိုင် ဖြစ်လာလိမ့်မယ်။ တရှားတိုင်းပြည်ကို ငါတို့ လိုသလို အသုံးချလို့ရမယ်။ ငါတို့ အဆင့်တက်ဖို့အတွက် အရင်းအမြစ်တွေကို အသုံးချပြီး ငါတို့ရဲ့ လာရာဒေသကို ဂုဏ်ရှိရှိနဲ့ ပြန်သွားပြီး အကုန်လုံးကို အံ့အားသင့်စေမယ်!"
"ရှကျိုးယွီကို ဖမ်းမယ် ဟုတ်လား?"
ရှကျိုးယွီ အနည်းငယ် အံ့သြသွားလေ၏။ ဒါက ကိစ္စကောင်းပဲ!
"ဟုတ်တယ်။ ငါတို့က ရှကျိုးယွီကို ဖမ်းမှာ။ ရှကျိုးယွီကို မင်း အထင်မသေးနဲ့။ တရှားတိုင်းပြည်က သေးငယ်တဲ့ တိုင်းပြည်ဆိုပေမဲ့ ၁လတည်းနဲ့ ကံကြမ္မာအမှတ်က ၆ဆတောင် တက်သွားခဲ့တာနော်။ ဆိုလိုတာက သူတို့မှာ သေချာပေါက် ကြီးမားတဲ့ လျှို့ဝှက်ချက် ရှိနေရမယ်။ ငါတို့သာ အဲဒီလျှို့ဝှက်ချက်ကို အပြင်ဘက်ကို ဖော်ထုတ်လိုက်နိုင်မယ်ဆိုရင် ငါတို့ရဲ့ အနာဂတ်က မချောမွေ့သွားဘူးလား?"
ဟွမ်ပထျန်းက ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေရင်း ပြောလိုက်သည်။ သူရဲ့မျက်လုံးထဲမှာ ဂုဏ်ယူမှုတို့ ရှိနေ၏။
ရှကျိုးယွီကို ကြည့်နေရင်း သူက ဆက်ပြောလိုက်သည်။
"ညီကို၊ မင်း ဘယ်လိုထင်လဲ? မင်း စိတ်ဝင်စားသလား? အကယ်လို့ မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ့ရဲ့ ညီကိုတွေကို စုဆောင်းလိုက်တော့မယ်။ သေချာပေါက် မင်းရဲ့ကျင့်ကြံဆင့်က မြင့်တဲ့အတွက် သူတို့လည်းပဲ စိတ်ပါလာမယ်ဆိုတာ ငါ ယုံကြည်တယ်။ ဒါ့အပြင် ရှကျိုးယွီကိုသာ အောင်မြင်စွာ ဖမ်းနိုင်လို့ကတော့ မင်းကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ ဆန္ဒရှိတယ်"
ရှကျိုးယွီရဲ့ အတွေးတွေက ပိုပြီး နက်ရှိုင်းလာခဲ့သည်။ ထိုသူရဲ့ ပြောစကားအရဆိုရင် သူတို့ရဲ့အစီအစဉ်က ထိုက်အန်းမြို့တော်ကို သွားရောက်ပြီး ရှကျိုးယွီကို ဖမ်းဆီးဖို့ပင်။
ဒါပေမဲ့ သူတို့က အခု ဘာလို့ နှင်းနဂါးတောင်ရဲ့ တောင်ခြေမှာ ရှိနေရတာလဲ? ဒါက လုံးဝ အဓိပ္ပါယ်မရှိဘူး။ ဘယ်လိုပဲ စဥ်းစားပါစေ အဖြေ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ရှကျိုးယွီ မေးလိုက်တော့သည်။
"ဒီလိုဆိုမှတော့ ငါတို့က ဘာကိစ္စ ထိုက်အန်းမြို့တော်ကို တိုက်ရိုက်မသွားဘဲ ဒီမှာ နေနေတာလဲ?"
ဟွမ်ပထျန်း အနည်းငယ် မှင်သက်သွားခဲ့သည်။ ထို့နောက်မှာ ရယ်လိုက်ပြီး
"ငါတို့ရဲ့ ကျင့်ကြံဆင့်က မနိမ့်ဘူးဆိုပေမဲ့ ရှကျိုးယွီရဲ့အနားမှာ သေချာပေါက် ကျွမ်းကျင် ကျင့်ကြံသူတွေ ရှိနေမှာပဲ ။ ဒါ့အပြင် မင်းလည်း သိပါတယ်။ ရှကျိုးယွီနဲ့ ထျန်းချီတာဝါက နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ ထျန်းချီတာဝါဘက်က တရှားနန်းတော်အတွင်းမှာ လူယုံတွေ လွှတ်ထားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ငါတို့က အဲဒီအခြေအနေကို တွေးမိတာမို့လို့ သူတို့ရဲ့ နှင်းနဂါးတောင်ဆီ သွားပြီးတော့ ရေခဲပုစဥ်း ရှာဖွေမယ့် ခရီးစဥ်မှာ လိုက်ပါဖို့ ဆုံးဖြတ်ခဲ့တာ။ ငါတို့သာ ရေခဲပုစဥ်းကို ရှာတွေ့ပြီဆိုရင် တရှားရဲ့နန်းတော်ထဲကို ကိုယ်တိုင်သွားပြီးတော့ အရှင်မင်းကြီးဆီ ဆက်သရလိမ့်မယ်။ အဲဒီအချိန်ကျရင် ရှကျိုးယွီကို ဖမ်းဆီးဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ အဲ့ဒါက အလုံခြုံဆုံး နည်းလမ်းလည်း ဖြစ်တယ်!"
ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။
'တော်လိုက်တာ။ ဒီနေ့ခေတ် လူငယ်တွေက အရမ်း သတိများကြတာပဲ’
'ဒီအစီအစဉ်က တကယ်ပဲ ယုံကြည်ရလို့လား?’
'ရေခဲပုစဥ်းဆိုတာ အလွန် တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုပဲ။ ရေခဲပုစဥ်းကို ရှာတွေ့သွားပြီဆိုရင်
သိုင်းသမားတွေအနေနဲ့ အဲဒီပစ္စည်းကို ယူပြီးတော့ ထွက်ပြေးဖို့ မတွေးလောက်ဘူးလား? သူ့ရဲ့အဖွဲ့ထဲက သူတွေက ယုံရရဲ့လား?’
'ဒီလူ ရူးသွားပြီလား?’
ရှကျိုးယွီက ဟွမ်ပထျန်းကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။
ရှကျိုးယွီရဲ့ အကြည့်ကြောင့် ထိုသူက အနည်းငယ် ရှက်ရွံ့လာဟန်ပဲ။ ဟွမ်ပထျန်းက မျက်နှာမှာ စပ်ဖြဲဖြဲအပြုံးကြီးကို တပ်ဆင်လိုက်ကာ
"ဘာလို့လဲ ညီကို။ ပြဿနာရှိတယ်လို့ ထင်လို့လား?"
"ဘာပြဿနာမှ မရှိပါဘူး။ ရှကျိုးယွီကို တွေ့ဖို့က ဒီလောက် မခက်ခဲဘူးလို့ ထင်လို့ပါ။ ဥပမာ ပြောရမယ်ဆိုရင် ငါက ရှကျိုးယွီ ဖြစ်နေနိုင်တာပဲ"
"အမ်"
ရှကျိုးယွီရဲ့ စကားတွေကြောင့် ဟွမ်ပထျန်း အံ့သြမှင်သက်သွားခဲ့သည်။ ထို့နောက်မှာဖြင့် ကျယ်လောင်စွာ ရယ်လိုက်တော့၏။
"ညီကို နောက်နေတာ ရပ်ပါတော့။ ဟားဟားဟားဟား မင်းက ရှကျိုးယွီ ဟုတ်လား? ရှကျိုးယွီက အရူးတစ်ယောက်ပဲ။ သူက ဘာမှမသိဘူး။ မင်းနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ?"
"ဒါ့အပြင် မင်းက ရှကျိုးယွီ ဖြစ်နေခဲ့မယ်ဆိုရင် အခုလိုမျိုး သူ့ရဲ့ ကိုယ်ပိုင် မိန်းမစိုးတစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ပါ့မလား?"
ဟွမ်ပထျန်းက ပြောနေရင်းနဲ့ အရက်ခွက်ကို မကာ တစ်ငုံသောက်လိုက်သည်။ ရှကျိုးယွီရဲ့ စကားတွေကို လုံးဝ စိတ်ထဲ မထည့်ခဲ့ဘူး။
"ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်လိုက်တယ် ဟုတ်လား? ငါ အဲလိုကြီး မလုပ်မိပါဘူးနော်။ မင်းက ဘာကိစ္စ ငါ့ကို ရှကျိုးယွီ မဟုတ်ဘူးလို့ သံသယ ဝင်ရတာလဲ?"
ရှကျိုးယွီက ဟွမ်ပထျန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဒါပေမဲ့ ဟွမ်ပထျန်းက လုံးဝ နားမထောင်နေခဲ့ဘူး။ ထိုအစား သူက ကုန်သွားသော အရက်ခွက်ကို အရက်ပြန်ဖြည့်နေရင်းဖြင့် အလုပ်များနေလေ၏။
သူ့ရဲ့ အရက်ဖြည့်သော လုပ်ငန်းစဥ် ပြီးသွားသောအခါတွင် ရှကျိုးယွီကို အကြာကြီး စိုက်ကြည့်လိုက်သည်။ အပေါ်အောက် စုံဆန်ကြည့်လိုက်သည်။ ထို့နောက်မှာ တည်ငြိမ်စွာ ပြောလိုက်၏။
"ညီကို နောက်နေတာ ရပ်ပါတော့။ သတင်းတွေမှာ ရှကျိုးယွီနဲ့ ပတ်သက်ပြီး ကျင့်ကြံဆင့် လုံးဝမရှိတဲ့ သာမန်သူတစ်ယောက်လို့ ပြောထားပေမဲ့ သေချာတဲ့ အချက်တစ်ခုတော့ ရှိတယ်။ ရှကျိုးယွီက တော်တော်လေး ချောမောတယ်တဲ့။ ငါသာ ဒီနေ့ မင်းရဲ့ သန်မာတဲ့ တိုက်ခိုက်မှုကို မမြင်ဘူးဆိုရင် မင်းကို မှတ်မိမှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ ငါ မင်းကို ရုပ်ဆိုးတယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ရှကျိုးယွီနဲ့ ယှဥ်လိုက်မယ်ဆိုရင် မင်းရဲ့ရုပ်က တော်တော်လေး... ဘယ်လိုပြောရမလဲ ဆိုးရွားတယ်ပေါ့လေ!"
"နည်းနည်း သာမန်ဆန်နေတာပေါ့ ညီကိုရာ။ စိတ်မပျက်ပါနဲ့!"
ဟွမ်ပထျန်းက ပြောနေရင်းနဲ့ ခေါင်းယမ်းလိုက်သည်။
"ဒီလိုမှမဟုတ်ရင် ယူအိမ်တော်ရဲ့ သမီးကြီးက ဘာကြောင့် ရှကျိုးယွီကို ဒီလောက်ထိ လေးစားနေတယ်လို့ မင်းထင်လဲ? ဒီတော့ကွာ သေချာပြောရမယ်ဆိုရင် သူမကလည်း ရှကျိုးယွီရဲ့ ရုပ်ရည်မှာ ကြွေဆင်းသွားတာပဲ!"
ဟွမ်ပထျန်းက ပြောပြီးတာနဲ့ စားပွဲပေါ်က အရက်ခွက်ကို ပြန်မ,လိုက်သည်။ တစ်ငုံ သောက်ပြီးတာနဲ့ စားပွဲပေါ်က မြေပဲစေ့ကို ယူကာ စားလိုက်သေး၏။
"တကယ်ကို စိတ်မကောင်းစရာဘဲ။ ငါ့ကျတော့ ဘာလို့များ ရုပ်ချောချောလေးနဲ့ မမွေးလာရတာလဲ?"
"ဟား..သောက်မယ်ကွာ!"
ရှကျိုးယွီကတော့ ထိုစကားလုံးတွေကြောင့် အံ့သြနေလေရဲ့။ အချိန်တစ်ခဏ ကြာသည်အထိ ဘယ်လိုတုံ့ပြန်ရမလဲ သူ မသိတော့ပေ။
'ဒီခရီးစဉ်မှာ ငါ့ကိုယ်ငါအတွက် ကြားခဲ့ရတဲ့ ချီးကျူးစကားတွေက မကုန်ဆုံးနိုင်တော့ပါလား…?’
'မဟုတ်သေးဘူး။ ငါ့ရဲ့ ဂုဏ်သတင်းကြောင့်နဲ့ ပုန်ကန်မယ့် အစီအစဉ်ကို ဖျက်ဆီးလိုက်လို့ မဖြစ်ဘူး'
ရှကျိုးယွီ အသက်တစ်ချက် ရှူသွင်းပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"အဲလိုဆိုရင်ရော ဘာဖြစ်သလဲ? ရှကျိုးယွီက သိုင်းလောကရဲ့အရေးမှာ ဝင်ပါရဲတယ်ဆိုမှတော့ သူ့ကို သေချာပေါက် အပြစ်ပေးသင့်တယ်။ ငါ့အမြင်မှာ နှင်းနဂါးတောင်အထိ ငါတို့ သွားဖို့ မလိုအပ်ဘူး။ ရှကျိုးယွီ ရှိနေတဲ့ ထိုက်အန်းမြို့တော်ဆီ တိုက်ရိုက်သွားပြီးတော့ သူ့ကို ဖမ်းဆီးမယ်။ ဒါ့အပြင် သူ့ရဲ့ခေါင်းကို ဖြတ်ပြီး မြို့ရိုးတံတိုင်းမှာ ချိတ်ထားမယ်။ ဒါမှ ပြည်သူတွေအားလုံး သိသွားကြမှာ!"
ထိုစကားတွေကြောင့် ဟွမ်ပထျန်းရဲ့ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
'ဒီကောင်လေးရဲ့ နောက်ခံက ထူးခြားတယ်ဆိုပေမဲ့ ဒီစကားလုံးတွေက အနည်းငယ် မောက်မာရာ မကျနေဘူးလား? ရှကျိုးယွီကို သတ်မယ် ဟုတ်လား? ဒါက ကိုယ့်ကိုယ်ကို သတ်သေနေတာနဲ့ ဘာထူးတော့မှာလဲ?’
'သိုင်းလောကရဲ့ လူထောင်ချီပြီးတော့ တရှားတိုင်းပြည်ရဲ့ ရှကျိုးယွီ လက်အောက်မှာ ကျရောက်သွားခဲ့တာကို မင်း မတွေ့ဘူးလား? သူတို့တွေအားလုံး ငြင်းချက်မရှိဘဲနဲ့ အခု နှင်းနဂါးတောင်ဆီ ရောက်လာပြီး ရေခဲပုစဥ်း ရှာပေးနေရတာလေ!’
ဒါပေမဲ့ သူ့ရဲ့အတွေးတွေကို ဟွမ်ပထျန်းက ထုတ်မပြခဲ့ဘူး။ ရိုးရှင်းစွာပဲ ပြုံးပြလိုက်သည်။
"ဟုတ်တယ် ညီကိုပြောတာ မှန်တယ်။ လာလာ သောက်ကြမယ်"
ဟွမ်ပထျန်းက ပြောနေရင်းနဲ့ ခွက်ချင်းတိုက်ကာ ဆက်ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းရဲ့အကြံက အကြံကောင်းပဲ။ ပြောရမယ်ဆိုရင် ငါတို့က အခု လူ နည်းနေလို့သာ။ ရှကျိုးယွီရဲ့ သန်မာတဲ့ လူသန်းချီရှိတဲ့ စစ်တပ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ငါတို့က နည်းနည်းလေး လူဦးရေ နည်းနေသေးတယ်ပေါ့ကွာ။ ဒါ့အပြင် ထိုက်အန်းမြို့တော်က ဝင်ချင်သလို ဝင်လို့ရတဲ့ နေရာတစ်ခု မဟုတ်ဘူး။ ဒါကြောင့် ငါတို့ ဒီကိစ္စကို သတိထားပြီး ဆောင်ရွက်မှရမယ်"
ဟွမ်ပထျန်းက အခြေအနေရဲ့ အကျိုးအကြောင်းကို ရှင်းပြလိုက်သည်။ ထို့နောက်မှာ သူက ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ဒီကိစ္စမှာ မင်းသာ ပါမယ်ဆိုရင်တော့ လုံးဝကို လွယ်ကူသွားမယ်ဆိုတာ ယုံကြည်တယ်။ မင်းရဲ့ကျင့်ကြံမှုက မြင့်တော့ မင်းနေရာမှာ လူအများစုကို အစားထိုးနိုင်လိမ့်မယ်။ ဒါဆိုရင် ငါတို့ လူအရေအတွက် လုံလောက်တာနဲ့ ထိုက်အန်းမြို့တော်ကို ဝင်စီးလို့ရပြီ!"
"အခုကတော့ အနည်းငယ် လိုအပ်ချက်တွေ ရှိနေသေးတယ်။ ငါဆိုလိုချင်တာကို နားလည်တယ်မလား ညီကို။ ကဲ ဒါဆိုရင် မင်း ဘာပြောချင်သလဲ?"
ရှကျိုးယွီရဲ့ မျက်နှာပေါ်က တွန့်ဆုတ်နေမှုကို မြင်သောကြောင့် ဟွမ်ပထျန်းက ပိုပိုလိုလို ရှင်းပြလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက ရှကျိုးယွီရဲ့ ပခုံးကို သိုင်းဖက်လိုက်၏။ ထိုသူက အဆက်မပြတ် စကားပြောနေတော့သည်။
………….