(လှည်းမောင်းကြစမ်း!)
Vol. 11 Ch. 150
တရှားတိုင်းပြည်အတွင်းတွင် ဖြစ်သည်။
ကောင်းကင်ဘုံကို ထိုးဖောက်တော့မတက် မြင့်မားသည့် တောင်ကမ်းပါးနှစ်ခု၏ ကြားတွင် ရှိနေသော လမ်းကြားလေးသည် လူအသွားအလာခြောက်ကပ်လှသည်။ ထိုလမ်းကြားအတွင်းတွင် မည်သူ့ကိုမှ မတွေ့ရချေ။
ထိုလမ်းကြား၏ တစ်ဝက်တွင် သာမန်အဝတ်ကို ဝတ်ဆင်ပြီး ပုံဖျက်ထားသော လူတစ်ယောက် ရှိသည်။ ထိုသူရဲ့ အနောက်တွင် တပ်သားတစ်ချို့ အသင့်စောင့်နေကြ၏။
အကုန်လုံးရဲ့မျက်နှာသည် စိတ်လှုပ်ရှားနေကြပြီး မျက်စိရှေ့ကမြင်ကွင်းကိုသာ စောင့်ကြည့်နေကြသည်။
ထိုလမ်းကြားသည် ဖန်းလင်မြို့ဖြတ်လမ်းဖြစ်သည်။ တရှားတိုင်းပြည်ရဲ့ လမ်းကြောင်းထဲက အရေးပါတဲ့ လမ်းကြောင်းတစ်ခုပဲ။ လီလင်ပုတို့ မဖြစ်မနေ ဖြတ်သွားရမယ့်နေရာ တစ်ခုလည်းဖြစ်သည်။
“ ဒီတစ်ခေါက် တရှားတိုင်းပြည်ဘက်က တပ်သားတစ်ယောက်မှ မပါတာ သေချာလား?”
“ ကျွန်တော် စုံစမ်းပြီးပါပြီ။ မရင်းနှီးတဲ့ ကုန်မောင်းသူ တစ်ချို့ကလွဲရင် တရှားတိုင်းပြည်ရဲ့ ကုန်သည်အုပ်စုက တပ်သားတွေ မခေါ်လာပါဘူး။ ဒါကြောင့် အဲဒီသတင်းက အမှန်ဖြစ်မယ့်ပုံပါပဲ”
“ ဒါဆိုရင် သူတို့တွေ ဒီကိုရောက်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ?”
“ သိပ်မကြာတော့ပါဘူး စစ်သူကြီး။ သူတို့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ဆိုရင် နာရီဝက်အတွင်းပဲ ဒီနေရာကို ရောက်လာလောက်ပါတယ်”
“ ကောင်းတယ်! ငါတို့ ငွေယူပြီးတာနဲ့ စစ်သူကြီးမူရုံနဲ့ အမြန်ဆုံး ပေါင်းလိုက်လို့ရပြီ!”
ထိုသူက ပြောပြီးတာနဲ့ အနီးရှိ တောင်တွေနဲ့ သစ်တောတွေကို ထပ်မံစစ်ဆေးလိုက်သည်။ ထို့နောက်မှာ ပြောလိုက်၏။
“ အကုန်လုံး သေချာမှတ်ထား ဒီကိစ္စမှာ လီလင်ပုကလွဲရင် ကျန်တဲ့သူတွေ အားလုံးကို သတ်ပစ်ရမယ်။ တစ်ယောက်မှ အသက်ချမ်းသာပေးလို့မရဘူး! တာဝန်ပြီးပြီဆိုရင် ငါတို့ထဲက တစ်ယောက်စီတိုင်းက ကုန်တစ်ခုကို တာဝန်ယူပြီးတော့ သတ်မှတ်နေရာမှာ အမြန်ဆုံး သွားရမယ်”
“ အမိန့်အတိုင်းပါ!”
ထိုစကားကြောင့် တောပုန်းဓားပြတွေအဖြစ် ရုပ်ဖျက်ထားတဲ့ စစ်သားတွေအကုန်လုံး အံ့ဩသွားခဲ့ကြသည်။ သူတို့တွေအားလုံး ချက်ချင်းပဲ အားအင်တွေ ပြည့်ဝသွားလေ၏။
“ ဒါပေမဲ့ စစ်သူကြီး၊ အကုန်လုံးကို ဘာလို့ မသတ်ပစ်တာလဲ? လီလင်ပုကို ဘာလို့ အသက်ရှင်လျက် ချန်ထားတာလဲ?”
“ ဟုတ်တယ် ကျွန်တော်တို့လည်း နားမလည်နိုင်ဘူး။ ဘာလို့ လီလင်ပုကို မသတ်တာလဲ? “
မေးခွန်းသံတွေကြောင့် စစ်သူကြီးရဲ့ နှုတ်ခမ်းက အပေါ်သို့ တက်သွားခဲ့သည်။
“ မင်းတို့တွေ သိစရာမလိုအပ်ဘူး။ အကြီးဆုံးမြင်းပေါ်မှာ လိုက်ပါလာတဲ့သူက လီလင်ပုပဲ။ ဒီအချိန်မှာ သူ့ကိုလွှတ်ပေးလိုက် “
“ တကယ့်အကြောင်းရင်းကတော့…. “
စစ်သူကြီးက ပြောနေရင်းနဲ့ ခဏရပ်သွားခဲ့သည်။ ထို့နောက်မှာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“ စစ်သူကြီးမူရုံက ငါ့ကို အဲ့ဒီအတိုင်းလုပ်ဖို့ပြောခဲ့တာ။ ငါလည်းပဲ သေချာမသိဘူး။ ကောင်းပြီ ညီအစ်ကိုတို့ အသင့်ပြင်ထား၊ အချိန်ကျတော့မယ်။ “
“ အမိန့်အတိုင်းပါ!”
ထိုသို့ဖြင့် အကုန်လုံး တောအုပ်ထဲသို့ဝင်ကာ ပျောက်ကွယ်သွားကြ၏။ ဖန်းလင်မြို့ဖြတ်လမ်းသည် ထပ်မံပြီး တိတ်ဆိတ်သွားခဲ့သည်။
“ ငါတို့ လမ်းလျှောက်ပြီးလိုက်လာရတာ နေ့တစ်ဝက်လောက်ရှိပြီ။ ငါတို့ကိုရှေ့ထွက်ပြီး မလိုက်ခိုင်းတော့ဘူးလား? စိတ်ပျက်ဖို့ကောင်းလိုက်တာ! “
လျှို့ဝှက်လိုက်ပါလာသော သိုင်းအကြီးအကဲများအတွင်းမှ ကျန်းစန်ဆိုသူက မကျေမနပ် ရေရွတ်လိုက်သည်။ ကျန်တဲ့သူတွေရဲ့ မျက်နှာသည်လည်း ခက်ထန်နေကြကာ စိတ်ဆိုးနေဟန်ပေါ်သည်။
“ ငါတို့ဘာလုပ်ရမှာလဲ? ထျန်းချီတာဝါဘက်က တောင်းဆိုလာတဲ့ကိစ္စကို ငါတို့ ငြင်းနိုင်လို့လား?”
“ ဒါ့အပြင် ငါတို့ကို ထွက်မသွားနဲ့လို့ ပြောခဲ့တာလည်းမဟုတ်ဘူး။ အဲဒီတော့ ငါတို့သဘောနဲ့ ငါတို့နေခဲ့တာပဲ။ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ?”
ကျန်းစန် တော်တော်လေး မပျော်ရွှင်တော့ပေ။
“ ငါနားမလည်နိုင်ဘူး။ ဒီပစ္စည်းတွေ င့ါကိုလာပေးရင်တောင် ငါမယူဘူး။ ဒါကို ဘယ်လိုလူကများ... “
ကျန်းစန်ရဲ့ နှုတ်မှ ခိုးမှာလဲဆိုသော စကားထွက်မလာခင်မှာပဲ တောနက်ထဲကနေ အင်အားကြီးတဲ့ အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ ဒီတောင်ကို ငါပိုင်တယ်။ ဒီအပင်တွေကို ငါစိုက်ခဲ့တာ။ ဒီလမ်းကနေ ဖြတ်သွားချင်တယ်ဆိုရင် ငါ့ကိုပိုက်ဆံပေးသွား! ညီအစ်ကိုတို့ တိုက်ကြမယ်!”
ထိုအသံဆုံးတာနဲ့ တောနက်အတွင်းမှ များစွာတဲ့ လူအုပ်ကြီး ထွက်လာခဲ့သည်။ မကြာခင်မှာပဲ လီလင်ပုဦးဆောင်တဲ့ ယဥ်တန်းကို နဂါးတစ်ကောင်လိုမျိုး ရစ်ပတ်လိုက်လေ၏။
အားလုံးရဲ့ မျက်နှာသည် တည်ငြိမ်နေသည်။ ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အရှေ့ကို ထွက်လာခဲ့သည်။ ထိုသူသည် အစောပိုင်းက အမိန့်များပေးနေခဲ့သော စစ်သူကြီးပင်။ ထိုသူက လည်ချောင်း တစ်ချက်ရှင်းကာ အနောက်မှ တပ်သားတွေကို အမိန့်ပေးလိုက်သည်။
“ ညီအစ်ကိုတို့ ငါတို့ရဲ့ ဝဖြိုးတဲ့ သိုးကောင်ရောက်လာခဲ့ပြီ! သတ်ကြစမ်း! “
ထိုစစ်သူကြီးရဲ့ စကားဆုံးတာနဲ့ အဝေးကနေ ပျံဝဲလာသော ဓားတစ်ချောင်းရဲ့ အသံကိုသာ ကြားလိုက်ရသည်။ နောက်တစ်စက္ကန့်မှာ ထိုစစ်သူကြီးရဲ့ ခေါင်းက ဖရဲသီးလုံးတစ်လုံးလိုမျိုး မြေအောက်သို့ ပြုတ်ကျသွားလေ၏။ အသက်မရှိတော့သော ဖရဲသီးလုံးရဲ့ မျက်လုံးတစ်စုံသည် ပြူးကျယ်နေခဲ့သည်!
ဓားပြတိုက်ဖို့ရန် မောင်းတင်လာခဲ့သော ဝေ့တိုင်းပြည်ရဲ့ စစ်သားတွေအားလုံး ထိတ်လန့်သွားကြလေရဲ့။
ကြောက်ရွံ့မှုက သူတို့ရဲ့ ကျောရိုးမှတဆင့် စီးဆင်းသွားကာ နှလုံးသားတစ်ခုလုံးကို တုန်ယင်စေခဲ့သည်။
‘ တစ်ချက်လေး ရှေ့ထွက်လိုက်ရုံနဲ့ အသတ်ခံလိုက်ရတာလား?!’
လေထုတစ်ခုလုံးချက်ချင်းပဲ တိတ်ဆိတ်သွား၏။ အကုန်လုံး နေရာမှာတင် ရပ်တန့်နေခဲ့ကြသည်။ ဒီလိုနဲ့ အချိန်တစ်ခုကြာသည်အထိ ဘာသံမှ မကြားရတော့ပေ။
နောက်ဆုံးတော့ လီလင်ပု ချောင်းဟန့်လိုက်သည်။
“ အဟမ်း”
“ဒါက ကိစ္စသေးသေးလေးပါ။ ဘာမှမဟုတ်ဘူး။ မင်းတို့အားလုံးက ဓားပြတွေမလား? ကောင်းပြီ စည်းမျဉ်းနဲ့ပတ်သတ်ပြီး ငါနားလည်တယ်။ မင်းတို့ဘယ်လောက်လိုချင်တာလဲ? လှည်းတစ်ခုဆိုရင် မင်းတို့အတွက် လုံလောက်မလား? ဒါမှမဟုတ် လှည်းနှစ်ခုလိုချင်တာလား? ငါတို့ဆွေးနွေးလို့ရပါတယ်။ ဒေါသမထွက်ပါနဲ့”
လီလင်ပုက ပြုံးရွှင်ကာ ပြောလိုက်၏။ သူ့ရဲ့ နှလုံးသားတစ်ခုလုံး ပျော်ရွှင်နေခဲ့သည်။
“ ကောင်းလိုက်တာ။ မင်းတို့က တကယ်ပဲ ဓားပြတိုက်ရဲတယ်! ငါ့နောက်မှာ ပါလာတဲ့သူကို မင်းတို့မသိဘူးလား? သူတို့က ထျန်းချီတာဝါဘက်က ဖိတ်ခေါ်ပေးထားတဲ့ ကျွမ်းကျင်ပုဂ္ဂိုလ်တွေပဲ!”
လီလင်ပုက မတတ်နိုင်စွာ ရယ်မောလိုက်သေးသည်။
လီလင်ပုရဲ့ စကားကိုကြားပေမဲ့ ဝေ့တပ်သားတွေ တစ်ယောက်မှ အဖြေမပေးရဲကြပေ။
သူတို့ရဲ့ စစ်သူကြီးသည် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ လှုပ်ရှားခွင့်တောင် မရှိဘဲ အသတ်ခံလိုက်ရ၏။
'ဒီတိုင်းပြည်မှာ ဥပဒေမရှိဘူးလား? ဒီတိုင်းပြည်မှာ တရားမျှတမှုမရှိဘူးလား? ငါတို့က ဓားပြတိုက်ရဦးမှာလား? ငါတို့က ရူးနေလို့ ဓားပြတိုက်ရမှာလား?!!’
အကုန်လုံး အတွေးများနေစဉ်မှာပဲ ကျန်းစန်က အရှေ့ထွက်လာခဲ့သည်။ လီလင်ပုရဲ့ အရှေ့မှာ ရပ်လိုက်ပြီး မျက်စိရှေ့က ထောင်ချီတဲ့ လူအုပ်ကို ကြည့်လိုက်သည်။ သူ့ရဲမျက်လုံးမှာ ကြောက်ရွံ့မှု မရှိဘဲ ဒေါသတို့ရှိနေ၏။
“ ဘယ်ကောင်က ငါ့ကိုနှောင့်ယှက်ရဲတာလဲ? လာကြလေ လာတိုက်ကြ! မကြောက်ကြနဲ့!”
ကျန်းစန်က ပြောပြီးတာနဲ့ လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။ ထိုအချိန်မှာပဲ စစ်သူကြီးရဲ့ ခေါင်းကို ဖြတ်ခဲ့တဲ့ ဓားချွန်က မြေပြင်ပေါ်မှ ပျံဝဲလာကာ ကျန်းစန်ရဲ့ လက်အတွင်းသို့ ကျရောက်လာခဲ့သည်။ ထိုဓားချွန်ရဲ့ ပတ်ပတ်လည်တွင် စိတ်ဝိဉာဥ်စွမ်းအင် တစ်ချို့ ဝန်းရံထားသည်။ ဓားချွန်ကနေ ထုတ်လွှတ်နေသော ဖိအားကိုကြည့်လိုက်တာနဲ့ စစ်သူကြီးကို သတ်ခဲ့တဲ့သူက ကျန်းစန်ဆိုတာ မလွဲမသွေခံစားလို့ရသည်။
ထိုအချိန်မှာပဲ ပုန်းကွယ်နေခဲ့သော လူတွေအားလုံး အရှေ့ထွက်လာခဲ့ကြသည်။ ချက်ချင်းပဲ လူအယောက်တစ်ရာခန့် မြင်ကွင်းထဲသို့ ပေါ်လာ၏။ တစ်ယောက်ချင်းစီသည် အင်အားကြီးစစ်တပ်တစ်ခုကို တိုက်ခိုက်ရန် သန်မာသည်။
ထိုအဖြစ်အပျက်က ဝေ့တပ်သားတွေကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။ သူတို့ရဲ့ မျက်နှာသည် ဖြူဖွေးလာပြီး ကျောပြင်တစ်လျှောက် ချွေးများရွှဲစိုလာ၏။
နောက်ဆုံးတော့ တရှားတိုင်းပြည်ဘက်က ဘာကြောင့်တပ်သားတွေ မခေါ်ဆောင်ခဲ့လဲဆိုတာ နားလည်သွားခဲ့ပြီ။ သူတို့က အကာအကွယ်ကိုမလိုအပ်တာ မဟုတ်ဘဲ…. သူတို့မှာ ကောင်းကင်စစ်သားတွေရဲ့ အကာအကွယ် ရှိနေတာ!
'ဒါပေမဲ့ တရှားတိုင်းပြည်ထဲမှာ အခုလောက်များပြားတဲ့ ကျင့်ကြံသူတွေရှိ ဘယ်တုန်းက ရှိသွားရတာလဲ?’
ဝေ့တပ်သားတွေ ဘယ်လိုပဲ ရှုတ်ထွေးနေပေမဲ့ လက်ရှိအခြေအနေကို အံကြိတ်ရင်ဆိုင်ရုံအပြင် ရွေးစရာမရှိတော့ချေ။ နောက်ဆုံး ဖြန်ဖြေကြည့်ဖို့ရန် ကြိုးစားလိုက်တော့သည်။
“ ဒါတွေအားလုံးက နားလည်မှုလွဲသွားတာပါ။ အမတ်လီ ဦးဆောင်တဲ့ ရုံးတော်အရာရှိတပ်ဆိုတာ ကျွန်တော်တို့မသိခဲ့ဘူး။ ကျွန်တော်တို့က တောပုန်းဓားပြတွေပါပဲ။ ရုံးတော်နဲ့ပတ်သတ်နေမယ် ဆိုရင် အခုလိုမျိုး ဝင်နှောက်ယှက်မှာ မဟုတ်ပါဘူး”
ဝေ့တပ်သားတွေ ဘာမှဆက်မပြောနိုင်တော့ပေ။ များစွာသော ကျွမ်းကျင်ကျင့်ကြံသူတွေရဲ့ အကြည့်က သူတို့အပေါ်တွင် ကျရောက်နေခဲ့သည်။ များပြားလှတဲ့ ဖိအားကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး ဆက်လက်စကားမပြောနိုင်ကြတော့ပေ။
ကျန်းစန်ထံမှ အနီးကပ် စိုက်ကြည့်ခံရခြင်းသည် သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးထဲမှာ မြှပ်နှံခံထားရသလိုမျိုး ခံစားရစေသည်။ ထွက်ပြေးဖို့ရန် မစွမ်းသာတော့ချေ။
အချိန်တစ်ခုကြာသည်အထိ လေထုက တိတ်ဆိတ်နေ၏။ ကြောက်ရွံ့မှုကြောင့် ထွက်ပေါ်လာတဲ့ ချွေးစေးများက သူတို့ရဲ့ အင်္ကျီတစ်ထည်လုံးကိုပါ ရွှဲစိုနေခဲ့ပြီ။
ထိုအချိန်မှာပဲ ကျန်းစန်က အေးစက်စွာပြောလိုက်သည်။
“ အသုံးမကျတဲ့ အရှုံးသမားတွေ! ဓားပြတိုက်ဖို့များ လုပ်ရဲတယ်ပေါ့! မင်းတို့အားလုံး အခုချက်ချင်း သူတို့ကို ကူညီပေးလိုက်ကြစမ်း!”
“သွား! လှည်းထမ်းကြ!”
…………