← Chapters

( ရုံးတော်ရဲ့ အမတ်က အမြဲတမ်းရိုးသားတယ်)

Vol. 11 Ch. 151

( ရုံးတော်ရဲ့ အမတ်က အမြဲတမ်းရိုးသားတယ်)

Vol. 11 Ch. 151

ဒါက..........

လီလင်ပုကို ဝိုင်းထားတဲ့ တပ်သားတွေ အားလုံး အံ့ဩသွားကြသည်။

'သူတို့ကို ကူညီပေးရမယ် ဟုတ်လား? ငါတို့ကို လာနောက်နေတာလား။ ငါတို့က ဓားပြတိုက်တဲ့ လူတွေလေ… ဓားပြတိုက်ခံရတဲ့ သူတွေကို ဘာကြောင့် ကူညီ ပေးရမှာလဲ?’

'ဓားပြ တစ်ယောက်က ပြည်သူရဲ့မြင်းလှည်းကို သွားလိုရာ နေရာအထိ လိုက်ပို့ပေးတဲ့ ဖြစ်စဉ်မျိုး မြင်ဖူးကြလို့လား?’

ဒါပေမဲ့ ကျန်းစန်ရဲ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလွန် အင်အားပြင်းသည့် စိတ်ဝိညာဉ် စွမ်းအင်လှိုင်းကြောင့် ဘယ်သူမှ မခုခံရဲကြပေ။ အကုန်လုံးရဲ့ မျက်စိရှေ့မှာ ပြသထားတဲ့ ဥပမာကလည်း ရှိထားပြီးပြီ။ မြေကြီးပေါ်ကို လှိမ့်ဆင်းပြီး ကျသွားတဲ့ ခေါင်းပျက်ကြီးက အခုထိ ငြိမ်သေးတာ မဟုတ်ဘူး။ ကြည့်လိုက်ရုံနဲ့တင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထို့ကြောင့် ဘယ်သူကမှ ကျန်းစန်ကို မငြင်းဆိုရဲကြပေ။

အချိန်ခဏ ကြာသည်အထိ လေထုတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။

“ဘာလဲ? ဒီက သခင်လေး ပြောလိုက်တာကို မင်းတို့ မကြားကြဘူးလား? မြန်မြန်သွားပြီး ကူညီလိုက်ကြ!”

“နဂိုထဲက ခရီးလမ်းကြောင့် မောနေပါတယ်ဆိုမှ! စကားနားမထောင်တဲ့ အကန်းကောင်တွေနဲ့ တွေ့နေမယ် မထင်ထားဘူး!”

ကျင့်ကြံသူများထံမှ မကျေမနပ် အသံများ ထွက်လာခဲ့သည်။ သူတို့က ပြောနေရင်းနဲ့ လီလင်ပုကို လှမ်းကြည့်လိုက်သည်။

“ဒီက အကြီးအကဲတွေ အကြံပေးခဲ့တာလည်း ကိစ္စကောင်းပဲ။ ငါတို့ကို ဓားပြ တိုက်လာတယ် ဆိုမှတော့ ငါတို့လည်း အခကြေးငွေမပေးဘဲ ခိုင်းစားလို့ ရပြီမလား?”

စကားသံ ဆုံးတာနဲ့ အနောက်ကနေ ရယ်သံတစ်ခု လိုက်ပါလာခဲ့သည်။ ထိုစကားကြောင့် ကျင့်ကြံသူတွေ အားလုံး ခဏလောက် အံ့ဩသွားသည်။ ထို့နောက်မှာ အကုန်လုံး ကျယ်လောင်စွာ ရယ်လိုက်တော့၏။

“ဒါအမှန်ပဲ အဲ့လိုဆိုရင် ငါတို့အတွက်လည်း အဆင်ပြေတာပေါ့”

“မှန်တယ် မှန်တယ် ဒီအသုံးမကျတဲ့ အလုပ်ကို ထျန်းချီတာဝါဆီက မျက်နှာသာရဖို့ အတွက်သာ မဟုတ်ရင် ငါထွက်လိုက်တာ ကြာပြီ!”

“အခုက အကောင်းဆုံး အချိန်ကိုက်နဲ့ အကောင်းဆုံး အခြေအနေပဲ။ ဒီတောပုန်း ဓားပြတွေက ငါတို့အတွက် အဆင်သင့် ဖန်တီးပေးထားတဲ့ လုပ်သားတွေပဲ မဟုတ်ဘူးလား!”

“ဒီကောင်တွေကိုပဲ လိုက်ပို့ ခိုင်းမယ်။ ဒါဆိုရင် ငါတို့ ညီအစ်ကိုတွေ အေးအေးဆေးဆေး နားလို့ရပြီ”

“မှန်တယ် ငါတို့ တစ်ချိန်လုံး ခရီးကြမ်း နှင်လာခဲ့ရတာ။ ငါတို့ အနေနဲ့ နားချိန်တောင် မရခဲ့ဘူး”

ထိုအရာက အကြံကောင်း တစ်ခုဆိုတာကို အကုန်လုံး သဘောတူ လိုက်ကြသည်။ လီလင်ပုက ဘေးကနေပဲ နားထောင် နေခဲ့သည်။ ထိုအချိန်မှာ သူလည်းပဲ အကြံကောင်း တစ်ခုကို တွေးမိသွား၏။

ဝေ့တိုင်းပြည်ဘက်က စစ်တပ်ကို လိုက်ပို့ ခိုင်းမည်ဆိုရင် တစ်ချိန်လုံး သတိထားနေရမည် ဆိုတာတော့ မှန်သည်။ ဒါပေမဲ့ အနောက်က သိုင်းသမားတွေက ထျန်းချီတာဝါဘက်က ကူညီပေးဖို့ရန် စေလွှတ်ခဲ့တာပင်။ သူတို့က တရှားရဲ့လက်အောက်ခံ လူတွေ မဟုတ်ဘူး။

အထူးသဖြင့် လမ်းတစ်လျှောက်တွင် သိုင်းသမားတွေထံမှ ညည်းညူသံ များစွာကို ကြားခဲ့ရသည်။ သေချာ နားထောင်တာတော့ မဟုတ်ပေမဲ့ သူတို့တွေက စကားပြောတဲ့ အချိန်မှာ သူ့ကို အာရုံမထားပဲ ပြောချင်ရာ ပြောခဲ့ကြတာပင်။ ထို့ကြောင့် မလိုအပ်ပဲနဲ့ ကြားခဲ့ရသည်။

လီလင်ပုအနေနဲ့ နားလည်ထားပြီးသားပင်။ အခု လိုက်ပါလာခဲ့တဲ့ သိုင်းသမား အများစုက ဂိုဏ်းကြီးများရဲ့ အကြီးအကဲများ ဖြစ်သည်။ ထိုသူတွေ အားလုံးကို ထျန်းချီတာဝါရဲ့ အင်အားကို အသုံးပြုပြီး လီဖူက ဖိတ်ခေါ်ခဲ့သည်။

ဒါ့အပြင် မြင်းလှည်းမောင်းသူနဲ့ ဘေးကထိန်းပေးတဲ့ အစေခံအရေအတွက်ကလည်း နည်းပါးလှသည်။ ဝေ့တပ်သားတွေကို ခိုင်းစေဖို့အပြင် ရွေးစရာ မရှိတော့ချေ။

လီလင်ပုလည်း အခုလိုမျိုး သိုင်းသမားကြီးတွေရဲ့ အင်အားကို ယူသုံးရတာ သဘောကျလှသည်။ သူ့ရဲ့နှလုံးသားတစ်ခုလုံးက အလွန်အမင်း ပျော်ရွှင်နေ၏။

ဂုဏ်သိက္ခာ မြင့်မားလှတဲ့ ဂိုဏ်းအကြီးအကဲတွေကို ခိုင်းစေရတဲ့ ခံစားချက်က အလွန်ခံစားလို့ ကောင်းသည်။

ရှကျိုးယွီကိုလည်း အလွန် လေးစားမိ၏။ အခု အခြေအနေကို ကြည့်မယ်ဆိုရင် ရှကျိုးယွီအနေနဲ့ သိုင်းလောက အပေါ်မှာ ဘယ်လောက်တောင် လွှမ်းမိုးမှု ရှိလဲဆိုတာကို အထင်းသား မြင်နိုင်သည်။ တရှားတိုင်းပြည်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ လုံးဝ မဖြစ်ပေါ်ဖူးတဲ့ ဖြစ်စဉ်ပဲ!

ဝေ့တိုင်းပြည်ဘက်က တပ်သားတွေရဲ့ တွန့်ဆုတ်နေမှုကို မြင်တဲ့အချိန်မှာ လီလင်ပုက သူတို့ကို ဆင်ခြေပေးဖို့ အခွင့်အရေး မပေးခဲ့ချေ။ ချက်ချင်းပဲ အော်‌လိုက်တော့သည်။

“တရှားတိုင်းပြည်ရဲ့ ပြည်သူတွေအနေနဲ့ ဘာကြောင့် တောပုန်းဓားပြတွေ ဖြစ်လာရတာလဲ? မင်းတို့တွေ အခုပဲ ရှေ့ထွက်ပြီးတော့ ငါတို့ကို ကူညီမယ်ဆိုရင် မင်းတို့ ပြုလုပ်ခဲ့သမျှ အပြစ်တွေ အားလုံးအတွက် အသနားခံပေးမယ်!”

လီလင်ပုရဲ့ အသံက အရမ်း မကျယ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ အသံထဲတွင် စစ်မှန်တဲ့ အရှိန်အဝါတို့ ပါဝင်နေသည်။ သူ့ရဲ့ အကြည့်ကလည်း ဂရုဏာသက်မှုတို့ ပြည့်ဝနေ၏။ တရှားတိုင်းပြည်ရဲ့ ပြည်သူတွေ အနေနဲ့ အခုလိုမျိုး ဓားပြ ဖြစ်သွားတဲ့အတွက် အလွန် စိတ်မကောင်းနေဟန် ပေါ်သည်။

ထိုအခြေအနေကို မြင်သောအခါမှာ သိုင်းအကြီးအကဲတွေ အားလုံး စိတ်ထဲကနေ လှောင်ရယ်လိုက်ကြသည်။

'ရုံးတော် အမတ်ဆိုတဲ့ အတိုင်းပါပဲလား ကလိမ်ကျစ်နဲ့! အခြေအနေကို ကိုယ့်ဘက်ပါအောင် အကောင်းဆုံး လုပ်တတ်တယ်!’

'ငါတို့သာ ဒီတောပုန်း ဓားပြတွေက ဟန်ဆောင်ထားတဲ့ ဝေ့တိုင်းပြည်ဘက်က လူတွေဆိုတာ မသိထားရင် အခုမင်းရဲ့ သရုပ်ဆောင်ပုံတွေကို ကြည့်လိုက်တာနဲ့ သူတို့တွေက တကယ်ပဲ တရှားရဲ့ ပြည်သူတွေလို့ ထင်မှတ်သွားလောက်တယ်။ တကယ်ကို ရုံးတော်ထဲက ကောင်တွေက မြေခွေးအိုတွေပဲကွာ!’

‘ ရုံးတော်ဆိုတဲ့ နေရာကလည်း တယ်ကလိမ်ကကျစ် များတဲ့နေရာပါလား။ ဒါကြောင့်မို့လို့လည်း မင်းက တရှားတိုင်းပြည်ရဲ့ ဒုအမတ်ချုပ် ဖြစ်လာခဲ့တာပေါ့။ လူတွေရဲ့ စိတ်နှလုံးကို ဖမ်းဆုပ်နိုင်တဲ့ အရည်အချင်းက တော်တော်ကို မသေးလှဘူး’

လီလင်ပုကို စိတ်ထဲတွင် ဝေဖန်ကာ အထင်အမြင်သေးနေကြသော်ငြား အပြင်ဘက်တွင်တော့ ဘာအမူအရာမှ ထုတ်မပြခဲ့ကြပေ။

လီလင်ပုက သူတို့ကို ခိုင်းစေဖို့ဆုံးဖြတ်ခဲ့သည်။ အနည်းဆုံးတော့ နေရာမှာတင် အသတ်မခံရတော့ပေ။

ဝေ့တပ်သားတွေခမျာ အခုမှပဲ ရင်ထဲက အပူလုံးကြီး ပြုတ်ကျသွားလေ၏။ တွန့်ဆုတ်နေခဲ့ကြပေမဲ့ လူအုပ်ထဲက တစ်ယောက်က အရင်ဆုံး ရှေ့ထွက်လာခဲ့သည်။ အမြန်ပဲ အရှေ့ တိုးလာကာ သိုင်းအကြီးအကဲ တစ်ယောက်ရဲ့ လက်ထဲက မြင်းဇက်ကြိုးကို ယူလိုက်သည်။

ဒီလိုနဲ့ပဲ ဝေ့တိုင်းပြည်ရဲ့ တပ်သားတွေ အားလုံး တစ်ယောက်ပြီး တစ်ယောက် အရှေ့ထွက်လာကြ၏။ မကြာခင်မှာပင် ကျယ်ပြန့်တဲ့ မြင်းလှည်းတန်းကို တောပုန်းဓား​ပြ အသီးသီးက တာဝန် ယူလိုက်ကြသည်။

ဝေ့တပ်သားတွေရဲ့ နာခံမှု​က လီလင်​ပုကိုပင် အနည်းငယ် မှင်သက်စေခဲ့သည်။

အနောက်က လိုက်ပါလာသော တောပုန်းဓားပြ အုပ်စုကို ကြည့်နေရင်း ရင်းနှီးတဲ့ မျက်နှာ တစ်ချို့ကို သူ မှတ်မိသွားခဲ့သည်။ ထိုသူတွေက အစောပိုင်းက ဝေ့တိုင်းပြည်နဲ့ သံတမန် တွေ့ဆုံချိန်မှာ လိုက်ပါလာခဲ့တဲ့ တပ်သားတွေပင်။

'သေစမ်း အသစ် တစ်ယောက်တောင် ခေါ်မလာခဲ့ဘူးလား? ဝေ့တိုင်းပြည်က အရမ်း မောက်မာလွန်းနေတာ မဟုတ်ဘူးလား?’

'ဒါပေမဲ့လည်း ဒါက ကိစ္စကောင်း တစ်ခုပဲ။ အချိန်ကျလာပြီဆိုရင် ငါဒီလူတွေကို ကျန်းပိုင်မင်းသားဆီ လုပ်သားအဖြစ် လွှဲပေးခဲ့မယ်။ ကျန်းပိုင်မင်းသားလည်း ငါ့ကို ကျေးဇူးတင် နေတော့မှာပဲ’

လီလင်ပု နောက်ဆုံးတော့ အနည်းငယ် စိတ်သက်သာ သွားခဲ့သည်။ တောပုန်းဓားပြတွေ အဖြစ် သရုပ်ဖျက်ထားတဲ့ ဝေ့တပ်သားတွေကို ကြည့်နေရင်း ဖော်ရွှေစွာဖြင့် ပြောလိုက်၏။

“ကောင်းပြီ မင်းတို့က လိုက်ပါ ပို့ဆောင်ပေးမယ် ဆိုမှတော့ ရိုးရိုးသားသား လုပ်ကြပေါ့။ ငါက ဘယ်သူ့ကိုမှ မှားယွင်းသတ်ဖြတ်ခဲ့ဖူးတာမျိုး မရှိဘူး။ ဒီပိုက်ဆံတွေကိုသာ ကျန်းပိုင်မင်းသားဆီ လုံခြုံစွာ ပို့နိုင်ခဲ့ရင် ငါမင်းတို့အပေါ် မညှာမတာ မဆက်ဆံပါဘူး။ မင်းတို့အတွက် အစားအသောက်နဲ့ နေစရာ မပူပင်စေရဘူး! မင်းတို့နေ့စဉ် လုံလောက်အောင် စားခွင့်ရမယ်။ ဒါကြောင့် ဒီတောထဲမှာနေပြီး လူတွေရဲ့ အသက်ကို ရန်ရှာစရာ မလိုတော့ဘူး!”

လီလင်ပုရဲ့ အကြံအစည်က ပြီးပြည့်စုံလှသည်။ ကျန်းမာထွားကြိုင်းတဲ့ ဝေ့တပ်သားတွေရဲ့ အကူအညီနဲ့ဆိုရင် မဟာတံတိုင်း တည်ဆောက်မှုက လျင်မြန်သွားမှာပင်။

ဒါပေမဲ့ စိတ်ပူစရာ အခြေအနေ တစ်ချို့တော့ ရှိသေးသည်။ ထို့ကြောင့် လီလင်ပု နည်းငယ် တွန့်ဆုတ်သွားသည်။ သူတို့တွေက အမှန်အတိုင်းပြောရမယ်ဆိုလျှင် ဝေ့တိုင်းပြည်ရဲ့ တပ်သားတွေ ဖြစ်သည်။ သူတို့ကိုသာ ကောင်းကောင်း မထိန်းချုပ်နိုင်ရင် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာနိုင်သည်။

လီလင်ပု အဖြေရှာ မရခဲ့ပေ။ နောက်ဆုံးမှာ သူ ရုတ်တရက်‌ မော့ကြည့်လိုက်သည်။

ဓားတစ်လက်ကို ကိုင်ဆောင်ရင်း လိုက်ပါလာတဲ့ ကျန်းစန်ကို မြင်‌တဲ့အခါမှာ သူ့ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ဝင်းလက်သွား၏။

“ဟိတ် ညီအစ်ကို ကျန်းစန် မိတ်ဆွေက ဘယ်လိုပဲ ကြည့်ကြည့် သခင် တစ်ယောက်နဲ့ တူတယ်။ ဒီတောပုန်းဓားပြတွေကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းလေး ဘာလေး ရှိလား?”

“သိတဲ့အတိုင်းပဲ သူတို့တွေက တောပုန်းဓားမြ ဆိုပေမဲ့ အခုအချိန်မှာ ရိုကျိုးတဲ့ သူတွေ ဖြစ်နေခဲ့ပြီ။ ကောင်းမွန်တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ထိန်းချုပ်မှုသာ ရှိမယ်ဆိုရင် သူတို့တွေ အရင်လို ကြမ်းကြမ်းတမ်းတမ်း ပြုမူရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သခင် ကျန်းစန်ကလည်း ‌တရှားတိုင်းပြည်မှာ ထာဝရ နေနိုင်မှာမှ မဟုတ်တာ။ ဟုတ်တယ်မလား?”

လီလင်ပုက ပြောပြီးတာနဲ့ ကျန်းစန်ကို မျက်နှာလို့ မျက်နှာရ ပုံစံဖြင့် ပြုံးပြလိုက်သည်။ မသိရင် ငယ်ပေါင်း ကြီးဖော်တွေလိုမျိုးပဲ!

“ထိန်းချုပ်ချင်တာလား?”

ကျန်းစန် အနည်းငယ် အံ့ဩသွား၏။ အင်အားကြီးတဲ့အကြီးအကဲ တစ်ယောက်အနေနဲ့ သူမှာ တကယ်ပဲ လူတွေကို လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ နည်းလမ်းတွေရှိသည်။ ဒါပေမဲ့ ဒါတွေက ဂိုဏ်းတိုင်းရဲ့ လျှို့ဝှက် နည်းပညာလေ။ အပြင်လူကို ပုံမှန်လိုမျိုး ထုတ်ပြောလိုက်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။

ဒါ့အပြင် လီဖူဘက်က တစ်ခုသာ တောင်းဆိုထားခဲ့သည်။ လီလင်ပုနဲ့ငွေတွေကို လုံခြုံစွာ လိုက်ပို့ဖို့..!

ဒါပေမဲ့ လီလင်ပုရဲ့ မျက်နှာပေါ်က တောင်းဆိုနေတဲ့ မျက်ဝန်းတွေက ကျန်းစန်ကို အနည်းငယ် တွန့်ဆုတ်စေခဲ့သည်။

ဒီအခြေအနေကို အကောင်းဘက်ကသာ ဆောင်ရွက်နိုင်ရင် တရှားတိုင်းပြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မည်။ ဒီကိုလာတဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီး မသင်္ကာစရာ အချက်တစ်ခုမှ ရှာမတွေ့ခဲ့သော်ငြား… တရှားတိုင်းပြည်နဲ့ ထျန်းချီတာဝါတို့ ပူးပေါင်းတယ်ဆိုတဲ့ အချက်ကတော့ သေချာသည်။

ထို့ကြောင့် တရှားတိုင်းပြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက် ထားမယ်ဆိုရင် ထျန်းချီတာဝါနဲ့လည်း အခွင့်အရေး ကောင်းတစ်ခု ရလာနိုင်မယ်လို့ ဆိုလိုတာပဲ။

ဒီခရီးစဉ် တစ်ခုလုံးရဲ့ ရည်ရွယ်ချက်က ဘာလဲ? ထျန်းချီတာဝါနဲ့ ကောင်းမွန်တဲ့ အ‌ခြေအနေ တစ်ခုကို ရရှိဖို့ပဲလေ။

ဒါကြောင့် နည်းလမ်းတစ်ချို့ ပြောပြလိုက်မယ်ဆိုရင် ပြဿနာမရှိလောက်ဘူးမလား?

အများကြီး စဉ်းစားပြီး နောက်မှာ ကျန်းစန် တည်ငြိမ်စွာ ပြောလိုက်သည်။

“သေချာပေါက် နည်းလမ်း ရှိတာပေါ့။

ဒါပေမဲ့ အများစုက ပြင်ပ ပစ္စည်း အထောက်အပံ့တွေ လိုအပ်တယ်”

“အဲ့ဒါက ကိစ္စမရှိပါဘူး”

လီလျင်ပု ချက်ချင်းပဲ အားတက်သရော ထောက်ခံလိုက်သည်။

……….

All Chapters