( ဘာလို့ အရှက်မရှိရတာလဲ?)
Vol. 11 Ch. 152
'သေစမ်း!’
'တရှားတိုင်းပြည်ရဲ့ အမတ်တွေက ဘာကြောင့် အခုလောက် အရှက်မဲ့ရတာလဲ? ဒါက လူတစ်ယောက် အနေနဲ့ ပြောသင့်တဲ့ စကားရော ဟုတ်ရဲ့လား? မင်း လူမဟုတ်ဘူးလား?’
'ငါနောက်ဆုံးတော့ နားလည်သွားပြီ။ တရှားတိုင်းပြည်ရဲ့ ဒုအမတ်ချုပ် ဖြစ်လာအောင် မင်းဘယ်လို အရည်အချင်းတွေနဲ့ ကြိုးစားခဲ့လဲ ဆိုတာကို’
'အရှက် မရှိဘူး! လုံးဝအရှက်မဲ့လိုက်တာ!’
ကျန်းစန်သည် လီလင်ပုကို အလွန် ထိတ်လန့်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ သူ့ရဲ့ ခေါင်းထဲက အဆက်မပြတ် ထွက်ပေါ်လာတဲ့ အတွေးတွေကြောင့် အချိန်တခဏ ကြာသည်အထိ စကားမပြော နိုင်ခဲ့ပေ။
'ကူညီရမယ်? မင်းက အဲ့လိုမျိုး ကူညီဖို့အတွက် တောင်းဆိုလာမှတော့ ငါအနေနဲ့ ငြင်းလို့ ကောင်းပါအုံးမလား?’
'တရှားတိုင်းပြည်ရဲ့ အမတ်တွေက ဘာကြောင့် အခုလောက်ထိ အရှက်မဲ့ရတာလဲ?’
'ထားပါလေ..........ထျန်းချီတာဝါအတွက် သည်းခံပေးလိုက်မယ်’
ကျန်းစန် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ အသက်တစ်ချက် ရှုသွင်းလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ မကျေနပ်ချက် များစွာရှိပေမဲ့ ထိုအရာတွေကို စကားအဖြစ် ထုတ်မပြောခဲ့ဘူး။ ထိုအစား ကျန်းစန်က ရိုးရှင်းစွာ ပြောလိုက်သည်။
“အမတ်လီ ပြောလာမှတော့ ကျွန်တော်က ကူညီပေးရမှာပေါ့။ ကျွန်တော်မှာ တကယ်ပဲ လူတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ အဲ့ဒါက အချိန်ယူရတယ်”
“အဆင်ပြေတယ်၊ အချိန်ယူဖို့ပဲ မလား? စိတ်မပူပါနဲ့ ကျွန်တော့မှာလည်း လုပ်စရာ မများဘူး။ အပေါဆုံးက အချိန်လို့ကို ပြောလို့ရတယ်!”
“အထူးသဖြင့် အရင် တစ်ခေါက်က ကြုံတွေ့ခဲ့ရတဲ့ အလင်းတန်းရဲ့ စွမ်းအင် ရရှိပြီးနောက်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မတူညီတဲ့ လူအဖြစ် ပြောင်းသွားခဲ့တယ်။ ပေါ့ပါးလာပြီး စွမ်းအင်တွေလည်း ပြည့်ဝသွားခဲ့တယ်။ ဒါကြောင့် သေချာပေါက် အချိန်ထုတ်လို့ ရတာပေါ့!”
လီလင်ပုရဲ့ စကားတွေကြောင့် ကျန်းစန်ရဲ့ မျက်နှာက အနည်းငယ် ပျက်ယွင်းလာခဲ့သည်။
'ဒီလူ.....! ဉာဏ်နီဉာဏ်နက် များလိုက်တာ!’
ကျန်းစန်ရဲ့ မူရင်း ရည်ရွယ်ချက်က… အချိန်ယူရသည်ဆိုသော အကြောင်းပြချက်ဖြင့် စကားကို အဆုံးသတ်လိုက်ရန် ဖြစ်သည်။ ဒါပေမဲ့ လီလင်ပုက မျက်နှာပြောင် တိုက်စွာဖြင့် သူ့မှာအချိန်တွေပေါလှသည်ဟု ထုတ်ပြောလာခဲ့သည်။ ကျန်းစန် လုံးဝမထင်ခဲ့မိပေ။
'မင်းမှာ အချိန်တွေ ပေါနေရင်တောင် ငါမှာ မရှိဘူးကွ!’
ပြောရမယ်ဆိုရင် သူတို့နဲ့ အတူလိုက်ပါလာတဲ့ သိုင်းသမားတွေ အားလုံးက ဂိုဏ်းအသီးသီးတွင် အရေးပါတဲ့ အကြီးအကဲများ ဖြစ်ကြသည်။ ထို့ကြောင့် လီလင်ပုနဲ့ စကားအများကြီး ပြောကာ ဧည့်ဝတ်ကျေမှု ပြနေဖို့ အချိန်မရှိကြပေ။
ဒါ့အပြင် ဒီနေရာတွင် ကျွမ်းကျင် ကျင့်ကြံသူ အယောက်ငါးရာ နီးပါး ရှိသည်။ တစ်ယောက်ချင်းစီတိုင်း၏ သန််မာမှုသည် လူအရေအတွက် တစ်ချို့အထိ ထိန်းချုပ်နိုင်စွမ်းရှိကြပါသည်။
ထိုသို့ လူအများကြီးထဲမှာမှ သူ့ကိုပဲ ရွေးပြီး မေးခွန်း ထုတ်ခံနေရတဲ့အတွက် ကျန်းစန် မပျော်တော့ပေ။
'ငါမှားတာ ငါအရှေ့ မထွက်လိုက်သင့်တာ။ ငါအဲ့ဒီ ဝေ့တပ်သားတွေကို မခိုင်းလိုက်သင့်တာ!’
ကျန်းစန် နောက်ဆုံးတော့ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ဒါပေမဲ့ ကျန်တဲ့ သိုင်းသမားတွေ အားလုံးက တည်ငြိမ်စွာဖြင့် ရပ်နေကြ၏။ သူတို့ အားလုံးထံတွင် ရှေ့ထွက်ပြီး ကူညီပေးဖို့ အတွေးမရှိကြပေ။
ကျန်းစန် မတတ်နိုင်စွာ သက်ပြင်းချလိုက်တော့၏။
‘ တကယ်ကို အကျင့် မကောင်းတဲ့ ကောင်တွေပဲ။ တစ်ကောင်မှ မယုံရဘူး!'
'အခုလို အချိန်မျိုးမှာ ငါနဲ့အတူ မျှပြီး ဒုက္ခခံပေးမဲ့သူ ရှိရင် တော်တော်လေး ကောင်းမှာပဲ’
ကျန်းစန် မနေနိုင်စွာဖြင့် လီလင်ပုကို လှမ်းကြည့်လိုက်သည်။ ထို့နောက်မှာ အသက်တစ်ချက် ရှုသွင်းလိုက်ပြီး စကားစဖို့ ပြင်လိုက်၏။
“ ကျုပ်မှာ လူတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိသလိုမျိုး ဒီမှာရှိတဲ့ အကြီးအကဲတွေ အားလုံးမှာလည်း ရှိပါတယ်။ ဒါ့အပြင် ပြောရရင် လူအများကြီးကို တစ်ချိန်ထဲမှာ ထိန်းချုပ်တာက လွယ်ကူတဲ့ တာဝန်တစ်ခု မဟုတ်ဘူး”
“ဒါကြောင့် ဒီတောပုန်းဓားပြတွေ အားလုံးကို ထိန်းချုပ်ချင်တယ် ဆိုရင် သူတို့ကို လူစုခွဲလိုက်ပြီး တစ်ယောက်ကို တောပုန်းဓားမြ ဆယ်ယောက်ဆီ ထိန်းချုပ်ခိုင်းလိုက်တဲ့ အစီအစဉ်ကို အမတ်လီ ဘယ်လို ထင်ပါသလဲ?”
ကျန်းစန်ထံတွင်လည်း တစ်ခြား နည်းလမ်းမရှိတော့ပေ။ လူထောင်ချီကို ထိန်းချုပ်ဖို့က သူ့အတွက် လုပ်နိုင်စွမ်းကို ကျော်လွန်နေသော ကိစ္စတစ်ခုဖြစ်သည်။
အဆိုးဆုံးကတော့ သူတစ်ယောက်ထဲ အခုလိုမျိုး တာဝန်ယူရတာကို လုံးဝ မကျေနပ်ဘူး!
ထိုအချိန်မှာပဲ လီလင်ပု ပြောလိုက်သည်။.
“အဲ့လိုက အဆင်မပြေဘူးလေ။ အကယ်လို့ တစ်ခုခု မှားသွားခဲ့ရင် ကျွန်တော်က ဘယ်သူ့ကို မေးမြန်းရတော့မှာလဲ?”
လီလင်ပုက ပြောပြီးတာနဲ့ ကျန်းစန်ကို အပေါ်အောက် ကြည့်ရှုကာ ထပ်မံ စစ်ဆေးလိုက်သည်။ ကျန်းစန်ရဲ့ မျက်နှာထားကို ကြည့်မိတာနဲ့ တစ်ခုခု မှားယွင်းနေမှန်း ချက်ချင်း သတိထားမိ သွားခဲ့၏။
ထိုအရာကတော့ ကျန်းစန်ရဲ့ မျက်လုံးနှစ်ဖက်မှ ထွက်ပေါ်နေတဲ့ လူသတ်မဲ့ အရိပ်အယောင်များပင်!
လီလင်ပု ချက်ချင်းပဲ ပြုံးကာပြောလိုက်သည်။
“အမှန်အတိုင်း ပြောရမယ်ဆိုရင် သခင်ကြီးရဲ့ ပုံစံက ထူးချွန်ပြီး အင်အားလည်းကြီးမဲ့အပြင် အများနဲ့ မတူတဲ့ စရိုက်လက္ခဏာမျိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ မြင်မိတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဆိုဆို ဆုံးဖြတ်ချက်ကို ကျွန်တော်တစ်ယောက်တည်း ချလို့မရပါဘူး။ သခင်ကြီး အနေနဲ့ အဆင်မပြေဘူးဆိုရင် ကျွန်တော်အနေနဲ့ ဘာမှပြောလို့ မရတော့ဘူးပေါ့..”
လီလင်ပုက ပြောပြီးတာနဲ့ အနောက်မှာ ရပ်နေတဲ့ ဝေ့တပ်သားတွေကို လှမ်းကြည့်လိုက်သည်။
“ဒါဆိုရင် ဒီလိုလုပ်လိုက်ရင်ရော? ဒီတောပုန်းဓားပြတွေ အားလုံးကို သတ်ပစ်လိုက်မယ်လေ။ ကုန်တွေအားလုံးကို အကြီးအကဲတွေ လိုက်ပို့ ပေးမလား?”
“မကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ဒီတောပုန်းဓားပြတွေက နဂိုတည်းက အကျင့်မကောင်းတဲ့ သူတွေပဲ။ ဒါ့အပြင် အခု သယ်သွားပေးရမဲ့ ငွေတွေက တရှားတိုင်းပြည်အတွက် အစားထိုးလို့မရတဲ့ ငွေတွေ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အမှား သေးသေးလေးကိုမှ ခွင့်ပြုပေးလို့ မရဘူး”
“မင်းတို့ ငရဲကို ရောက်သွားမယ်ဆိုရင်လည်း ငါ့ကို အပြစ်မတင်နဲ့နော်။ ဒီက သခင်ကြီးက မင်းတို့ကို မကယ်တင်ချင်မှတော့ ငါလည်း မတတ်နိုင်လို့ပါ......”
လီလင်ပုက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
“???”
လီလင်ပုရဲ့ စကားကြောင့် ရှိနေတဲ့ ကျင့်ကြံသူတွေအားလုံး အလွန် မကျေမနပ် ဖြစ်သွားကြလေ၏။
‘ငါတို့ အခုမှ နားဖို့ကြံတာကို မင်းက ကုန်တွေထပ်ပြီး သယ်ခိုင်းပြန်ပြီလား?’
'မဖြစ်နိုင်တာ!!!’
လူအုပ်ထဲရှိ မနေနိုင်တဲ့ တစ်ယောက်က ကျန်းစန်ကို ထပြောလိုက်သည်။
“ကျန်းစန် မင်းဘာမှ မပြောနဲ့တော့။ အဲ့ဒီလူတွေ အားလုံးကို အမြန် တာဝန်ယူလိုက်တော့။ ဒါမှ ငါတို့တွေ ဆက်သွားလို့ရမှာ”
“အဲ့ဒါမှန်တယ် အမတ်လီဘက်က ညွှန်ကြားလာမှတော့ ငါတို့တွေ ချက်ချင်းပဲ လုပ်ဆောင်သင့်တယ်။ ဒါကြောင့် ဒါကို အဆုံးသတ်ပြီး အမြန်ဆုံးထွက်ကြတာပေါ့!”
“တရှားတိုင်းပြည်ရဲ့ ကိစ္စက ငါတို့ရဲ့ ကိစ္စပဲ ကျန်းစန် မင်းငြင်းဖို့ မလုပ်နဲ့တော့!”
“သူတို့တွေက ဒီအတိုင်းပဲ အားနည်းတဲ့ ကျင့်ကြံသူတွေပဲ မဟုတ်ဘူးလား? ဒါကြောင့် အချိန်ဆွဲ မနေပါနဲ့တော့ လာပါသွားကြရအောင်”
“..........”
ချက်ချင်းပဲ ကျန်းစန်သည် လူအုပ်ရဲ့ အာရုံစိုက်မှုကို အပြုံလိုက်ကြီး ရရှိလာတော့သည်။
နောက်ဆုံးတော့ ကျန်းစန် မနေနိုင်စွာပြောရတော့၏။
“ကောင်းပြီ ငါလုပ်ပါ့မယ်!”
လူများစွာရဲ့ ဖိအားပေးခံရမှုကြောင့် ကျန်းစန်ရဲ့ မျက်လုံးများပင် မျက်ရည် ဝဲချင်လာရသည်။
ထို့နောက်မှာ အနောက်မှာ ရပ်နေတဲ့ ဝေ့တပ်သားတွေရှိရာကို သွားလိုက်ပြီး အကုန်လုံးအပေါ်ကို စွမ်းအင်ကန့်သတ်သည့် အစီအရင်ကို အသုံးပြုလိုက်သည်။ ကံကောင်းစွာဖြင့် ဝေ့တပ်သားတွေ အားလုံးကလည်း ကောင်းကောင်း နားလည်ထားသည်။ ဒီနေ့ရဲ့ အခြေအနေက အရမ်းကို အန္တရာယ်များပြီး သူတို့ရဲ့ သန်မာမှုကလည်း တစ်ဖက်က လူတွေနဲ့ နှိုငိးယှဉ်ရင် အလွန်ကို အားနည်းသည်။ ထို့ကြောင့် သူတို့အတွက် ခုခံဖို့ နည်းလမ်းမရှိဘူး။ ဒါကြောင့် ဝေ့တပ်သားတွေ အားလုံးက အလွန်ကို ပူးပေါင်းပေးခဲ့ကြသည်။
...............
ဒါပေမဲ့ နာရီဝက်လောက် ကြာမြှင့်သွားချိန်မှာတော့ ကျန်းစန် ငိုချင်လာခဲ့သည်။ အလွန် ခါးသက်နေသော မျက်နှာနဲ့ လီလင်ပုရှိရာကို သွားလိုက်လေ၏။
သူ့မှာ ရွေးစရာ လမ်း မရှိတော့ဘူး။ နာရီဝက်တောင် ကြာမြှင့်သွားခဲ့ပြီ….!
စွမ်းအင် ကန့်သတ်တဲ့ အစီအရင်ကို အသုံးပြုနေပေမဲ့ နာရီဝက် ကြာမြှင့်ခဲ့တာတောင်မှ လူအယောက် တစ်ရာခန့်သာ ပြီးသေးသည်။ တောပုန်း ဓားပြတွေရဲ့ စုစုပေါင်း အရေအတွက်က အယောက်တစ်ထောင်ခန့် ဖြစ်သည်!
ဒီလိုသာ ဆက်လုပ်နေရမယ်ဆိုရင် သူ့ရဲ့ တစ်ဘဝလုံး ပေးဆပ်ရလိမ့်မည်!
ဂုဏ်သိက္ခာ ကြီးမားတဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့ အခုလိုမျိုး အလကား အလုပ်လုပ် ပေးနေရတဲ့ အခြေအနေက အင်မတန် စိတ်ပျက်ဖွယ် ကောင်းလှသည်။ ဒါ့အပြင် ဒီကြမ်းတမ်းတဲ့ ဓားပြတွေကို တစ်ယောက်ချင်းစီ စွမ်းအင် ကန့်သတ်ချက် ပြုလုပ်ပေးနေရ၏!
ကျန်းစန် လုံးဝကို မပျော်ရွှင်တော့ဘူး!
“ဒါမှ မဟုတ်ရင်လည်း သူတို့ကို သတ်လိုက်ကြရအောင်! ကျွန်တော်တို့လည်း ပင်ပန်းနေပြီး အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တော့!”
ကျန်းစန်က လီလင်ပုကို စိုက်ကြည့်ရင်း စစ်မှန်စွာ ပြောလိုက်သည်။
လီလင်ပု အနည်းငယ် အံ့ဩသွား၏။ ကျန်းစန်ရဲ့ အတည်ပေါက် မျက်နှာနဲ့ အတည်ပေါက် စကားသံကြောင့် မျက်စိရှေ့ကသူရဲ့ စိတ်ပျက်နေမှုကို နားလည်သွားခဲ့သည်။
လီလင်ပု ချက်ချင်းပဲ ကျန်းစန်ရဲ့ ပုခုံးကိုအသာပုတ်လိုက်သည်။ ထို့နောက်မှာ ပြောလိုက်၏။ သူ့ရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုကို တပ်ဆင်ထားသေးသည်။
“အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးပါ သခင်ကြီး။ စိတ်မပူပါနဲ့ ကျွန်တော် မြို့တော်ကို ပြန်ရောက်တာနဲ့ သခင်ကြီးရဲ့ ကောင်းကြောင်းတွေကို အရှင်မင်းကြီးဆီမှာ လျှောက်ထားပေးပါ့မယ်”
“စိတ်မပူပါနဲ့ ကျွန်တော်တို့မှာ အချိန်တွေ အများကြီးရှိပါတယ်။ ပြောရရင် ဒီခရီးစဉ်ကလည်း ရှည်လျားတဲ့ ခရီးစဉ်ပဲ။ ဒါကြောင့် ဘယ်လောက်များ ထပ်မံပြီး နောက်ကျသွားမှာ မို့လို့လဲ?”
ကျန်းစန်ရဲ့ မျက်နှာက ပိုမိုမည်းမှောင်လာခဲ့သည်။ လီလင်ပုလည်း ချက်ချင်း သတိထားမိ၏။ ဒီကိစ္စကိုသာ မဖြေရှင်းရင် ကျန်းစန် လုံးဝကို ပေါက်ကွဲတော့မယ့်ပုံပဲ။
လီလင်ပု မတတ်နိုင်စွာ မျက်လုံးမှိတ်လိုက်သည်။ စဥ်းစားပြီးတာနဲ့ ချက်ချင်းပဲ ပြုံးကာပြောလိုက်၏။
“ဒီလိုဆိုရင်ရော? ဒီကိစ္စကို သခင်ကြီး အပေါ်မှာ အပ်ထားလိုက်မယ်။ သခင်ကြီး အနေနဲ့ သူတို့အပေါ်မှာ စွမ်းအင်ကန့်သတ်ချက် ပြုလုပ်ဖို့အတွက် တခြားလူကို ရှာလို့ရတယ်။ သူတို့နဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်ပေါ်ခဲ့မယ်ဆိုရင် သခင်ကြီးဆီကို လာရောက်မေးမြန်းမယ်။ ဒီလိုဆိုရင်ကော?”
“သိတဲ့အတိုင်းပဲ ရုံးတော်မှာ အရာရှိတစ်ယောက် လုပ်ရတာ မလွယ်ကူဘူးလေ!”
“ ကျွန်တော်လည်း မတတ်နိုင်လို့ပါ။ ဒါကြောင့် စဉ်းစားပေးပါအုံး။ ဒုအမတ်ချုပ် တစ်ယောက်အနေနဲ့ ဒီငွေတွေကို ကိုယ်တိုင် လိုက်ပို့ရတာဆိုတဲ့ အတွက် ဒီကိစ္စက ဘယ်လောက်တောင် အရေးပါလဲဆိုတာ သခင်ကြီးလဲ ခန့်မှန်းမိမှာပါ။ ဒါကြောင့် ကျွန်တော်လည်း ဂရုမစိုက်ပဲ လုပ်လို့မရဘူး”
လီလင်ပုက ပြောနေရင်းနဲ့ သဘောကောင်းတဲ့ အစ်ကိုကြီး တစ်ယောက်လိုမျိုး ကျန်းစန်ရဲ့ ပုခုံးကိုပုတ်လိုက်သေးသည်။
ကျန်းစန်ကတော့ အလွန်ကို ဆဲချင်နေပြီပင်။
'လွတ်လမ်းရှာတယ်ပေါ့! ဒီအမတ်စုတ် ပန်းနုသွေး နေတာလား!’
……..