← Chapters

( ဉာဏ်ပညာမြင့်မားလှတဲ့ အရှင်မင်းကြီး)

Vol. 11 Ch. 153

( ဉာဏ်ပညာမြင့်မားလှတဲ့ အရှင်မင်းကြီး)

Vol. 11 Ch. 153

ကျန်းစန် ချက်ချင်းပဲ သူ့ရဲ့ခန္ဓာကိုယ်အတွင်းက ကုန်ဆုံးလုနီးပါး ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏကို စစ်ဆေးလိုက်သည်။ ထို့နောက်မှာ စိတ်အားထက်သန်နေတဲ့ မျက်လုံးများနဲ့ ကြည့်ရှုနေတဲ့ အကြီးအကဲတွေကို လှမ်းကြည့်လိုက်၏။

ကျန်းစန် စိတ်ပူသွားတော့သည်။ သူ့အနေနဲ့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။

ဒီအချိန်မှာ တစ်ယောက်ယောက်ကိုတော့ စိတ်တိုအောင် လုပ်ရတော့မှာပဲ။

ဒီနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးသည် အဆင့်မြင့်သော ပုဂ္ဂိုလ်များဖြစ်သည်။ သာမန်အနေအထားမျိုးနဲ့ ဘယ်သူ့ကိုမှ ခိုင်းစေလို့ မရဘူး။

ကျန်းစန် ထပ်မံပြီး လီလင်ပုကို မုန်းတီးစွာ ကြည့်လိုက်လေ၏။

'ဒီအဖိုးကြီးက ဉာဏ်နီဉာဏ်နက်များလိုက်တာ! တရှားတိုင်းပြည်က မကောင်းဆိုးဝါးတွေ စုနေတဲ့တိုင်းပြည်ပဲ!’

ဒါပေမဲ့ ကျန်းစန် အများကြီးမပြောခဲ့ပေ။

“ဒီလိုဆိုမှတော့… ဒီမှာရှိနေတဲ့ လူတစ်ယောက်စီကို ဓားပြ တစ်ချို့ခွဲပေးသင့်တယ်လို့ထင်တယ်”

ကျန်းစန် ချက်ချင်းပဲ သူ့ရဲ့ပုခုံးပေါ်တွင် ဖိနေတဲ့ လေးလံမှုတွေကို သူများတွေစီ မျှဝေ လိုက်တော့၏ ။ ဘယ်လိုနေနေ ဒေါသထွက်အောင် လုပ်ရတော့မည် ဆိုမှတော့ အကုန်လုံးကို ညီတူညီမျှ ဒေါသထွက်အောင် လုပ်ရမှာပေါ့!

အကုန်လုံးကို တာဝန်ပေးလိုက်ခြင်းက မတတ်သာတဲ့ ရွေးချယ်မှု တစ်ခုလို့ ဆင်ခြေပေးလို့ ရသေးသည်။ ဒါပေမဲ့ လူတစ်ယောက်ကိုပဲ ရွေးပြီးခိုင်းစေလိုက်မယ်ဆိုရင် သူ့အနေနဲ့ အဲ့ဒီသူကို ပစ်မှတ်ထားပြီး စော်ကားရာကြသွားမည်။ ဒါဆိုရင် အပြုအမူက ပိုမိုဆိုးရွားလိမ့်မည်။

ထိုစကားကို ကြားသောအခါမှာ လီလင်ပု မျက်မှောင်ကျုံ့သွားခဲ့၏။ အဆုံးမှာတော့ အတင်းကြပ်ပြုံးလိုက်ကာ….

“ကောင်းပါပြီ။ သခင်ကျန်းစန်ရဲ့ အမိန့်အတိုင်းပဲ လုပ်ကြတာပေါ့”

“ပြီးတော့ သိုင်းလောကရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်က နားမလည်ဘူးလေ။ ဒါကြောင့် သခင်ကျန်းစန်ရဲ့ ဂရုစိုက်ပေးမှုကို လိုအပ်နေဆဲပဲ”

“ဒါပေမဲ့ ကျွန်တော့အနေနဲ့ တစ်ခုတော့ သတိပေးခဲ့ပါရစေ။ ဒီဓားပြတွေကို တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်း တည်ဆောက်တဲ့ နေရာမှာ ခိုင်းစေမှာပါ။ တိုင်းပြည်ရဲ့ မဟာတံတိုင်းနဲ့ပတ်သက်ပြီး တစ်ခုခု မှားသွားခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ သခင်ကျန်းစန်ကို မေးခွန်းထုတ်ခဲ့ရတဲ့အတွက် အပြစ်မတင်ပါနဲ့။ အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင် ထျန်းချီတာဝါကလည်း သေချာပေါက် ငြိမ်နေမှာမဟုတ်ဘူးလေ”

လီလင်ပုက ပြောနေရင်းနဲ့ အဝေးရှိ ရှုခင်းကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။

“တရှားတိုင်းပြည်အနေနဲ့ အခုလိုမျိုး မဟာတံတိုင်း တည်ဆောက်ဖို့အတွက် ပိုက်ဆံ ရှာရတာ မလွယ်ကူပါဘူး။ အဲ့ဒီ ပိုက်ဆံအရင်းမြစ်ကို ရဖို့အတွက် နှစ်များစွာ ကြိုးစားစုဆောင်းထားရတာပါ! အရှင်မင်းကြီးအနေနဲ့ အရမ်းကို ကြိုးစားထားခဲ့ရတာ။ ဒါကြောင့် ကျွန်တော်တို့က အရှင်မင်းကြီးကို ပြသနာ တက်စေလို့မဖြစ်ပါဘူး!”

“ဒီကမ္ဘာပေါ်မှာ အရှင်မင်းကြီးလိုမျိုး ဉာဏ်ပညာထူးချွန်ပြီး စီစဉ်နိုင်စွမ်းမြင့်မားတဲ့ တစ်ခြားသူမရှိတော့ဘူး။ ကျွန်တော်တို့က အရှင်မင်းကြီးကို ဝန်ပိစေလို့ ဘယ်ဖြစ်မလဲ? သခင်ကျန်းစန် နားလည်ပေးပါ”

ကျန်းစန်ရဲ့ မျက်နှာကတော့ မထိန်းနိုင်စွာ ပျက်ယွင်းသွားလေ၏။

ထိုမြှောက်ပင့်စကားတွေကြောင့် လီလင်ပုရဲ့ မျက်နှာပြောင် တိုက်နိုင်စွမ်းကို ကျန်းစန် အသိအမှတ် ပြုလိုက်တော့သည်။ တစ်ကယ်ကို ကိုယ့်တိုင်းပြည်အတွက်ပဲ ကြည့်တတ်တဲ့ မြေခွေးအိုပဲ!

ဒါပေမဲ့ ကျန်းစန် ငြင်းဆိုချက်မထုတ်ခဲ့ပေ။ တရှားတိုင်းပြည်အပေါ်ကိုပိုလို့တောင် စိတ်ဝင်စားလာ၏။ တရှားတိုင်းပြည်ရဲ့အမတ်တွေကတောင်မှ အခုလိုမျိုး တိုင်းပြည်ကို ဂရုစိုက်တယ်ဆိုရင် ရှကျိုးယွီကရော ဘယ်လိုမျိုး ဖြစ်လောက်မလဲ?

ပြီး​တော့ သူတို့ပြောနေတဲ့ မဟာတံတိုင်းဆိုတာကရော ဘယ်လောက်ထိ ကြီးမာတဲ့ ကိစ္စတစ်ခုလဲ?

ဒီကိုလာတဲ့ ခရီးစဉ် တစ်လျှောက်တွင် မဟာတံတိုင်းတည်ဆောက်တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး လီလင်ပု ဆယ်ကြိမ်ထက် မနည်း ပြောခဲ့သည်။ မဟာတံတိုင်းအကြောင်းကို ပြောလိုက်တာနဲ့ သူ့ရဲ့ လေသံမှာ ရည်ရွယ်ချက်တို့ ပြည့်နှက်လာခဲ့ပြီး မျက်လုံးတို့ကလည်း စိတ်အားထက်သန်လာ၏။မသိရင် အဲ့ဒီအရာနဲ့ပတ်သက်ပြီး အရမ်းကို ဂုဏ်ယူနေသလိုမျိုးပဲ။ ဒါပေမဲ့ အခုလိုမျိုးငွေကုန်ခံ၊ လူကုန်ခံပြီး တည်ဆောက်နေတဲ့ အသုံးမကျတဲ့အရာက ဘာတွေများ ဂုဏ်ယူစရာရှိနေလို့လဲ?

ကျန်းစန်ရဲ့ စပ်စုချင်စိတ်က ပိုမို ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် မနေနိုင်စွာ မေးလိုက်တော့၏။

“အဲ့ဒီ မဟာတံတိုင်းနဲ့ပတ်သက်ပြီး ဘာတွေများ ထူးခြား နေလို့လဲ? အမတ်လီ အဲ့ဒီကိစ္စကို လမ်းမှာ မကြာခဏပြောခဲ့တယ်”

လီလင်ပု အနည်းငယ် အံ့သြသွားခဲ့သည်။

လီလင်ပုက အလွန်ရူပ်ထွေးနေဟန်ဖြင့် ကျန်းစန်ကို သုံးကြိမ်တိုင်တိုင် စစ်ဆေးလိုက်၏။ ကျန်းစန်ရဲ့ မျက်လုံးထဲက ရိုးသားမှုကို မြင်မှသာ သက်ပြင်းချလိုက်သည်။

“မဟာတံတိုင်းကလား? အဲ့တာက အရှင်မင်းကြီး လုပ်ဆောင်သမျှထဲမှာ အကောင်းဆုံးလုပ်ဆောင်ချက်ပဲ။ မဟာတံတိုင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော်လည်း မသိဘူး! ဒါပေမဲ့ အဲ့တာက တရှားတိုင်းပြည်ရဲ့ အကောင်းဆုံးအရာတစ်ခု ဖြစ်လာမယ်ဆိုတာကိုတော့ သေချာပေါက်ပြောရဲတယ်! ဒီလိုပြောလို့ တခြားသူတွေ ကျွန်တော့်ကို လှောင်ရီမှာ မကြောက်ပါဘူး။ အရှင်မင်းကြီးက မဟာတံတိုင်းတည်ဆောက်ဖို့အတွက် တစ်ချက်ထဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအတွက် အရှင်မင်းကြီးအနေနဲ့ အချိန်အကြာကြီး စဉ်းစားထားပြီးတော့ ကြိုတင်စီစဉ်ထားခဲ့မယ်လို့ ကျွန်တော်ယုံကြည်တယ်!”

“ဒီတရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းက အိမ်နီးချင်းတိုင်းပြည်တွေကိုပဲ အံ့အားသင့်စေမှာ မဟုတ်ဘူး၊ တိုင်းပြည်တွေ အားလုံးကို အံ့အားသင့်စေမှာ!”

လီလင်ပု အနေနဲ့ဘယ်လိုပဲ စဉ်းစားပါစေ မဟာတံတိုင်းရဲ့ ရည်ရွယ်ချက်ကိုတော့ နားမလည်ခဲ့ဘူး။ ထို့ကြောင့် မဆိုင်တဲ့ အရာတွေကိုပြောရင်း မေးခွန်းကို ရှောင်လွှဲလိုက်သည်။

တရှားတိုင်းပြည် အတွင်းမှာနေထိုင်တဲ့ တိုင်းပြည်ရဲ့ အမတ်တစ်ယောက်အနေနဲ့ ရှကျိုးယွီကို ချီးကျုးတာက မှန်ကန်တဲ့ ကိစ္စတစ်ရပ်ပဲလေ။ ထိုကြောင့် ရှကျိုးယွီကိုသာ ချီးကျုးနေလိုက်သည်။

ဒီလိုနဲ့ သူ့ရဲ့စကားဝိုင်းကို ပြောင်မြောက်စွာဖြင့် အဆုံးသတ်လိုက်သည်။

ဒါပေမဲ့ လီလင်ပုရဲ့ စကားဆုံးတာနဲ့ ကျင့်ကြံသူအားလုံးရဲ့ မျက်လုံးတွေက ရုတ်တရက် လက်သွားခဲ့သည်။ အကုန်လုံးက စိတ်ဝင်တစား ခေါင်းထောင်လာကာ လီလင်ပုကို ကြည့်လာကြ၏။

“မင်းတကယ်ပြောနေတာလား?”

ကျန်းစန် မနေနိုင်စွာ မေးလိုက်သည်။

ထိုမေးခွန်းကြောင့် လီလင်ပု အံ့သြသွား၏ ။ ကျန်းစန်ကို ရူပ်ထွေးစွာ ကြည့်လိုက်သည်။ ကျန်းစန် ရဲ့မျက်လုံးအတွင်းက စိတ်အားထက်သန်မှုတွေကို မြင်တွေ့တဲ့အခါမှာ လီလင်ပု အချိန်အကြာကြီး မှင်သက်သွားလေ၏။

'အဲ့ဒီလူရဲ့ အကြည့်က ဘာကိုပြောချင်တာလဲ? ငါပြောလိုက်တာက တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီး အနည်းငယ်သော အကြောင်းအရာတွေပဲလေ။ အဲ့ဒါက အရမ်းကြီး မပြင်းထန်ပါဘူး။ ဟုတ်တယ်မလား?’

လီလင်ပု အနည်းငယ် ရူပ်ထွေးစွာဖြင့် စဉ်းစားနေခဲ့သည်။ ထို့နောက်မှာ တည်ငြိမ်စွာ ပြောလိုက်၏။

“အဟမ်း၊ တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းက ထူးခြားတဲ့အရာတစ်ခုဆိုပေမဲ့ မနာလိုဖို့တော့ မလိုအပ်ပါဘူး။ ပြီးတော့မဟာတံတိုင်းက အခုထိ ဆောက်လုပ်နေဆဲပါ။ မပြီးသေးပါဘူး။ အဲ့ဒီကိုရောက်တဲ့ အချိန်ကြရင် အခြေအနေအတိအကျကို အားလုံး မြင်တွေ့ရမှာပါ”

“အဲ့လိုလား? ဒါဆိုရင် ကောင်းကောင်း ကြည့်ရှုရမှာပေါ့!”

ကျန်းစန်က အပြုံးတစ်ခုနဲ့ ဖြေလိုက်သည်။

လီလင်ပု တိတ်တဆိတ် ခေါင်းညိမ့်လိုက်၏ ။ ဒါပေမဲ့ မကြာခင်မှာပဲ သူတွေးမိသွားသည်။ ကျန်းစန်ကို ကြည့်လိုက်ကာ စိုးရိမ်မှုတစ်ချို့နှင့် ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်တော် ပြောပါရစေ။ မဟာတံတိုင်းနဲ့ ပတ်သက်ပြီး သိခဲ့ရင်တောင်မှ အပြင်ကို သတင်းမဖြန့်ပါနဲ့။ ဒါက ကျွန်တော်တို့ တရှားတိုင်းပြည်ရဲ့ လျှို့ဝှက်ချက် တစ်ခုပဲ။ အိမ်နီးချင်းတိုင်းပြည်တွေသာ သိသွားမယ်ဆိုရင် တရှားတိုင်းပြည်အတွက် မထင်ထားတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တယ်”

“ရတယ် ရတယ်။ အမတ်လီ စိတ်ချလက်ချနေပါ”

ကျန်းစန်က အပြုံးတစ်ခုနဲ့ပဲ ဖြေကြားလိုက်၏။ ထို့နောက်မှာ အနောက်မှာရှိနေတဲ့ အကြီးကဲတွေ အားလုံးဘက်ကို လှည့်ကာပြောလိုက်သည်။

“အကုန်လုံးလည်း ကြားလိုက်တယ်မလား? ဒီမဟာတံတိုင်းက တရှားတိုင်းပြည်အတွက် ဦးစားပေးအခြေနေမှာရှိပြီး တရှားရဲ့ဘုရင်ကိုယ်တိုင် စီစဉ်ထားတဲ့ အစီစဉ်တစ်ခု ဖြစ်တယ်။ အကုန်လုံးအနေနဲ့လည်း တရှားတိုင်းပြည်နဲ့ ထျန်းချီတာဝါရဲ့ ပူးပေါင်းမှုကို သတိထားမိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ဒီဓားပြတွေကို ထိန်းချုပ်ခိုင်းတဲ့ ကိစ္စက သာမန်တာဝန်တစ်ရပ်မဟုတ်ပါဘူး။ မဟာအစီအစဉ်ကြီးမှာ တစ်စိတ်တစ်ပိုင်းအနေနှင့် ပါဝင်ခိုင်းတာပါ!”

“ဒီကိစ္စက အလွန်ကို အရေးကြီးတယ်။ ဒါကြောင့် အကုန်လုံးအကောင်းဆုံး လုပ်မယ်လို့ ယုံကြည်ပါတယ်။ အကယ်လို့ တစ်ခုခု မှားယွင်းပြီး ထျန်းချီတာဝါကို အမျက် ထွက်အောင် လုပ်မိခဲ့ရင် ကျုပ်တင်မကဘူး၊ အကုန်လုံးလည်း အကျိုးဆက်ကို ရင်မဆိုင်နိုင်လောက်ဘူး။ ဒါကြောင့် ကျုပ် ဘာတောင်းဆိုချက်မှ မပြုလုပ်ပါဘူး။ သူတို့တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပေးပါ။ တကယ်လို့ အကုန်လုံး အနေနဲ့ သဘောမတူချင်ဘူး ဆိုရင်လည်း ကျုပ်က မကြင်နာတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”

ကျန်းစန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက နက်ရှိုင်းနေ၏ ။ စကားလုံးတစ်ချို့နဲ့ ဒီကိစ္စရဲ့ အရေးပါမှုကို ပိုမိုမြင့်တက်စေခဲ့သည်။

ကျန်းစန်ရဲ့ စကားတွေကြောင့် ရှိနေတဲ့ အကြီးကဲတွေအားလုံး တိတ်တဆိတ် အတွေးများသွားကြလေ၏။

အချိန်တစ်ခု ကြာပြီးနောက်မှသာ တစ်စုံတစ်ယောက်က ထပြောလိုက်သည်။

“ကောင်းပြီ။ ငါဆယ်ယောက် တာဝန်ယူမယ်!”

“ငါလည်း ဆယ်ယောက် တာဝန်ယူမယ်။”

“ငါ အယောက်နှစ်ဆယ် တာဝန်ယူမယ်!”

ဒီလိုနဲ့ မကြာခင်မှာပဲ အကြီးကဲတွေ တစ်ယောက်ပြီးတစ်ယောက် စိတ်အားထက်သန်စွာဖြင့် ကိုယ်တိုင် တောင်းဆိုလာခဲ့သည်။ ဒီလိုနဲ့ မူလက ခက်ခဲတဲ့ တာဝန်တစ်ရပ်သည် လွယ်ကူစွာပဲ ပြီးမြောက်သွားတော့၏ ။ တစ်ချို့ဆိုရင် စကားပြောတာ နောက်ကျခဲ့သည့်အတွက် တာဝန်တောင် မရခဲ့ကြပေ။ ထို့ကြောင့် သူတို့တွေ စိတ်ထဲကနေ နောင်တရနေတော့၏။

ထိုအချိန်မှာပဲ လီလင်ပု ပြောလိုက်သည်။

“အကုန်လုံး မပါဝင်လိုက်ရဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ တရှားတိုင်းပြည်က ယဉ်ကျေးပျူငှာတဲ့ တိုင်းပြည်တစ်ခုပဲ။ ဒါကြောင့် အကုန်လုံးသာ ဆန္ဒရှိမယ်ဆိုရင် တပည့်တွေကို ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို စေလွှတ်ပြီး…”

လီလင်ပုက ရဲတင်းစွာဖြင့် စကားစခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့စကားသံမဆုံးခင်မှာပဲ နောင်ရသွားလေ၏။ မဟာတံတိုင်းစီမံကိန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတို့ ပြည့်နှက်နေခဲ့တဲ့ အကြီးအကဲတွေ၏ မျက်လုံးသည် သူ့ရဲ့ စကားသံစတင်တာနဲ့ မျက်နှာသေများအဖြစ် ပြောင်လဲသွားကြလို့ပင်။

လီလင်ပု မနေနိုင်စွာ ပြောလိုက်တော့သည်။

“သေချာပေါက် အကုန်လုံးဆန္ဒရှိရင် လုပ်နိုင်တယ်လို့ ကျွန်တော် ပြောချင်တာပါ။ တရှားတိုင်းပြည်က ဖော်ရွေတယ်လေ။ တရှားတိုင်းပြည်က ဖော်ရွေလို့ပါ။ ဟားဟား”

ထိုအချိန်မှသာ အကြီးကဲတွေရဲ့ မျက်နှာက ပြန်လည်ရွှင်လန်းလာခဲ့သည်။

လီလင်ပု ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှကျိုးယွီကို ဘယ်လိုတင်ပြရမလဲ စဉ်းစားနေလိုက်သည်။ ဒါပေမဲ့ မကြာခင်မှာပဲ လီလင်ပု ကိုယ့်ခေါင်းကိုယ်ရိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။

“ရူးမိုက်လိုက်တာ! ဒါတွေ အားလုံးကို အရှင်မင်းကြီး စီစဉ်ထားတာပဲ။ ငါက အရှင်မင်းကြီးရဲ့ဆန္ဒအတိုင်း ဖြစ်လာအောင် အကောင်ထည်ဖော်ပေးရရုံတင်”

လီလင်ပု စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

“အရှင်မင်းကြီး ကတကယ်ကို လုပ်နိုင်လိုက်တာ။ ပြသနာတစ်ခုမှ မဖြစ်ပေါ်စေဘဲ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ပိုက်ဆံကော လုပ်သားကော ရှာဖွေနိုင်ခဲ့တယ်။ ဒါတင်မကသေးဘူး ထျန်းချီတာဝါကို အသုံးပြုပြီး ငါတို့ရဲ့ တရှားတိုင်းပြည်အပေါ် အမှုထမ်းလာစေမဲ့ သိုင်းလောကရဲ့ ဂိုဏ်းအသီးသီးကိုပါ ရှာဖွေနိုင်ခဲ့သေးတယ်!”

လီလင်ပုရဲ့ နှလုံးသားထဲက လေးစားမှုက ပိုမိုပြင်းထန်လာခဲ့သည်။

ကျန်းစန်သည် ထိုအချိန်မှ စိတ်သက်သာစွာ သက်ပြင်းချနိုင်ခဲ့သည်။ ထို့နောက်မှာ လီလင်ပုကို လှမ်းကြည့်လိုက်၏။

လီလင်ပုနဲ့ပတ်သက်ပြီး မနေနိုင်စွာ သိချင်လာခဲ့သည်။

သူ နားမလည်နိုင်ဘူး။ တရှားတိုင်းပြည်ရဲ့ အမတ်တစ်ယောက်က အခုလိုမျိူး လုပ်နိုင်စွမ်းနဲ့ အာဏာကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားခဲ့ရတာလဲ? တရှားဘုရင်ကရော ဘယ်လောက်တောင် အင်အားကြီးမားတာလဲ?

ထိုအချိန်မှာ သူအနည်းငယ် နားလည်စပြုလာခဲ့သည်။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က ဘာကြောင့်မြင့်တက်သွားလဲ ဆိုတာကိုပေါ့…။

တရှားတိုင်းပြည်ရဲ့ အမတ်တစ်ယောက်က စကားလုံးအလှတွေ အသုံးပြုပြီး သူတို့ကို အခုလိုမျိုး ခိုင်းစေနိုင်ခဲ့ပြီမလား? ဘုရင်ရဲ့ လုပ်နိုင်စွမ်းဆိုရင် မတွေးနဲ့တော့..။

ဒီလိုနဲ့ မကြာခင်မှာပဲ ဝေ့တပ်သားတွေ အားလုံးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။

ဝေ့တပ်သားတွေကိုယ်တိုင် သယ်ဆောင်လာတဲ့ မြင်းလှည်းတန်းသည် မကြာခင်မှာပဲ ကျန်းပိုင်မင်းသားရဲ့ စခန်းအနီးသို့ ရောက်လာလေ၏။

စခန်းနဲ့ နီးစပ်လာတာနဲ့အမျှ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာကတော့ အကြီးအကဲတွေရဲ့ မျက်လုံးထဲက ပြည့်နှက်နေတဲ့ စိတ်တက်ကြွမှုတွေပင်!

………..

All Chapters