( ငါဘယ်သူလဲ သိနေတာလား?)
Vol. 11 Ch. 145
ရှကျိုးယွီရဲ့ စကားတွေကြောင့် ယူလျိုရှား အံ့သြသွားခဲ့သည်။ သူမ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ယူအိမ်တော်ဆိုတာ ရေကို ထိန်းချုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံး အိမ်တော်တစ်ခုပဲ။ ဂုဏ်သတင်းက သိုင်းလောကမှာ မသေးဘူး။ အရမ်း မသန်မာဘူးဆိုပေမဲ့ သိုင်းလောကရဲ့ ဂိုဏ်းအများစုထံမှ လေးစားမှုကို လက်ခံရရှိထားသော ဂိုဏ်းတစ်ခုဖြစ်သည်။
ရေကို ထိန်းချုပ်နိုင်စွမ်း ရှိခြင်းက ကောင်းမွန်တဲ့ ကိစ္စရပ်တစ်ခုပဲ။ လူများစွာကို အကျိုးပြုနိုင်သည်။ ထို့ကြောင့် တိုင်းပြည်အများစုက ယူအိမ်တော်ရဲ့နောက်တွင် ရပ်တည်ပေးကြသည်။ ထို့ကြောင့် ယူအိမ်တော်ကို ရန်စလိုက်တာက နောက်တွင် နောက်ခံအဖြစ် နေပေးနေတဲ့ တိုင်းပြည်တွေအားလုံးကို ရန်စလိုက်တာနဲ့ ထပ်တူညီသည်။
"ယူအိမ်တော်အကြောင်းကို သခင်လေး မကြားဖူးဘူးလား"
မျက်စိရှေ့က ရှကျိုးယွီကို စိုက်ကြည့်နေရင်း ယူလျိုရှား အလွန်ဆွံ့အနေ၏။
"ကြားဖူးတယ်လေ။ ရေကို ထိန်းချုပ်နိုင်စွမ်းနဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ အိမ်တော်ပဲမလား?"
ရှကျိုးယွီ ပုံမှန်လို ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ မြှောက်ပင့်ပြောဆိုခြင်း မပါဘူး။ သူ့ရဲ့မျက်လုံးကလည်း အထင်သေးမှုတစ်ချို့ကို ဖော်ပြနေသေး၏။
အခန်းထဲကလူတိုင်း ဆွံ့အသွားခဲ့သည်။ ရှကျိုးယွီကို အလွန် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လိုမျိုး ကြည့်လာကြသည်။ လူအားလုံးရဲ့ မျက်လုံးထဲတွင် မယုံကြည်နိုင်မှု၊ အံ့သြမှုအပြင် နောင်တတရားတွေပါ ပါဝင်နေသလိုပဲ။
'ရေကို ထိန်းချုပ်နိုင်တဲ့ မိသားစုလေကွာ... အရမ်းကို ဂုဏ်သတင်းကြီးမားတဲ့ အိမ်တော်တစ်ခုလေကွာ!’
အဲဒီလို အိမ်တော်မျိုးကို အဆင့်မြင့် တိုင်းပြည်တစ်ခုကတောင်မှ လေးစားရသည်! ထို့ကြောင့် သိုင်းလောကတွင်ရှိသော မည်သူမဆို ယူအိမ်တော်ကို လေးစားမှုပြကြ၏။
ပတ်ဝန်းကျင်ရဲ့ အနည်းငယ် ထူးဆန်းလာသော အနေအထားကြောင့် ရှကျိုးယွီ တစ်ခုခုလွဲနေမှန်း သတိထားမိသွားခဲ့သည်။ သူ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားသည်။ ထို့ကြောင့် မနေနိုင်စွာ မေးလိုက်တော့၏။
"ဘာဖြစ်လို့လဲ? မင်းတို့က ရေကို ထိန်းချုပ်နိုင်တဲ့ အိမ်တော်တစ်ခုပဲလေ။ အဲဒါက ဘာမှားနေလို့လဲ?"
"ဒါဆိုရင် ရေကို ထိန်းချုပ်နိုင်တဲ့နေရာမှာ နံပါတ်၁နေရာကို ယူနိုင်တဲ့ ဆိုလိုရင်းကို သခင်လေး နားလည်လား?"
အခန်းထဲက လူတစ်ယောက်က မနေနိုင်စွာ ဝင်ပြောလိုက်သည်။
ထိုသူရဲ့စကားသံထဲမှာ အထင်သေးမှုတို့ ပါဝင်နေ၏။ လူတွေအားလုံးရဲ့ မျက်နှာကလည်း တည်တင်းနေခဲ့သည်။ ထိုသူက ဆက်ပြောလိုက်သည်။
"ရေကြီးမှုဆိုတာ တိုင်းပြည်တိုင်းအတွက် ရှောင်လွဲလို့မရတဲ့ ပြဿနာတစ်ခုပဲ။ ဒါ့အပြင် ပင်လယ်ကို ငြိမ်သက်စေနိုင်တဲ့ ရွှေထောက်တိုင် အစွမ်းက တိုင်းပြည်တစ်ခုရဲ့ ရေကြီးမှုကို ထိန်းချုပ်နိုင်ရုံတင် သာမကဘဲ အဲဒီနေရာရဲ့ ရာသီဥတု ကောင်းမွန်မှုနဲ့ မြေဩဇာ တိုးတက်လာမှုကို နှစ်၁၀၀ထိတိုင်အောင် အာမခံချက် ပေးနိုင်တယ်။ အဲ့ဒီအစွမ်းက တခြားဘယ်အိမ်တော်မှ လုပ်နိုင်စွမ်းမရှိတဲ့ အရာပဲ! မင်းအနေနဲ့ တရှားတိုင်းပြည်ရဲ့ ဘုရင်က လုပ်နိုင်စွမ်းမရှိတဲ့ ဘုရင်လို့ ပြောမယ်ဆိုရင် ငါတို့ ညီအစ်ကိုတွေအားလုံး မင်းဘက်က ရှိတယ်။ ဒါပေမဲ့ မင်းက ယူအိမ်တော်ကို အထင်သေးလာခဲ့မယ်ဆိုရင်တော့ စိတ်မကောင်းဘူး ညီလေး။ ငါတို့ မင်းဘက်မှာ လုံးဝ မပါနိုင်ဘူး!"
“တရှားတိုင်းပြည်ကို မင်း စော်ကားချင်
စော်ကားလို့ရတယ်။ ဒါပေမဲ့ ယူအိမ်တော်ကို လုံးဝ မထိပါးမိစေနဲ့!”
"ဒါအမှန်ပဲ။ တရှားတိုင်းပြည်ဘက်က ငါတို့ ဝင်မပါဘူးဆိုရင်တောင်မှ ယူအိမ်တော်ကို ထိပါးလာရင် လုံးဝ လက်ပိုက်ပြီး ကြည့်နေမှာ မဟုတ်ဘူး!"
မနေနိုင်တဲ့သူတွေက ဆက်တိုက်ဆိုသလို ဝင်ပြောလာခဲ့သည်။ ချက်ချင်းပဲ အကုန်လုံးက ရှကျိုးယွီနဲ့ ဆန့်ကျင်ဘက် ဖြစ်သွား၏။
ရှကျိုးယွီ အံ့သြသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ စနစ်ရဲ့ အသိပေးသံကို ကြားလိုက်ရသည်။
(ပိုင်ရှင်က မျက်နှာဖုံးကို အသုံးပြုရင်း ပုံစံအစစ်ကို ဖုံးကွယ်ကာ ယူအိမ်တော်ရဲ့ စစ်မှန်တဲ့ လွှမ်းမိုးမှုအကြောင်းကို သင်ယူနိုင်ခဲ့တယ်။ ယူအိမ်တော်နဲ့ တရှားတိုင်းပြည်ရဲ့ အောင်မြင်စွာ ပူးပေါင်းနိုင်ခြင်းအတွက် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်၁သိန်း တိုးပါတယ်)
(ဂုဏ်ယူပါတယ် ပိုင်ရှင်!)
‘ဝက်သယ်ဟဲ….အိုးးးးမိုင်ဂေါ့……၁သိန်းတောင်! ဘာတွေဖြစ်နေတာလဲ’
'မင်းတို့ပဲ ပြောတော့! တကယ်ပဲ ဘာတွေဖြစ်နေတာလဲ’
‘ဝှက်သယ်ဖက်’
'ငါ စကား၂ခွန်းလောက်ပဲ ပြောလိုက်မိတာလေ။ မင်းတို့တွေ အစောပိုင်းကမှ တရှားတိုင်းပြည်ကို အထင်သေးနေကြတာ မဟုတ်ဘူးလား? ဘာလို့ အခြေအနေတွေက အခုလောက်ကြီးထိ ပြင်းထန်သွားရတာလဲ?’
ချက်ချင်းပဲ ရှကျိုးယွီရဲ့ မျက်နှာထားက အလွန် အေးစက်လာခဲ့သည်။ အမှန်တရားက စူးရှတဲ့ အချွန်တစ်ခုလိုမျိုး သူ့ရဲ့နှလုံးသားကို အကြိမ်ကြိမ် ထိုးစိုက်နေလေတော့၏။
'ယူအိမ်တော်! အသုံးမကျလိုက်တဲ့ ယူအိမ်တော်!’
ထိုအချိန်မှာပဲ ယူလျိုရှားရဲ့အသံ ထွက်ပေါ်လာခဲ့သည်။
"ယူအိမ်တော်က ဘာမှမဟုတ်ပါဘူး။ ဒါကြောင့် သခင်လေးအနေနဲ့ ဂရုမစိုက်လည်း ရတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပြောပြချင်ပါတယ်။ အခုအချိန်မှာ ကျွန်မက တရှားတိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ပေးနေခဲ့တယ်။ ဒီကိစ္စအတွက်နဲ့ ကျွန်မ သေဆုံးရမယ်ဆိုရင်တောင်မှ လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူး!"
ယူလျိုရှားက အလွန် ပြတ်သားစွာဖြင့် ပြောဆိုလိုက်သည်။ သူမရဲ့ စကားလုံးထဲမှာ စစ်မှန်မှုတို့ ပါဝင်နေ၏။
ထိုမှင်သက်ဖွယ် စကားတို့ကြောင့် အနီးရှိ လေထုပင် အနည်းငယ် ပြောင်းလဲလာသလိုမျိုး ခံစားရသည်။
"သခင်! သခင် ဘာလို့ အခုလိုမျိုး လုပ်နေတာလဲ"
ရွှမ်းအာ မနေနိုင်စွာ အော်လိုက်သည်။
ဒါပေမဲ့ ယူလျိုရှားက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"စကားတွေ အများကြီး ပြောနေဖို့မလိုဘူး။ တရှားတိုင်းပြည်က ငါ့အပေါ် အရမ်းကို ကြင်နာပေးခဲ့တယ်။ ဒါကြောင့် တရှားတိုင်းပြည် အခုလိုမျိုး အန္တရာယ် ကျရောက်နေတဲ့အချိန်မှာ ငါ ရှေ့မထွက်ဘဲ မနေနိုင်ဘူး။ အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ငါ ပြန်ပေးဆပ်ရမယ်!"
ယူလျိုရှားက ပြောပြီးနောက်မှာ ရှကျိုးယွီကို ထပ်ကြည့်လိုက်သည်။
"တရှားတိုင်းပြည်အပေါ်မှာ သခင်လေးအနေနဲ့ မုန်းတီးနေတာကို ကျွန်မ သိပါတယ်။ ဒါကြောင့် သခင်လေးရဲ့ပုံစံက ဒီနေ့ လာရောက် လက်စားချေနေတဲ့ပုံ ဖြစ်မယ်လို့လည်း ခန့်မှန်းလို့ ရတယ်။ ဒါတွေက အရေးမကြီးပါဘူး။ တရှားတိုင်းပြည်ရဲ့ ပြဿနာက သေချာပေါက် ကျွန်မရဲ့ ပြဿနာပဲ။ ဒါကြောင့် ဆွေးနွေးလို့ ရမယ်ဆိုရင် သေချာပေါက် ဆွေးနွေးချင်တယ်!"
ယူလျိုရှားက ရှကျိုးယွီကို ဆက်တိုက်ပဲ ကြည့်နေခဲ့သည်။ သူမ မသိလိုက်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျောက်ကောင်းကို သတ်ပစ်လိုက်မှာကို စိုးရိမ်နေဟန် ရှိ၏။
မျက်စိရှေ့က မြင်ကွင်းကြောင့် ရှကျိုးယွီရဲ့မျက်နှာက ပျက်သထက် ပျက်ယွင်းလာခဲ့သည်။
'ဒီကောင်မလေး တစ်ခုခု မှားနေတာလား? ဒီလိုမျိုး ပေါ်တင်ကြီး ရှေ့ထွက်ပြီး ဖြေရှင်းပေးနေတာလား! ပထမဦးဆုံး အသိုက်အပြင်ထွက်တဲ့ ငှက်က အဖမ်းခံရတတ်တယ်ဆိုတာကို မင်း မသိဘူးလား!’
'ပြီးတော့ ငါ ဘယ်တုန်းက မင်းကို ကြင်နာမှု ပြခဲ့လို့လဲ? ငါ ဘာလို့ မသိရတာလဲ? ဘာတွေ ဖြစ်နေတာလဲ? မဟုတ်သေးဘူး။ ငါ မသိလိုက်ဘဲနဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ?’
ရှကျိုးယွီ အသည်းအသန် စဥ်းစားလိုက်သည်။ ဒါပေမဲ့ အကြောင်းအရင်းကို စဥ်းစားလို့ မရခဲ့ပေ။ ရှကျိုးယွီရဲ့ မျက်လုံးတွေက အလွန် ရှုပ်ထွေးလာတော့၏။
'ဖြစ်နိုင်တာ ယူလျိုရှားက ငါ့ရဲ့သရုပ်မှန်ကို သိနေတာလား? သူမ ဟန်ဆောင်နေတာလား?’
ရှကျိုးယွီ ယူလျိုရှားကို စိုက်ကြည့်နေမိတော့သည်။
"မင်း ငါ့ရဲ့သရုပ်မှန်ကို သိတာလား?"
"သရုပ်မှန် ဟုတ်လား? အဲဒါ ဘာလဲ? ရှင့်ရဲ့သရုပ်မှန်ကို မသိသလို တရှားတိုင်းပြည်အပေါ်မှာ ဘယ်လိုမျိုး မုန်းတီးနေလဲဆိုတာလည်း မသိဘူး။ ဒါပေမဲ့ တရှားတိုင်းပြည်ကို တကယ်ပဲ ရန်သူ လုပ်ရဲတယ်ဆိုရင်တော့ သေချာပေါက် ကျွန်မရဲ့ ရန်သူပါ ဖြစ်လာလိမ့်မယ်။ သိုင်းသမား အချင်းချင်းပဲ။ သူရဲဘောကြောင်နေစရာ မလိုဘူး။ တိုက်ခိုက်လိုက်!"
"ရှင်က ဘယ်သူပဲ ဖြစ်နေပါစေ ကျွန်မ ယူလျိုရှား သေချာပေါက် အနိုင်ယူပစ်မယ်!"
ယူလျိုရှားရဲ့အသံက မကျယ်ပေ။ ဒါပေမဲ့ စစ်မှန်တဲ့ အရှိန်အဝါတွေ အပြည့်အဝ ပါဝင်နေခဲ့သည်။
"မဟုတ်သေးဘူး။ မင်း ရူးနေတာလား? ရှကျိုးယွီနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘာလဲ?"
ရှကျိုးယွီအတွက်တော့ ယူလျိုရှားရဲ့ပုံစံက အလွန် ထူးဆန်းနေခဲ့သည်။ သူ မနေနိုင်စွာ မေးလိုက်တော့၏။
ယူလျိုရှားကတော့ အံ့သြသွားပုံပင်။
"ဘာကိုလဲ?"
အချိန်တစ်ခုအထိ ဘယ်လိုတုံ့ပြန်ရမလဲ သူမ မသိတော့ပေ။ သူမရဲ့မျက်ဝန်းတွေက ချက်ချင်းပဲ ရှကျိုးယွီကို တွေးမိသွား၏။ ချက်ချင်းဆိုသလို သူမရဲ့ ပါးနှစ်ဖက်လုံး ရဲတက်လာခဲ့သည်။
ထို့နောက်မှာ ယူလျိုရှား အသက်တစ်ချက် ရှုသွင်းကာ စားသောက်ဆိုင်အတွင်းက ကျင့်ကြံံသူများစွာကို ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"သေချာပေါက် အကြောင်းအရင်း ပေးရမယ်ဆိုရင် ရှကျိုးယွီအပေါ်မှာထားတဲ့ လေးစားမှုတွေ ရှိတယ်။ ရှကျိုးယွီက ကမ္ဘာပေါ်မှာ အတော်ဆုံး ဗျူဟာရှင်ပဲ! သူက သတ္တိရှိတယ်။ အရင်းအမြစ် ကြွယ်ဝတယ်။ ဒါတင်မကဘူး။ တာဝန်ယူစိတ် ရှိတယ်။ ပြည်သူတွေကိုလည်း ဂရုစိုက်ပေးတယ်။ သူက အကုန်လုံး ထင်နေသလိုမျိုး ဘုရင်ဆိုးတစ်ယောက် လုံးဝ မဟုတ်ဘူး။ သူ့ရဲ့နှလုံးသားက ပြည်သူတွေအတွက် အချိန်ပြည့် ပူပင်နေခဲ့ရတာ!"
"ကျွန်မနဲ့ ရှကျိုးယွီနဲ့ အကြိမ်ကြိမ် မတွေ့ဖူးပေမဲ့ ကျန်းနန်မြို့ရဲ့ ရေကြီးမှုကို ထိန်းချုပ်စဥ်က သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ရုံနဲ့တင် ဘယ်လိုလူမျိုးလဲဆိုတာကို ပြောလို့ရတယ်။ သူက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘုရင်နဲ့မှ မတူညီဘူး! သူက အဖိုးတန်ပြီး အရည်အချင်းရှိတယ်။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ အထင်လွဲမှုကို ခံနေရတယ်! ဒါကိုလည်း သူ့ဘက်က ရှင်းပြချက် မထုတ်ခဲ့ဘူး"
"အကုန်လုံးပဲ စဥ်းစားကြည့်လေ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘုရင်ကများ ကံကြမ္မာအမှတ်တွေ အများကြီးကို စတေးပြီး ပြည်သူတွေရဲ့အသက်ကို ကယ်တင်ဖို့ လုပ်ခဲ့မှာလဲ?"
ယူလျိုရှား စစ်မှန်စွာ ပြောလိုက်သည်။ သူမရဲ့ စကားလုံးတိုင်းက စားသောက်ဆိုင်အတွင်းရှိ လူအားလုံးရဲ့ နှလုံးသားကို ရိုက်ခတ်သွား၏။
ယူလျိုရှား ကောင်းကောင်း နားလည်ပါသည်။ မျက်စိရှေ့က သာမန်ရုပ်ရည်နဲ့ သူထံတွင် ကျင့်ကြံမှုကို အာရုံခံလို့ မရခဲ့ပေ။ ဒါပေမဲ့ ထိုသူက မရိုးရှင်းဘူး။ သေချာပေါက် သူမအနေနဲ့ ကျင့်ကြံဆင့် ပထမအဆင့်ကို ရောက်နေတာတောင်မှ ထိုသူအတွက် ပြိုင်ဘက် မဟုတ်နိုင်တာကို နားလည်ပါသည်။ ဒါပေမဲ့လည်း တရှားတိုင်းပြည်အတွက် တွန့်ဆုတ်မှု မရှိဘဲ ရှေ့ထွက်ကာ ရပ်ပေးခဲ့သည်။ ဒါတွေအားလုံးက ရှကျိုးယွီကြောင့်ပဲ။
ထို့ကြောင့် သူမ ဒီနေ့ သေရမယ်ဆိုရင်တောင်မှ နောင်တမရှိဘူး။
တစ်ဖက်မှာရပ်နေသော ရွှမ်းအာကတော့ ဘာပြောရမှန်း မသိတော့ပေ။ သူမရဲ့ သခင်မလေးကိုပဲ အံ့သြစွာဖြင့် စိုက်ကြည့်နေမိတော့သည်။
ရွှမ်းအာရဲ့ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုတို့ ပြည့်နေ၏။
ရှကျိုးယွီသည်လည်း နေရာမှာတင် အံ့သြမှင်သက်စွာ ရပ်နေမိတော့သည်။
သူမရဲ့ စကားလုံးတွေက အကုန်လုံးကို ထိတ်လန့်စေခဲ့သည်။
……….