← Chapters

သစ္စာဖောက်မှု

Vol. 8 Ch. 104

သစ္စာဖောက်မှု

Vol. 8 Ch. 104

အခန်း (၁၀၄) : သစ္စာဖောက်မှု

ဝမ်ဝေ့က ပလ္လင်နှင့်တူသော ထိုင်ခုံပေါ်တွင် ထိုင်ကာ စေလွှတ်ခံရသူ ပြောမည့်စကားကို စောင့်နေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က အကြံပေး ကျောက်ဖုန်းနှင့်အတူ အခန်းထဲသို့ ဝင်လာသည်။

သေချာအနီးကပ် စစ်ဆေးပြီးနောက် ထိုလူက ဘယ်လိုမျိုး ခေါင်းမော့ပြီး ဖြောင့်မတ်သော ပုံစံဖြင့် လမ်းလျှောက်ဝင်လာလဲဆိုတာကို ဝမ်ဝေ့ သတိထားမိလိုက်သည်။ သူ၏ ဝတ်ရုံက ခမ်းနားထည်ဝါပြီး သူက ထိပ်သီး အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့် ဖြစ်သည်။

သံတမန်က ဝမ်ဝေ့ကို စိုက်ကြည့်ပြီးနောက် အသာလေး အရိုအသေပေးကာ ပြောလိုက်သည်

“ မင်းက ဝမ်ဝေ့လား”

ထိုလူ၏ စကားကို ကြားပြီး အခန်းတစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ အကြံပေးသူက သံတမန်ကို စိုက်ကြည့်ကာ ခေါင်းအသာယမ်းလိုက်မိသည်။

ဝမ်ဝေ့က ထိုလူ၏ မေးခွန်းကို မဖြေပေ။ ထိုအစား ခန္ဓာကိုယ်ထဲမှ စွမ်းအားကြီးအရှိန်အဝါကို ထုတ်လွှတ်ပြီး သံတမန်ကို ဒူးထောက်အောင် ဖိအားပေးကာ မေးလိုက်သည်

“ ခင်ဗျားက ဘယ်သူလဲ။ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ စေလွှတ်လိုက်တာလဲ။ ခင်ဗျားလိုမျိုး ငတုံးတွေနဲ့ အချိန်မဖြုန်းချင်ဘူး”

သံတမန်က ပြင်းထန်သည့် ဖိအားကို ခံစားနေရပြီး မြေပြင်မှ မထနိုင် ဖြစ်နေသည်။ ဖိအားက အရမ်းများလွန်းသည့်အတွက် အရိုးတချို့ ကျိုးသည့် အသံများကိုပင် ကြားနေရသည်။

သူက ခုခံရန် မူလချီကို စုစည်းဖို့ ကြိုးစားကြည့်သော်လည်း မလုပ်နိုင်ပေ။ ထိုအခါမှ အကြီးအကဲများက သူ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်ကို တွေ့ရမည်ဖြစ်သည့်အတွက် လေးစားဖို့ သတိပေးလိုက်ကြောင်း မှတ်မိသွားသည်။

သံတမန် နဖူးပေါ်မှ ချွေးများစီးကျနေရင်း ပြောလိုက်သည်

“ ပညာရှိဝိဇ္ဇာ ခင်ဗျာ ကျွန်တော်က မြို့စားကြီးကျန့်မိသားစုက ကျန့်ယီပါ။ ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်ရဲ့ ကိုယ်စားပြုအနေနဲ့ ကူညီဖို့ လာခဲ့တာပါ”

“ ဟုတ်လား ကျုပ်ကို ကူညီဖို့ ခင်ဗျားက ဘာလုပ်ပေးနိုင်လို့လဲ” ဝမ်ဝေ့က အရေးမစိုက်သည့်ပုံစံဖြင့် မေးလိုက်သည်။

ပညာရှိဝိဇ္ဇာ တည်ငြိမ်နေပုံကို ကြည့်ပြီး ကျန့်ယီတစ်ယောက် စိတ်လှုပ်ရှားလာကာ ညှိနှိုင်းခြင်းက ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်တို့ ထင်သလောက် လွယ်ကူမည် မဟုတ်ကြောင်း သတိထားလိုက်မိသည်။ သို့သော် သူ ပြောရမည့် စကားကို ဆက်ပြောလိုက်သည်

“ မြို့တော်ကို ပတ်လည်ဝန်းရံထားတဲ့ အစီအရင်ကို အထဲကနေ ဖွင့်ပေးဖို့အတွက် ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်ကနေ ကူညီနိုင်ပါတယ်”

ထိုအကြောင်းကို ခန့်မှန်းမိပြီးသား ဖြစ်သည့်အတွက် ဝမ်ဝေ့ အံ့ဩသွားခြင်း မရှိပေ။ သို့သော် သူ ချက်ချင်းပြန်မဖြေသေးဘဲ ထိုင်ခုံကို လက်ဖြင့်ခေါက်ရင်း ခဏတာ စဉ်းစားလိုက်သည်။

အခန်းတစ်ခန်းလုံးတွင် ထိုင်ခုံခေါက်သံမှအပ တခြားအသံ မကြားရပေ။ အချိန်များ ကုန်ဆုံးလာပြီးနောက် သံတမန်က ပိုပြီးစိတ်ပူပန်ကာ ချွေးစေးများပင် ထွက်လာသည်။ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်၏ မှတ်မိနိုင်ဖွယ်ရာ အချက်တစ်ခုဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် ဝမ်ဝေ့ မေးလိုက်သည်

“ သူတို့က အပြန်အလှန်အနေနဲ့ ဘာလိုချင်တာတဲ့လဲ။ လိုချင်တာကို ဒဲ့ပဲ ပြောလိုက်ပါ”

ကျန့်ယီက တိတ်တိတ်လေး အသက်အောင့်ထားရာမှ လေပြန်ရှူထုတ်လိုက်သည်။ ပညာရှိဝိဇ္ဇာက သူတို့၏ လိုအပ်ချက်ကို မေးမြန်းနေသည့်အတွက် ညှိနှိုင်းဖို့ အခွင့်အရေး ရှိပေသည်။ သူ အကြောက်ဆုံးအရာက လုံးဝ အငြင်းခံလိုက်ရခြင်းနှင့် အသတ်ခံရခြင်း ဖြစ်သည်။

ပညာရှိဝိဇ္ဇာက ဤတိုင်းပြည်၏ အထက်တန်းလွှာကို မကြိုက်ကြောင်း အားလုံးက သိနေပြီးဖြစ်သည်။ သူ့စစ်တပ် သိမ်းပိုက်လိုက်သည့်နေရာတိုင်းရှိ အထက်တန်းလွှာအများစု၏ ကံကြမ္မာက ရက်စက်ပြီး တရားမျှတမှု မရှိပေ။

“ ပညာရှိဝိဇ္ဇာအနေနဲ့ ဝိညာဉ်စာချုပ်ကို ချုပ်ပေးဖို့ ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အဲဒီစာချုပ်ထဲမှာ သူတို့ရဲ့ တော်ဝင်မိသားစုဝင်တွေကို မသတ်ဖြတ်ရဘူး။ သူတို့ရဲ့ စည်းစိမ်တွေကို မသိမ်းပိုက်ရဘူး။ ပြီးတော့ သူတို့ အခုလက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ အထက်တန်းလွှာရာထူးနဲ့ တူညီတဲ့ ရာထူးကို အသစ်တည်ထောင်မဲ့ တိုင်းပြည်မှာ သူတို့ကို ပေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်”

ဝမ်ဝေ့က သူ့ဘဝမှာ ရယ်စရာအကောင်းဆုံး စကားကို ကြားလိုက်ရသကဲ့သို့ သံတမန်ကို ကြည့်ကာ ပြောလိုက်သည်။

“ ခင်ဗျားတို့လူတွေက ကိုယ့်ကိုယ်ကို အရမ်းတန်ဖိုးကြီးတယ်လို့ ထင်နေတဲ့ပုံပဲ။ ကျုပ် အားလုံးကို မသတ်တဲ့အတွက် ခင်ဗျားတို့ ပျော်နေသင့်တာလေ။ ဒါပေမဲ့ အခုတော့ ခင်ဗျားတို့က ခေတ်အဆက်ဆက် လူတွေဆီက ဂုတ်သွေးစုပ်ထားတဲ့ ချမ်းသာမှုကို ထိန်းသိမ်းထားချင်တာတဲ့လား။ ပြီးတော့ ပျက်စီးတော့မဲ့ တိုင်းပြည်က ရာထူးကို တိုင်းပြည်အသစ်မှာ ထပ်ပြီး ရချင်သေးတာတဲ့လား”

ကျန့်ယီ ထိုစကားကို ကြားပြီး စိုးရိမ်စွာဖြင့် အံကြိတ်ကာ ပြောလိုက်သည်

“အရှင် ကျွန်တော်တို့ရဲ့ ကူညီမှုသာ မရှိဘူးဆိုရင် အဲဒီအစီအရင်ကို ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်”

“ကျုပ်ကို လာပြီးတော့ လိမ်ညာနေရင် ခင်ဗျားတို့ရဲ့ ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့လို့ ခေါ်တဲ့သူတွေအတွက် ဘာအကျိုးအမြတ်မှ မရှိနိုင်ဘူး။ ဒီအစီအရင်ကို ကိုယ်တိုင် ချိုးဖျက်နိုင်ဖို့ အချိန်တစ်ခုပဲ လိုတယ်ဆိုတာကို ငါတို့ သိပြီးသားပဲ ”

“ အဲဒါက မှန်နိုင်ပါတယ်” ကျန့်ယီက ပြန်ဖြေလိုက်သည်။

“ ဒါပေမဲ့ အရှင်မင်းမြတ်ရဲ့ ကမ္ဘာမှာလည်း တခြားသူတွေနဲ့ ယှဉ်ပြိုင်နေရတယ်ဆိုတာကို မဟာမိတ်အဖွဲ့က သတိပြုမိပါတယ်။ ဒီမှာ အချိန်ကုန်လေလေ ပြိုင်ဘက်တွေနဲ့ အနာဂတ်မှာ ရင်ဆိုင်ရတဲ့အခါ လက်ဦးမှုရယူနိုင်မဲ့ အခွင့်အရေး နည်းသွားနိုင်တယ်”

“ အချိန် ဟုတ်လား။ ကျုပ်လည်း ခင်ဗျားတို့နဲ့ အကြံအတူတူပါပဲ။ ဒီတိုင်းပြည်ရဲ့ ကျန်ရှိနေတဲ့ ကံကောင်းမှုက အချိန်အကြာကြီး မခံတော့ဘူးဆိုတာကို ကျုပ် ကောင်းကောင်း သတိပြုမိပါတယ်။ ဒီအစီအရင်က တစ်နှစ်၊ နှစ်နှစ်အတွင်း သူ့ဘာသာသူ ပျက်စီးသွားမှာလေ။ အဲဒီလောက်အချိန်ကတော့ စောင့်နိုင်ပါတယ်”

ထိုစကားကို ကြားလိုက်ပြီးနောက် ကျန့်ယီ အရမ်းပူပန်လာသည်။ ထိုအရာက မဟာမိတ်များ အဓိကစိတ်ပူနေသည့်အရာထဲမှ တစ်ခု ဖြစ်သည်။

အစစ်အမှန် စွမ်းအားကြီး တော်ဝင်မျိုးနွယ်များတွင် အသုံးမပြုရသေးသော လျှို့ဝှက်လက်နက်များစွာ ရှိနေသေးသည်။ သို့သော် သူတို့ သိထားသည့် အရာတစ်ခုက ဤစစ်ပွဲ၏ နောက်ဆုံးရလဒ်က ဘယ်လိုရလဒ်မျိုးပဲ ဖြစ်နေပါစေ အရှေ့ဘက်မိုးတိုင်းပြည်က ကောင်းမွန်သည့် အရာအတွက် အဆုံးသတ်သွားခြင်း ဖြစ်သည့်အချက်ပင် ဖြစ်သည်။

ထို့ကြောင့် အရာအားလုံး ပြီးဆုံးသွားသည့်အခါ သူတို့ ထွက်ပေါက် လိုချင်ခဲ့ကြသည်။ တော်ဝင်မိသားစုကို သစ္စာဖောက်သည့်အတွက် မိသားစု ကောင်းမွန်ရေးကို အရာအားလုံးရှေ့မှာ ရှေ့တန်းတင်ခဲ့သည့် မဟာမိတ်များက သူတို့၏ ကံကြမ္မာကို ဂရုမစိုက်ဘဲ မနေနိုင်တော့ပေ။

ခဏတာ စဉ်းစားပြီးနောက် ကျန့်ယီက မေးလိုက်သည်

“အရှင်မင်းမြတ်အနေနဲ့ ဘာကို တောင်းဆိုချင်ပါသလဲ”

“ ရိုးရှင်းပါတယ်။ ခင်ဗျားတို့က ကျုပ်အတွက် အစီအရင်ကို ဖွင့်ပေးရင် အပြန်အလှန်အနေနဲ့ ခင်ဗျားတို့ အကုန်လုံးကို မသတ်တော့ဘူး။ ဒါပေမဲ့ လူအများရဲ့ ဒေါသကို ဖြေပေးဖို့အတွက် အပြစ်ဒဏ်ခံပေးမဲ့ လူသိများလောက်တဲ့ မိသားစု အနည်းငယ်ကိုတော့ ခင်ဗျားကိုယ်တိုင် ရွေးချယ်ပေးဖို့ လိုလိမ့်မယ်။ တစ်ခုတော့မှတ်ထားနော် အားနည်းတဲ့ မိသားစုတွေတော့ ရွေးမလာနဲ့”

“ ဒုတိယအချက်အနေနဲ့ အထက်တန်းလွှာမိသားစုတွေက မိသားစုပိုင်ဆိုင်မှုရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို လက်လွှဲပေးရမယ်။ ပိုလည်းမပိုဘူး၊ လျော့လည်း မလျော့ဘူး”

“ နောက်ဆုံးအချက်အနေနဲ့ ခင်ဗျားတို့လူတွေသာ ငါ့ရဲ့ တိုင်းပြည်အသစ်ထဲမှာ နေချင်တယ်ဆိုရင် ဥပဒေကို လိုက်နာဖို့တော့ လိုလိမ့်မယ်။ ကျုပ် ဆိုလိုတာက လူတိုင်းကို ပြောတာနော်။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် စည်းကမ်းချိုးဖောက်တာကိုသာ မိသွားရင် တရားစီရင်ခံရမယ်။ ကျုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ စည်းမျဉ်းက မှန်ကန်တယ်”

ထိုစကားလုံးများကို ကြားပြီး ကျန့်ယီ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားလေသည်။

သူတို့ရဲ့ ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့က ဘယ်တုန်းကများ အခုလိုမျိုး ဆက်ဆံခံရဖူးလို့လဲ

သို့သော် သူတို့က ညှိနှိုင်းသည့်နေရာတွင် တင်းမာသင့်သည်အချိန် မဟုတ်သည့်အတွက် သူ ဒေါသမထွက်ခဲ့ပေ။

စိတ်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ပြောလိုက်သည်

“ ကျွန်တော် ဒီမှာ ကြားခဲ့တဲ့ စကားတွေအားလုံးကို ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့ဆီ ပြန်ပြီး ပြောလိုက်ပါ့မယ်။ သူတို့ နောက်ထပ် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ခွင့်ပေးလိုက်ပါ”

ဝမ်ဝေ့ ခေါင်းညိတ်ပြပြီးနောက် ကျန့်ယီကို မြေပြင်တွင် ဖိနှိပ်ထားသည့် အရှိန်အဝါကို ဖယ်ပေးလိုက်သည်။ ရုတ်တရက် ပုခုံးပေါ်တွင် ဖိထားသော ဝန် ပေါ့သွားသည့်အတွက် ကျန့်ယီ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ၉၀ ဒီဂရီ အရိုအသေပေးပြီးနောက် ခန်းမထဲမှ ထွက်လာခဲ့သည်။

ဝမ်ဝေ့ ခေါင်းယမ်းပြလိုက်သည့်အခါ တစ်စုံတစ်ယောက်က သံတမန်နောက် လိုက်ဖို့အတွက် တံတိုင်းမှ တိတ်တဆိတ် ထွက်သွားသည်။ သို့သော် နာရီဝက်လောက် ကြာသည့်အခါ ထိုလူပြန်လာပြီးနောက် ကျန့်ယီက ခံတပ်မှ မီတာ အနည်းငယ်သာ သွားပြီး မသိနိုင်သော နည်းလမ်းများဖြင့် တစ်စုံတစ်ယောက်ကို ဆက်သွယ်ခဲ့ကြောင်း ပြန်လည် ပြောပြခဲ့သည်။

ဝမ်ဝေ့ ခေါင်းညိတ်ပြလိုက်ပြီး အထက်တန်းလွှာတွေ ဘယ်လောက်ထိ သတိကြီးလဲဆိုတာ သိလိုက်ရသည်။ သူတို့ဆီမှာ အစီအရင်ကို ဖြတ်ကာ ဆက်သွယ်သည့် နည်းလမ်းတစ်ခု ရှိနေပုံပေါ်သည်။

နောက်ထပ် နာရီဝက် ကြာသည့်အခါ ကျန့်ယီ ခန်းမထဲသို့ ပြန်ရောက်လာကာ ပြောလိုက်သည်

“ အရှင်မင်းမြတ် ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့က တောင်းဆိုချက်ကို လက်ခံလိုက်ပါပြီ”

“ အော် မြန်လှချည်လား” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ အခု ဝိညာဉ်စာချုပ်ကို လက်မှတ်ထိုးဖို့ လိုသေးလား”

“ အဲလို လုပ်ဖို့ မလိုတော့ပါဘူး။ ပညာရှိဝိဇ္ဇာက စကားတည်မဲ့သူဆိုတာ မဟာမိတ်အဖွဲ့က ယုံကြည်ပါတယ်”

ဝမ်ဝေ့ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ ဤစကားကို အယုံအကြည် မရှိပေ။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သဘောတူညီချက် လက်ရေးစာ ရရန် မဟာမိတ်အဖွဲ့အနေဖြင့် စိတ်ပူနေသင့်သည်။

ဝိညာဉ်စာချုပ်ဆိုသည်မှာ မှော်ဆန်သော ပေါင်းစပ်စွမ်းရည်ရှိသည့် စွမ်းအားကြီး စာချုပ်တစ်ခု ဖြစ်သည်။ ထိုစာချုပ်ပေါ်တွင် လက်မှတ်ထိုးထားသူ တစ်စုံတစ်ယောက်သာ သဘောတူညီမှုကို ဖျက်ခဲ့ပါက ထိုသူ၏ ဝိညာဉ်က ဒဏ်ရာများစွာရပြီး သေပင် သေစေနိုင်သည်။

သို့သော် ကျန့်ယီ၏ စကားလုံးနှင့် အပြုအမူကို ကြည့်လိုက်ပါက မဟာမိတ်အဖွဲ့အနေဖြင့် စာချုပ်လက်မှတ်ထိုးဖို့ အလျင်မလိုသည့်ပုံပေါ်သည်ဟု ဝမ်ဝေ့ ခံစားမိသည်။ ထို့ကြောင့် ဤကိစ္စအားလုံးနောက်တွင် လျှို့ဝှက်အကြံအစည်တချို့ ရှိနေနိုင်သည်ဆိုသော အဓိပ္ပါယ်ပင် ဖြစ်သည်။

သို့သော် သူ ဂရုမစိုက်ဘဲ လက်ရှိအခြေအနေကို မှတ်သားထားကာ ဘယ်လိုအခြေအနေမျိုးကိုမဆို ဖြေရှင်းနိုင်ရန် နိုးနိုးကြားကြား နေလိုက်သည်။

သုံးရက်ကြာပြီးနောက် ဝမ်ဝေ့နှင့် စစ်တပ်က မြို့တော်ဂိတ်မှ သိပ်မဝေးသော နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤမြို့ကို ပတ်လည်ဝန်းရံထားသော တံတိုင်းက အနည်းဆုံး မီတာတစ်ထောင် ရှိနိုင်သည်။

မြို့အပေါ်တွင် မရေတွက်နိုင်သော အက္ခရာစာများက အစီအရင်တစ်ခုကို ဖန်တီးကာ မြို့တစ်မြို့လုံးကို အမိုးခုံးတစ်ခုကဲ့သို့ ကာကွယ်ထားသည်။ ဝမ်ဝေ့၏ စစ်မှန်သော အမြင်စွမ်းရည်အောက်တွင် မြို့ကို ဦးချိုမဲ့နဂါးတစ်ကောင်က သူ့ခန္ဓာကိုယ်ဖြင့် ရစ်ပတ်နေသည်ကို တွေ့နိုင်သည်။

သို့သော် နဂါးက အတော်လေး အားနည်းသည့်အတွက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မြို့ပတ်လည်ရှိ အစီအရင်က မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက် မြို့တံခါး ပွင့်လာသည်။

ဝမ်ဝေ့က သူ့လူအားလုံးကို ခေါ်ကာ တော်ဝင်နန်းတော်ဆီ ချီတက်လိုက်သည်။

တည်းခိုဆောင်တစ်ခုထဲတွင် လူအနည်းငယ်က ချီတက်လာသော စစ်တပ်ကို ကြည့်ပြီး စကားပြောနေသည်။ သူတို့က သေရည်၊ လက်ဖက်ရည်ကြမ်းများ သောက်နေပြီး အဝတ်အစားကို သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကြသည်။

လူတစ်ယောက်က ပြောလိုက်သည်

“ပညာရှိဝိဇ္ဇာ အသက်ရှင်မယ်လို့ မင်းထင်လား”

“ ငါတော့ မထင်ဘူး” နောက်ထပ်တစ်ယောက်က ပြောလိုက်သည်။

“ ငါတော့ မင်းပြောတာကို သဘောမတူဘူး။ အဲဒီ နယ်ခြားနတ်ဆိုးမှာ ဘယ်လို ထူးဆန်းတဲ့ လျှို့ဝှက်နည်းလမ်းတွေ ရှိမလဲဆိုတာ ဘယ်သူ သိမှာလဲ”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အတွက် အရေးမကြီးဘူးလေ။ သူ အသက်ရှင်ရှင်၊ မရှင်ရှင် ရလဒ်နှစ်ခုလုံးအတွက် အစီအစဉ်တွေ လုပ်ပြီးသားပဲလေ။ အဆုံးမှာတော့ ကျွန်တော်တို့က နောက်ဆုံးအနိုင်ရသူတွေပဲလေ”

“ ဟုတ်တယ်။ ငါတို့ရဲ့ အထက်တန်းလွှာမိသားစုက အမြဲတမ်း ဆက်လက်တည်ရှိနေမှာ”

All Chapters