လျှို့ဝှက်လက်နက်
Vol. 8 Ch. 105
အခန်း (၁၀၅) : လျှို့ဝှက်လက်နက်
ဝမ်ဝေ့က စစ်တပ်နှင့်အတူ တော်ဝင်နန်းတော်ရှေ့တည့်တည့် ချီတက်သွားသည်။ စစ်တပ်နှင့်အတူ ချီတက်လာသည့်အတွက် လူအများက သူတို့ကို ကြောက်လန့်တကြားဖြင့် ကြည့်ကာ ပြတင်းပေါက်များပိတ်ပြီး အိမ်ထဲတွင် သော့ခတ်ကာ နေနေကြသည်။
ထိုအရာက သာမန်တုံ့ပြန်မှု ဖြစ်သည့်အတွက် ဝမ်ဝေ့က သက်ပြင်းချလိုက်မိသည်။ ဤရှုပ်ထွေးသော ကမ္ဘာတွင် မြို့တစ်မြို့ အထူးသဖြင့် မြို့တော်တစ်ခု သိမ်းပိုက်ခံရပါက လူများအတွက် ကပ်ဘေးပါ တစ်ခါတစ်ရံ လိုက်ပါလာတတ်သည်။
ကျူးကျော်လာသော စစ်တပ်က မြို့သူမြို့သားများကို ရက်စက်စွာသတ်ဖြတ်ကာ စည်းစိမ်နှင့် စားစရာများကို လုယူပြီး အမျိုးသမီးများကို စော်ကားကာ အိမ်များကို မီးရှို့လိမ့်မည်။
သို့သော် ဝမ်ဝေ့က သူ့လူများကို ထိုကဲ့သို့ ပြုမူခွင့် ဘယ်တော့မှ ပေးမည် မဟုတ်ပေ။ သူက စစ်တပ်တစ်ခုလုံးအတွက် တင်းကြပ်သော စစ်စည်းကမ်းများ ရေးထားပြီး စည်းကမ်းချိုးဖောက်သူ ဘယ်သူမဆို ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။
ထိုအရာက လွန်ခဲ့သော နှစ်များတွင် ဝမ်ဝေ့၏ ပုန်ကန်မှုက အရမ်းချောမွေ့ပြီး အောင်မြင်နေရသည့် အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်သည်။ သူ မြို့တစ်မြို့ကို သိမ်းပိုက်သည့်အခါ လူသတ်တာမျိုး မလုပ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မြို့သူမြို့သားအားလုံး စိတ်တည်ငြိမ်သွားအောင် အချိန်ယူကာ အနာဂတ်တွင် အရာအားလုံး ပိုမိုကောင်းမွန်လာမည်ဆိုတာကို သေချာအောင် လုပ်ပေးသည်။
စစ်တပ်က နန်းတော်ကို ဝိုင်းထားပြီးနောက် ဝမ်ဝေ့ အထဲမဝင်ခင် အချိန်ခဏတာ စောင့်စားလိုက်သည်။ သို့သော် နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ လူအများ ထွက်ပြေးဖို့ ကြိုးစားနေသည့် ဆူညံသံများ မရှိသလို တော်ဝင်မိသားစုများ၏ ချမ်းသာမှုကို လုယူနေခြင်းလည်း မရှိဘဲ အရမ်းတည်ငြိမ်နေသည်။
မဟာမိတ်အဖွဲ့၏ ထူးဆန်းသော အပြုအမူအကြောင်း စဉ်းစားမိပြီး ဝမ်ဝေ့က အရေးပေါ်ကိစ္စများ ဖြစ်လာလျှင် ဖြေရှင်းနိုင်ရန်အတွက် ပိုပြီး သတိထားနေသည်။
ကံမကောင်းစွာဖြင့် သူ အရမ်းနောက်ကျသွားသည်။
ရုတ်တရက် အရမ်းပြင်းသောအားဖြင့် တစ်စုံတစ်ခုက ဝမ်ဝေ့ တိုက်သွားသည်။
ဝုန်း…
လူသားစား တိရစ္ဆာန်၏ အသံက နန်းတော်တခွင် ပဲ့တင်ထပ်သွားကာ ဝမ်ဝေ့လည်း လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်က အိမ်များစွာကို ဝင်တိုက်သွားသည်။
ဝုန်း…ဝုန်း…ဝုန်း…
သူ့ခန္ဓာကိုယ်ဖြင့် အိမ်တစ်အိမ်ကို ဝင်တိုက်တိုင်း ချက်ချင်း ပြိုကျသွားသည်။ ထိုအိမ်များ၏ အုတ်မြစ် ဖျက်ဆီးခံလိုက်ရသည့်အတွက် ပြိုကျကုန်ခြင်း ဖြစ်သည်။
တချို့အိမ်များက အထပ်သုံးထပ်ရှိပြီး အထဲတွင် လူများစွာ နေနေသည့်အတွက် ဆိုးရွားစွာ ပျက်စီးသည်ဟု ပြောနိုင်သည်။
အိမ်များ ပြိုသွားသည့်အတွက် မြို့တစ်မြို့လုံးကို ဖုန်များဖြင့် လွှမ်းခြုံနေသည်။ ထိုအချိန်တွင် ဝမ်ဝေ့က နောက်ထပ် အိမ်တစ်လုံးကို ထပ်ပြီး ဝင်တိုက်သွားသော်လည်း သူကတော့ ဘာမှမဖြစ်ခဲ့ပေ။
အိမ်များတင်မကသေးဘဲ လမ်းကြောင်းပေါ်တွင် ရှိနေသည့် ကံမကောင်းသည့်သူများလည်း ထိုအိမ်များနှင့် တူညီသော ကံကြမ္မာကို လက်ခံရရှိခဲ့သည်။ အမြန်အဆန် ရွေ့လျားနေသော ဝမ်ဝေ့၏ ခန္ဓာကိုယ်ကြောင့် လူအများကြီး သေဆုံးခဲ့ရသည်။
မီတာ ခြောက်ရာကျော် လွှင့်စင်သွားပြီးနောက် ဝမ်ဝေ့က နန်းတော်အနီးရှိ လူလုပ်တောင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ခဏအကြာတွင် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က မျက်မှောင်ကြုတ်ရင်း တောင်အနားရှိ လေထဲတွင် ထွက်ပေါ်လာသည်။
စက္ကန့်အနည်းငယ်အကြာတွင် ဝမ်ဝေ့ တောင်ထဲမှ ထွက်လာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ပေကျံနေကာ အတွင်းကလီစာများစွာနှင့် အရိုးအပိုင်းအစများကို တွေ့လိုက်ရသည်။ ထိုအရာများက သူ့အပိုင် မဟုတ်ပေ။
သူက ဘာမှအများကြီး တွေးတောမနေဘဲ ဝတ်ရုံပေါ်ရှိ သန့်ရှင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်သည့်အခါ သွေးနှင့် အညစ်အကြေးများ ချက်ချင်း ဖယ်ရှားခံလိုက်ရပြီး မျက်နှာပေါ်တွင် ပေနေသော အညစ်အကြေးများကိုပါ သန့်စင်ပေးလိုက်သည်။
သူ့ကိုယ်သူ သန့်ရှင်းပြီးနောက် ဝမ်ဝေ့ သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည့်အခါ အစင်းရာလေးတစ်ခုတောင် မရှိသည့်အတွက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ ခေါင်းမော့ကာ လေထဲတွင် ရှိနေသော အမျိုးသားကို စိုက်ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်
“ စိတ်ဝင်စားစရာပဲ။ တော်ဝင်မိသားစုရဲ့ နောက်ဆုံးလျှို့ဝှက်လက်နက်က သဘာဝလွန် နယ်ပယ်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခင်ဗျားက ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကို ကျော်ဖြတ်ပြီးနောက် ဒီထက်ပိုမြင့်တဲ့ ကမ္ဘာဆီ သွားနေသင့်ပြီ မဟုတ်လား”
လေထဲတွင် ရပ်နေသော အမျိုးသားက ဝမ်ဝေ့အား တည်ငြိမ်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်
“ ဘယ်လောက်တောင် စွမ်းအားကြီးလိုက်တဲ့ နယ်ခြားနတ်ဆိုးလဲ။ မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်လိုမှမနေဘူး။ ငါ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြစ်ရာလေးတစ်ခုတောင် ထင်အောင် မလုပ်နိုင်ဘူး”
“ လူတစ်ယောက်ရဲ့ ခွင့်ပြုချက်မရှိဘဲ နတ်ဘုရားအသိစိတ်ကို အသုံးပြုပြီးတော့ လူကို စစ်ဆေးတာ အရမ်းရိုင်းတယ်ဆိုတာ ခင်ဗျား သိသင့်တယ်” ထိုစကားကို ပြောဆိုရင်း ဝမ်ဝေ့က အရေပြားနှင့် ကြွက်သားများကို ထိန်းချုပ်ပြီး လျင်မြန်စွာ တုန်ခါစေသည်။
ရုတ်တရက် သုံ့ဟောင်ဟု အမည်ရသော သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူက နတ်ဘုရားအသိစိတ်ဖြင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို မစစ်ဆေးနိုင်တော့ကြောင်း သိလိုက်ရသည်။ မျက်နှာပေါ်မှ လေးနက်မှုကလည်း ပိုမိုမြင့်မားလာသည်။
“ ခင်ဗျား ကျုပ်ရဲ့ မေးခွန်းကို မဖြေရသေးဘူး။ ခင်ဗျား ဘာလို့ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ကမ္ဘာကို မသွားရတာလဲ”
“ ဘယ်သူမှ တကယ်မလိုအပ်ဘဲ အဲလောက်ထိ စွမ်းအားကြီးတဲ့ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို မဖြတ်ကျော်ချင်ကြဘူးလေ” သုံ့ဟောင်က ကြောက်လန့်စိတ်ဖြင့် ပြောလိုက်သည်။
ဝမ်ဝေ့က သူ ဆိုလိုသည်ကို ခန့်မှန်းမိသည်။ ယခုကဲ့သို့ ကမ္ဘာငယ်လေးတွင် ခွင့်ပြုထားသော အမြင့်ဆုံး ခွန်အားအဆင့်က အံ့ဖွယ်စင်မြင့် နယ်ပယ်အဆင့်ထိသာ ရှိသော်လည်း ပိုမြင့်သော နယ်ပယ်အဆင့်များသို့ ဝင်ရောက်သွားနိုင်သည့် ကျင့်ကြံသူများစွာလည်း ရှိသည်။
ထိုကဲ့သို့ ဖြစ်လာလျှင် အဆင့်တက်ရန်နှင့် ပိုပြီး အဆင့်မြင့်သော ကမ္ဘာကို သွားနိုင်ရန်အတွက် ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို နှစ်ခါဖြတ်ကျော်ရမည် ဖြစ်သည်။
သို့သော် ဒုတိယမိုးကြိုးစမ်းသပ်ချက်က ပိုပြီး စွမ်းအားကြီးသည်။ သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများက အဆုံးမဲ့လေဟာနယ်ထဲတွင် အချိန်ကြာရှည်စွာ မနေနိုင်သည့်အတွက် သူတို့နေထိုင်သည့်ကမ္ဘာမှ အဆင့်ပိုမြင့်သော ကမ္ဘာသို့သွားရန် အာကာပြင်လမ်းကြောင်းကို ဖွင့်ပေးဖို့ တာဝန်ယူထားရသည်။
ဥပမာအားဖြင့် တိုက်ပွဲတိုင်းပြည်ကမ္ဘာက အဆင့်နိမ့်ကမ္ဘာ ဖြစ်သည်။ စမ်းသပ်ချက် ခံယူပြီးနောက် သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများအတွက် ကောင်းကင်တာအိုက အလယ်အလတ်အဆင့် ကမ္ဘာသို့ အာကာပြင်လမ်းကြောင်း ဖွင့်ပေးမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုကဲ့သို့ အဆင့်နိမ့်ကမ္ဘာအတွက်ပင် လမ်းကြောင်းဖွင့်သည့် ကုန်ကျစရိတ်က အတော်လေး များနေခဲ့သည်။ ထို့ကြောင့် လမ်းကြောင်းဖွင့်ပေးစရာ မလိုစေရန် ကောင်းကင်တာအိုမှ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်၏ ခက်ခဲမှုကို သိသာစွာ မြှင့်တင်လိုက်သည်။
ထို့ကြောင့် ကျင့်ကြံသူအနည်းငယ်သာလျှင် စစ်ဆေးမှုကို အောင်မြင်နိုင်တော့သည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်သူများကလည်း ကောင်းကင်ဆန့်ကျင်ပါရမီရှင် အစစ်အမှန်များ ဖြစ်ကြသည်။ ထိုလူများ အဆင့်ပိုမြင့်သော ကမ္ဘာများကို ရောက်ရှိသွားသည့်အခါ လူသစ်ဖွဲ့စည်းသည့်အထဲ ပါဝင်သွားလေ့ ရှိသည်။
ထို့ကြောင့် ဝမ်ဝေ့ ဂိုဏ်း၏ စာကြည့်တိုက်ထဲမှ နောက်ထပ် နည်းလမ်းတစ်ခုအကြောင်း ဖတ်ခဲ့သည်။ ထိုနည်းလမ်းက အရမ်းရိုးရှင်းလှသည်။
ဝင်ရောက်သိမ်းပိုက်နေထိုင်ခြင်းပဲ
အဆင့်နိမ့်အလွှာများကို ရှာဖွေပြီးနောက် ပိုမိုစွမ်းအားကြီးသော အလွှာများက ထိုအလွှာများကို သိမ်းပိုက်ကာ စွမ်းအားကြီး အလွှာကူးရွှေ့ပြောင်းခြင်း သို့မဟုတ် အထက်ဘုံလမ်းကြောင်းဟု ခေါ်သည့်အရာများကို ဖန်တီးကြလိမ့်မည်။
အဆင့်နိမ့်အလွှာမှ ကျင့်ကြံသူများ သတ်မှတ်ထားသော နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ အဆင့်မြင့်ကမ္ဘာများသို့ သွားရန် တည်ထောင်ထားသော လမ်းကြောင်းများကို ဖြတ်သန်းသွားနိုင်သည်။ ထိုနည်းလမ်း၏ မကောင်းသည့်အချက်က ထိုကဲ့သို့ အဆင့်တက်သွားသည့် ကျင့်ကြံသူများက များသောအားဖြင့် တင်းကြပ်သော ထိန်းချုပ်မှုအောက်သို့ ရောက်သွားတတ်သည်။
သူတို့၏ ဇာတိကမ္ဘာများက ပိုမိုအားကြီးသောကမ္ဘာ၏ သိမ်းပိုက်အုပ်စိုးခြင်းကို ခံရပါက သူတို့၏ အဆင့်တက်လှမ်းခြင်း ပြီးသွားလျှင် သူတို့ ပါဝင်ချင်သည့် ဂိုဏ်းကို ရွေးချယ်ဖို့ လိုအပ်သည်။ သို့သော် သူတို့၏ ကမ္ဘာကိုသာ ရက်စက်ကြမ်းကြုတ်သော ကမ္ဘာများ၏ အုပ်စိုးခြင်းကို ခံရပါက ထိုအဆင့်တက်သွားသော ကျင့်ကြံသူများ၏ ကံကြမ္မာကလည်း စစ်ပွဲရှိ အမြှောက်ဆံများနှင့် မခြားမနားဖြစ်လာကာ ကျွန်အဖြစ် ရောင်းစားခံရတာမျိုး ရှိလာနိုင်သည်။
“ ကျုပ် သိချင်တာလေး တစ်ခုရှိသေးတယ်။ ဒီကမ္ဘာမှာ ဘာလို့ ဒီလောက်ထိ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရတာလဲ။ အဆင့်မြင့်အလွှာတွေကို မသွားတာလည်း တစ်မျိုးပဲ။ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက ခင်ဗျားလောက် အဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို ခင်ဗျားမှာရှိတဲ့ ဖျက်စီးနိုင်စွမ်းတွေနဲ့အတူ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမှာမဟုတ်ပါဘူး။” ဝမ်ဝေ့က မေးမြန်းလိုက်သည်။
သုံ့ဟောင်က ပြုံးပြီး ပြန်ဖြေလိုက်သည်
“ ဒါအတွက်တော့ နယ်ခြားနတ်ဆိုးကို ကျေးဇူးတင်ရမှာပဲ။ မင်းတို့ ဘာလုပ်ခဲ့လဲဆိုတာတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်းတို့ ရောက်လာကတည်းက လူသားသာလွန်အဆင့် ကျင့်ကြံသူကို ဖိနှိပ်ထားတာက ဖြည်းဖြည်းချင်း လျော့ကျလာရာကနေ လုံးဝ မရှိတော့တာပဲ”
ထိုစကားကို ကြားပြီးနောက် ဝမ်ဝေ့ အကြောင်းပြချက်ကို ချက်ချင်း နားလည်သွားသည်။ စမ်းသပ်ချက်မတိုင်ခင် အထွတ်အထိပ် နယ်ပယ်အဆင့် အစစ်အမှန် အုပ်ချုပ်သူများက ကောင်းကင်ရွေးချယ်ခံအားလုံး လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ရန်အတွက် စွမ်းအားနှုန်းကို မြှင့်တင်ပေးခဲ့သည်။
ထို့ကြောင့် ဤကမ္ဘာ၏ နယ်ခံ သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများ လွတ်လပ်စွာ ရွေ့လျားတိုက်ခိုက်နိုင်ခြင်း ဖြစ်လိမ့်မည်။
ဆွေကြီးမျိုးကြီး အထက်တန်းလွှာ မဟာမိတ်အဖွဲ့က ဘာလို့ ဝိညာဉ်စာချုပ်ကို ချုပ်ဆိုရင် ဘာလို့ အလောတကြီး ဖြစ်မနေရလဲဆိုတာကို ဝမ်ဝေ့ သိရှိသွားသည်။ သူတို့က တော်ဝင်မိသားစု၏ လျှို့ဝှက်လက်နက်ကို ကြိုတင်သိရှိနေသည့်ပုံပေါ်သည်။
တော်ဝင်မိသားစုနှင့်သူ ဘယ်လိုမျိုး အသေအကြေ တိုက်ခိုက်မလဲဆိုတာကို သူတို့ ရပ်ကြည့်နေလိုခြင်း ဖြစ်သည်။ အဆုံးသတ်တွင် အနိုင်ရသူ ဘယ်သူပဲ ဖြစ်နေပါစေ အကျိုးအမြတ်အရှိဆုံးက သူတို့ ဖြစ်လိမ့်မည်။
ဝမ်ဝေ့ ထိုအရာကို လှောင်ရယ်လိုက်သည်။ သူတို့ ဘယ်လိုပဲ အစီအစဉ်တွေ ပြုလုပ်ထားပါစေ သူ့မှာ သူတို့နှင့် ရင်ဆိုင်ရန် နည်းလမ်းပေါင်း တစ်ရာမက ရှိနေသည်။
အားနည်းသော သဘာဝလွန် ကျင့်ကြံသူက သူ့ကို အနိုင်ယူနိုင်မည်ဟု သူတို့ထင်နေပါက အမှားအကြီးကြီးတစ်ခု လုပ်မိသွားပြီဟု ဆိုနိုင်သည်။
သူ လိုချင်သော အဖြေကို ရရှိသွားပြီးနောက် ဝမ်ဝေ့က လည်ပင်းနှင့် လက်ကို အညောင်းအညာဖြေလိုက်ပြီး နောက်တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ သူ စိတ်လှုပ်ရှားပြီး သွေးများပင် ဆူပွက်လာသည်။ ထိုအဘိုးကြီးက သူ့ကို ကောင်းမွန်သော စိန်ခေါ်မှုတစ်ခု ပေးနိုင်ဖို့ သူ မျှော်လင့်မိသည်။
ဝမ်ဝေ့က တွေဝေခြင်းမရှိဘဲ လေထဲသို့ အားပြင်းသော လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။ လက်သီးကြောင့် ဖြစ်ပေါ်လာသော စွမ်းအားကြီး လှိုင်းက လေကျည်ဆန်အဖြစ် ပြောင်းလဲသွားကာ လေထဲရှိအဘိုးကြီးဆီ ဦးတည်သွားနေသည်။
တိုက်ပွဲအတွက် အသင့်ဖြစ်နေသော သုံ့ဟောင်လည်း ရုတ်တရက် သူ့ဆီ ဦးတည်လာနေသော အရမ်းသိပ်သည်းသည့် လေဖိအားကို ခံစားလိုက်ရသည်။ သူ တွေဝေခြင်းမရှိဘဲ ကာကွယ်ပေးမည့် အလွှာတစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် လေအဟုန်က သူ၏ ကာကွယ်သည့် အလွှာနှင့် တိုက်မိပြီး သူ့ကို ဆယ်မီတာကျော်ထိ လွင့်ထွက်သွားစေသည့်အတွက် ထိတ်လန့်တုန်လှုပ်မိသွားသည်။
ဒီထက်ပိုဆိုးသည်က နောက်ထပ် လေအားများ သူ့ဒိုင်းကာကို ဝင်တိုက်သည့်အတွက် အက်ကြောင်းများ ဖြစ်ကုန်သည်။
လက်သီးချက်များ၏ အားပြင်းမှုကြောင့် သုံ့ဟောင် အတော်လေး တုန်လှုပ်နေသည်။ သူ ဝမ်ဝေ့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင် သူ ရှုံးသွားနိုင်သည်ကို ကောင်းကောင်းသိသည်။ သာမန်အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အားနည်းနေသည့်အတွက် သူ့အတွက်တော့ ကြီးမားသော အရှက်ရမှုတစ်ခု ဖြစ်သည်။
သို့သော် သူ့ပြိုင်ဘက်၏ နောက်ခံအင်အားကို ကြည့်ပြီး အများကြီး မစဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။
လေအား တိုက်ခိုက်မှုကို ဆက်တိုက်ခံရပြီးနောက် သုံ့ဟောင်၏ အခြေအနေက သိပ်မကောင်းပေ။ ထို့ကြောင့် ဝမ်ဝေ့နှင့် ယှဉ်လိုက်လျှင် အားသာသည့် လေပေါ်ပျံသန်းခြင်း စွမ်းရည်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။