တရားစီရင်ခြင်း
Vol. 8 Ch. 107
အခန်း (၁၀၇) : တရားစီရင်ခြင်း
ဝမ်ဝေ့နှင့် သုံ့ဟောင်တို့က လေထဲတွင် စတင်တိုက်ခိုက်နေကြသည်။ သူတို့တိုက်ခိုက်သည့် နေရာတိုင်းတွင် တိမ်များပြိုကွဲသွားကာ လေထုတုန်ခါသွားသည်။
တိုက်ခိုက်လိုက်တိုင်း သုံ့ဟောင်က ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း သူ၏ ရွှေရောင်ချပ်ဝတ်တန်ဆာက မထိခိုက်မပျက်စီးဘဲ ရှိနေသေးသည်။
ဒီလူက ဝမ်ဝေ့၏ မူလချီနှင့် ခံနိုင်ရည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်ကို လိုချင်နေကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။ သို့သော် သူ၏ လက်ရှိအခြေအနေအရ တစ်ပတ်ကျော်လောက် မပင်ပန်းဘဲ ဆက်တိုက် တိုက်ခိုက်နိုင်လောက်သည်။
ထို့ကြောင့် သူ ဤတိုက်ပွဲကို တတ်နိုင်သလောက်မြန်မြန် အဆုံးသတ်ချင်မိသည်။ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ရသည့် အဓိကအကြောင်းအရင်းက ဤတိုက်ပွဲက ဝမ်ဝေ့အတွက် ပျော်စရာမကောင်းတော့သောကြောင့် ဖြစ်သည်။
မိနစ်အနည်းငယ်ကြာ တိုက်ခိုက်ပြီးသွားသော်လည်း သူ့ရန်သူက သူ၏ အကာအကွယ်ကို အခုထိ ပျက်စီးအောင် လုပ်နိုင်ခြင်း မရှိသေးသည်ကို ဝမ်ဝေ့ သတိထားမိသွားသည်။ သူ၏ အားကောင်းလွန်းသော အကာအကွယ်က ဤတိုက်ပွဲကို အတော်လေး ပျင်းစရာကောင်းသွားစေသည်။
သူ တွေဝေခြင်းမရှိ သုံ့ဟောင်ဆီ အမြန်ပြေးသွားကာ အားအကုန်သုံးပြီး ကန်လိုက်သည်။
ရွှေရောင် ချပ်ဝတ်တန်ဆာက တစ်ခါထပ်ပြီး အက်ကြောင်းထင်သွားကာ လုံးဝ ပျက်စီးတော့မလို ဖြစ်သွားသည်။ ထို့နောက် သုံ့ဟောင်မြေပြင်ပေါ်သို့ ဆင်းသက်သွားကာ ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်သည်။ မြေအပိုင်းအစများ ကောင်းကင်သို့ ပျံတက်သွားသည်။
သူ့ရန်သူကို အသက်ရှူဖို့ အခွင့်အရေးပင် မပေးဘဲ ဝမ်ဝေ့က သုံ့ဟောင်ဆီ သွားကာ မျက်နှာကို ထိုးလိုက်သည်။
ဝုန်း…
ထိုးနှက်လိုက်သည့် အားက မြေပြင်ပေါ်တွင် လှိုင်းဂယက်များစွာကို ဖြစ်ပေါ်သွားစေသည်။ သုံ့ဟောင်က ကိုယ်တွင်းအင်္ဂါအပိုင်းအစ အနည်းငယ် အန်ထွက်ကာ ခန္ဓာကိုယ်က မြေပြင်ထဲသို့ ပိုပြီး ဝင်သွားကာ မီးတောင်ပေါက်ဝတစ်ခုကို ဖန်တီးသလို ဖြစ်နေသည်။
သို့သော် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာကို ပြန်လည်စုစည်းကာ မျက်နှာမှာတင် ကာထားလိုက်သည့်အတွက် ထိုးနှက်ချက်၏ စွမ်းအားအချို့ကို ပယ်ဖျက်လိုက်နိုင်ပြီး မျက်နှာကို တိုက်ရိုက် မထိခဲ့ပေ။
ထိုးနှက်ချက်က ရည်ရွယ်ထားသော ဦးတည်ရာကို မထိသည့်အတွက် ဝမ်ဝေ့က ဆက်လက်ထိုးကြိတ်တော့သည်။
ဝုန်း…ဝုန်း…ဝုန်း…
လက်သီးတစ်ချက် ထိုးနှက်လိုက်တိုင်း မြေပြင်က ပြင်းထန်စွာ တုန်ခါသွားကာ လေထဲတွင်လည်း လှိုင်းဂယက်များ ထကုန်သည်။ မြေအပိုင်းအစများလည်း လေထဲသို့ ပျံတက်ပြီးမှ မြေပြင်ပေါ်သို့ ပြန်ကျလာသည်။
သုံ့ဟောင်ကြောင့် ဖြစ်ပေါ်လာသော ချိုင့်ခွက်ကြီးကလည်း လက်သီးတစ်ချက် ထိုးနှက်လိုက်တိုင်း ပိုမိုနက်လာသည်။ ဆယ်ကြိမ်မြောက် လက်သီးထိုးချက်တွင် မြေအောက် ဆယ်မီတာကျော်သို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ထိုလက်သီးထိုးချက်များက သူ့အပေါ်သို့ တိုက်ရိုက်ကျရောက်နေခြင်းမျိုး မရှိပေ။ လက်သီးက သူ့မျက်နှာ သို့မဟုတ် နံရိုးများကို ထိုးနှက်မည့်အချိန်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာ ထွက်ပေါ်လာကာ တိုက်ရိုက်အထိုးခံရခြင်းမှ ကာကွယ်ပေးသည်။
ကံမကောင်းစွာဖြင့် ထိုးနှက်ချက်တစ်ခုစီတိုင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်က သူ့ခန္ဓာကိုယ်အတွင်းထိ ဝင်ပြီး အရာများစွာကို ဖျက်ဆီးပစ်နေသည်။
ထို့ကြောင့် လက်ရှိ၌ သုံ့ဟောင်၏ အရိုးများစွာ ကျိုးသွားပြီး ကျောက်ကပ်နှင့် အဆုတ်လည်း စတင်ပြီး အလုပ်မလုပ်တော့သလို မျက်လုံးတစ်လုံးလည်း ထိခိုက်ထားသည်။
ဝမ်ဝေ့ နောက်ထပ်တစ်ခါ ထိုးတော့မည့်အချိန်တွင် သုံ့ဟောင်က အလျင်အမြန် လျှာထိပ်ကို ကိုက်ကာ သူ၏ ရွှေရောင် အကာအကွယ်ပေါ်တွင် အနီရောင်သွေးများကို ပန်းထုတ်လိုက်သည်။ ထိုအကာအကွယ်က ချက်ချင်း ကျယ်ပြန့်သွားကာ စက်ဝိုင်းပုံစံအကာအကွယ်အဖြစ် ပြောင်းလဲသွားသည်။
သို့သော် ထိုအရာက သုံ့ဟောင်ကို ကာကွယ်ပေးထားခြင်း မဟုတ်ဘဲ ဝမ်ဝေ့ကို အထဲမှာထားကာ အကျဉ်းချလိုက်သည်။
ဝမ်ဝေ့ ရုတ်တရက် အရမ်းမာသော အခွံရှိသည့် နေရာထဲ ရောက်သွားပြီး အလင်းရောင်မရှိ မှောင်မဲနေသည်ကို သိလိုက်ရသည်။ သူ မူလချီကို မျက်လုံးသို့ စုစည်းကာ ဖမ်းချုပ်ထားသည့် ရွှေရောင် အကာအကွယ်ကို မြင်လိုက်ရသည်။
သူ တွေဝေခြင်းမရှိ အကာအကွယ်ကို ထိုးနှက်လိုက်သည့်အခါ စောနကလိုမျိုး ချက်ချင်းပျက်စီးကွဲအက်သွားတာမျိုး မရှိတော့ပေ။ ထိုအရာကို သတိထားမိပြီး ငလျင်လက်သီးကို အသုံးပြုလိုက်သည်။
ပြင်းထန်သော တုန်ခါမှုကြောင့် ရွှေရောင် အကာအကွယ် တုန်လှုပ်ကာ ကွဲအက်သွားသည်။ သုံးခါထိုးနှက်ပြီးနောက် အကာအကွယ်ပျက်စီးသွားပြီး ဝမ်ဝေ့၏ ဘေးပတ်လည်တွင် ရွှေရောင်အပိုင်းအစများစွာ လွင့်ပြယ်သွားသည်။
ခဏအကြာတွင် ဝမ်ဝေ့ တစ်စုံတစ်ခုကို ခံစားမိလိုက်သည့်အတွက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သုံ့ဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ပေကျံနေကာ လေထဲတွင် မြောနေပြီး မျက်လုံးတစ်လုံးလည်း မရှိတော့သလို ဝတ်ရုံကလည်း ပျက်စီးနေပြီဖြစ်သည်။
သူ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ရှေးဟောင်းမီးအိမ်တစ်ခု သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ မီးအိမ်ပေါ်တွင် ထွင်းထားသော သင်္ကေတများစွာ ပါရှိပြီး သုံးရောင်စပ်မီးတောက်က မီးအိမ်တွင် တောက်ပစွာ လင်းလက်နေသည်။
သူက ပါးစပ်ကို ဟကာ သွေးအရင်းအမြစ် ဖြစ်သည့် အနီရောင်သွေးသုံးစက်ကို ပက်ဖြန်းလိုက်သည်။ ထို့နောက် ထိုသွေးစက်များက မီးအိမ်ထဲသို့ ဝင်ရောက်သွားကာ မီးတောက်၏ အရောင်က သုံးရောင်မှ ငါးရောင်သို့ ပြောင်းလဲသွားသည်။
လက်ယမ်းလိုက်သည့်အခါ ငါးရောင်ခြယ် မီးတောက်က ကောင်းကင်မှ ဆင်းသက်လာကာ အံ့ဩနေသည့် ဝမ်ဝေ့ကို ပြင်းထန်သော အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။
မီးတောက်က ပတ်ဝန်းကျင် မီတာတစ်ရာကျော်ကိုပါ လွှမ်းခြုံသွားသည်။ ဝမ်ဝေ့လည်း မီးတောက်၏ ဝါးမျိုမှုကို ခံရပြီးနောက် အရိပ်အယောင် မတွေ့ရတော့ပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် ငါးရောင်ခြယ်မီးတောက် ပျောက်သွားကာ ခန္ဓာကိုယ်တစ်ခု အလယ်ခေါင်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အတိအကျပြောရလျှင် လောင်ကျွမ်းနေသော ခန္ဓာ ဖြစ်သည်။
အဝတ်အစားများက အကောင်းအတိုင်း ရှိသော်လည်း လက်မောင်း၊ ခြေထောက်နှင့် မျက်နှာပေါ်ရှိ အရေပြားက ပြင်းထန်စွာ လောင်ကျွမ်းခံထားရသည်။ အသားက မဲနက်နေပြီး အနီစက်များကိုပင် တွေ့နေရသည်။
သူ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို စတင်လေ့ကျင့်ပြီးကတည်းက ပထမဆုံး ဒဏ်ရာရဖူးခြင်း ဖြစ်သည်။
သူက လက်ကိုမြှောက်ကာ လောင်ကျွမ်းခံထားရသည့် အရေပြားကို အနီးကပ်စိုက်ကြည့်လိုက်သည်။ ပြင်းထန်သော နာကျင်မှုက သူ၏ အာရုံကြောစနစ်ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သို့သော် အသက်ရှင်လျက် မီးရှို့ခံရသည်မှာ ယခုက ပထမဆုံး မဟုတ်သည့်အတွက် ဝမ်ဝေ့ ဂရုမစိုက်ပေ။
ထိုအချိန်တွင် ကောင်းကင်၌ သုံ့ဟောင်က သူ့ တိုက်ခိုက်မှု ဖြစ်မြောက်သွားသည်ကို မြင်ပြီး မသိမသာပြုံးလိုက်မိသည်။
သို့သော် သူ့အပြုံးက အကြာကြီး မခံလိုက်ပေ။ ဝမ်ဝေ့၏ လောင်ကျွမ်းခံရသည့်အတွက် မဲနေသော အသားအရည်က စက္ကန့်အနည်းငယ်အတွင်းတွင် အရေပြားအသစ် ပြောင်းသွားသည်ကို သူ အပေါ်စီးမှ မြင်လိုက်ရသည်။
ထို့ကြောင့် သူ ရှေးဟောင်းမီးအိမ်၏ မီးတောက်ဖြင့် ပြိုင်ဘက်ကို ကုစားချိန်မပေးဘဲ ဆက်လက်တိုက်ခိုက်နေသည်။
ဝမ်ဝေ့က အားပြင်းလက်သီးကျင့်စဉ်ထဲမှ ခြင်္သေ့လက်သီးကို အသုံးပြုလိုက်သည်။ တိုက်ခိုက်နေသည့်အချိန်တစ်ခုလုံးတွင် မူလချီအပေါ် အခြေခံပြီး တိုက်ခိုက်သည့်နည်းကို ယခု ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ဝမ်ဝေ့၏ လက်သီးမှ မီတာ၂၀အမြင့်ရှိပြီး မီတာ ၁၀၀အရှည်ရှိပြီး ခြင်္သေ့ပုံရိပ်ထွက်လာကာ ဟိန်းဟောက်နေသည်။
ခြင်္သေ့၏ ပါးစပ်မှ အသံလှိုင်းတိုက်ခိုက်မှု ထွက်လာကာ ဦးတည်လာနေသော တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့သွားသည်။ ထို့နောက် အလယ်ခေါင်တွင် မီးပွင့်သွားကာ ဝမ်ဝေ့နှင့် ခြင်္သေ့ကို အလယ်မှာထားပြီး ဗွီပုံစံ ဖြစ်ပေါ်သွားသည်။
သုံ့ဟောင်က ရပ်တန့်ခြင်းမရှိဘဲ လေထဲသို့ ပျံသန်းရန် မီးတောက်ကို ထိန်းချုပ်ပြီးနောက် သေးငယ်သော မီးတောက်ငယ်လေးများ အဖြစ်သို့ ခွဲလိုက်သည်။ ထို့နောက် ထိုမီးတောက်ငယ်များက စက်သေနတ်ပစ်နေသကဲ့သို့ ဝမ်ဝေ့ဆီ ဦးတည်သွားနေသည်။
ဝမ်ဝေ့ အကြိမ်များစွာ ထိုးနှက်နေသည့်အတွက် ခြင်္သေ့ပုံရိပ်များစွာလည်း ထွက်လာသည်။ ခြင်္သေ့တစ်ကောင်ချင်းစီက မီးတောက်တစ်ခုစီကို တိုက်ခိုက်နေသော်လည်း မီးတောက်က အရမ်းများနေသည်။
ခဏအကြာတွင် ဝမ်ဝေ့ကို ဗဟိုပြုကာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ သို့သော် ထူးဆန်းစွာဖြင့် ငါးရောင်ခြယ်မီးတောက်မှ လွှတ်ထုတ်သည့် အပူကို မခံစားရပေ။
စက္ကန့်အနည်းငယ်အကြာတွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဖုန်များကို လေထုက သယ်ဆောင်သွားသည်။ ပေါက်ကွဲမှု၏ အလယ်တွင် ဝမ်ဝေ့၏ လောင်ကျွမ်းနေသောခန္ဓာကို ထပ်မံမြင်တွေ့လိုက်ရသည်။
သို့သော် သူ့အခြေအနေက ပြီးခဲ့သည့်တစ်ခေါက်ထက် ပိုဆိုးနေသည်။ ယခုတစ်ခေါက်တွင် အရေပြားသာမက ကြွက်သားများပါ လောင်ကျွမ်းခံထားရသည်။ အပြင်ဘက်မှ ကြည့်လျှင် အရိုးများကိုပါ မြင်နေရသည်။
သို့သော် ယခင်တစ်ခေါက်ကဲ့သို့ ချက်ချင်း စတင်ကုစားနေသည်။ ဖြစ်စဉ်က ပထမတစ်ခေါက်ကလိုမျိုးတော့ မမြန်ဆန်တော့ပေ။ ပြန်လည်ကောင်းမွန်လာသော ကြွက်သားများကို သာမန်မျက်စိဖြင့် မြင်နိုင်သည်။
ထိုအရာကိုမြင်ပြီး သုံ့ဟောင်က ထပ်မံ တိုက်ခိုက်ချင်နေသည်။ သို့သော် သူက သွေးအန်ပြီး လေထဲ ဒူးထောက်လိုက်သည်။
ခဏအကြာတွင် သူ၏ ရှည်လျားသော ဆံပင်က ချက်ချင်းဖြူသွားကာ အသားအရည်က အရေးကြောင်းများ ရှိလာပြီး အိုစာလာသည့်နေရာများကို မျက်နှာပေါ်တွင် မြင်နေရသည်။
ဝမ်ဝေ့ ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ အံ့ဩသွားခြင်း မရှိပေ။ သုံ့ဟောင်က သွေးအရင်းအမြစ် သို့မဟုတ် သွေးအဆီအနှစ်ကို အသုံးပြုပြီး တိုက်ခိုက်မှုစွမ်းအားကို အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့်သို့ တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် ဤတိုက်ခိုက်မှု၏ ရလဒ်ကို အစကတည်းက သိနိုင်နေပြီဖြစ်သည်။ ထို့အပြင် သူက ရှေးဟောင်းမီးအိမ်ကိုလည်း အသုံးပြုနေခဲ့သေးသည်။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ အသစ်ဖြစ်ပွားသည့် ဖြစ်စဉ်ကို လေ့လာနေရင်း ခေါင်းယမ်းလိုက်သည်။ ဤအရာက တိုက်ပွဲထဲတွင် သူ့ကိုယ်သူ ဒဏ်ရာအရခံရသည့် အကြောင်းအရင်းထဲမှ တစ်ခုဖြစ်သည်။
မတူညီသော အခြေအနေများတွင် သူ့ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းခြင်း ဘယ်လောက်ထိ မြန်ဆန်လဲဆိုတာကို သူ သိချင်နေမိသည်။ ဤနည်းအားဖြင့် တစ်နေ့တွင် သူ သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်လာရသည့်အခါ သေချာကုစားနိုင်ဖို့ အချိန်ရရင် နည်းလမ်းရှာနိုင်မည် ဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင် အသစ်ပြန်လည်ဖွဲ့စည်းထားသော ဝမ်ဝေ့က မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေသည်။ တစ်စုံတစ်ယောက်က သူ့ကို မြင်လိုက်ရုံဖြင့် လေးကြိမ်လောက် လောင်ကျွမ်းခံထားရသည်ကို သိနိုင်မည် မဟုတ်တော့ပေ။
ထို့နောက် သူက သုံ့ဟောင်ကို စိုက်ကြည့်ကာ မေးလိုက်သည်
“ ခင်ဗျား အသုံးပြုလိုက်သလိုမျိုး ရှေးဟောင်းမီးအိမ်ကို အသုံးပြုတယ်ဆိုတာ ကျင့်ကြံသူတွေအတွက် အပြစ်ပဲဆိုတာကို ခင်ဗျား မသိဘူးလား”
စက္ကန့်အနည်းငယ် အနားယူချိန်ရသည့်အတွက် ပျော်နေသည့် သုံ့ဟောင်က ပြန်ဖြေလိုက်သည်
“ မင်း ဘာကို ဆိုလိုတာလဲ”
သူက ပညာရှိဝိဇ္ဇာပြောမည့်အရာနှင့် ပတ်သက်ပြီး အမှန်တကယ် စိတ်ဝင်စားနေသည်။ နယ်ခြားနတ်ဆိုးများက သူတို့ထက် အဆင့်မြင့်သော ကမ္ဘာမှ လာသည်ဟု သူတို့၏ တော်ဝင်မိသားစုက အမြဲတမ်း တွေးတောမှန်းဆနေခဲ့သည်။ သူတို့က ဤကမ္ဘာမှ ကျင့်ကြံသူများ မသိသေးသည့် လျှို့ဝှက်ချက်များကို သိနေကြသည်။
“ ခင်ဗျား အခုလေးတင် သုံးလိုက်တဲ့ မီးတောက်ကို ကြမ္မာကောင်း မီးလျှံလို့ခေါ်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်
“ အဲဒါက တိုက်ခိုက်ခြင်းအတွက် အသုံးမပြုကြဘူး။ အဲဒါက သဘာဝလွန် နယ်ပယ်အဆင့်ပြီးသွားရင် နောက်ထပ်အဆင့်ကြီးနှစ်ဆင့်ကို ကျင့်ကြံဖို့ ကျင့်ကြံသူတွေ အားလုံး လိုအပ်တဲ့ အုတ်မြစ်တစ်ခုပဲ”
ထိုအကြောင်းကို ကြားပြီး သုံ့ဟောင်က မျက်မှောင်ကြုတ်လိုက်သည့်အတွက် မျက်လုံးတစ်လုံးသာပါသော မျက်နှာက ကြည့်ရသည်မှာ အတော်ရုပ်ဆိုးလှသည်။
“ ဒါဆို ခင်ဗျား နားလည်ပြီမလား။ ခင်ဗျား တိုက်ခိုက်ဖို့အတွက် ကြမ္မာကောင်း မီးလျှံတွေကို အသုံးပြုလေလေ ခင်ဗျားရဲ့ အုတ်မြစ်နဲ့ ကျင့်ကြံရေး လမ်းကြောင်းကို ဖျက်ဆီးမိပြီးတော့ ပိုပြီးမြင့်တဲ့ နယ်ပယ်အဆင့်တွေကို ရောက်နိုင်မဲ့ အခွင့်အရေးကို ဖြတ်တောက်လိုက်သလိုပဲ”
“ အဲဒါကြောင့် ကျုပ်တို့ကမ္ဘာမှာတော့ ကျင့်ကြံသူတစ်ယောက်က လုံးဝ နောက်ဆုံးအခြေအနေ မရောက်ဘဲ ကြမ္မာကောင်းမီးလျှံကို တိုက်ခိုက်ဖို့အတွက် အသုံးမပြုကြဘူး။ ဘာလို့လဲဆိုတော့ နည်းနည်းလေး အသုံးပြုမိရင်တောင် ပြန်လည်ပြင်ဆင်ဖို့ မဖြစ်နိုင်သလောက်ဆိုတာကို သူတို့ သိလို့ပဲ”
ထိုအကြောင်းအားလုံးကို ပြောရင်း ဝမ်ဝေ့ ကုစားမှုပြီးဆုံးသွားကာ သုံ့ဟောင်၏ မျက်နှာပေါ်မှ စိတ်ပျက်အားလျော့နေသည့်အကြည့်ကို လုံးဝ လျစ်လျူရှုလိုက်သည်။
“ အော် အဲလိုပေါ့” ဝေဟင်ထဲရှိ သုံ့ဟောင်က ရေရွတ်လိုက်သည်။
“နှစ်ပေါင်းများစွာ ကြာတာတောင် ဘယ်သူမှ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို မဖြတ်ကျော်နိုင်တာလည်း မဆန်းတော့ပါဘူး။ ငါတို့အားလုံးထင်တာက ကမ္ဘာကြီးက ဓမ္မအဆုံးသတ်ခေတ်ကာလထဲ စပြီးဝင်ရောက်နေပြီလို့ ထင်လိုက်တာ။ ဒါပေမဲ့ ငါတို့က တာအိုမီးတောက်တွေ အသုံးပြုပြီးတော့ ငါတို့ရဲ့ အုတ်မြစ်တွေကို ဖြုန်းတီးပစ်နေခဲ့တာပဲ”
ထို့နောက် သူ အကျယ်ကြီး အော်ရယ်လိုက်သော်လည်း ရယ်သံက အေးစက်ကြေကွဲနေသည်။ သူ အမှန်တရားကို သိလိုက်ရသော်လည်း သူ့အတွက် အရမ်းနောက်ကျသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ဝေ့က ဤတိုက်ပွဲကို အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ရုတ်တရက် သူ့နောက်တွင် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်တွင် သူက ထာဝရပုလ္လင်ပေါ်တွင် ထိုင်နေပြီး အသင်္ချေမျိုးနွယ်များက သူ့ကို အရိုအသေပေးနေသည်။ သူက ဤမျိုးနွယ်များနှင့် ကမ္ဘာများ၏ ကံကြမ္မာကို ထိန်းချုပ်သည့် ကြိုးများစွာကို ကိုင်ထားသည်။
ထိုပုံရိပ်ပေါ်လာပြီးနောက် ကမ္ဘာမြေတစ်ခုလုံး သိမ့်သိမ့်တုန်သွားကာ ငလျင်များစွာ ဖြစ်ပေါ်လာသည်။ စစ်ဆေးမှုတွင် ပါဝင်သော ကောင်းကင်ရွေးချယ်ခံများလည်း ချက်ချင်း သတိထားလိုက်မိကြသည်။
သူတို့က အရှေ့ဘက်မိုးတိုင်းပြည်ရှိရာဘက် လှည့်ကြည့်ကာ ရေရွတ်လိုက်ကြသည်
“ ဧကရာဇ်ငယ်”