တရားစီရင်ခြင်း
Vol. 8 Ch. 108
အခန်း (၁၀၈) : တရားစီရင်ခြင်း
ဝမ်ဝေ့နောက်တွင် ဧကရာဇ်ငယ်၏ ပုံရိပ် ထွက်ပေါ်လာပြီးနောက် သုံ့ဟောင်အနေဖြင့် ပတ်ဝန်းကျင် ပြောင်းလဲသွားသလို ခံစားရပြီး မြေကမ္ဘာတစ်ခုမှ တခြားမြေကမ္ဘာတစ်ခုသို့ သွားနေရသလိုမျိုး ခံစားနေရသည်။
ထို့နောက် သူ ပျံသန်းသည့်စွမ်းရည် ပျောက်ဆုံးသွားကာ ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အတွက် ဒဏ်ရာများစွာ ရရှိသွားသည်။
ဒီထက်ပိုပြီးဆိုးရွားသည်က သူ့ခွန်အားတစ်ဝက်လောက် ပျောက်ဆုံးသွားသော်လည်း အကြောင်းအရင်းကို မသိရပေ။ ပညာရှိဝိဇ္ဇာနှင့် ဆိုင်မည်ဟု ခန့်မှန်းမိသော်လည်း တိတိကျကျ မသိပေ။
သေခြင်းတရား ချဉ်းကပ်လာပြီဆိုတာကို သိလိုက်ရသည့်အတွက် သူ အပြင်းအထန် ရုန်းကန်ချင်သလို ထွက်ပြေးဖို့ နည်းလမ်း ရှာချင်နေသည်။ သွေးအဆီအနှစ်ကို ထပ်မံအသုံးပြုဖို့ ကြိုးစားသော်လည်း ကံမကောင်းစွာဖြင့် ကုန်နေပြီဖြစ်သည့်အတွက် ဆိုးကျိုးအနေဖြင့် သွေးအန်သွားသည်။
ဝမ်ဝေ့က သုံ့ဟောင်၏ အတွေးကို မှန်းမိသည့်အတွက် ဤတိုက်ပွဲကို တတ်နိုင်သလောက် မြန်မြန် အဆုံးသတ်ချင်နေသည်။
သုံ့ဟောင် လေထဲမှ တစ်ဆင့်ထွက်ပြေးခြင်းကို ဟန့်တားရန်အတွက် ဧကရာဇ်ငယ်ရာထူး၏ ပိုင်နက်တစ်ပိုင်းကို အသုံးပြုပြီးနောက် မူလချီအများစုကို စုစည်းကာ နဂါးအားပြင်းလက်သီးကို သုံးလိုက်သည်။
သုံ့ဟောင်ဆီသို့ စွမ်းအားကြီး နဂါးတစ်ကောင် ဦးတည်သွားကာ ကောင်းကင်တွင် ဟိန်းဟောက်နေသည်။ အသံက မြို့တစ်ခွင်လုံးသို့ ပျံ့နှံ့သွားကာ ကောင်းကင်ကို ပဲ့တင်ထပ်သွားသည်။ မြို့သူမြို့သားအားလုံး ချက်ချင်း ကြောက်စိတ်ဝင်သွားကြသည်။
ထိုအရာက သူတို့ အထွတ်အထိပ်သက်ရှိ၏ အမျက်ဒေါသနှင့် ရင်ဆိုင်မိစဉ် ဘိုးဘေးများဆီမှ ရရှိထားသော သွေးနှင့် ဝိညာဉ်ထဲတွင် ကိန်းအောင်းနေသည့် ကြောက်စိတ် ဖြစ်သည်။
ထိုနဂါးက မတိုက်ခိုက်ဘဲ သက်ရှိအားလုံး သူ့အမိန့် လေးစားရိုသေလာစေမည့် အထွတ်အထိပ် အရှိန်အဝါကို လွှတ်ထုတ်နေသည်။
သုံ့ဟောင်က ရုတ်တရက် သူ့ကို မလှုပ်နိုင်အောင် လုပ်လိုက်သည့် ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူက ခွန်အားအကုန်သုံးပြီး ရုန်းကန်သော်လည်း အလုပ်မဖြစ်ပေ။ ထို့ကြောင့် သူ ခုခံဖို့ ကြိုးစားရန် ခန္ဓာကိုယ်ထဲရှိ မူလအဆီအနှစ်ကို ဖောက်ခွဲလိုက်သော်လည်း ဘာမှမတတ်နိုင်ပေ။
သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ မလှုပ်နိုင် ဖြစ်နေသည်။
ထိုအချိန်တွင် ပထမဆုံးတိုက်ခိုက်မှု ပြီးသွားသည့်အခါ ဝမ်ဝေ့က နောက်ဆုံးတိုက်ခိုက်မှုဖြင့် ဤတိုက်ပွဲကို အဆုံးသတ်ရန် သူ့ဆီ အမြန်ပြေးလာနေသည်။
သူ မရောက်ခင် မီတာအနည်းငယ် အကွာတွင် သုံ့ဟောင်က မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီး ခွန်အားတိုးစေရန် သူ့ ဝိညာဉ်ကို လောင်ကျွမ်းစေလိုက်သည်။
သူ ခက်ခဲစွာဖြင့် ပါးစပ်ကို ဟလိုက်ပြီး ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ဓားက ပိုမိုကြီးထွားလာပြီး ခန့်မှန်းမရနိုင်သော လေးလံမှုကို မြင်နေရသည်။ ထိုဓားက ရွှေရောင်ပုံရိပ်ကို ချန်ခဲ့ပြီး ပြင်းထန်သောအရှိန်နှင့်အတူ ဝမ်ဝေ့ဆီ ဦးတည်လာသည်။
ဝမ်ဝေ့က မူလစွမ်းရည်ကို အသုံးပြုရန် စကားလုံးအချို့ကို ရွတ်ဆိုလိုက်သည်။ ပုံမှန်အားဖြင့် ဝမ်ဝေ့ တိုက်ပွဲများတွင် ဂါထာမန္တန်များ အသုံးမပြုခြင်းက သူ ထိုအရာများကို မသိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
ဘယ်လိုအရာမျိုးအတွက်မဆို ကြိုတင်ပြင်ဆင်ရတာ သဘောကျသည့်သူ ဖြစ်သည့်အတွက် တိုက်ပွဲတွင် ဂါထာမန္တန်များနှင့် ရင်ဆိုင်ရသည့်အခါ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သိရန် ဂိုဏ်းထဲတွင် ပြင်းထန်စွာ လေ့လာခဲ့သည်။
သူ မန္တန်ရွတ်ဆိုပြီးသွားသောအခါ တောက်ပသော အဝါရောင်မီးတောက်က သူ့ရှေ့တွင် ထွက်ပေါ်လာကာ သူ့ဆီ ဦးတည်လာနေသော ဓားကို အရည်ဖျော်လိုက်သည်။
သူက ရပ်တန့်ခြင်းမရှိဘဲ သုံ့ဟောင်ဆီ ပြေးသွားကာ လက်သီးဖြင့် ထိုးလိုက်သည်။ တစ်ဆက်တည်းမှာပင် သတ်ဖြတ်လိုစိတ်ကြီးမားသော ကျားတစ်ကောင် ထွက်ပေါ်လာကာ ရှေ့သို့ အရှိန်ဖြင့် ပြေးသွားသည်။
ကျားက အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ သုံ့ဟောင်၏ ခန္ဓာကိုယ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ထိုးဖောက်ဝင်ရောက်သွားသည်။ အလင်းတန်းက သူ့နှလုံးသားကို ဖျက်ဆီးပြီး ကျောဘက်မှ ထွက်သွားကာ ရင်ဘတ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အပေါက်ကြီးတစ်ပေါက်ကို ချန်ထားခဲ့သည်။
သုံ့ဟောင်က ကျန်ရှိနေသော မျက်လုံးတစ်ဖက်ဖြင့် အပေါက်ကို ကြည့်ကာ သက်ပြင်းချပြီးနောက် ကြမ်းပြင်ပေါ် လဲကျသွားသည်။ မြေပြင်ပေါ်တွင်လည်း သွေးများဖြင့် စိုရွှဲနေသည်။
ဝမ်ဝေ့လည်း ကြမ်းပြင်ပေါ်ရှိ သုံ့ဟောင်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထိုလူက သူ ပထမဆုံး စတင်ကျင့်ကြံပြီး အသေအကြေ တိုက်ခိုက်ရသည့် တိုက်ပွဲများထဲတွင် စစ်မှန်သည့် ပထမဆုံးသော ပြိုင်ဘက် ဖြစ်သည်။
သူ ယခင်က တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများ အားလုံးက ပြိုင်ပွဲများ ဖြစ်သလို သူ့အသက်ကို အချိန်မရွေးကယ်တင်နိုင်သည့် လုံခြုံရေးနည်းလမ်းများ ပါဝင်သော စစ်ဆေးမှုများသာ ဖြစ်ခဲ့သည်။
သူ့ကို သတ်ဖို့ အမှန်တကယ် အစွမ်းကုန် ကြိုးစားသည့်သူက သုံ့ဟောင် ပထမဆုံး ဖြစ်သည်။ သူ့ပြိုင်ဘက်က တိုက်ခိုက်နေစဉ်အတွင်း စွမ်းအားအကုန် မသုံးသော်လည်း သူ များပြားသော အရာများကို သင်ယူလိုက်ရသည်။
ကျင့်ကြံသူအများစုက သေတော့မည့်အချိန်တွင် ပြင်းထန်စွာ တိုက်ခိုက်တတ်ကြောင်း သူ သင်ယူလိုက်ရသည်။ သုံ့ဟောင် သွေးအဆီအနှစ်ကို အသုံးပြုကာ တိုက်ခိုက်စွမ်းအားကို မြှင့်တင်သကဲ့သို့ တိုက်ပွဲအတွင်းတွင် တိုက်ခိုက်ခွန်အားကို မြှင့်တင်နိုင်ရန်အတွက် ဘယ်လိုနည်းလမ်းမဆို အသုံးပြုနိုင်သည်။
အနာဂတ်တိုက်ပွဲများတွင် ဝမ်ဝေ့က သူ့ ရန်သူများ ထိုနည်းလမ်းများကို အသုံးပြုဖို့ အချိန်မရနိုင်အောင် ခွန်အားအကုန်သုံးပြီး ဟန့်တားမည် ဖြစ်သည်။ သူ ဒီလိုလုပ်ဖို့ ကျရှုံးသွားပါက သူတို့ လုံးဝ မျှော်လင့်ချက်မဲ့သွားသည့်အချိန်မှာ တိုက်ခိုက်လာမည့် အရာများအတွက် သတိထားပြင်ဆင်ထားရမည် ဖြစ်သည်။
ဤတိုက်ပွဲတွင် သူ ရရှိလိုက်သည့် အကျိုးအမြတ်များကို သေချာပြန်လည်စဉ်းစာပြီးနောက် လက်ကို ဝှေ့ယမ်းကာ တွင်းတစ်ခု တူးလိုက်သည်။ ထို့နောက် သုံ့ဟောင်၏ ခန္ဓာကိုယ်ကို မြှုပ်နှံပေးလိုက်သည်။ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကျောက်တိုင်တစ်ခုကို ထားပေးပြီး
“ဒီနေရာတွင် မိသားစုအပေါ် သေသည့်အထိ သစ္စာရှိသွားပြီး နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်သွားသည့် လေးစားရတဲ့ ပြိုင်ဖက်ကောင်း သုံ့ဟောင် လဲလျောင်းနေသည်” ဆိုသည့် စာသားကို ထွင်းထားပေးသည်။
အားလုံး ပြုလုပ်ပြီးနောက် လေထဲတွင် လျင်မြန်သော အလျင်ဖြင့် လမ်းလျှောက်ကာ မြို့သို့ ပြန်သွားသည်။ သူ တော်ဝင်နန်းတော်သို့ ရောက်သည့်အချိန်တွင် လီကျွင်းက အထဲရှိ လူများကို ဖမ်းဆီးထားပြီး သူ ပြန်အလာကို စောင့်မျှော်နေသည်။
သံကြိုးများဖြင့် ချည်နှောင်ခံထားရကာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော လူများစုဝေးရာအခန်းထဲသို့ ဝမ်ဝေ့ ဝင်သွားသည်။ သူတို့ကို လျစ်လျူရှုကာ နဂါးပုံစံများ ထွင်းထားသော ရွှေရောင်ပလ္လင်သို့ ဦးတည်လိုက်သည်။
ဝမ်ဝေ့က တွေဝေခြင်းမရှိဘဲ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။ ရုတ်တရက် သူက ဤတိုင်းပြည်ရှိ လူအားလုံး၏ အသက်များစွာကို ထိန်းချုပ်ထားနိုင်ပြီး သူ့စကားကို မနာခံရဲတဲ့သူ မရှိဘူးဖြစ်သည့်အတွက် အရမ်းစွမ်းအားကြီးနေသည်ဟု ခံစားလိုက်ရသည်။ အာဏာက အတော်လေး စွဲလမ်းစေသည်။
သို့သော် ခဏအကြာတွင် သူ့စိတ်ထဲမှ ထိုခံစားချက်ကို ထုတ်ပစ်လိုက်သည်။
တာအိုရဲ့ အထက်မှာ ရှိနေတဲ့ မဟာဧကရာဇ်အထွတ်အထိပ်ပလ္လင်နဲ့ ယှဉ်လိုက်ရင် ဒီသာမန်အရိုက်အရာက ဘာလဲ
ထိုအရာများကို ခဏတာ စဉ်းစားပြီးနောက် ဝမ်ဝေ့က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကြိုးချည်ခံထားရသည့် လူများကို ဝမ်ဝေ့ ကြည့်လိုက်သည်။
ထုံးထားသည့် ဆံထုံးပေါ်တွင် သရဖူတစ်ခုကို ဆောင်းထားပြီး အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ကို သူ ပထမဆုံး သတိထားမိသွားသည်။ ထိုလူက ရာထူးမြင့်သော အရှိန်အဝါမျိုး ထုတ်လွှတ်နေသော်လည်း အရမ်းကြီး ကြည့်ကောင်းနေခြင်းမျိုး မဟုတ်ပေ။
တော်ဝင်မိသားစုနှင့် တိုက်ရိုက်ဆက်စပ်နေသော သူများလည်း ဖမ်းဆီးခံရပြီး သူနှင့် တွေ့ဆုံဖို့ ခေါ်လာခံရသည်။ မင်းသမီး သုံ့လီဖန်းက ကြံရာပါ မဟုတ်သော်လည်း ဒူးထောက်နေသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ဝေ့ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
ထို့ကြောင့် ဝမ်ဝေ့က သူမကို တိုက်ရိုက်မေးမြန်းလိုက်သည်
“ မင်းသမီးလေးရဲ့ အပြုအမူက ဘာအဓိပ္ပာယ်ပါလဲ”
အခေါ်ခံလိုက်ရသော်လည်း မင်းသမီးလေးက မတ်တပ်မရပ်ဘဲ နဖူးကို မြေပြင်နှင့်ထိထားရင်း ပြောလိုက်သည်
“ တော်ဝင်မိသားစုအတွက် လွတ်မြောက်နိုင်မဲ့ လမ်းကြောင်းလေး ဖွင့်ပေးပါလို့ တောင်းဆိုပါတယ်”
သူမ ထိုစကားကို ပြောပြီးပြီးချင်း အခန်းထဲတွင် သူမကို ဦးတည်နေသည့် ကြောက်စရာကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထွက်ပေါ်လာသည့်နေရာက လီကျွင်းဆီမှ ဖြစ်သည်။ သူက သူမကို လှံဖြင့် ထိုးသတ်ချင်နေသကဲ့သို့ သေချာစိုက်ကြည့်နေသည်။
သတ်ဖြတ်လိုသည့် အရှိန်အဝါကြောင့် သူမ မသက်မသာခံစားလာရသော်လည်း စကားကို ပြောဖြစ်အောင် ပြောလိုက်သေးသည်
“ ပညာရှိဝိဇ္ဇာ …. ကျွန်မ လုပ်ပေးခဲ့တဲ့ အရာတွေကို ထောက်ထားပြီးတော့ တော်ဝင်မိသားစုကို အသက်ရှင်ခွင့်ပေးပါနော်”
ဝမ်ဝေ့ လက်ယမ်းလိုက်သည့်အခါ လီကျွင်းက သတ်ဖြတ်လိုစိတ်ကို ပြန်လည်ရုတ်သိမ်းသွားသည်။ သူက မင်းသမီးကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်
“ မင်းသမီး…မဟုတ်သေးဘူး။ မင်းကို အခုချိန်ကစပြီးတော့ သုံ့လီဖန်းလို့ပဲ ခေါ်မယ်။ အရင်ကလိုမျိုးဆိုရင်တော့ သေချာပေါက် ဆန္ဒကို ဖြည့်စည်းပေးမိမှာပဲ။ ဒါပေမဲ့ သိဒ္ဓိတောင်ပံမြို့မှာ ဖြစ်ပျက်ခဲ့တာကို ကြည့်လိုက်ရင် ဒီကိစ္စအတွက် ဘာမှ ဆွေးနွေးစရာ မလိုတော့ဘူး”
သုံ့လီဖန်းက ထိုစကားကို ကြားပြီး သက်ပြင်းချလိုက်မိသည်။ ထိုရလဒ်အတွက်လည်း မအံ့ဩတော့ပေ။ သူမ၏ အဖေက အဆိပ်ကို အသုံးပြုကာ မြို့တစ်မြို့လုံးကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း သူမ ကြားသိပြီးပြီဖြစ်သည်။ သူမ ထိုသတင်းကို ကြားလိုက်ရသည့်အခါ ဒေါသထွက်ခဲ့သော်လည်း သူမ လူတချို့ကို ကယ်တင်ချင်သေးသည်။
ခဏအကြာတွင် သုံ့လီဖန်းက ထပ်ပြောလိုက်သည်
“ အနည်းဆုံးတော့ ကျွန်မရဲ့ အမေနဲ့ ညီမလေးကို သက်ညှာပေးနိုင်မလား။ သူတို့နှစ်ယောက်လုံးက တိုင်းပြည်ရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်တာမျိုးတွေမှာ မပါဝင်တာမလို့ အပြစ်ကင်းပါတယ်”
ဝမ်ဝေ့ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် မေးမြန်းလိုက်သည်
“ သူတို့မရှိသင့်တဲ့ အတွေးတွေ မရှိဘဲ သာမန်ဘဝမှာပဲ နေမယ်ဆိုတာကို မင်းက ကတိပေးနိုင်လို့လား”
ထိုစကားကို ပြောပြီးနောက် ယခုတစ်ခေါက်တွင် ဝမ်ဝေ့က သတ်ဖြတ်လိုသည့် အရှိန်အဝါကို လွှတ်ထုတ်လိုက်သည်။ သုံ့လီဖန်းက လည်ပင်းကို အညှစ်ခံထားရသကဲ့သို့ ဖြစ်ကာ အသက်ရှူကြပ်လာသည့်အတွက် အာမခံသည့်အနေဖြင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
သူမ ဝမ်ဝေ့၏ ခြိမ်းခြောက်မှုကို ကောင်းကောင်းနားလည်သည်။
သူမ သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်ကို မြင်ပြီးနောက် သတ်ဖြတ်လိုစိတ်ကို ချက်ချင်းဖယ်ရှားကာ သူမကို လွှတ်ပေးလိုက်သည်။
“ အခုတော့ မင်းရဲ့ စကားကို ယုံပေးလိုက်မယ်။ ငါတို့ သဘောတူညီချက်ရဲ့ မင်းဘက်က ဆန္ဒကို ဖြည့်ဆည်းလို့ ရပြီနော်”
သုံ့လီဖန်းက သက်ပြင်းချကာ ကြမ်းပြင်ပေါ်မှ ထလာပြီး နဖူးပေါ်တွင် အမာရွတ်ထင်နေသည်။ သူမက သူမ၏ အဖေကို ကြည့်ကာ အခန်းထဲမှ ထွက်သွားသည်။
ဤတိုင်းပြည်၏ အရှင်ဘုရင်က တစ်ချိန်လုံး ဘာစကားမှ ဝင်မပြောပေ။ သမီးဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ကြားလိုက်ရသည့်အခါမှာပင် ဘာမှ ဝင်မပြောခဲ့ပေ။
ဝမ်ဝေ့က သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို လေးစားမိသည်။ ထိုသူက အရှုံးကိုလက်ခံပြီး စစ်မှန်သော ဘုရင်ကဲ့သို့ သေဆုံးမည့်သူတစ်ယောက် ဖြစ်သည်။
အရှေ့ဘက်မိုးတိုင်းပြည် ကျဆုံးသွားပြီး သုံးရက်အကြာတွင် သူတို့နှစ်ယောက်မှလွဲ၍ တော်ဝင်မျိုးနွယ်ဝင်များအားလုံး လူပုံအလယ်တွင် ကွပ်မျက်ခံလိုက်ရသည်။
ဖြစ်စဉ်တစ်ခုလုံးကို တိုင်းပြည်တစ်ခုလုံးမှ မြင်နိုင်ရန် စက္ခုပသာဓ အစီအရင်ကို အသုံးပြုကာ ပြသထားသည်။ ကိုယ်ချင်းစာတရားနှင့် ကြင်နာမှုကြောင့် လူအများက ချစ်ခင်ကြသော မင်းသမီးဟောင်း သုံ့လီဖန်းက တော်ဝင်မိသားစု ကျူးလွန်ခဲ့သော ပြစ်မှုများကို လူသိရှင်ကြား ထုတ်ဖော်လိုက်သည်။
တိုင်းပြည်အသစ် တည်ထောင်သည့်အခါ ကောင်းမွန်သည့် လက်ထဲသို့ ရောက်မည်ဖြစ်ကြောင်း သူမ၏ တိုင်းသူပြည်သားများအား အာမခံခဲ့သည်။ သူတို့၏ ဘဝ ယခုကစပြီး ပိုမိုကောင်းမွန်တော့မည်ဖြစ်ကြောင်း အာမခံပေးသွားသည်။