ပြည်တွင်းရေးရာ ပြဿနာများ
Vol. 8 Ch. 110
အခန်း (၁၁၀) : ပြည်တွင်းရေးရာ ပြဿနာများ
နည်းလမ်းတကျပြောရလျှင် "နတ်ဘုရား အမည်စာရင်း’’ပေါ်ရှိ ဧကရာဇ်ဆိုသော စာလုံးအနောက်တွင် ဝမ်ဝေ့ဆိုသော နာမည်ပါလာသင့်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်။ သူ၏ ကံကောင်းမှုက ဤတိုင်းပြည်၏ ကံကောင်းမှုနှင့် ရောစပ်သွားရမည် ဖြစ်သော်လည်း သူ ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိပြီးနောက် အနက်ရောင်သို့ ပြောင်းလဲသွားသည့်အတွက် ကောင်းကင်မြေကမ္ဘာမှ ထိုကဲ့သို့ ချီကံကောင်းမှု နဂါးကို အသိအမှတ် မပြုတော့ပေ။
သူ၏ ကံကောင်းမှု အခြေအနေက သူ၏ ကျင့်ကြံရေး လမ်းကြောင်းတွင် အကျိုးအမြတ်များစွာ ရစေလိမ့်မည်ဟု ဝမ်ဝေ့ ခံစားရသည်။ သို့သော် သူ ဒီအတိုင်းသာ ထားလိုက်မည်ဆိုပါက ကောင်းကင်မြေကမ္ဘာမှ သူ၏ တည်ရှိမှု၊ ကံကောင်းမှုကို အသိအမှတ်ပြု မပေးသည့်အတွက် သဘာဝလွန် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ ချာတူးလံနေသည့် အရည်အချင်းကိုသာ ရရှိနိုင်ချေများသည်။
သို့သော် သူ့မှာ အစီအစဉ်ရှိပြီးသား ဖြစ်သည့်အတွက် ဝမ်ဝေ့ အများကြီး စိတ်မပူပေ။ သူ၏ ကံကောင်းမှု နဂါးက အရမ်းထူးခြားပြီး ထိုအရာကို ထိန်းချုပ်ရန်အတွက် တိကျသော နည်းလမ်းတစ်ခု လိုအပ်နေသည်ဟု သူ ခံစားရသည်။
ကံမကောင်းစွာဖြင့် ဂိုဏ်းမှပေးသော ကံကောင်းမှုကို သေချာထိန်းချုပ်ရန် လျှို့ဝှက်နည်းလမ်းကို လေ့လာခဲ့သော်လည်း ကိုယ်ပိုင်ကံကောင်းမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိသေးပေ။ ထို့ကြောင့် ကံကောင်းမှုနှင့် ပတ်သက်ပြီး လုံလောက်သော ဗဟုသုတ ရှိပါက သူ့ပြဿနာအတွက် ဖြေရှင်းနည်း ရှာနိုင်မည်ဟု ယုံကြည်ထားသည်။
ထိုအရာ မတိုင်ခင် ကံကောင်းမှုကို ဘယ်လိုထိန်းချုပ်ရလဲဆိုသည့် သိပ္ပံနည်းကျ နည်းလမ်းများကို လေ့လာမှတ်တမ်း တင်ရမည်။ ထို့ကြောင့် သူ ကူညီပေးသူ တစ်ယောက်၊ စမ်းသပ်ခံလူတစ်ယောက် လိုအပ်ခဲ့သည်။
သုံ့လီဖန်း … သူ တွေ့ထားပြီးပြီ ဖြစ်သည်။
သူမကို သူ့ဧကရီအဖြစ် ရှိနေစေချင်သည့် အကြောင်းအရင်းက သူမကို တရားဝင်ဧကရီအဖြစ် သတ်မှတ်ပေးခြင်း၊ သူမ၏ ဩဇာကို အသုံးပြုကာ လူအများကို စိတ်ငြိမ်အောင် လုပ်ဖို့လည်း မဟုတ်သလို လူအများ၏ ပိုင်ဆိုင်မှုကို တိုင်းပြည်အသစ်ထဲ ထည့်ရန်အတွက်လည်း မဟုတ်ပေ။
ထိုအကြောင်းပြချက်များ အားလုံးက ဒုတိယဦးစားပေး ဖြစ်သည်။ အဓိက အကြောင်းအရင်းက သူမ သူ့အနား ကပ်နေမှသာ သူမ၏ ချီကံကောင်းမှုကို သူ့အကျိုးအမြတ်အတွက် လေ့လာနိုင်မည် ဖြစ်သည်။
တိုင်းပြည်အသစ်ထူထောင်ခြင်း အခမ်းအနား ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က အရာရှိများအားလုံး စောင့်နေသည့် ပလ္လင်ရှိရာ အခန်းသို့ ပြန်လိုက်သည်။
သူ ထိုနေ့ကို ရောက်ရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ သူက လွန်ခဲ့သော နှစ်နှစ်ကတည်းက တိုင်းပြည်တစ်ခုကို တည်ထောင်နိုင်သော်လည်း ထိုအချိန်တုန်းက သူ ရရှိခဲ့သည့် ကံကောင်းမှုက မျိုးရိုးစဉ်ဆက် အုပ်ချုပ်သည့် တိုင်းပြည်မှ ကိုယ်ပိုင်တည်ထောင်သည့် တိုင်းပြည်အဖြစ် ပြောင်းသွားနိုင်သည်။
ဝမ်ဝေ့က ကိုယ်ပိုင်တိုင်းပြည်ကို မင်းဆက်တိုင်းပြည်အဖြစ်သို့ အဆင့်မြှင့်တင်သည့် ဖြစ်စဉ်ကို မဖြတ်ကျော်ချင်သည့်အတွက် ပိုင်နက်၏ ကံကောင်းမှုက တိုင်းပြည်ကို တိုက်ရိုက်တည်ထောင်နိုင်မည့် အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။
ဝမ်ဝေ့က နတ်ဘုရား အမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။ စာရင်းရှိနေရခြင်း အကြောင်းက အရာရှိတစ်ယောက်ချင်းစီတိုင်းကို တိုင်းပြည်၏ ကံကောင်းမှုဖြင့် ကောင်းချီးပေးရန် ဖြစ်သည်။ အဆင့်မြင့်လေလေ ကံကောင်းမှုများများဖြင့် ကောင်းချီးပေးခံရလေလေ ဖြစ်သည်။
ကံကောင်းမှု ကောင်းချီးပေးခြင်းတွင် များပြားသော အားသာချက်များ ရှိသည်။ ထိုအရာက ကျင့်ကြံရေးအရှိန်ကို မြှင့်တင် ပေးနိုင်သည်။ ဤ တိုင်းပြည်တွင် အမြင့်ဆုံးရာထူးရှိသည့် ဝမ်ဝေ့က သာမန်လူတစ်ယောက်ထက် ၉ဆ များသော ကျင့်ကြံရေးအရှိန် ရှိသည်။
ထို့နောက် ဧကရီသုံ့လီဖန်းတွင် အနည်းဆုံး ကျင့်ကြံခြင်းအရှိန် ၈ဆ ရှိလိမ့်မည်။ နန်းတော်ထဲရှိ ကြင်ရာတော်များနှင့် မောင်းမများက သူတို့၏ ကျင့်ကြံရေးအရှိန်တွင် မတူညီသော အကျိုးအမြတ် အဆင့်များ ရရှိလိမ့်မည်။
အမတ်ချုပ် သို့မဟုတ် အကြီးအကဲ စသည့် အရာရှိများအတွက်လည်း အတူတူ သက်ရောက်မှု ရှိသည်။
ကံကောင်းမှုမှ ရရှိနိုင်သည့် နောက်ထပ်အကျိုးအမြတ်က နားလည်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ထိုအရာက ကျင့်ကြံရေးအရှိန်ကို မြှင့်တင်ပေးခြင်းလောက် များပြားသည့် အကျိုးသက်ရောက်မှုမျိုး မရှိသော်လည်း အထူးသဖြင့် ဤကမ္ဘာရှိ အရည်အချင်းနိမ့်သော သူများအတွက် နားလည်ရလွယ်ကူလာသည်မှာ သတိထားနိုင်ဖွယ်လောက်သည်အထိ အကျိုးသက်ရောက်မှု ရှိသည်။
တိုင်းပြည်ထဲတွင် ရာထူးမြင့်မြင့်ရှိပါက မွေးရာပါ အရည်အချင်းကြောင့် နှောင့်နှေးနေစရာမလိုဘဲ ပိုမြင့်သော နယ်ပယ်အဆင့်များသို့ ရောက်အောင် ကျင့်ကြံနိုင်သည်။
ဝမ်ဝေ့တို့ အုပ်စုအတွက် မြင့်သော ရာထူးက သူတို့ ဤစစ်ဆေးမှုအတွက် လိုအပ်သော ကံကောင်းမှုကို စုပ်ယူဖို့ ပိုမိုလွယ်ကူအောင် လုပ်ပေးနေသည်။
စာရင်းယူပြီးနောက် ဝမ်ဝေ့က မတူညီသောလူများကို မတူညီသော ရာထူးများကို တရားဝင် နေရာချထားပေးလိုက်သည်။
သူက ပထမဦးစွာ သုံ့လီဖန်းကို ဧကရီအဖြစ် ကြေညာခဲ့သည်။ ထို့နောက် သူမ၏ ဘေးပတ်လည်ရှိ ကမ္ဘာက ပိုမိုကြည်လင်လာသည်ကို သူမ ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီ ပိုမိုမြန်ဆန် လွယ်ကူစွာ ရွေ့လျားနေသည်။
သုံ့လီဖန်း ပြီးသွားသည့်အခါ ဝမ်ဝေ့က သူ့အဖွဲ့ကို မတူညီသော ရာထူးများတွင် နေရာအပ်နှင်း လိုက်သည်။ တိုင်းပြည်ကို သေချာအုပ်ချုပ်နိုင်ရန်အတွက် ယခင်ဘဝမှ မတူညီသော နိုင်ငံရေးစနစ်များကို ပေါင်းစပ်ထားလိုက်သည်။
သူက အရာရှိများအားလုံးက အမြင်ဆုံး အဆင့် (၁)မှ အနိမ့်ဆုံး အဆင့် (၉)အထိ အဆင့်ကိုးဆင့် ခွဲထားသည်။ ထို့နောက် ကမ္ဘာကို အုပ်စိုးရာတွင် သူ့ကို ကူညီပေးမည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
အဖွဲ့ထဲသို့ အဆင့်(၃)နှင့်အထက် အရာရှိများသာ ဝင်ရောက်ခွင့်ရှိသည်။ ထို့ကြောင့် အဖွဲ့ထဲတွင် အဆင့်(၁)ရာထူး သုံးနေရာ ပါဝင်သည်။
ယန်းလီလင်းက အမတ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး တိုင်းပြည်တစ်ခွင်လုံးရှိ နိုင်ငံရေး အခြေအနေများအားလုံးကို တာဝန်ယူထားရသည်။ ထို့အပြင် ဆေးဖော်စပ်သူ တစ်ယောက်အနေဖြင့် တိုင်းပြည်၏ ထောက်ပံ့ပို့ဆောင်ရေး အပိုင်းကိုလည်း တာဝန်ယူရသည်။ ဥပမာအားဖြင့် ဝိညာဉ်ဥယျာဉ်များအား ဂရုစိုက်ထိန်းသိမ်းခြင်း၊ ဝိညာဉ်ဆေးလုံးအသစ်များ ပို့ဆောင်ခြင်းနှင့် ဆေးလုံးများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။
ထို့ကြောင့် မဟာရှား တိုင်းပြည်တွင် ယန်းလီလင်းက အတော်လေး အာဏာရှိသည်ဟု ဆိုနိုင်သည်။ အကယ်၍ သာမန်တိုင်းပြည်လေးတစ်ခုသာ ဖြစ်ပါက ဧကရာဇ်က တခြားသူတစ်ယောက် ယခုလောက်ထိ အာဏာရှိနေခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် သူတို့လေးယောက်အတွက် စစ်ဆေးမှုတစ်ခုသာ ဖြစ်သည့်အတွက် ဘယ်သူမှ အာဏာ၊ ထိန်းချုပ်မှု စသည်တို့ကို ဂရုမစိုက်ပေ။
နောက်ထပ် အဆင့်(၁)ရာထူးက စစ်သေနာပတိချုပ် ဖြစ်ပြီး ထိုရာထူးကို တရားဝင် ပိုင်ဆိုင်သူက လီကျွင်းဖြစ်သည်။ သူက တိုင်းပြည်တစ်ခုလုံး၏ စစ်အင်အားကို တာဝန်ယူရသည်။ လူအသစ်ခန့်အပ်ခြင်း၊ ရန်ပုံငွေထောက်ပံ့ခြင်းနှင့် စစ်ရေးတိုးတက်မှု စသည့်အပိုင်းများ ပါဝင်သည်။ ဝမ်ဝေ့က စစ်ရေးအာဏာအားလုံးကို လီကျွင်းဆီ ပုံအပ်ထားကာ သူကတော့ အပျင်းထူဖို့ ဆုံးဖြတ်လိုက်သည်။
ထိုကဲ့သို့ အပ်နှင်းထားခြင်းကလည်း လီကျွင်းကို သူ ယုံကြည်သလို ဤကမ္ဘာတွင် သူ့လိုမျိုး ကျင့်ကြံသူအတွက် စစ်တပ်ကြီးက အရေးမပါသောကြောင့် ဖြစ်သည်။ သူ့ခွန်အားဖြင့် သန်းချီနေသော စစ်သားများပါသည့် စစ်တပ်ကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးနိုင်သည်။
သူ့ရာထူးကို နတ်ဘုရားအမည်စာရင်းတွင် ထုတ်ဖော်ပြီးနောက် အနည်းငယ်သာဖြစ်သော်လည်း လီကျွင်း၏ ကျင့်ကြံခြင်းအရှိန် တိုးသွားသလို ခံစားလိုက်ရသည်။
ပြောရလျှင် ထိုအရာက အဓိပ္ပာယ်ရှိသည်။ ကျင့်ကြံခြင်းအရှိန် ၈ဆ တိုးလာခြင်းက ဤကမ္ဘာ၏ ပျမ်းမျှလူများအပေါ် အခြေခံထားသည်။ လီကျွင်းလိုမျိုး အရည်အချင်းရှိသူအတွက် ဘာအကျိုးသက်ရောက်မှုမှ မရှိလောက်အောင် နည်းပါးသည်။
သူ့ကျင့်ကြံဆင့်က ဤကမ္ဘာတွင် ခွင့်ပြုသည့် အမြင့်ဆုံးအဆင့်သို့ မကြာခင် ရောက်ရှိတော့မည် ဖြစ်သည်။ ထို့ကြောင့် သက်ရောက်မှုက သူ၊ ဝမ်ဝေ့နှင့် ယန်းလီလင်းတို့ဆီတွင် မထင်ရှားပေ။
သို့သော် လီကျွင်းအနေနှင့် နားလည်မှု စွမ်းရည်တိုးတက်လာသည့်အတွက် အကျိုးအမြတ် ရရှိခဲ့သည်။ ကောင်းကင်တိုက်ခိုက်ရေးကျမ်းကို နားလည်ရန် အချိန်ကို လျှော့လို့ ရပြီဖြစ်သည့်အတွက် သူ ပျော်ရွှင်စွာ ပြုံးနေမိသည်။
နောက်ဆုံး အဆင့်(၁)ရာထူးကို စိစစ်ရေးမှူး ဟု ဝမ်ဝေ့ ခေါ်ပြီး ဝမ်ကျူဆီ အပ်နှင်းခဲ့သည်။
ထိုရာထူးက နာမည်အတိုင်း တိုင်းပြည်၏ အမှုထမ်းများနှင့် နိုင်ငံခြား တိုင်းပြည်များမှ လူများကို တိတ်တဆိတ်စောင့်ကြည့်ရန် တာဝန်ယူထားသည့် ရာထူးဖြစ်သည်။ ထိုရာထူးကို “ အင်ပါယာ၏ မျက်လုံး” ဟုလည်း ခေါ်ဆိုနိုင်သည်။
အဆင့်(၁)ရာထူး သုံးနေရာထဲတွင် ဤတစ်ခုက ဝမ်ဝေ့ အလေးအနက်အထားဆုံး အရာတစ်ခု ဖြစ်သည်။ သူက ဝမ်ကျူ၏ ထောက်လှမ်းခြင်းစွမ်းရည်ကို အသုံးပြုကာ ပိုင်နက်ထဲရှိ အကျင့်ပျက်ခြစားမှုများအားလုံးကို စောင့်ကြည့်ပြီး နှိမ်နင်းပစ်လေ့ရှိသည်။
ဝမ်ဝေ့၏ ရည်ရွယ်ချက်က ကံကောင်းမှုကို စုဆောင်းရန် ဖြစ်သည်။ ပိုင်နက်ထဲရှိ လူများ၏ စိတ်နှလုံးသား ငြိမ်းချမ်းစေရန် အကျင့်ပျက်ခြစားမှုများ မရှိမှ ဖြစ်မည် ဖြစ်ပြီး ထိုအခါမှသာ တိုင်းပြည်၏ ကံကောင်းမှုကို တည်ငြိမ်အောင် ထိန်းထားနိုင်မည် ဖြစ်သည်။
ထို့အပြင် အနာဂတ်စစ်ပွဲအတွက် ပြင်ဆင်ရန် တခြား တိုင်းပြည်များတွင် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိဖို့ လိုသည်။ ကံကောင်းမှုကို တိုးမြှင့်နိုင်ရန် အမြန်ဆုံးနည်းလမ်းက နောက်ထပ် နယ်မြေများကို သိမ်းပိုက်ကာ တိုင်းပြည်၏ ပိုင်နက်ကို ချဲ့ထွင်ခြင်း ဖြစ်သည်။
သူတို့သုံးယောက်ကို ရာထူးအပ်နှင်းပေးပြီးနောက် ဝမ်ဝေ့က တခြားလူများကို ရာထူးအပ်နှင်းရန် နာရီအနည်းငယ် ကုန်ဆုံးခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံး လုပ်ရန် အချိန်အနည်းငယ်ကြာခဲ့ပြီး တိုင်းပြည်၏ အခြေအနေကို အစီအရင်ခံရန် အစည်းအဝေးတစ်ခု ပြုလုပ်လိုက်သည်။
လယ်ယာစိုက်ပျိုးရေး အမတ်ချုပ်က ရှေ့တိုးလာကာ မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ပြောလိုက်သည်
“ ဘုရင်မင်းမြတ်ရဲ့ မျှော်လင့်ချက်အတိုင်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပျိုးထောင်ဖို့အတွက် ပေးလိုက်တဲ့ မျိုးစေ့တွေ မဖြစ်ထွန်းပါဘူး”
ဝမ်ဝေ့ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ထလို့ရပါပြီ။ လုပ်ငန်းစဉ်ရဲ့ အစီရင်ခံစာကို ပေးပါ”
ထိုစကားကိုကြားပြီး အမတ်ချုပ်က မတ်တပ်ထရပ်ကာ အစီရင်ခံစာနှင့် အစေ့ကို ဘေးဖက်ရှိ တစ်စုံတစ်ယောက်ကို ပေးလိုက်သည်။ ထိုသူမှတစ်ဆင့် ဝမ်ဝေ့ထံသို့ ပြန်ကမ်းပေးသည်။
ဝမ်ဝေ့က ထိုကဲ့သို့ အစဉ်အလာအရ လုပ်နေရသည်ကို မုန်းသော်လည်း အခမ်းအနားများတွင် လိုအပ်သည့် ယဉ်ကျေးသော အပြုအမူဆိုတာကို သူ သိထားသည်။
သူက တိုင်းပြည်၏ ဘုရင်တစ်ပါးဖြစ်သည့်အတွက် တစ်စုံတစ်ခုကို တိုက်ရိုက်လက်ခံခြင်းက မယဉ်ကျေးရာရောက်သည်ဟု ခန့်မှန်းလိုက်သည်။
အစီရင်ခံစာကို ရပြီးနောက် စတင်ဖတ်ရှုလိုက်သည်။
လွန်ခဲ့သောနှစ်နှစ်က အရှေ့ဘက်မိုးတိုင်းပြည်ကို အုပ်စိုးပြီးနောက် ဝမ်ဝေ့က ကိစ္စနှစ်ခုအပေါ် စတင်အာရုံစိုက်လာသည်။ ထိုနှစ်ခုထဲမှ တစ်ခုက စိုက်ပျိုးရေး ဖြစ်သည်။
တိုင်းပြည်တစ်ခုလုံးကို ကျွေးမွေးထားနိုင်ဖို့အတွက် မြေကို ဘယ်လိုပျိုးထောင်ရမလဲ ဆိုသည်နှင့် ဘယ်လိုမှန်ကန်စွာ လုပ်ဆောင်ရမလဲဆိုသည့် ဗဟုသုတကို ဝေမျှပေးသည်။
ဝမ်ဝေ့က ထိုနေရာမှာတင် ရပ်တန့်ခြင်း မရှိဘဲ ထိုနည်းလမ်းများကို သင်ယူရန် အချိန်အလုံအလောက် ပေးပြီးနောက် စိုက်ပျိုးရန် သိပ္ပံနည်းကျ နည်းလမ်းများကို စတင် အသုံးပြုလိုက်သည်။
ဝမ်ဝေ့က သူ့မှတ်ဉာဏ်နှင့်ပင် အတိတ်ဘဝဝုန်းက နည်းပညာများကို မရနိုင်ပေ။
သို့သော် သူက စွမ်းအားကြီး ပြုပြင်မွမ်းမံသူတစ်ယောက် ဖြစ်သလို အစီအရင် ဆရာတစ်ဆူလည်း ဖြစ်သည်။ ထို့ကြောင့် စိုက်ခင်းများတွင် ပုံမှန်အလုပ်နေရာတွင် အစားထိုးရန် ရုပ်သေးရုပ်များစွာကို ဖန်တီးခဲ့သည်။ သူက အပူချိန်၊ စိုထိုင်းမှုနှင့် အပင်များ၏ ရေဓာတ်ကို ထိန်းညှိပေးမည့် အစီအရင်များကို ဖန်တီးခဲ့သည်။
ဓာတ်မြေဩဇာများအစား အစားထိုး အသုံးပြုနိုင်မည့် ဆေးလုံးများကို ယန်းလီလင်းနှင့်အတူ ဖန်တီးခဲ့သည်။
အရိုးရှင်းဆုံး ပြောရလျှင် ဝမ်ဝေ့က သာမန်လူများ၏ နေ့စဉ်ဘဝကို ကျင့်ကြံခြင်း၏ စွမ်းအားကို အသုံးပြုကာ အခြေခံကျကျ ပြောင်းလဲပေးခြင်း ဖြစ်သည်။ ကျင့်ကြံသူများက အပြစ်တင်ခဲ့ကြသော်လည်း ဝမ်ဝေ့က သူတို့ကို လုပ်ခိုင်းချင်သည့် အလုပ်များ လုပ်ရန် အားပေးသည့်အနေဖြင့် အင်အားနှင့် ဆုလာဘ်နှစ်ခုလုံး အသုံးပြုခဲ့သည်။
လယ်ယစိုက်ပျိုးရေးအမတ်ချုပ် ပြောသည့် ကျရှုံးခြင်းကလည်း ဝမ်ဝေ့က မျိုးစေ့များ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီပမာဏအပေါ် မူတည်ပြီး အလျင်အမြန် ကြီးထွားလာစေရန်အတွက် မျိုးစပ်နည်းကို အသုံးပြုဖို့ ဌာနကို တောင်းဆိုခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။
စိုက်ပျိုးထားသော မျိုးစေ့က ကောင်းကင်မြေကမ္ဘာမှ ဝိညာဉ်ချီကို စုပ်ယူနိုင်ကာ ကြီးထွားနှုန်းကို မြှင့်တင်နိုင်စေရန်အတွက် ဖြစ်သည်။
ဤအစီအစဉ်သာ အောင်မြင်သွားပါက ဝမ်ဝေ့ ဝိညာဉ်စုစည်းရေး အစီအရင်တစ်ခု ပြုလုပ်ပြီး ထိုအစေ့များကို စိုက်ပျိုးကာ လျင်မြန်စွာ ကြီးထွားလာစေမည်။ ထိုအခါ တိုင်းပြည်တစ်ခုလုံးအတွက် ပိုမိုများပြားသော စားစရာပမာဏကို ရရှိနိုင်သည်။
သူ အောင်မြင်သွားပါက မဖြစ်နိုင်သော အရာကို ပြီးမြောက်သွားခြင်း ဖြစ်သည်။
တိုင်းပြည်တစ်ခုလုံး မဟုတ်သေးဘူး ကမ္ဘာတစ်ခုလုံး စားစရာတွေ များလာတာကြောင့် ဆာလောင်မွတ်သိပ်ခြင်းကနေ ကင်းဝေးသွားတာကို စဉ်းစားကြည့်လိုက်စမ်း
လုံးဝကို ဆန်းကြယ်တဲ့အရာပဲ
အစီအရင်ခံစာကို ဖတ်ပြီး ကျရှုံးသွားသော ထုတ်ကုန်အကြောင်းကို စစ်ဆေးလေ့လာကာ ဝမ်ဝေ့ သက်ပြင်းချရင်း စဉ်းစားလိုက်သည်။
ကြည့်ရတာ သိပ္ပံသဘောတရားက ကျင့်ကြံရေးကမ္ဘာမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ပုံပဲ … အနည်းဆုံးတော့ ရာနှုန်းပြည့် မဟုတ်ဘူး …
ဒီလို ကောင်းကင်ဆန့်ကျင်တဲ့အရာတွေ လုပ်ရတာ မလွယ်ဘူးဆိုတာကို ငါ တွေးထားသင့်တယ်။ ငါ လုပ်ဖို့ ကြိုးစားနေတဲ့အရာက ပုပ်သိုးနေတဲ့အရာကို မှော်ဆန်တဲ့အရာအဖြစ် ပြောင်းလဲနေသလိုမျိုးပဲ။ ကြမ္မာကောင်းတာအို ကျင့်ကြံတဲ့ မဟာဧကရာဇ်တွေပဲ ဖြစ်စဉ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်တဲ့ မှော်ဆန်တဲ့ မျိုးစေ့ကို ဖန်တီးနိုင်မယ်ထင်တယ်