အပြောင်းအလဲများ
Vol. 8 Ch. 111
အခန်း (၁၁၁) : အပြောင်းအလဲများ
အားလုံး ထွက်မသွားခင် ဝမ်ဝေ့ စစ်ဆေးစရာများစွာ ရှိနေသည့်အတွက် အစည်းအဝေးက အချိန်အတော်လေး ကြာမြင့်ခဲ့သည်။ သို့သော် လူတစ်ယောက်က ဝမ်ဝေ့နှင့် သီးသန့်စကားပြောရန် စောင့်နေသည်။ ထိုသူက ဧကရီ သုံ့လီဖန်း ဖြစ်၏။
ဝမ်ဝေ့က ခေါင်းလှည့်ကာ ဇာမဏီပလ္လင်ပေါ်တွင် ထိုင်နေသော သူမကို စိုက်ကြည့်ကာ မေးလိုက်သည်
“ မင်းမှာ ပြောစရာရှိနေလို့လား”
သုံ့လီဖန်းက မတ်တပ်ရပ်ကာ သေချာအရိုအသေပေးပြီးနောက် ပြောလိုက်သည်
“ ဘုရင်းမင်းမြတ်ကို စကားတည်ပြီး လူတွေကို ကောင်းကောင်းဆက်ဆံပေးတဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ”
ဝမ်ဝေ့က လက်ယမ်းပြကာ ပြန်ဖြေလိုက်သည်
“ ထပါ။ ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါ အရင်က ပြောခဲ့တဲ့အတိုင်း ဒါက ငါ့အတွက် စစ်ဆေးမှုတစ်ခု သက်သက် ဖြစ်ပြီးတော့ အဲလိုလုပ်တာက ငါ့အတွက်လည်း အကျိုးအမြတ် များတယ်”
“ အဲလိုမျိုး ဖြစ်နိုင်ပါတယ် ဘုရင်မင်းမြတ်” သုံ့လီဖန်းက အရိုအသေပေးနေရင်း ဖြေလိုက်သည်
“ ဒါပေမဲ့ ကျွန်မ တခြားတိုင်းပြည်တွေရဲ့ သတင်းတွေကို ကြားပြီးပြီ။ ဘယ်သူမှ လူတွေရဲ့ ရှင်သန်နေထိုင်မှုအပေါ် ဒီလောက်ထိ အားစိုက်ထုတ်တာမျိုး မရှိဘူး။ လူအများရဲ့ ဘဝက အရမ်းတိုးတက်သွားပေမဲ့လည်း တိုင်းပြည်ရဲ့ ပြောင်းလဲမှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင်….။ အဲဒါတွေကလည်း ဘုရင်မင်းမြတ်ရဲ့ နတ်ဘုရားအသိစိတ်ကြောင့်ပါပဲ”
ဝမ်ဝေ့ ပြုံးကာ သူမကို ထူပေးရင်း ပြောလိုက်သည်
“ မင်း အခု ထလို့ရပါပြီ။ မင်းရဲ့ ချီးကျူးမှုကို လက်ခံပါတယ်” သူမကို ပလ္လင်မှာ ထိုင်စေကာ ရုတ်တရက် မေးမြန်းလိုက်သည်။
“ မင်း ဘာလို့ ၁၁လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်မှာပဲ ရှိနေလဲဆိုတာကို သိချင်နေတာ။ မင်းမှာရှိတဲ့ အရည်အချင်းနဲ့ ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေအရဆိုရင် မင်း အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်ထဲကို ရောက်သွားသင့်တာ ကြာပြီ”
ဝမ်ဝေ့အတွက် လက်ဖက်ရည်ကြမ်းလုပ်ပေးနေသော သုံ့လီဖန်း ရုတ်တရက် ရပ်တန့်သွားကာ မျက်နှာပေါ်တွင် တောင့်တင်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ဘာမှမဖြစ်သလို ပုံစံမျိုးဖြင့် ဆက်ပြောလိုက်သည်
“ ကျွန်မက နယ်ပယ်အဆင့်တစ်ခုချင်းစီတိုင်းမှာ ကျွန်မရဲ့ အုတ်မြစ်ကို သေချာခိုင်မာအောင် လုပ်နေရုံပါပဲ”
သို့သော် အရိပ်အကဲမြန်သူ ဝမ်ဝေ့က သူမ၏ အပြုအမူများကို သတိထားမိပြီး တစ်စုံတစ်ခုကို တွေးတောမိသွားပုံပေါ်သည်။
“ မင်းက အရမ်းရည်မှန်းချက်ကြီးတာပဲ။ မင်းက အထွတ်အထိပ် အုတ်မြစ်နဲ့ မကျေနပ်ဘဲ တာအိုအုတ်မြစ်ကို လိုချင်နေတာပဲ”
ဝမ်ဝေ့ပြောသော စကားလုံးများကို ကြားသည့်အခါ သုံ့လီဖန်း ချက်ချင်းခေါင်းငုံ့လိုက်မိသည်။ သူနှင့် အကြည့်ချင်းမဆုံဘဲ လက်ဖက်ရည်ကြမ်းကို အမြန်ဆက်သလိုက်သည့်အတွက် သူ့အပေါ်ပင် မှောက်ကျမလိုပင် ဖြစ်သွားသည်။
ရုတ်တရက် ဝမ်ဝေ့၏ စိတ်ထဲတွင် အကြံတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် သူမကို စိတ်အေးအောင် ပြောပေးလိုက်သည်။
“ စိတ်ပူစရာလည်း မလိုသလို ကြောက်ဖို့လည်း မလိုပါဘူး။ ရည်မှန်းချက်ကြီးတာ ဘာမှ အမှားမရှိပါဘူး။ ကံမကောင်းစွာနဲ့ တာအိုအုတ်မြစ်ကို ရဖို့ လျှို့ဝှက်ချက်က ငါတို့ဂိုဏ်းရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ။ ငါ့ရဲ့ ရာထူးနဲ့ဆိုရင်တောင် မင်းကို ပြောပြလိုက်ရင် ဒုက္ခအကြီးအကျယ် ရောက်သွားမှာ။ ငါက ဂိုဏ်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုကို ပြောလိုက်တယ်ဆိုတဲ့အကြောင်း သတင်းပြန့်သွားရင် ဒီကမ္ဘာတောင် ရှုပ်ထွေးသွားလိမ့်မယ်”
ထိုစကားကို ကြားပြီး သုံ့လီဖန်း ခေါင်းပိုငုံ့သွားကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်
“ အဆင့်တက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မပြောပြနိုင်ပေမဲ့…” ဝမ်ဝေ့က ဆက်ပြောလိုက်သည်
“ မင်းကို အကူအညီတချို့ ပေးနိုင်ပါသေးတယ်”
သုံ့လီဖန်း အလျင်အမြန် ခေါင်းထောင်လာကာ တောက်ပသော အကြည့်ဖြင့် ဝမ်ဝေ့ကို စိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်၌ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ သိမ်မွေ့နူးညံ့သော အလှအပကို ထုတ်လွှတ်လိုက်သည်။
“ မင်းရဲ့ ပြဿနာအတွက် အဖြေက မင်းရှေ့မှာပဲ ရှိတယ်။ ကံကောင်းမှုလေ။ တိုင်းပြည်ရဲ့ ကံကောင်းမှုမှာ မှော်ဆန်ပြီး စိတ်ကူးယဉ်လို့မရနိုင်တဲ့ အရာတွေ ရှိတယ်။ မင်းသာ သေချာလေ့လာမယ်ဆိုရင် မင်းရဲ့ အုတ်မြစ်ကို တာအိုအဆင့်ထိ မြှင့်တင်နိုင်မဲ့ နည်းလမ်း ရှာတွေ့မှာပါ”
“ ဒါပေမဲ့ ဘုရင်မင်းမြတ် တိုင်းပြည်ကံကောင်းမှုက ဘုရင်မင်းမြတ်တစ်ယောက်ထဲပဲ ထိန်းချုပ်လို့ ရတာလေ”
“ ငါ ထုတ်ပြောပြီးပြီဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ငါ့မှာ နည်းလမ်းရှိလို့ပဲပေါ့။ ငါ အလုပ်မများတဲ့အချိန် မင်း လာရှာလေ။ မင်း တိုင်းပြည်ရဲ့ ကံကောင်းမှုကို ထိန်းချုပ်လို့ရအောင် တော်ဝင်စည်းတံဆိပ်ကို အသုံးပြုပေးမယ်။ ငါ ၁၂လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ရောက်အောင် လုပ်ခဲ့တုန်းက အတွေ့အကြုံကိုလည်း ပြောပြပေးမယ်”
သုံ့လီဖန်းက ချက်ချင်း ငြင်းဆိုလိုက်ချင်သည်။ တိုင်းပြည်၏ ကံကောင်းမှုကို ထိန်းချုပ်ခြင်းက ဘုရင်တစ်ပါး၏ သင်္ကေတဖြစ်ပြီး ရာထူးနှင့် အာဏာ၏ သက်သေလည်း ဖြစ်သည်။
သူမက ဘာလို့ အဲလိုအရာမျိုးကို အသုံးပြုရမှာလဲ
သူမ လုပ်ချင်လျှင်ပင် ခုံရုံး၏ အမတ်များက ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။ သူတို့က သူမကို ပုန်ကန်သည်ဟု စွပ်စွဲပြီး သူမကို ချက်ချင်း ရာထူးမှ ဖြုတ်ချကြလိမ့်မည်။ ပိုပြီးဆိုးရွားသည်က သစ္စာဖောက်မှုအတွက် ကွပ်မျက်ဖို့ပင် တောင်းဆိုနိုင်သည်။ အထူးသဖြင့် သူမက ယခင် တိုင်းပြည်မှ ကျန်ရှိသူဖြစ်သည့်အတွက် ခုံရုံးမှ အမတ်များက သူမကို မကြိုက်ကြောင်း သုံ့လီဖန်း သတိထားမိသည်။
သူမကို ကြင်ရာတော် ရာထူးချပေးရန် လူအများကြီးက ဘုရင်မင်းမြတ်ကို တောင်းဆိုနေကြသည်။ သူမအတွက် ကံကောင်းစွာဖြင့် ဘုရင်မင်းမြတ်က ထိုလူများကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်။ မဟုတ်လျှင် သူမ၏ ရာထူးအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။
သုံ့လီဖန်းက တည်ငြိမ်သော ဝမ်ဝေ့ကို စိုက်ကြည့်လိုက်ပြီး သူက တခြားဘုရင်များနှင့် မတူဘဲ သူမကို တိတ်တဆိတ် ကာကွယ်ပေးနေကြောင်း သတိထားလိုက်မိသည်။ သူမ အနည်းငယ် ရှက်သွေးဖြာသွားကာ ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ဖြင့် တစ်ခါထပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်
“ ဒါဆိုရင် အရှင်မင်းမြတ်ရဲ့ အကူအညီကို ဝမ်းသာစွာနဲ့ လက်ခံလိုက်ပါမယ်”
သူတို့နှစ်ယောက် လက်ဖက်ရည်သောက်ရင်း စကားပြောပြီးနောက် သုံ့လီဖန်းက ပြုံးပျော်ရင်း သူမ၏ ကိုယ်ပိုင်အဆောင်သို့ ပြန်သွားသည်။
ဝမ်ဝေ့က ဧကရီထွက်သွားသည်ကို စောင့်ကြည့်နေရင်း သူ၏ ခဲဖြူရောင်မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“ သူမ ကံကောင်းမှုကို လေ့လာဖို့ စိတ်ဝင်စားအောင် နည်းလမ်းရှာစရာ မလိုတော့ဘူးထင်တယ်။ ပြီးတော့ တိုးတက်ဖို့အတွက် ဖြစ်ချင်စိတ်လောက် စိတ်အားထက်သန်တာမျိုး မရှိတော့ဘူး” ဝမ်ဝေ့က ဉာဏ်များသော အပြုံး ပြုံးလိုက်ပြီးနောက် ကျင့်ကြံရေးအခန်းထဲသို့ ဝင်သွားသည်။
အစည်းအဝေး ပြီးသွားပြီးနောက် လီကျွင်းနှင့် ယန်းလီလင်းတို့က နန်းတော်ထဲမှ အတူတူ ထွက်လာကြသည်။ သူတို့က လရောင် မြို့တော်တစ်ခုလုံး လွှမ်းခြုံနေသည်ကို ကြည့်နေကြသည်။ ကံမကောင်းစွာဖြင့် လ၏ တောက်ပမှုက လှပစွာ တောက်ပနေသော မြို့အောက် အရိပ်သဖွယ် လွှမ်းမိုး ခံလိုက်ရသည်။
လီကျွင်း လမ်းလျှောက်ကာ ယန်းလီလင်းနှင့် စကားပြောနေစဉ် ညကို အလင်းရောင်ပေးနေသည့် မီးအိမ်များ အိမ်ဘယ်နှစ်အိမ်မှာ ရှိလဲဆိုတာ စစ်ဆေးလိုက်သည်။
သို့သော် မီးအိမ်များတွင် လောင်ကျွမ်းနေသော မီးများမရှိဘဲ အဝေးမှ လှမ်းမြင်ရသည့် စွမ်းအားကြီး အလင်းရောင်များကို ထုတ်လွှတ်နေသည်။
ရုတ်တရက် လီကျွင်းက ယန်းလီလင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ရုတ်တရက် သက်တံမြို့ကိုတောင် သွားလည်ချင်လာပြီ”
“ အရမ်းနောက်ကျနေမှလား”
“ အင်း ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာလောက်ပါဘူး”
“ အိုကေ သွားကြစို့လေ”သူတို့နှစ်ယောက် သဘောတူပြီးနောက် လက်တွေဝှေ့ယမ်းရင်း ထိန်လင်းနေသော လမ်းတစ်လျှောက် လမ်းလျှောက်သွားသည်။
ခဏအကြာတွင် ရထားလုံးတစ်ခု ဆိုက်ရောက်လာပြီးနောက် မောင်းနှင်သူက ပြောလိုက်သည်
“ သခင်လေးနဲ့ သခင်မလေး မြင်းပျံရထားလုံး ခေါ်ပါသေးလား”
သူတို့နှစ်ယောက်လုံး ခေါင်းညိတ်ပြကာ ရထားလုံးထဲ တင်ပြီးနောက် မှန်ပြတင်းပေါက်မှ တစ်ဆင့် မောင်းနှင်သူကို ပြောလိုက်သည်
“ ကျုပ်တို့ကို နဂါးဘူတာ မှာ ချခဲ့ပေးပါ”
“ ကောင်းပါပြီ” မောင်းနှင်သူက ပြန်ဖြေလိုက်သည်။ ထို့နောက် သူ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရထားလုံးပေါ်ရှိ မရေတွက်နိုင်သော အက္ခရာစာများ လင်းလက်လာကာ မောင်းနှင်သူက စက်ဝိုင်းပုံစံ သစ်သားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရထားလုံးကို မောင်းနှင်နေသည်။
ရထားလုံးကို ခြေထောက်အစား ဘီးလေးလုံးပါဝင်သည့် သစ်သားမြင်းတစ်ကောင်က ဆွဲနှင်နေပြီး ရထားလုံး ဆယ်လုံး ဖြတ်လောက်နိုင်သည့် လမ်းမအထက် ဦးတည်နေသည်။
ရထားလုံးတစ်ခုချင်းစီက အရမ်းမြန်ဆန်သော်လည်း လမ်းကြောင်းတစ်ဖြောင့်တည်း သွားနေကာ တစ်ယောက်နှင့် တစ်ယောက် ကျော်တက်ဖို့ မစဉ်းစားကြပေ။
လမ်းပေါ်တွင် မိနစ်အနည်းငယ် ကြာသွားသောအခါ မောင်းနှင်သူက သူတို့နှစ်ယောက်လုံးကို ပြောလိုက်သည်
“ ဘုရင်မင်းမြတ်က အခုလိုမျိုး မှော်ဆန်တဲ့ ရထားလုံးကို ဖန်တီးလိုက်တာ ယုံတောင် မယုံနိုင်သေးဘူး။ အခုဆို သွားရေးလာရေးက အရမ်းကို လွယ်ကူသွားပြီ”
“ ဒါက တကယ်ကို ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုပဲ” လီကျွင်းက ပြန်ပြောလိုက်သည်။
“ မူလနာမည်က ကာ… ကား ဆိုလားပဲ။ အဲဒါအမှန်လားဆိုတာ သိချင်လိုက်တာ”
“ အဲဒါအမှန်ပဲ။ ဒါပေမဲ့ တရားရုံးရဲ့ အမှုထမ်းတွေက လူတွေ မရင်းနှီးတဲ့ နာမည်ကိုမမှတ်နိုင်မှာ စိုးလို့ ဆိုပြီးတော့ ပိုပြီးတော့ ရင်းနှီးတဲ့ နာမည်ကို သုံးလိုက်တာ။ အဲဒါကြောင့် မြင်းပျံရထားလုံး ဆိုပြီး ဖြစ်လာတာ”
“ အင်း ကျွန်တော် အမြင်အရတော့ အခုလက်ရှိ နာမည်က အတော်လေး ကောင်းတယ်လို့ ထင်တယ်” ခရီးသည်နှစ်ယောက် ထိုကဲ့သို့ အတွင်းကျသည့် အချက်အလက်အား သိနေခြင်းကို မောင်းနှင်သူ မအံ့ဩတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ ဝတ်ထားသော အဝတ်အစားများကို ကြည့်ပြီး နောက်ခံကောင်းကောင်း ရှိသည်ကို ခန့်မှန်းထားပြီးသောကြောင့် ဖြစ်သည်။
ရထားလုံး မောင်းနှင်သည့် အလုပ်ကို လုပ်တာ ကြာပြီဖြစ်သည့်အတွက် ခရီးသည်များ၏ အဝတ်အစားနှင့် အပြုအမူကို ကြည့်ပြီး ဂုဏ်အရှိန်အဝါရှိသော၊ မြင့်မြတ်သော ခရီးသည်များကို ခွဲခြားနိုင်နေပြီ ဖြစ်သည်။
ထိုခရီးသည်များက အတော်လေး ဖော်ရွေသည့်အတွက် စကားဆက်ပြောနေမိသည်။
“ ကျွန်တော်က မြို့တော်မှာ နေတာကြာပြီဆိုတော့ ကျွန်တော်ရဲ့ ဘဝမှာ တွေ့ကြုံခဲ့ရတာတွေ အရမ်းများနေပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကလိုမျိုး မြို့တော် ပြောင်းလဲသွားတာမျိုးကို မမြင်ဖူးသေးဘူး။ မြို့တစ်မြို့လုံးမှာ အညစ်အကြေးလည်း မရှိတော့ဘူး။ နေရာတိုင်းမှာ လဲလျောင်းနေခဲ့တဲ့ သူတောင်းစားတွေလည်း မရှိတော့ဘူး။ အားလုံးမှာလည်း ဝတ်ဖို့ အဝတ်အစား ကောင်းကောင်းလေးတွေ ရှိလာပြီ။
ဒီထက်ပိုပြီးတော့ အရေးကြီးတာက မီးမရှိဘဲ သူ့ဘာသာသူ လင်းနိုင်တဲ့ မသေမျိုး မီးအိမ်တွေပဲ။ ကျွန်တော်တို့အိမ်ကို ပထမဆုံး မသေမျိုး မီးအိမ်ယူသွားတော့ ကျွန်တော်မိန်းမက အတော်လေး ပျော်နေတာ။
အဲဒါကို ဝယ်နိုင်ဖို့အတွက် တစ်လပဲ ပိုက်ဆံစုဖို့ လိုလိုက်တယ်။ အဲလောက်ထိ ကောင်းတဲ့ပစ္စည်းက နည်းနည်းလေးပဲ ကုန်ကျတယ်ဆိုတော့ ကျွန်တော် အရမ်းကို အံ့ဩသွားတာ။ အစတုန်းကတော့ သတင်းအမှားတွေလို့တောင် ထင်နေတာ။
ဒါပေမဲ့ ကျွန်တော်တို့ အိမ်နီးချင်းက ပထမဆုံး မသေမျိုးမီးအိမ်ကို ဝယ်လာပြီးတော့ ဈေးနှုန်းက အမှန်လို့ ပြောတော့ ကျွန်တော် အရမ်းပျော်သွားပြီး ဘုရင်မင်းမြတ်ကို ကောင်းချီးပေးနိုင်အောင် ဘုရင်မင်းမြတ်ရုပ်ထုကို ဝယ်လိုက်တယ်”
မောင်းနှင်သူက သက်ပြင်းချကာ ခဏတာ စိတ်ခြောက်ခြားသွားပုံပေါ်ပြီးနောက် ဆက်ပြောသည်
“ တိုင်းပြည်ရဲ့ ဥပဒေမှာ ဘုရင်မင်းမြတ်ကို ကိုးကွယ်ခွင့် မပြုဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့ မရဘူး။ မသေမျိုးမီးအိမ် ဝယ်သွားတဲ့နေ့ကဆိုရင် ကျွန်တော်ရဲ့သားလည်း အရမ်းပျော်နေတာ။ သူ စာလေ့လာတဲ့အခါ ဖယောင်းတိုင်မီးနဲ့ မျက်မှောင်ကြုတ်ပြီး ကြည့်စရာ မလိုတော့ဘူးလေ”