အပြောင်းအလဲများ
Vol. 8 Ch. 112
အခန်း (၁၁၂) : အပြောင်းအလဲများ
လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံး တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြောပြကာ စိတ်သက်သာရာရအောင် လုပ်ချင်နေသည့် မောင်းနှင်သူကို ကြည့်ပြီး သက်ပြင်းချလိုက်မိကြသည်။
ထိုအရာကြောင့်ပဲ သူတို့၏ အစ်ကိုကြီးက ဤကမ္ဘာပေါ် ဘယ်လောက်ထိ လွှမ်းမိုးကြောင်းနှင့် လူအများအတွက် သူ ယူဆောင်လာပေးသည့် ပြောင်းလဲမှုများကို သတိထားမိသွားစေသည်။ ဤမောင်းနှင်သူကလည်း လွန်ခဲ့သော နှစ်နှစ်က အစ်ကိုကြီး ပြောင်းလဲပေးလိုက်သည့် သန်းပေါင်းများစွာသော ဘဝများထဲမှ တစ်ခု ဖြစ်သည်။
ခဏတာ စဉ်းစားပြီးနောက် မောင်းနှင်သူက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ပြောဆိုနေသည်။
“ ကျွန်တော်သား တက်တဲ့ ကျောင်းမှာ ထောက်ပံ့တဲ့ ဝိဇ္ဇာကျမ်းဆိုရင်လည်း အရမ်းကောင်းတာပဲ။ ကျောင်းက အလကားတက်လို့ ရရုံတင် မကသေးဘူး ကျောင်းသားတွေကို ဒီလိုမျိုး ထာဝရအသုံးအဆောင်ပစ္စည်းတစ်ခုတောင် ထောက်ပံ့သေးတယ်။ ကျွန်တော် ကြားတာကတော့ သူ့ရဲ့ ဆရာက စာအုပ်ကနေ တစ်ဆင့် သူ့ကို တိုက်ရိုက် စကားပြောတယ်တဲ့။ ဒါဆို အဲဒါက ဘယ်လိုမျိုး အလုပ်လုပ်တာလဲ”
“ အဲဒါ သူ့ကို စကားပြောနေတာ မဟုတ်ဘူး။ သူ့ကို ပုံရိပ်ယောင်ထဲမှာ ထည့်ထားလိုက်တာ”
“ ပုံရိပ်ယောင်တဲ့လား”
“ ဟုတ်တယ်” ယန်းလီလင်း ဖြေပေးလိုက်သည်
“ဝိဇ္ဇကျမ်းအပေါ်မှာ ပုံရိပ်ယောင် အစီအရင်ပါတယ်လေ။ အဲဒါကြောင့် ကျောင်းသားတွေက စွမ်းအားကြီး ပုံရိပ်ယောင်ထဲ ဝင်သွားနိုင်ပြီးတော့ ဆရာတွေရဲ့ သင်ခန်းစာနဲ့ ဗဟုသုတတွေကို သင်ယူနိုင်တာပေါ့”
“ အဲဒီပုံရိပ်ယောင်နဲ့ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေက သူတို့ရဲ့ စိတ်ထဲမှာ ဗဟုသုတတွေ ချက်ချင်းစွဲမြဲသွားစေနိုင်တယ်။ မှတ်သားရမည့် အဆင့်ကို ကျော်သွားနိုင်တယ်လေ။ သူတို့က ဆရာတိုင်းရဲ့ သင်ခန်းစာတွေကို အချိန်မရွေး နေရာမရွေးလည်း သင်ယူနိုင်တယ်။ အစ်ကိုကြီး … အဲ ဘုရင်မင်းမြတ်က တိုင်းပြည်အတွက် အမှုထမ်းတွေကို အလျင်အမြန် လေ့ကျင့်ပေးနိုင်ဖို့အတွက် အဲဒီနည်းလမ်းကို ဖန်တီးလိုက်တာ”
ယန်းလီလင်းက ထိုစာအုပ်၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသာ ပြောပြလိုက်ပြီး အထဲတွင် ပါရှိနေသည့် ပြောင်းလဲနေသော အကြံဉာဏ်များအကြောင်းကိုတော့ မပြောလိုက်ပေ။
ဥပမာအားဖြင့် ပုံရိပ်ယောင်ထဲတွင် ရှိနေစဉ်အတွင်း လူတိုင်း၏ စိတ်ဝိညာဉ်က အဆင့်အမြင့်ဆုံး ဖြစ်သွားသည့်အတွက် အာရုံစူးစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်လာသည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ချင်းစီတိုင်း၏ သင်ယူနိုင်စွမ်းက အဆမတန် တိုးတက်လာခြင်း ဖြစ်သည်။
ပြင်းထန်သော အာရုံစိုက်မှုကြောင့် ဆိုးကျိုးမရှိစေရန် ကျောင်းမှ ကျောင်းသားကျောင်းသူတိုင်းကို သေချာကျွေးမွေးဖို့ လိုအပ်သည်။
ဤမူလအသုံးအဆောင်ပစ္စည်းကို ဖန်တီးနိုင်ရန်အတွက် ဝမ်ဝေ့က စုအိုက်နှင့်အတူ လပေါင်းများစွာ ပုံရိပ်ယောင် အကြောင်းကို လေ့လာခဲ့ရသည်။ အက္ခရာစာများတွင် ဗဟုသုတများသောသူ တစ်ယောက်အနေဖြင့် ယန်းလီလင်းမှာ ဆန်းသစ်သော အက္ခရာများ အသုံးပြုမှုကြောင့် အံ့အားသင့်ခဲ့ရသည်။
မောင်းနှင်သူက သေချာနားထောင်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ သခင်မလေးတို့ ပြောနေတာ ဘာတွေလဲဆိုတာ ကျွန်တော် နားမလည်ပေမဲ့လည်း ဘုရင်မင်းမြတ်က အဲလိုမျိုး ထာဝရအသုံးအဆောင်ပစ္စည်းတစ်ခု ဖန်တီးခဲ့လို့ ကျွန်တော် ပျော်ပါတယ်”
ရုတ်တရက် ယန်းလီလင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
“ ရှင် ဒီအရာတွေကို သိထားသင့်တယ် မဟုတ်ဘူးလား။ ဥပဒေအရဆိုရင် မြင်းပျံရထားလုံး မောင်းနှင်တဲ့ မောင်းနှင်သူတိုင်း စာတတ်ဖို့လိုပြီး တရားဝင်မောင်းနှင်သူ ဖြစ်လာဖို့အတွက် စစ်ဆေးမှုကို ဖြတ်ကျော်ဖို့ လိုအပ်တယ်လေ”
မောင်းနှင်သူက ရှက်ပြုံး ပြုံးကာ လျင်မြန်စွာ ပြန်ဖြေလိုက်သည်
“ ကျွန်တော် ကျောင်းမှာ စာမသင်ခဲ့ရဘူး။ ကျွန်တော် ဖတ်တတ်အောင်လို့ သားက ပြန်သင်ပေးတာ။ အဲဒါနဲ့ စစ်ဆေးမှု အောင်မြင်ပြီးတော့ ခွင့်ပြုချက်ရသွားတာ”
ထို့နောက် မောင်းနှင်သူက ရှေ့အံဆွဲထဲမှ စာရွက်တစ်ခုကို ထုတ်ကာ သူတို့ကို ခြားထားသည့် မှန်ပြတင်းပေါက်မှတစ်ဆင့် ယန်းလီလင်းကို ပေးလိုက်သည်။
ယန်းလီလင်းက ခွင့်ပြုချက်ကို စစ်ဆေးပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ကြည့်ရတာ တရားဝင်ဖြစ်တဲ့ပုံပါပဲ။ ကိုယ့်ဘာသာကို သင်ယူနိုင်တယ်ဆိုတော့ ရှင့်ကို ကြည့်ရတာ အရမ်းဉာဏ်ကောင်းတဲ့ပုံပဲ”
ချီးကျူးမှုကို ကြားပြီး မောင်းနှင်သူက အနည်းငယ် ရှက်သွားကာ ပြန်ဖြေလိုက်သည်
“ အဲဒီအချိန်တုန်းက ကျွန်တော်က မြင်းပျံရထားလုံး ဝယ်နိုင်ဖို့ သာမန်ရထားလုံးကို ကြိုးစားမောင်းနှင်ပြီး ပိုက်ဆံစုနေတဲ့ အချိန်ပေါ့။ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီရထားလုံးအသစ်က ခေတ်စားလာတော့မှာဆိုတာ သိလိုက်တော့ အဲဒါကို ဝယ်နိုင်တဲ့ ပထမဆုံးလူတွေထဲမှာ ပါချင်တယ်။ ဒါပေမဲ့ ကျွန်တော်သာ ကျောင်းသွားတက်လိုက်မယ်ဆိုရင် အချိန်တွေ အများကြီး ဖြုန်းသလို ဖြစ်နေမှာဆိုတော့ သားကိုပဲ သင်ပေးခိုင်းလိုက်တာ။ ကောင်းကင်ဘုံရဲ့ ကျေးဇူးကြောင့် မဟုတ်သေးဘူး ဘုရင်မင်းမြတ်ရဲ့ ကောင်းချီးပေးမှုကြောင့် စစ်ဆေးမှု အောင်မြင်ပြီးတော့ သက်သေခံ အမှတ်အသားပြားရခဲ့တာ”
လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံး ခေါင်းညိတ်ပြကာ ခရီးစဉ်တစ်လျှောက်လုံး စကားဆက်ပြောလာကြသည်။ မိနစ် အနည်းငယ် ကြာသည့်အခါ သူတို့နှစ်ယောက် သွားချင်သည့် နေရာသို့ ရောက်ရှိသွားသည့်အခါ မောင်းနှင်သူကို ပိုက်ဆံရှင်းကာ အရမ်းကောင်းမွန်သော အနီရောင်စာအိတ်ကို တိတ်တဆိတ် ပေးအပ်လိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားသည့်အခါ မောင်းနှင်သူက ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်
“ နတ်သမီးနဲ့တူတဲ့သူက ငါ့ကို ဘယ်လောက်တောင် တော်လဲ ချီးကျူးသွားတာကို ငါ့မိန်းမက ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။ အဲဒီအဖွားကြီးက ဘယ်တော့မှ ငါ့ရဲ့ ဉာဏ်ပညာကို အသိအမှတ်ပြုမပေးဘူး။
သား ပြောတဲ့အတိုင်း တခြားသူတွေရဲ့ အသံ သိမ်းထားလို့ရတဲ့ မှော်ပလွေ ဝယ်မှထင်တယ်။ အဲဒါကို ဘာလို့ ခေါ်ပါလိမ့်။ အော်… အသံသိမ်းပုလွေပဲ။ ဒါပေမဲ့ အဲဒီပစ္စည်းတွေက အရမ်းဈေးကြီးတယ်”
ထို့နောက် သူလည်း ထွက်သွားကာ နောက်ထပ် ခရီးသည်ကို ရှာဖွေနေသည်။
လီကျွင်းနှင့် ယန်းလီလင်းက သူတို့၏ ဦးတည်ရာဖြစ်သော နဂါးဘူတာသို့ ရောက်ရှိသွားသည်။
ထို့နောက် သူတို့က သူတို့၏ ထွက်ခွာခွင့်ကို သွားဝယ်လိုက်သည်။ သူတို့၏ မှတ်ပုံတင်ကတ်ကို ပြသပြီးနောက် ထွက်ခွာခွင့်ထုတ်ပေးသော အမျိုးသမီးက ခဏတာ ပျာယာခတ်သွားပြီးနောက် ပြောလိုက်သည်
“ လူကြီးမင်းတို့လိုမျိုး အဆင့်မြင့်အရာရှိတွေအတွက် ထွက်ခွာခွင့်က အလကားပါ။ ပေးစရာ မလိုပါဘူး”
သို့သော် လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံးက ခေါင်းယမ်းပြကာ သူတို့၏ သွားလာခွင့်အတွက် ပိုက်ဆံပေးနေဆဲ ဖြစ်သည်။ ထို့နောက် သူတို့ မိနစ်အနည်းငယ် စောင့်စားလိုက်သည်။
ထို့နောက် ဘူတာရုံတစ်ခွင်တွင် သာယာသော အသံလေးတစ်ခု ပျံ့နှံ့သွားသည်။
“ တွားသွားနဂါးယာဉ် ဆိုက်ရောက်လာပြီ။ ခရီးသည်အားလုံး တက်ရောက်ဖို့ အသင့်ပြင်ထားပြီး တံခါးများနှင့် အနည်းငယ်ခွာရပ်ပေးပါရှင်”
ကြေညာချက်ပြီးသွားသည့်အခါ လမ်းကြောင်းပေါ်တွင် အလျင်အမြန်သွားနေသည့် နဂါးပုံစံ သစ်သားယာဉ်ကို လီကျွင်းနှင့် ယန်းလီလင်းတို့ မြင်လိုက်ရသည်။ ထို့နောက် နဂါးကိုယ်ထည်ပေါ်ရှိ ကြေးခွံများ ပွင့်လာသည်။
ထို့နောက် ယာဉ်ထဲမှ လူအများကြီး ထွက်လာကာ ဦးတည်ရာ အဘက်ဘက်သို့ ထွက်သွားကြသည်။ ထို့နောက် လီကျွင်းနှင့် ယန်းလီလင်းတို့ အထဲဝင်သွားကြသည်။
လူအနည်းငယ်သာရှိသည့် သီးသန့် ရထားတွဲကို မနည်းရှာလိုက်ရသည်။
“ရုပ်သေးရုပ်တွေကို ဒီလိုမျိုး အသုံးပြုလို့ရမယ်လို့ ထင်မထားခဲ့ဘူး” လီကျွင်းက တောက်ပသော အကြည့်များဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“ အမှန်ပဲ” ယန်းလီလင်းက ထိုင်ပြီး ပြန်ဖြေလိုက်သည်။
“ အစ်ကိုကြီးဝမ်ဝေ့က ဒီကမ္ဘာက ပို့ဆောင်ရေးစနစ်က အရမ်းကို နှေးကွေးပြီး ပင်ပန်းစေတယ်လို့ ပြောနေခဲ့တာ။ အဲဒါကြောင့် သူက အခုလို တိုးတက်အောင် လုပ်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့တာ”
“ ဟုတ်တယ်။ ဒီထက်ပိုပြီး အထင်ကြီးစရာကောင်းတာက ကောင်းမွန်တဲ့ မူလအသုံးအဆောင်ပစ္စည်းတွေကို ကျင့်ကြံသူတွေအတွက်ပဲ သုံးတာ မဟုတ်ဘူး။ သေမျိုးတွေပါ ထိန်းချုပ်နိုင်တာ သေချာအောင် ရောင်းဝယ်ဖောက်ကားဖို့ နည်းလမ်းတွေ ရှာတွေ့ခဲ့တယ်”
“ ဒါပေမဲ့ ခုံရုံးထဲမှာရှိတဲ့ ကျင့်ကြံသူတွေက သေမျိုးတွေအတွက် အဲလိုလုပ်ပေးတာကို တားမြစ်ခဲ့ကြတယ်။ သူတို့က အမြင်ကျဉ်းလိုက်တာ” ယန်းလီလင်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
လီကျွင်းက အပြုံးတစ်ခုဖြင့် သူ့အဖော်ကို ကြည့်ကာ ပြောလိုက်သည်
“ သူတို့ကို ဝေဖန်ဖို့ မလိုပါဘူး။ ငါတို့ရဲ့ ကမ္ဘာမှာဆိုရင်တောင် ကျင့်ကြံသူတွေက သူတို့ လုပ်သလို တစ်ပုံစံထဲ လုပ်မှာပဲ။ ငါတို့သာ အစ်ကိုကြီးရဲ့ လွှမ်းမိုးမှု မရှိဘူးဆိုရင် သူတို့လိုမျိုး မလုပ်ပါဘူးလို့ အာမခံနိုင်လား”
ယန်းလီလင်းက သူ့မေးခွန်းကို မဖြေပေ။ စက္ကန့်အနည်းငယ် ကြာသွားသည့်အခါ သူမက ပြောလိုက်သည်
“ ရောင်းဝယ်ဖောက်ကားတယ်ဆိုတဲ့ ထူးဆန်းတဲ့ စကားလုံးက ဘာလဲ”
“ အစ်ကိုကြီးမှာ အမြဲတမ်း ထူးဆန်းတဲ့ နာမည်တွေ ရှိနေတာပဲ။ သူက တွားသွားနဂါးယာဉ်ကို ရထားဆိုပြီးတော့ ခေါ်ချင်ခဲ့တာ မဟုတ်ဘူးလား။ အမေ ပြောတာတော့ ပါရမီရှင်တွေအားလုံးမှာ ထူးဆန်းတဲ့ အကျင့်တွေရှိတယ်တဲ့”
“ ဒါဆို ကျွန်မရဲ့ ပါရမီရှင်လေးမှာရော ဘယ်လိုမျိုး ထူးဆန်းတဲ့ အကျင့်လေးရှိနေတာလဲ” ယန်းလီလင်းက ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်ကာ ဖြေလိုက်သည်။
လီကျွင်းက နားထဲသို့ တီးတိုးပြောကာ ပြောလိုက်သည်
“ ဒီနေ့ည ကိုယ်တို့နှစ်ယောက်ထဲ ရှိတဲ့အချိန် ကိုယ့်ရဲ့ ထူးဆန်းမှုကို ပြရင် ဘယ်လိုလဲ”
ယန်းလီလင်း ချက်ချင်း ရှက်သွားကာ လီကျွင်းကို တွန်းထုတ်ပြီး ပြောလိုက်သည်
“ ဒီနေရာမှာတော့ မဟုတ်ဘူး”
လီကျွင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခေါင်းဖယ်ပေးလိုက်သည်။ သူ့မိန်းမကို ထပ်ပြီး ရှက်အောင် မလုပ်မိရန် ပြတင်းပေါက်ကို ကြည့်နေလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ယန်းလီလင်းက မေးလိုက်သည်
“ ဘာတွေ ဒီလောက်တောင် စဉ်းစားနေတာလဲ”
“ ကိုယ် စဉ်းစားနေတာက လူသားဧကရာဇ်က အစ်ကိုကြီး ဝမ်ဝေ့လောက် ကောင်းပါ့မလားလို့”
ထိုအကြောင်းကို ကြားပြီးနောက် ယန်းလီလင်း တွေဝေသွားသည်။
“ ရှင်တို့ပြောနေတဲ့ လူသားဧကရာဇ်ဆိုတာ ဘယ်သူလဲ” သူတို့နှစ်ယောက် စဉ်းစားနေချိန် သာယာနာပျော်ဖွယ်ကောင်းသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်လုံးက အသံလာရာကို လှည့်ကြည့်လိုက်သည့်အခါ လှပသော ကောင်မလေးတစ်ယောက် သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကောင်မလေးက တရုတ်ရိုးရာ ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ငယ်ရွယ်သော မျက်နှာနှင့် ဆန့်ကျင်နေသည့် အကြည့်တို့ ရှိနေပြီး တည်ငြိမ်လှသည်။
ယန်းလီလင်းက သေချာစိုက်ကြည့်ပြီးနောက် ပြောလိုက်သည်
“ ဧကရီရဲ့ ဆရာ ယူစစ်ယွီမလား”
လှပသော မိန်းကလေးက ဖိတ်ခေါ်မှုကို ရပြီးနောက် သူတို့နှစ်ယောက်၏ ဘေးတွင် ထိုင်လိုက်သည်။
“ သွင်ပြင်ကိုလည်း ကြည့်လိုက်ပါဦး။ အခုမှ အံ့ဖွယ်ပုလ္လင်နယ်ပယ်အဆင့်ကို ရောက်ထားတာ ထင်တယ်” ယန်းလီလင်းက ပြုံးရင်း ပြောလိုက်သည်။
ယူစစ်ယွီက အရိုအသေပေးကာ ပြောလိုက်သည်
“ ကျေးဇူးတင်ပါတယ်။ အဲဒါက မိန်းကလေး ယန်းလီလင်းပေးတဲ့ ဆေးလုံးတွေ ကြောင့်ပါ”
“ ပြဿနာမရှိပါဘူး။ အစ်ကိုကြီးအတွက် ကြိုးစားနေသရွေ့ အမြဲတမ်းဆုချခံရမှာပါ။ ဒါနဲ့ ဒီမှာ ဘာလုပ်နေတာလဲ”
ယန်းလီလင်း၏ မေးခွန်းကို ကြားပြီးနောက် ယူစစ်ယွီက သက်ပြင်းချကာ ဖြေလိုက်သည်
“ လွန်ခဲ့တဲ့တစ်လတုန်းက အဆင့်တက်သွားပြီးတော့ ကျင့်ကြံရေးအခန်းထဲက ထွက်လာတော့ တိုင်းပြည်တစ်ခုလုံးက လုံးဝကို ပြောင်းလဲနေတာလေ”
“ အဲဒါနဲ့ ပြောင်းလဲမှုတွေနဲ့ အသားကျအောင် ခရီးလျှောက်သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ။ ဒီနေ့တော့ တွားသွားနဂါးယာဉ်နဲ့ မတူညီတဲ့နေရာတွေကို တစ်နေ့လုံး လျှောက်သွားမလို့။ အဲဒီကနေပြီးတော့ စောနက ပြောနေတဲ့ စကားကို ကြားလိုက်တာ”
“ အော် အဲလိုတွေဖြစ်တာပေါ့”
“ ကျွန်မ ရှင်တို့ရဲ့ ကမ္ဘာအကြောင်း သိချင်တယ်။ အထူးသဖြင့် စောနက လူသားဧကရာဇ်အကြောင်းပေါ့။ စိတ်မရှိဘူးဆိုရင် သူ့အကြောင်းကို ပြောပြပါလား”
လီကျွင်းနှင့် ယန်းလီလင်းတို့က အချင်းချင်းစိုက်ကြည့်နေသည်ကို သိလိုက်သည့်အခါ ယူစစ်ယွီက လျင်မြန်စွာဖြင့် ပြောလိုက်သည်
“ လျှို့ဝှက်ချက်ဆိုရင်လည်း မပြောလို့ရပါတယ်”
“ အော် အဲလိုမဟုတ်ပါဘူး” လီကျွင်းက ဖြေလိုက်သည်
“ အဲဒီမေးခွန်းကြောင့် နည်းနည်းလေး အံ့ဩသွားလို့ပါ”
“ လူသားဧကရာဇ်က ငါတို့ကမ္ဘာရဲ့ ဒဏ္ဍာရီလာ တစ်ယောက်ပဲ”