လူသားဧကရာဇ်
Vol. 9 Ch. 114
အခန်း(၁၁၄) : လူသားဧကရာဇ်
ယန်းလီလင်းက ယူစစ်ယွီကို ကြည့်ကာ သူမ လူသားဧကရာဇ်၏ အစီအစဉ် ကြီးကျယ်မှုကို နားလည်သွားကြောင်း သိလိုက်သည်။ သူမက ခေါင်းညိတ်ကာ သူတို့ကမ္ဘာ၏ သမိုင်းကြောင်းကို ဆက်ရှင်းပြလိုက်သည်။
“ လူသားဧကရာဇ် အဲဒီအကြံနဲ့ ပေါ်လာတော့ ကျင့်ကြံသူတွေနဲ့ ဂိုဏ်းတွေက သဘောတူခဲ့ကြတယ်။ သူတို့က ကျွန်မတို့ကမ္ဘာရဲ့ ပထမဆုံး စုစည်းထားတဲ့ မဟာချင်တိုင်းပြည်ကို တည်ထောင်ခဲ့ကြတယ်။ ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေကြား အမျိုးမျိုးဆွေးနွေးညှိနှိုင်းပြီးတဲ့နောက်မှာ လူသားဧကရာဇ်က အုပ်ချုပ်သူအဖြစ် မဲပေးခံရဆုံး ဖြစ်လာတယ်။
အဲဒီလူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကောင်းမှုစွမ်းအားနဲ့ လူသားဧကရာဇ်က အထွတ်အထိပ်နယ်ပယ်အဆင့်ပဲ ရှိပေမဲ့ ရွှေလူဝံမဟာဧကရာဇ်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့တယ်။ အနည်းဆုံးတော့ သူက သာမန်လူတွေရဲ့ တိုက်ပွဲထဲ ဝင်မပါနိုင်အောင် တားထားနိုင်ခဲ့တယ်”
“အဲဒီလူသားဧကရာဇ်က တကယ်ကို တော်တဲ့ ကျင့်ကြံသူပဲ။ မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲက ဘယ်လိုဖြစ်သွားခဲ့လဲ” ယူစစ်ယွီက သိချင်စွာ မေးလိုက်သည်။
“ရွှေလူဝံမဟာဧကရာဇ်ရဲ့ နှောင့်ယှက်မှု မရှိရင် လူသားတပ်က နတ်ဆိုးမျိုးနွယ်နဲ့ ကောင်းကောင်းတိုက်နိုင်တယ်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာ လူသားမျိုးနွယ်က အနိုင်ရသူ ဖြစ်လာခဲ့တယ်။ လူသားမျိုးနွယ် ပိုင်နက်က အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံး လွှမ်းခြုံသွားပြီးတော့ ကုန်းမြေငါးခုလုံးကို အုပ်စိုးခဲ့တယ်။ အဲဒါက ဒီနေ့အထိ မကြုံစဖူး စွမ်းဆောင်မှုတစ်ခုပဲ … ”
ဤတစ်ကြိမ် ယူစီယွီက တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမအနေနှင့် အားကောင်းသည့် မင်းဆက်များက သူတို့တစ်ကမ္ဘာလုံးကို အကြိမ်များစွာ အုပ်စိုးနိုင်သည့်အချက်ကို မအံ့ဩမိပေ။ ထိုမင်းဆက်များက ကြာရှည်မခံသော်လည်း သူတို့က သူတို့နာမည်ကို သမိုင်းကြောင်းမှာ ရေးထွင်းနိုင်ခဲ့ပြီး ကြီးကျယ်သည့် လုပ်ရပ်များ ပြီးမြောက်ခဲ့ကြသည် မဟုတ်ပါလော။
ယန်းလီလင်းက ယူစစ်ယွီ တအံ့တဩ မဖြစ်မှုကို သတိပြုမိပြီး အကြောင်းအရင်းကို မှန်းဆမိလိုက်သည်။
“ ကြည့်ရတာ ရှင်က ဒီလိုအရာမျိုးရဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးပဲ။ ကျွန်မ ထပ်ရှင်းပြပေးမယ်။ ရှင်တို့ကမ္ဘာ ကြီးတယ်လို့ ထင်လား”
ယူစစ်ယွီက ခေါင်းညိတ်လိုက်သည်။ သူမက သူမကမ္ဘာမည်မျှကြီးမားကြောင်း သိလေသည်။ သူမ ယခင်ကျင့်ကြံဆင့်ဖြင့်ပင် ကမ္ဘာတစ်ဝှမ်းလုံး သွားနိုင်ဖို့ နှစ်ချီ၍ အချိန်ယူရလိမ့်မည်။ သူမ၏ လက်ရှိအဆင့်ဖြင့် အရှိန်အဟုန်အပြည့်ဖြင့် ခရီးဆက်ပါက လပိုင်းမျှ ကြာမြင့်ဦးမည် ဖြစ်၏။
သူမ ခေါင်းညိတ်သည်ကို မြင်ပြီး ယန်းလီလင်းက ဆက်ပြောလိုက်သည်။
“ ရှင်တို့ တစ်ကမ္ဘာလုံးက ကျွန်မတို့ကမ္ဘာရဲ့ နယ်မြေ ငါးခုကနေ ဆယ်ခုစာလောက်ပဲ ရှိတယ်လို့ ပြောနိုင်တယ်။ ကုန်းမြေငါးခုထဲ တစ်ခုစီမှာ နယ်မြေသုံးထောင်စီ ရှိတယ်။ တချို့နယ်မြေတွေက အရွယ်အစား ပိုကြီးကြတယ်။ နမူနာအနေနဲ့ဆိုရင် ကျွန်မတို့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ကောင်းကင်သက်တမ်းနယ်မြေက ဒီကမ္ဘာထက် အဆအနည်းငယ် ပိုကြီးလောက်တယ် ”
ယူစစ်ယွီက ယန်းလီလင်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်သည်။ သူမက သူတို့ကမ္ဘာ မည်မျှကျယ်ပြောကြောင်း တွေးမကြည့်နိုင်ပေ။ သူတို့ကမ္ဘာက အဆုံးမဲ့လေဟာနယ်အတွင်း တည်ရှိနေသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာထဲမှ တစ်ခု ဖြစ်ပေသည်။
ယူစစ်ယွီက သက်ပြင်းချကာ သူမအနေနှင့် စကြဝဠာအတွင်း မည်မျှသေးနုတ်ကြောင်း သတိပြုမိလာသည်။
ယခင်က သူမတာအို သို့မဟုတ် လမ်းစဉ်ကို လေ့လာကျင့်ကြံခြင်းကသာ စိတ်ကိုအေးချမ်းစေပြီး ဘဝအတွက် ပြည့်စုံစေလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် ယခု သဘောပေါက်လာပြီးနောက် ယူစစ်ယွီ၏ စိတ်အခြေအနေက နူးညံ့သွားကာ သူမ၏ အုတ်မြတ်က အခြေခိုင်မာသွားပြီး အဆင့်တက်ခါစ ကျင့်ကြံဆင့် ပိုသက်တောင့်သက်သာ ဖြစ်သွားလေသည်။
လီကျွင်းနှင့် ယန်းလီလင်းတို့လည်း ဒီအပြောင်းအလဲကို သတိပြုမိကြပြီး မအံ့ဩကြပေ။ တစ်ခါတစ်ရံ နိမ့်ကျသည့် အတွေးအမြင်က ကျင့်ကြံသူများအတွက် တာအို လျှောက်လှမ်းဖို့ အတားအဆီး ဖြစ်နေတတ်သည်။
သူတို့က ယူစစ်ယွီအား တိတ်တဆိတ် ချီးကျူးလိုက်မိကြသည်။ ကျင့်ကြံသူအားလုံးက သူတို့အတွေးအမြင် ကြေမွသွားပြီး ပြန်လည်တည်ဆောက်ဖို့ လက်ခံနိုင်ကြခြင်း မဟုတ်ပေ။ သူမက ဒီအရာကို မြန်မြန်ဆန်ဆန် လက်ခံနိုင်သည့်အချက်ကြောင့် သူမက စိတ်စွမ်းအား ထူးခြားသည့်သူမှန်း သိသာလှသည်။
လီကျွင်းက လက်နှစ်ဖက်ယှက်ကာ “ တာအိုရောင်းရင်း ယူစစ်ယွီ စိတ်အခြေအနေ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ”
ထို့နောက် ယန်းလီလင်းကလည်း အတူတူ ပြောလိုက်သည်။
ယူစစ်ယွီက ပြုံးကာ လက်ခံလိုက်သည်။ သူမက တည်ငြိမ်သွားအောင် လုပ်လိုက်ပြီးနောက် လူသားဧကရာဇ်အကြောင်း ဆက်မေးလိုက်သည်။
“ မဟာချင်တိုင်းပြည် တည်ထောင်ပြီးတဲ့နောက် လူသားဧကရာဇ်က ကံကောင်းမှုတွေ လုံလုံလောက်လောက် စုစည်းပြီးတဲ့နောက် အရင်ခုခံကာကွယ်နိုင်ရုံလောက်ကနေ ရွှေလူဝံမဟာဧကရာဇ်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်လာတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းကျ အဲဒီအချိန်က ကျင့်ကြံသူတွေ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရတယ်။
လူသားဧကရာဇ်က မဟာဧကရာဇ်နဲ့ တိုက်ပွဲထဲ အင်အားတူ ရင်ဆိုင်နိုင်ပေမဲ့ တကယ်တမ်းကျ သူက အထွတ်အထိပ်နယ်ပယ်အဆင့်ပဲ ရှိသေးတာလေ။ နှစ်သန်းချီကြာတဲ့အခါ သူ့သက်တမ်းက တဖြည်းဖြည်းနဲ့ အဆုံးသတ်ရောက်လာတယ်။ အဲဒီအချိန်မှာ ရွှေလူဝံမဟာဧကရာဇ်ကျ မသေမျိုး ဖြစ်နေပြီဆိုတော့ လူသားမျိုးနွယ်ကို ပြန်မတိုက်ခင် လူသားဧကရာဇ် ကံတော်ကုန်တဲ့အထိ စောင့်နေလိုက်တာ …
ပြီးတော့ မဟာချင်တိုင်းပြည်အတွင်း အတွင်းပိုင်းပဋိပက္ခတွေ စဖြစ်လာတယ်။ ကျင့်ကြံသူတွေ အတူတကွ စုစည်းထားတဲ့ အကြောင်းအရင်းက ရွှေလူဝံဧကရာဇ်ကို တိုက်ခိုက်ဖို့အတွက်လေ။ အဲဆိုတော့ သူတို့က သူ့ကလေးတွေကနေ အရိုက်အရာ ဆက်ခံခိုင်းဖို့ ရွေးချယ်တာကို ကန့်ကွက်ခဲ့ကြတယ်။
သူ့မျိုးဆက်ထဲက တစ်ယောက်က ဒီလိုများပြားတဲ့ ကံကောင်းမှုစွမ်းအားတွေကို ခံနိုင်ရည်ရှိမလားဆိုတာ မသိရဘူးလေ။ ဒါပေမဲ့ ရှိနေခဲ့ရင်လည်း သူတို့အကျင့်စရိုက်ကို ဘယ်လိုလဲ … လူသားဧကရာဇ်ကို မဟာချင်တိုင်းပြည်ရဲ့ အုပ်ချုပ်သူအဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက သူ့အင်အား၊ ဆွဲဆောင်မှုနဲ့ ဖြောင့်မတ်တဲ့ အကျင့်စရိုက်ကြောင့်ပဲ …
ဘယ်လိုဖြစ်ဖြစ် တခြားကျင့်ကြံသူတွေက လူသားဧကရာဇ်ရဲ့ မျိုးဆက်က အာဏာကြောင့် ပျက်စီးသွားပြီး အာဏာပဲ သိတဲ့ အာဏာရူးတွေ ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ အဲဒီအချိန်တုန်းက လူတချို့က နောက်ဧကရာဇ်ကို ကမ္ဘာမှာရှိတဲ့ အားကောင်းတဲ့ ကျင့်ကြံသူကြားကနေ ရွေးဖို့ အကြံပြုခဲ့ကြသေးတယ်။ ဒါပေမဲ့ ရွေးချယ်နိုင်မဲ့ ရွေးချယ်ခံ မရှိခဲ့ဘူး …
နတ်ဆိုးမျိုးနွယ်နဲ့ စစ်ပွဲမပြီးခင် ဂိုဏ်းအများစုနဲ့ အင်အားစုတွေက အချင်းချင်း ရန်ကြွေးတွေ ရှိကြတယ်ဆိုတော့ သူတို့ရန်သူတွေ၊ ယှဉ်ပြိုင်သူတွေ သူတို့ထက် အားကောင်းသွားမှာကို မလိုချင်ကြဘူးလေ ”
ယန်းလီလင်းက လည်ချောင်းစိုစွတ်စေရန် အဖန်ရည်တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူမက တစ်ခြားတစ်ခုခု တွေးနေပုံပေါ်သည့် လီကျွင်းအား ကြည့်လိုက်သည်။
“အဲဒီအချိန်တုန်းက မဟာချင်တိုင်းပြည်က အတွင်းရေးပြဿနာတွေကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ လူသားဧကရာဇ်က အဲဒီပြဿနာကို ဖြေရှင်းဖို့ နောက်ထပ် အကြံတစ်ခု ထပ်ပေးခဲ့တယ်။
သူ့အနေနဲ့ ကောင်းကင်တာအိုက ရွှေလူဝံဧကရာဇ်ကို မနှစ်သက်မှန်း သတိထားမိတယ်။ သူ့နည်းလမ်းအများစုက ကမ္ဘာကို အထိနာစေတယ်။ အဲဒါကြောင့် သူက နတ်ဘုရားအပြစ်ဒဏ်ကို အကြိမ်အများကြီး ခံယူခဲ့ရတယ်။ ဒါပေမဲ့ ရွှေလူဝံဧကရာဇ်က အားကောင်းလွန်းတာကြောင့် ဒီပြစ်ဒဏ်လောက်က သူ့အတွက် ဘာမှမဟုတ်ဘူးလေ။
အဲဒီအချက်ပေါ် အခြေခံပြီး လူသားဧကရာဇ်က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ချီကံကောင်းမှုကို ကောင်းကင်တာအိုဆီ စတေးဖို့ ကြားခံနယ်အဖြစ် သုံးပြီး ကောင်းကင်အလိုဆန္ဒ ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက အတော်လေးကို ရူးလောက်တဲ့ အကြံအစည်ပဲ … မျိုးဆက်တစ်ခုမှာ ကောင်းကင်အလိုဆန္ဒ တစ်ခါပဲ ထွက်ပေါ်တာကို ကျင့်ကြံသူအားလုံးလည်း သိထားကြတယ်။ အဲဒါကို ရွှေလူဝံဧကရာဇ်က ရထားပြီးသား …
ဒါပေမဲ့ အားလုံးကို အံ့ဩသွားစေတာက ဒီနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်နေတာပဲ။ တစ်မျိုးဆက်တည်းမှာ ဒုတိယ ကောင်းကင်အလိုဆန္ဒ ထွက်ပေါ်လာခဲ့တယ်။
သိပ်မကြာခင် လူသားဧကရာဇ်က တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာခဲ့တယ်။ တကယ်တော့ လူသားဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကောင်းကင်တာအို ကိုယ်တိုင် သူ့ဆီ ချီးမြင့်ခဲ့တာ …”
ယန်းလီလင်းနှင့် ယူစစ်ယွီတို့ နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။ ဒီဇာတ်ကြောင်းက အပန်းဖြေရန်အတွက် ရေးသားထားသည့် ဒဏ္ဍာရီလာ ဇာတ်လမ်းကို နားထောင်ရသည်နှင့် တူနေသည်။ လူသားဧကရာဇ်က ဒဏ္ဍာရီလာ ဇာတ်လမ်း၏ ဇာတ်လိုက်ပုံ ပေါက်နေသည်။
“အဲဒီနောက်ပိုင်းရော ဘာဖြစ်သွားလဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ ရွှေလူဝံဧကရာဇ်က ဘာဖြစ်သွားလဲ” ယူစစ်ယွီက မေးလိုက်သည်။
“ မှတ်တမ်းတွေအရ လူသားဧကရာဇ်က တာအိုကို သက်သေပြပြီးတော့ ရွှေလူဝံဧကရာဇ်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲကို တိုက်ခိုက်ခဲ့တယ်တဲ့။ အဆုံးသတ်မှာ သူက ရွှေလူဝံဧကရာဇ်ကို သတ်နိုင်သွားတယ် …”
ထိုအရာကို ကြားပြီး ယူစစ်ယွီက သူမအမြင်များ တဖန်ပြိုလွဲသွားသလို ခံစားလိုက်ရပြန်သည်။ သူမက သက်ရှိတွေကြား အားအကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်သည့် မဟာဧကရာဇ် တကယ် အသတ်ခံလိုက်ရကြောင်း သိလိုက်ရသည်။
ယူစစ်ယွီနှင့် ကျင့်ကြံသူအားလုံးက မဟာဧကရာဇ်ဖြစ်ဖို့ တစိုက်မတ်မတ် လျှောက်လှမ်းနေကြသည်။ သူတို့အားလုံးက နယ်ခြားနတ်ဆိုးများ ရောက်မလာခင်အထိ မဟာဧကရာဇ်က ဘာမှန်းပင် မသိကြသော်လည်း စိတ်ကူးကြည့်လို့မရလောက်အောင်၊ နားလည်နိုင်စွမ်းထက်အလွန် တည်ရှိနေသည့် သက်ရှိဖြစ်ကြောင်းသာ တွေးကြည့်ကြသည်။
သူတို့ စိတ်ကူးထားသည့် မဟာဧကရာဇ်ကို ထိုနယ်ခြားကျင့်ကြံသူများက အမှန်တကယ် ဖြစ်ကြောင်း သက်သေပြခဲ့ကြသည်။ မဟုတ်သေးဘူး … သူတို့ ယုံကြည်တာထက်ပိုပြီး သက်သေပြခဲ့ကြ၏။
သို့သော်လည်း ယူစစ်ယွီက အားအကောင်းဆုံး တည်ရှိမှုက အသတ်ခံလိုက်ရသည်ကို သိခဲ့ရလေရာ မည်သို့မတုန်လှုပ်ဘဲ နေမည်နည်း။
သို့သော် အခြေအနေကို စဉ်းစားကြည့်ပြီးနောက် သူမက အဓိပ္ပါယ်ရှိကြောင်း သဘောပေါက်လာသည်။ အဆင့်တူ အားကောင်းသည့် ကျင့်ကြံသူသာလျှင် ဒီလိုစွမ်းဆောင်ရည်မျိုး ပြီးမြောက်နိုင်လေသည်။
သူမက မိနစ်အနည်းငယ် အချိန်ယူကာ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မေးလိုက်သည် “ အဲဒီနောက်ပိုင်း နတ်ဆိုးမျိုးနွယ်ကရော ဘာဖြစ်သွားလဲ ”
“ရွှေလူဝံဧကရာဇ် ကျရှုံးသွားတော့ လူသားကျင့်ကြံသူအများစုက ဒီလိုကပ်ဘေး ထပ်မဖြစ်လာရအောင် နတ်ဆိုးမျိုးနွယ်တွေကို သုတ်သင်ချင်ကြတယ်။ ဒါပေမဲ့ လူသားဧကရာဇ်က သဘောမတူဘူး။
သူက ကမ္ဘာပေါ်မှာ လူသားမျိုးနွယ် တစ်ခုတည်းပဲ မရှိသင့်ကြောင်း ပြောခဲ့ပြီးတော့ လူသားတွေကို ထိန်းထားပေးနိုင်မဲ့ တခြားယှဉ်ပြိုင်သူတွေလည်း လိုအပ်တယ်တဲ့။ မဟုတ်ရင် လူသားတွေက မောက်မာလာပြီးတော့ ဆက်တိုးတက်နိုင်မှာ မဟုတ်တော့ဘူး။ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်အတွက် အပြီးပြည့်စုံဆုံး ပြိုင်ဘက်ပဲ …
အဲဒါကြောင့် သူတို့တွေကို သတ်ပစ်မဲ့အစား လူသားဧကရာဇ်က ကျန်ကုန်းမြေတွေကိုတော့ လူသားမျိုးနွယ်အတွက် ချန်ထားခဲ့ပြီးတော့ နတ်ဆိုးမျိုးနွယ်ကို ကမ္ဘာပေါ်က အားအနည်းဆုံး ကုန်းမြေဆီ စေလွှတ်လိုက်တာ။
ဒါပေမဲ့ လူသားဧကရာဇ်က သူ့မျိုးနွယ်ကို နောင်အခါ ဒီလိုမျိုး တူညီတဲ့ အခြေအနေမှာ ရင်ဆိုင်ရတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ အဲဒါကြောင့် သူက ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ သူက မဟာချင်တိုင်းပြည်တစ်ခုလုံးရဲ့ ကံကောင်းမှုကို စတေးပြီးတော့ အားကောင်းတဲ့ အစီအရင်တစ်ခု ဖန်တီးထားခဲ့တယ်။
အဲဒီအစီအရင်ကို လူသားတည်တံ့ရေးအစီအရင်အဖြစ် လူသိများကြပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားတယ်။ အဲဒီအစီအရင်မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ လိုအပ်လာတဲ့အခါကျ လူသားတွေကို အားကောင်းတဲ့ နယ်ခြားမျိုးနွယ်တွေကနေ ကာကွယ်ပေးနိုင်ဖို့ပဲ …
လူသားဧကရာဇ် ကွယ်ပျောက်သွားတဲ့နောက်ပိုင်း သူ့နောက်က ဧကရာဇ်တိုင်းက လူသားမျိုးနွယ်ကို ကာကွယ်ပေးဖို့ သေချာအောင် ဒီအစီအရင်ကို ထပ်မံ အားဖြည့်ခဲ့ကြတယ်။ အဲဒါ မိစ္ဆာခေတ်ကာလ မရောက်ခင်အထိပဲ … နောက်ပိုင်းကျ လုံးဝကွဲပြားတဲ့ ဇာတ်ကြောင်း ဖြစ်သွားပြီ ”
ယူစစ်ယွီက ထိုလူများသည် မည်မျှကျယ်ပြောလှသည့် ကမ္ဘာကြီးထဲ နေခဲ့ကြောင်း တွေးကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် အရှင်က သူမတပည့်နှင့် ကတိကဝတ်ပြုထားသည့် အကြောင်းအရာကို ရုတ်ချည်း အမှတ်ရသွားကာ အနာဂတ်အတွက် စိတ်လှုပ်ရှားလာမိသည်။
သူတို့နှစ်ယောက်နှင့် စကားအတော်အတန် ပြောပြီးနောက် ယူစစ်ယွီက သူမ ဦးတည်ရာသို့ ရောက်သွားသောကြောင့် စိတ်သက်သာရာ အပြုံးလေးနှင့်အတူ တွားသွားနဂါးယာဉ်ထဲမှ ထွက်သွားလေသည်။