← Chapters

သာလွန်တာအိုအုတ်မြစ်

Vol. 9 Ch. 115

သာလွန်တာအိုအုတ်မြစ်

Vol. 9 Ch. 115

အခန်း (၁၁၅)  :  သာလွန်တာအိုအုတ်မြစ်

ယန်းလီလင်းက စကားပြောနေတုန်း လီကျွင်း၏ အတွေးများနေမှုကို သတိပြုမိလေသည်။ ထို့ကြောင့် ယူစစ်ယွီ ထွက်သွားသည့်နောက် သူမက သူ ဘာတွေးနေလဲဟု မေးလိုက်သည်။

“ ငယ်ငယ်တုန်းက အစ်ကိုကြီးဝမ်ဝေ့နဲ့ လူသားဧကရာဇ်အကြောင်း သင်တုန်းကအချိန်ကို ရုတ်တရက် အမှတ်ရသွားလို့ပါ  ”

“တစ်ခုခုများ ဖြစ်ခဲ့လို့လား” ယန်းလီလင်းက စိတ်ဝင်တစား မေးလိုက်သည်။

“ဟုတ်တယ်။ အဲဒီအချိန်တုန်းက ဆရာက ကိုယ်တို့ကို လူသားဧကရာဇ်နဲ့ ပတ်သက်ပြီး နားလည်ပုံကို ချရေးခိုင်းတာ … အတန်းထဲက ကလေးအားလုံးက လူသားဧကရာဇ်ရဲ့ ကြီးမြတ်မှုတွေ၊ ထင်ပေါ်ကျော်ကြားမှုတွေ ချရေးကြတာပေါ့။ ကိုယ်လည်း အပါအဝင်ပဲ … ဒါပေမဲ့ အစ်ကိုကြီးဝမ်ဝေ့က အဲလိုမဟုတ်ဘူး။ အဲတုန်းက ဆရာ အစ်ကိုကြီးဝမ်ဝေ့ရဲ့ စာရွက်ကို ဖတ်ပြီး ဒေါသတကြီး ဖြစ်သွားတာကို မှတ်မိသေးတယ်။

သူက ဒေါသထွက်ပြီး ဆူရိုက်ချင်နေပေမဲ့ အစ်ကိုကြီးဝမ်ဝေ့ရဲ့ အဆင့်အတန်းကြောင့် ဘာမှမလုပ်ရဲဘူးလေ ဟားဟား ”

“ အဲဆိုတော့ အစ်ကိုကြီးဝမ်ဝေ့က စာရွက်ပေါ် ဘယ်လိုရေးလိုက်လို့လဲ” ယန်းလီလင်းက ခပ်သွက်သွက် မေးလိုက်သည်။

“ အစ်ကိုကြီးဝမ်ဝေ့ ပြောသလောက် လူသားဧကရာဇ်က နောက်မျိုးဆက်က လူတွေ ထင်နေသလိုမျိုး ဖြောင့်မတ်တဲ့လူ မဟုတ်ဘူးတဲ့။ သူ့စာရွက်ထဲမှာ လူသားဧကရာဇ်က လူသားတည်တံ့ရေးအစီအရင် ဖန်တီးထားတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ကံကြမ္မာဝဋ်ကြောင့်လို့ ရေးထားတာ …”

“ကံကြမ္မာဝဋ်လား ”

“ဟုတ်တယ် … အစ်ကိုကြီးဝမ်ဝေ့က မဟာဧကရာဇ်အများစုမှာ ကံကြမ္မာဝဋ်ကြွေး သက်ရောက်မခံရဘူးဆိုပေမဲ့ လူသားဧကရာဇ်အတွက်ကျ မတူဘူးလို့ ပြောတယ်။ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကောင်းမှုကို စတေးပြီး တာအိုကို သက်သေပြနိုင်ခဲ့တဲ့ လူသားအနေနဲ့ သူက လူသားမျိုးနွယ်၊ အသင်္ချေအင်ပါယာကမ္ဘာနဲ့ ကံကြမ္မာဝဋ်အရ ထာဝရဆက်နွယ်နေတာ …

တကယ်လို့ လူသားဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာပေါ် တင်ရှိနေတဲ့ ကံကြမ္မာဝဋ်ကို ပြန်လည်မပေးဆပ်ရင် သူ့ဘဝတစ်လျှောက်လုံး ဒီကမ္ဘာရဲ့ အစောင့်အရှောက် ဒါမှမဟုတ် ကာကွယ်သူအဖြစ် ကပ်ငြိနေမှာတဲ့ ”

“ မိစ္ဆာဧကရာဇ်တွေနဲ့ မတူနေဘူးလား” ယန်းလီလင်းက တအံ့တဩ အမူအရာဖြင့် ဝင်မေးလိုက်သည်။

“အတိအကျပဲ ” လီကျွင်းက ဆက်မပြောခင် ဖြေလိုက်သည်။

“ အစ်ကိုကြီးဝမ်ဝေ့က လူသားဧကရာဇ်က လူသားတည်တံ့ရေးအစီအရင်ကို အသုံးချပြီး သူ့ဆီ ကပ်ငြိနေတဲ့ လူသားမျိုးနွယ်ချီကံကောင်းမှုကို ဖယ်ရှားပြီးတော့ ကမ္ဘာနဲ့ လူသားမျိုးနွယ်ဆီ တင်ရှိနေတဲ့ ကံကြမ္မာဝဋ်ကို ပြန်ပေးဆပ်လိုက်တာတဲ့။

အစ်ကိုကြီးဝမ်ဝေ့က လူသားဧကရာဇ် နတ်ဆိုးမျိုးနွယ်ကို မသတ်ချင်တဲ့ အကြောင်းအရင်းက သူ ငြင်းဆန်ခဲ့သလို အကြောင်းအရင်းကြောင့်တင် မကဘူးလို့ ပြောတယ်။ ပြောရရင်တော့ အဓိကအကြောင်းအရင်း မဟုတ်ဘူးတဲ့ … တကယ့်အကြောင်းအရင်းက သူက လူသားမျိုးနွယ်ရဲ့ ချီကံကောင်းမှုကို အသုံးပြုပြီး လူသားတည်တံ့ရေးအစီအရင် တည်ဆောက်ဖို့ အကြောင်းပြချက်ကောင်းကောင်းလိုခဲ့ရုံပဲတဲ့ … ”

ယန်းလီလင်းက ဝမ်ဝေ့ ရေးသားခဲ့သည့် စာရွက်ကို ပိုအံ့ဩလာမိသည်။ သို့သော်လည်း သူမက တွေးကြည့်လေလေ အကျိုးအကြောင့်သင့်လေလေ ခံစားလာမိ၏။ သူမက ခဏကြာ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

“ သူ့ဂုဏ်ပုဒ်ကို ကောင်းကင်တာအို ကိုယ်တိုင် ချီးမြင့်ထားတဲ့အချက်အရ အဓိပ္ပါယ်တော့ ရှိတယ်။ သူက ဒီလိုမျိုး ဂုဏ်ပြုအပ်ထိုက်တဲ့ တစ်ဦးတည်းသော မဟာဧကရာဇ်ပဲ။ ဒါပေမဲ့ အစ်ကိုကြီးဝမ်ဝေ့က လူသားဧကရာဇ်ကို ဘာလို့ အဲလောက်မကြိုက်ဘဲ ဖြစ်နေရတာလဲ”

“သူက မကြိုက်တာမျိုးတော့ မဟုတ်ဘူး။ ကြည့်ရတာ အကြောင်းအရင်းတချို့ကြောင့် ပိုသတိထားနေသလိုပဲ။ အစ်ကိုကြီးက လူသားဧကရာဇ် တိုင်းပြည်နာမည်ကို မဟာချင်တိုင်းပြည်လို့ ရွေးလိုက်တာကို သိလိုက်တုန်းကလည်း အတော်လေး အံ့ဩတုန်လှုပ်သွားတာ မှတ်မိသေးတယ်။ အဲဒီအချိန်တုန်းက သူက လူသားဧကရာဇ်ရဲ့ ဇစ်မြစ်နဲ့ ပတ်သက်ပြီး ရှာဖို့ အရူးအမူးဖြစ်သွားသေးတယ်။ ဂိုဏ်းရဲ့ ကျမ်းစာကြည့်တိုက်ထဲမှာ အချိန်အများကြီးသုံးပြီး လူသားဧကရာဇ်အကြောင်း လိုက်ရှာခဲ့သေးတယ်လေ ”

ယန်းလီလင်းက ခေါင်းညိတ်ကာ များများမတွေးတော့ပေ။ သူမက ဝမ်ဝေ့သည် ရံဖန်ရံခါ ထူးထူးဆန်းဆန်း ပြုမူတတ်ကြောင်း သိထားလေ၏။ လီကျွင်းကဲ့သို့ သူမလည်း တချို့ပါရမီရှင်များသည် အခြားလူများနှင့် နှိုင်းယှဉ်လိုက်လျှင် တမူထူးခြားသည့် ပင်ကိုယ်စရိုက်မျိုး ရှိတတ်ကြောင်း သိထားလေသည်။

သူမက ရုတ်ချည်း မေးလာ၏  “ ခဏနေပါဦး … ကျွန်မ သိရသလောက် အစ်ကိုကြီးဝမ်ဝေ့က ငယ်ငယ်လေးကတည်းက ပါရမီရှင်အဖြစ် သက်သေပြခဲ့တာဆိုတော့ ဂိုဏ်းက အခြားကလေးတွေနဲ့ ဘယ်လိုလုပ် အတန်းအတူတူတက်နေရတာလဲ။ သူ့ဘာသာ လေ့လာတာမျိုး ဒါမှမဟုတ် သူ့ကို သီးသန့်သင်ပေးတဲ့ ဆရာတစ်ယောက်ယောက် ရှိရမှာ မဟုတ်ဘူးလား ”

“ အဲဒါက ဒေါ်လေးယုက အစ်ကိုကြီးကို အေးစက်စက် ဖြစ်မသွားစေချင်လို့လေ။ အဲဒါကြောင့် သူ့ကို ဂိုဏ်းက တခြားကလေးတွေနဲ့အတူတူ သင်ခန်းစာတွေ သင်ယူဖို့ ဖိအားပေးခဲ့တာ”

ယန်းလီလင်းက ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ယောက်သား တခြားအကြောင်းအရာများ ထပ်ပြောနေစဉ် အသံတစ်သံ ကြားလိုက်ရသည်။

“ခရီးသည်အားလုံး သတိပြုပေးကြပါ။ နောက်မှတ်တိုင် သက်တံမြို့ကို အသက်ရှိုက်စာ သုံးဆယ်အတွင်း ရောက်ပါ့မယ်။ တွားသွားနဂါးယာဉ်မှ ဆင်းဖို့ ကြိုဆင်ပြင်ဆင်ထားကြပါ ”

အသံက သုံးကြိမ်တိုင်တိုင် ကြေညာပြီးနောက် ရပ်တန့်သွားသည်။ ထို့နောက် လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံး ထရပ်ကာ ယာဉ်အနီးဆုံးအပေါက်ဆီသွားကာ စောင့်နေလိုက်ကြသည်။

ထိုစဉ် သူတို့နောက်မှ အတွဲတစ်တွဲ၏ စကားဝိုင်းကို ကြားလိုက်ရသည်။

“ ဒီအစား ပျံဝဲဇာမဏီယာဉ်ရဲ့ လက်မှတ်ကို ဘာလို့မဝယ်ရတာလဲ” အမျိုးသမီးက မေးလိုက်သည်။

“အချစ်လေးကလည်း  ကိုယ့်အလုပ်မှာ အခုတလော ယှဉ်ပြိုင်မှုက ပြင်းထန်နေတာဆိုတော့ ပျံဝဲဇာမဏီယာဉ်အတွက် တော်ဝင်စီးနင်းခွင့်ကို မတတ်နိုင်ဘူးလေ ” အမျိုးသားက ပြောလိုက်သည်။

“ အဲဆို ကုန်သည်စီးနင်းခွင့်ရော ”

“ ကိုယ် ဝယ်ဖို့ ကြိုးစားပေမဲ့ ခုံအားလုံးက ဝယ်ထားပြီးသား ဖြစ်နေပြီ။ မင်းက ပုံမှန်တန်းကနေ ခရီးသွားရတာ မကြိုက်တော့ နောက်ထပ်အကောင်းဆုံးဖြစ်တဲ့ တွားသွားနဂါးယာဉ်နဲ့ သွားတာ ပိုကောင်းမယ်လို့ စီစဉ်လိုက်တာ”

သူမ ခင်ပွန်းဖြစ်သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် အမျိုးသမီးက သူ့အား ခဏလျစ်လျူရှုထားလိုက်သည်။ ထိုစဉ် အမျိုးသားက ခေါင်းကုတ်ရင်း ရှုံ့မဲ့မဲ့ ပြုံးပြလိုက်သည်။

အသက်ရှိုက်စာအနည်းငယ်အကြာတွင် ယာဉ်က ရပ်တန့်သွားပြီး သတ်မှတ်ထားသည့် ကြေးခွံအပေါက်များ ပွင့်လာသည်။ လီကျွင်းနှင့် ယန်းလီလင်းတို့ နှစ်ယောက်လုံးက ထိုစုံတွဲ၏ စကားကို ကြားကာ ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့လည်း လက်ချင်းချိတ်လျက် ယာဉ်ပေါ်မှ ဆင်းလိုက်ကြ၏။

ဘူတာမှ ထွက်လာပြီးနောက် လီကျွင်းက သူ့ရှေ့ရှိ လင်းထိန်နေသည့် မြို့ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ ကိုယ်တို့ အိမ်ပြန်ရောက်ရင်တော့ ဒီဖန်တီးမှုတွေကို လွမ်းနေမိတော့မှာပဲ ”

“ ကျွန်မတို့ကမ္ဘာမှာ ကူးသန်းရေးအဆောင်ရှိတယ်ဆိုတော့ သွားရေးလာရေးကို စိတ်ပူနေစရာ မလိုတော့ပါဘူး။ ကြိုက်တဲ့နေရာ ချက်ချင်း သွားနိုင်တယ်” ယန်းလီလင်းက ပြောလိုက်သည်။

“ တွားသွားနဂါးယာဉ် စီးတာနဲ့ ကူးသန်းရွေ့ပြောင်းနိုင်စွမ်းက အတွေ့အကြုံချင်း တူမယ်လို့ ထင်လား”

ယန်းလီလင်းက ဘာမှမပြောတော့ပေ။

“ ပြီးတော့ ကိုယ်တို့ရဲ့ နေ့စဉ်ဘဝတိုးတက်ပြောင်းလဲလာတာ အစ်ကိုကြီးကြောင့်ပဲဆိုတာ နားလည်ထားသင့်တယ်။ ကိုယ်တို့ကမ္ဘာမှာ အတူတူ မဖြစ်နိုင်ဘူး ”

ခဏကြာတိတ်ဆိတ်သွားပြီးနောက် ယန်းလီလင်းက ပြန်ဖြေလိုက်သည်။

“ အစ်ကိုကြီးဝမ်ဝေ့က ဒီဖန်တီးမှုအားလုံးကို  ဂိုဏ်းက ထိန်းချုပ်ထားတဲ့ နယ်မြေဆီ ယူသွားမယ်လို့ မပြောခဲ့ဘူးလား”

“ ဟုတ်တယ် … ဒါပေမဲ့ ကိစ္စတွေက အတူတူ မဖြစ်လောက်တော့ဘူးလို့ ခံစားချက်မျိုး ရနေတယ်”

“အဲလိုအရာမျိုးကို စိတ်ပူနေစရာ မလိုပါဘူး” ယန်းလီလင်းက ဆက်ပြောလိုက်သည်  “ ကျွန်မတို့က ကျင့်ကြံသူတွေလေ။ မိုးမြေ၊ သဘာဝနဲ့ သဟဇာတ ဖြစ်နေမှသာ ကျွန်မတို့ တာအိုလမ်းစဉ်ကို ဆက်လျှောက်လှမ်းနိုင်မှာပေါ့ ”

လီကျွင်းက သူမစကားများကို သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံး ရှုခင်းလှလှများရှိသည်ဟု နာမည်ကျော်ကြားသည့် မြို့လှလှလေးထဲ ချိန်းတွေ့ရင်း အချိန်ဖြုန်းလိုက်ကြသည်။

…………

ထိုစဉ် နန်းတော်ထဲ အစည်းအဝေးအပြီးတွင် ဝမ်ဝေ့က သူ့ကျင့်ကြံရေးအခန်းထဲ ဝင်ကာ အစီအရင်အားလုံးကို အသက်သွင်းလိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ကာ စတင် ကျင့်ကြံလိုက်၏။

သူ့အံ့ဖွယ်ပလ္လင်တွင် အံ့ဖွယ်သွေးကြော ၃၆၅ ခု ရေးထွင်းပြီးသွားလေပြီ။ ဆိုလိုသည်မှာ ဝမ်ဝေ့က အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး သဘာဝလွန် နယ်ပယ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

ဝမ်ဝေ့က ပလ္လင်မှ အံ့ဖွယ်သွေးကြောများကို ကြည့်ကာ စတင်တွေးမိလာသည်။ ဧကရာဇ်အဆင့် ကျမ်းကို ကျင့်ကြံသူတစ်ဦးအနေနှင့် သူက တာအိုအုတ်မြစ် ရှိလေသည်။

အတိအကျဆိုရလျှင် မူလလမ်းစဉ်ကျမ်း အကူအညီဖြင့် သူက ပြီးပြည့်စုံသည့် တာအိုအုတ်မြစ်ကို ကျင့်ကြံနိုင်ခဲ့၏။ သူ ဂိုဏ်းတွင် ဖတ်ခဲ့ဖူးသော သတင်းအချက်အလက်များအရ တာအိုအုတ်မြစ် လေ့ကျင့်ပေးသော အခြားကျမ်းများက မပြည့်စုံပေ။

အံ့ဖွယ်သွေးကြော ၃၆၅ ခုအထိ ရေးထွင်းပြီးသည့်နောက်တွင် ကျင့်ကြံသူ၏ အံ့ဖွယ်ပလ္လင်တွင် အက်ကြောင်း ပေါ်လာလိမ့်မည် ဖြစ်၏။

ဧကရာဇ်မျိုးဆက်အများစုက ထိုအက်ကြောင်းကို ပြင်ဆင်နိုင်မည့် နည်းလမ်းများစွာ ရှိကြသော်လည်း ပြင်ဆင်ပြီးသည့်နောက်တွင်ပင် မည်မျှသေးငယ်စေကာမူ အမှတ်အသားတော့ ကျန်ရှိနေတတ်ကြသည်။

ဆိုလိုသည်မှာ မိုးမြေအောက်တွင် ကောင်းကင်ဘုံမှလွဲ၍ မည်သည့်အရာမှ မပြည့်စုံနိုင်ပေ။

ပြီးပြည့်စုံမှုကို ရရှိထားနိုင်သည့် လူမှာ ကောင်းကင်တာအိုမှ ချီးမြောက်ခံထားရသူသာ ဖြစ်ပေသည်။ ထို့ကြောင့် မူလလမ်းစဉ်ကျမ်းက ကျင့်ကြံသူများကို ပြည့်စုံမှုကို ရရှိစေ၏။

ဤသည်က ကောင်းကင်တာအိုမှ ဧကရာဇ်ချီယွမ်အား ကျင့်စဉ်များကို ကမ္ဘာဆီ ဖြန့်ဝေပေးခဲ့စဉ် ဆုချပေးထားခြင်း ဖြစ်ပြီး သူ့ကောင်းမှုကုသိုလ်ထဲမှ တစ်ခု ဖြစ်သည်။

သို့သော်လည်း မူလလမ်းစဉ်ကျမ်းကို ကျင့်ကြံပြီးသည့်နောက်တွင် ကျင့်ကြံသူအားလုံး  ပြီးပြည့်စုံသည့် တာအိုအုတ်မြစ် ရရှိနိုင်ခြင်းတော့ မဟုတ်ပေ။ ပါရမီလည်း လိုအပ်သေး၏။

ဝမ်ဝေ့ သိထားသလောက်  ယခင်မျိုးဆက်အချို့အတွင်း သူ၊ သူ့အဖေနှင့် မဟာအကြီးအကဲယန်းမိန်တို့သာ ပြီးပြည့်စုံသည့် တာအိုအုတ်မြစ်ရောက်သည့်အထိ လေ့ကျင့်ထားနိုင်ကြသည်။ သူ့အဘိုးပင် ဒီလိုမျိုး မလုပ်နိုင်ခဲ့ပေ။

ဝမ်ဝေ့အတွက်မူ ပြီးပြည့်စုံသည့် တာအိုအုတ်မြစ်ရှိရုံဖြင့် မကျေနပ်နိုင်ပေ။ ဒီထက်ပိုကောင်းတာ လိုချင်သေး၏။

သူက ၁၃ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ချိုးဖောက်တက်လှမ်းစဉ်က ကျယ်ပြန့်လာသည့် အံ့ဖွယ်ပင်လယ်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် သူက သူ့အုတ်မြစ်ကို သာလွန်ပြည့်စုံ သို့မဟုတ် သာလွန်တာအိုအုတ်မြစ်ဟု ခေါ်ဆိုမည်။

ယခု သူက ထိပ်သီး အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၍ သာလွန်မှုမျိုးကို မည်သို့ရရှိအောင် လုပ်ရမှန်း စတင်တွေးတောလာမိသည်။ သူ့တွင် လိုက်နာစရာ ဘိုးဘေး မရှိသည့်အတွက် သူ့နည်းကို သူကိုယ်တိုင် ဖန်တီးရမည်။

နှစ်များစွာ ဆင်ခြင်သုံးသပ်ပြီးနောက် သူက နည်းလမ်းတစ်ခုကို ရှာတွေ့သွားပြီ ဖြစ်ရာ ယခုစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ပို၍အရေးကြီးသည်က သူ အောင်မြင်လိမ့်မည်ဟု ထင်မြင်ချက်မျိုး ရနေသည်။

All Chapters