:တုံ့ပြန်မှုကြီး သုံးခု
Vol. 9 Ch. 117
အခန်း(၁၁၇) : တုံ့ပြန်မှုကြီး သုံးခု
ဝမ်ဝေ့က သူ့သာလွန်တာအိုအုတ်မြစ်ကို ဖန်တီးဖို့ ပြောင်းလဲပြင်ဆင်နေစဉ် ဒီစစ်ဆေးမှုရှိ တခြားသော ကောင်းကင်ရွေးချယ်ခံများက ကြမ္မာတိုင်းပြည်အသစ် ထွက်ပေါ်လာကြောင်း သတိထားမိကြသည်။
မဟာကျိုးတိုင်းပြည်၊ တော်ဝင်နန်းတော်
ကျီစုန့်က သရဖူဆောင်းလျက် အဝါရောင် နဂါဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့ ခက်ထန်လှသည့် မျက်နှာနှင့် ကြွက်သားအပြိုင်းပြိုင်း ခန္ဓာကိုယ်မှ အားကောင်းကာ သွေးဆာသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။
သူက နဂါးပုံစံ ရေးထွင်းထားသည့် ပလ္လင်ပေါ်တွင် ထိုင်နေရင်း အရှေ့ပိုင်းနယ်မြေတွင် အခြေအနေ ပြောင်းလဲသွားကြောင်း ရုတ်ချည်း ခံစားမိလိုက်သည်။ သူက သူ့တိုင်းပြည်ကံကောင်းမှုနှင့် ဆက်နွယ်နေသည်ဖြစ်၍ မဟာရှားတိုင်းပြည်သည် ကြောက်ခမန်းလိလိ ကံကောင်းမှုပမာဏများစွာဖြင့် မည်သို့တည်ထောင်ခဲ့ကြောင်း ကြည့်နေခဲ့ရသည်။
သူက လက်သီးဆုပ်လိုက်သည့်အခါ သူ ထိုင်နေသည့် နဂါးပလ္လင်ပင် ပုံပျက်သွားရသည်။
သူက အံ့ကြိတ်လျက် ရေရွတ်လိုက်၏ “ဝမ်ဝေ့ ”
ထို့နောက် အခန်းတစ်ခန်းလုံး သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်လွှမ်းခြုံသွားလေသည်။ အရာထမ်းများစွာက သူတို့ အမှားတစ်ခုခု လုပ်မိသည်ဟု တွေးကာ ချက်ချင်း ဒူးထောက်၍ ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြသည်။
ထိုလူများကြား လူတစ်ယောက်ကလွဲ၍ ဖြစ်၏။ ပထမမင်းသား ကျီစု သို့မဟုတ် အမတ်ချုပ်း ကျီစုဟု ပြောရပေမည်။
သူ့ညီငယ်၏ တုံ့ပြန်မှုကို မြင်သည့်အခါ အဖြစ်အပျက်ကို မှန်းဆမိလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ အရှင်မင်းကြီး စိတ်ထိန်းတော်မူပါ ”
သူ့အသံတွင် ဝိညာဉ်စွမ်းအား အနည်းငယ် ပါဝင်နေသောကြောင့် ကျီစုန့်က ချက်ချင်း အသိပြန်ကပ်လာသည်။ ထို့နောက် သူ့သတ်ဖြတ်ငွေ့ကို ပြန်ရုတ်သိမ်းလိုက်၏။ သို့သော်လည်း ထိုအရာက အပေါ်ယံမျှသာ ဖြစ်၏။ သူ့အကြည့်ထဲ၌ သတ်ဖြတ်လိုစိတ်က သူ့ရန်သူတင်မက သူ့ကိုပါ ဝါးမျိုပစ်ချင်လောက်အောင် ပြင်းထန်နေသည်။
ကျီစုက ထိုအရာကို သတိထားမိကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ညီငယ်၏ အခြေအနေက မကောင်းကြောင်း ပြောနိုင်လေသည်။ အကယ်၍ သူသာ ဒီလိုဆက်ဖြစ်နေလျှင် ဝမ်ဝေ့ထံ နှလုံးသားနတ်ဆိုး ဖြစ်ပေါ်လာနိုင်ခြေ ရှိ၏။
သူ့ညီငယ် တည်ငြိမ်လာသည်ကို မြင်ပြီးနောက် ကျီစုက ပြောလိုက်သည် “အခု တည်ငြိမ်သွားပြီလား ”
ကျီစုန့်က ခေါင်းညိတ်ပြလိုက်သည်။
“ အဲဆို စူးစမ်းဖို့ နောက်ပစ်မှတ် မဟာဝူတိုင်းပြည်အတွက် ပြင်ဆင်ထားလို့ရပြီ ”
“မဟာရှားတိုင်းပြည်ကို ဘာလို့မတိုက်ခိုက်ရတာလဲ။ သူတို့က အခုမှ တိုင်းပြည်တိုင်ထောင်ပြီးခါစဆိုတော့ အားနည်းနေဦးမှာ။ အခုအချိန် သူတို့ကို ဝင်တိုက်ပြီး ဖျက်ဆီးပစ်ဖို့ အချိန်ကောင်းပဲ” ကျီစုန့်က သွေးဆာမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ စုန့်အာ …” ကျီစုက လွတ်လပ်စွာ ပုံမှန်အတိုင်း ပြောလိုက်သည် “ မင်းရဲ့ကိုယ်ပိုင် ရန်ငြိုးပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချရမဲ့ အချိန် မဟုတ်ဘူး ”
“ မဟာရှားတိုင်းပြည်က အလယ်ပိုင်းတိုင်းပြည်သုံးခုလုံးရဲ့ အရှေ့ဘက်မှာ တည်ရှိတာ။ သူတို့နဲ့ ငါတို့ကြား တိုင်းပြည်နဲ့ နယ်မြေဘယ်လောက်ခြားနေလဲ သိရဲ့လား။
အဲဒီကို ငါတို့စစ်တပ်နဲ့ ရောက်ဖို့ အချိန်ဘယ်လောက်ကြာမယ် ထင်လဲ။ တခြားတိုင်းပြည်တွေက ဒီအခွင့်ကောင်းကို စောင့်ပြီး နောက်ကနေ ခိုးကြောင်ခိုးဝှက် မကျူးကျော်ပါဘူးလို့ အာမခံနိုင်လား။ မင်းရဲ့ ကိုယ်ပိုင်အရေးကိစ္စကို ဘေးဖယ်ထားပြီးတော့ ငါတို့ ဒီရောက်နေရတဲ့ အဓိကအကြောင်းအရင်းကို မှတ်ထားသင့်တယ်။
အမွေခံသားတော် ဝမ်ဝေ့အတွက်တော့ မင်း လက်စားချေနိုင်မဲ့ အခွင့်အရေး ရောက်လာမှာပါ။ အခု မဟာဝူတိုင်းပြည်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ထား ”
သူ့အစ်ကို၏ စကားများကို ကြားပြီး ကျီစုန့်က စိတ်အေးဖို့ အသက်ပြင်းပြင်းရှုလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ ထိုစဉ် ကြမ်းပြင်ပေါ်မှ အမတ်အားလုံးက တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
သူတို့အရှင်သည် တိုင်းပြည်ရေးရာအရရော စစ်မက်ရေးအရပါ ရဲရင့်ကာ ဉာဏ်ပညာကြီးသော်လည်း တစ်ခါတစ်ရံ သူက ထင်မှတ်မထားလောက်သည့် အဆင့်မျိုးအထိ ခေါင်းမာကာ ကမူးရှူးထိုးလုပ်တတ်သည်။ အထူးသဖြင့် အရှေ့ဘက်မိုးတိုင်းပြည်နှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။
ထိုအချိန်များ၌ အမတ်ချုပ်က အကျိုးသင့်အကြောင်းသင့် ဝင်ပြောပေးရသည်။ မဟုတ်ပါက မည်သူမှ သူ့ကို တားနိုင်မည် မဟုတ်ပေ။
သူ့ညီငယ် အသိပြန်ကပ်လာသည်ကို မြင်ပြီး ကျီစုက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ တကယ်တော့ သူ့ညီငယ်ကို လိမ်ညာလိုက်ရသည်။ အတိအကျဆိုရလျှင် သူက အမှန်တရားတစ်ခုလုံးကို မပြောပြလိုက်ပေ။
သူ သူ့ညီငယ်ကို မဟာရှားတိုင်းပြည်အား မတိုက်ခိုက်လိုသည့် အကြောင်းအရင်းမှာ သူ့ညီ နောက်တစ်ခါ ထပ်ရှုံးမည်ကို စိုးရိမ်၍ ဖြစ်သည်။ ထို့ကြောင့် သူက သူ့ညီငယ်ကို ပိုမိုလွယ်ကူသည့် မဟာဝူတိုင်းပြည်အား အုပ်စိုးစေလိုသည်။
တိုင်းပြည်နှစ်ခု၏ ကျယ်ပြောလှသော နယ်မြေများဖြင့် ခရမ်းရွှေရောင် ရောက်သည့်အထိ ကံကောင်းမှု စုပ်ယူနိင်လိမ့်မည်။ ထို့နောက် သူ့ညီငယ်က အမွေခံသားတော် ဝမ်ဝေ့နှင့် ယှဉ်ပြိုင်၍ ရှုံးနိမ့်သွားလျှင်ပင် ဒီစစ်ဆေးမှုကို ရှုံးနိမ့်မည် မဟုတ်ချေ။
သူ့ညီငယ်က တစ်ကမ္ဘာလုံးကို အုပ်စိုးပြီး ကံကောင်းမှုကို စုပ်ယူနိုင်လျှင် ချီကံကောင်းမှုက ထိပ်သီး ခရမ်းရွှေရောင်အဖြစ် ရောက်ရှိနိုင်သောကြောင့် အကောင်းဆုံး ဖြစ်သော်လည်း ခရမ်းရောင်မှ ခရမ်းရွှေရောင် ဖြစ်သွားလျှင်ပင် အဆင်ပြေပေသည်။
သူတို့၏ မဟာကျိုးတော်ဝင်တိုင်းပြည် အုတ်မြစ်ဖြင့် သူ့ညီငယ်၏ ကံကောင်းမှုကို မင်းသားတစ်ပါးပါး စတေးပြီး မြင့်တင်ပေးနိုင်သေးသည်။
…………....
မဟာရှုတိုင်းပြည်၊ တာအိုဘုရားကျောင်းဆောင်
တိုင်းပြည်၏ အမတ်များစွာက ယင်ယန်သင်္ကေတပါဝင်သည့် တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် ဖုန်းဟွမ် အမည်ရှိ လူငယ်လေးထံ ကိစ္စများအား တင်ပြနေကြသည်။
“ဆရာသခင် အရင်ဆယ်စုနှစ်အတွင်းမှာ တိုင်းပြည်အနှံ့ ဘုရားကျောင်းဆောင် သုံးရာကျော် တည်ဆောက်ခဲ့ပြီးပါပြီ။ ပြီးတော့ လူတွေကလည်း ဘုရားကျောင်းဆီ သွားပြီး ကျမ်းဂန်ရွတ်ဖတ်ပူဇော်ဖို့ ဘယ်လိုဖတ်ရတယ်ဆိုတာ သင်ကြားပေးထားပါတယ်။
ဒါပေမဲ့ ကျုပ်တို့တွေ စည်းမျဉ်းချမှတ်ထားပေမဲ့ လူတွေက ဆုတောင်းကိုးကွယ်ဖို့ ဆုံးဖြတ်ထားကြပုံပဲ …”
ထိုအရာကို ကြားပြီး ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ စတင်တွေးတောလိုက်သည်။ ဂိုဏ်းတွင် ကိုးကွယ်ယုံကြည်မှုအား လက်မခံဖို့အတွက် တင်းကျပ်သည့် တားမြစ်ချက်ရှိလေသည်။ ထိုစည်းမျဉ်းကို ချိုးဖောက်သူတိုင်း ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်၏။ ထို့နောက် သူ့ဆရာက ထိုအရာသည် အဆင်ပြေကြောင်း ပြောဖူးသည်ကို ရုတ်ချည်း အမှတ်ရသွားကာ “ သူတို့ ဘုရားကျောင်းဆောင်ကိစ္စတွေနဲ့ ဝင်မပတ်သက်သရွေ့ လွတ်ထားပေးလိုက်ပါ ”
ထို့နောက် သူက အမတ်များ ဘုရားကျောင်းဆောင်မှ မထွက်သွားကြခင် တိုင်းပြည်၏ အခြေအနေနှင့် ပတ်သက်ပြီး အစည်းအဝေးလုပ်လိုက်ကြသည်။ ဖုန်းဟွမ်က အရှေ့ပိုင်းတွင် တစ်ခုခု ဖြစ်သွားသည်ကို သတိပြုမိကာ မဟာရှုတိုင်းပြည်၏ ကံကောင်းမှုကို အသုံးပြု၍ လေ့လာစောင့်ကြည့်လိုက်သည်။
“ မဟာရှားတိုင်းပြည် …” သူက တွေးဆဆဖြင့် ရေရွတ်လိုက်သည်။
ထိုစဉ် အမတ်များက ဘုရားကျောင်းထဲမှ ထွက်လာပြီးနောက် အမတ်တချို့က သူတို့ဘာသာ ပြောဆိုနေကြသည်။
“ ဆရာသခင် ဖုန်းဟွမ် ရောက်လာပြီးကတည်းက ငါတို့အလုပ်တွေ အတော်လေး လျော့သွားတယ်။ ငါတို့သာ သာမန်လူသားတွေရဲ့ ဘေးကင်းမှုနဲ့ နေထိုင်ရေးကို သေချာအောင် လုပ်ပေးနိုင်သရွေ့ အရာအားလုံး အဆင်ပြေတယ်”
“ဟုတ်တယ် … ငါတို့ပဲ ပြောင်းလဲသွားတာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်လည်း အတော်လေး ပြောင်းလဲသွားတယ်။ သူက အရင်ကလို ခက်ထန်မှုမျိုး၊ ရက်စက်မှုမျိုး မရှိတော့ဘူး ”
“ ဟုတ်ပါ့ … အဲဒီအချိန်တွေတုန်းကဆိုရင် ကျုပ်တော့ အိမ်ပြန်ပြီး မိသားစုကို ထပ်တွေ့နိုင်ပါ့မလားဆိုတဲ့ စိတ်မျိုးနဲ့ နေရခဲ့ရတာ ”
“အရှင့်မောင်းမဆောင်ကို ကိုယ်လုပ်တော် အယောက်တစ်သောင်း ထပ်တိုးစေတာကို စစ်သူကြီးရှားက ကန့်ကွက်လို့ သေတဲ့အထိ ကြာပွတ်နဲ့ အရိုက်ခံခဲ့ရတာလေ”
“ရှူး … အရှင့်နောက်ကွယ်မှာ ဒီလိုမျိုးတွေ မပြောကြဘဲ နေကြစို့ ”
“ စိတ်ပူနေဖို့ မလိုပါဘူးဗျာ။ အရှင်က တာအိုဘုန်းတော်ကြီး ဖြစ်လာဖို့အတွက် သီးသန့်တံခါးပိတ် လေ့ကျင့်ဖို့ဝင်သွားပြီ။ သူ ညီလာခံ မတက်တာပဲ ငါးနှစ်ကျော်ရှိနေပြီ ”
“ကိစ္စတွေက ဒီလိုဆက်တိုက်ဖြစ်နေရင် သိပ်ကောင်းမှာပဲ ”
ထိုလူက ပြောလိုက်ပြီးနောက် အခြားအမတ်များက ရယ်လိုက်ကြသည်။ ထို့နောက် ဘေးပတ်ဝန်းကျင် တစ်ယောက်ယောက်ရှိနေလားဟု ခိုးကြောင်ခိုးဝှက်ကြည့်လိုက်ပြီးနောက် အိမ်မြန်မြန် ပြန်သွားကြ၏။
…………... .
မဟာဝူတိုင်းပြည်၊ တော်ဝင်နန်းတော်
စွင်းဝမ်က အရာအားလုံးနှင့် လူအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသလိုမျိုး မောက်မာမှုအပြည့်ဖြင့် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ စွင်းဝမ်က အသံဩဇာအပြည့်ဖြင့် မေးလိုက်သည် “ရလဒ်က ဘယ်လိုလဲ ”
အမတ်တစ်ယောက်က ရှေ့ထွက်ကာ ဖြေလိုက်သည် “ အထက်တန်းလွှာက အရှင်ရဲ့ အပေးအယူကို လက်ခံလိုက်ပါပြီ။ သူတို့က သူတို့ပင်မမိသားစုကနေ သမီးပျိုတစ်ယောက်စီ ရွေးပြီးတော့ နန်းတော်ကို ပို့ကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့က အပေးအယူမပြီးခင် အရှင်ကို ဝိညာဉ်စာချုပ် ချုပ်ခိုင်းဖို့ တောင်းဆိုထားပါတယ် … ”
စွင်းဝမ်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်ကာ လက်ဝေ့လိုက်သည်။ ထို့နောက် တစ်ယောက်က သူ့အား စာချုပ်ကို လာပေး၏။
စာချုပ်ပါဝင်အကြောင်းအရာကို တစ်နာရီကျော်လောက် သုံးသပ်ပြီးနောက် သူက ပြုံးကာ သွေးဖြင့် အမှတ်အသားပြုလိုက်သည်။
ထို့နောက် အစည်းအဝေး အပြီးသတ်ကာ အမတ်အားလုံးလည်း အခန်းထဲမှ ထွက်သွားကြပြီး တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ လက်ရှိ မဟာဝူတိုင်းပြည်၏ စစ်သေနာပတိ ဖြစ်သည့် တတိယမင်းသား စွင်းကျောင်းလုံ ဖြစ်၏။
“အစ်ကိုတော် အထက်တန်းလွှာတွေနဲ့ ဘာလို့ဒီလိုကစားနေတာလဲ” စွင်းကျောင်းလုံက မေးလိုက်သည် “ ကျွန်တော်တို့ အရင်အုပ်ချုပ်သူက အထက်တန်းလွှာ မိသားစုရဲ့ သဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံးကို သတ်ပစ်မယ်လို့ ဆုံးဖြတ်ထားပြီးသား မဟုတ်ဘူးလား။ ကျွန်တော်တို့ သူတို့အားလုံးကို သတ်လိုက်ရုံပဲလေ ”
“ညီတော်က တိုင်းပြည်ရေးရာကို နားမလည်ဘူး။ အသေးစား ကတိနည်းနည်းလေးလောက်နဲ့ တိုင်းပြည်ရဲ့ အထက်တန်းလွှာက သူတို့လက်ထဲက စစ်တပ်အင်အားနဲ့ တိုင်းပြည်ရေးရာ အာဏာကို လွဲပြောင်းပေးခဲ့ကြတာလေ ” စွင်းဝမ်က ဉာဏ်နီဉာဏ်နက်အပြည့်ဖြင့် ပြောလိုက်သည်။
“ နောက်ထပ်ပိုတာက ငါ စစ်တပ်အရင်းအမြစ်ကိုလည်း မဖြုန်းတီးသလို သွေးတစ်စက် မြေမခစေရဘဲ လုပ်ခဲ့တာ။ ဒါက အောင်မြင်မှုကြီးပဲ ”
“ဒါပေမဲ့ အစ်ကိုတော် အထက်တန်းလွှာက နောင်ကျရင် သစ္စာဖောက်သွားမှာကို စိတ်မပူဘူးလား ”
“ ဘယ်ဟုတ်ပါ့မလဲ … ငါ သူတို့မိသားစုတွေထဲ သူလျိုထည့်ထားပြီး စောင့်ကြည့်ခိုင်းထားပြီးပြီ။ ပြီးတော့ တိုင်းပြည်ရဲ့ အာဏာသာ လက်ထဲရောက်လာရင် တစ်တိုင်းပြည်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အချိန်တစ်ခုပဲ ကြာတော့မှာ ”
သူ့အစ်ကိုတော်၏ ဂုဏ်ယူဝင့်ဝါမှုအပြည့် မျက်နှာကို ကြည့်ကာ စွင်းကျောင်းလုံက တိတ်တဆိတ် ခေါင်းခါလိုက်သည်။ သူသည် အတွေ့အကြုံမှ ထိုအထက်တန်းလွှာများ မည်သို့တွေးနေသည်ကို သိလေသည်။ ကောင်းကင်ဘုံကိုပင် မကြောက်ရွံ့ကြဘဲ အာဏာအတွက် အကုန်လုပ်မည့်သူများ ဖြစ်၏။
အာဏာလွဲပြောင်းပေးသည်ဟု ဆိုခြင်းမှာ အများရှေ့ ပြယုဒ်သပ်သပ်သာ ဖြစ်ပြီး နောက်ကွယ်၌ သူ့အစ်ကိုတော် ရှေ့မှောက်၌ တိုင်းပြည်ကို လျို့ဝှက်စွာ ထိန်းချုပ်နေကြလိမ့်မည်။
သူ့အစ်ကိုတော်က တိုင်းပြည်၏ အဆင့်မြင့်အမတ်များကို အစားထိုးလိုက်လျှင်ပင် သူ အစားထိုးလိုက်သည့်သူများက သူ့အပေါ် သစ္စာရှိလိမ့်မည်ဟု မည်သို့သိနိုင်မည်နည်း။
ယခင် ဆယ်နှစ်ကျော်အတွင်း အစ်ကိုတော်က သူ့အတွက်သူ သစ္စာခံများ မွေးမြူရမည့်အစား ထောက်ခံမှုရစေရန် လူများကို သူတို့ကမ္ဘာမှ အကျိုးမြတ်များဖြင့် ကတိစကားများသာ ပေးခဲ့သည်။
တကယ်တော့ ဒီနည်းလမ်းက အဆင်ပြေသော်လည်း သူ့အစ်ကိုတော်ကို သိထားသည့် စွင်းကျောင်းလုံက ထိုကတိစကားများသည် အချည်းနှီး ကတိများသာ ဖြစ်နိုင်ခြေမြင့်မားကြောင်း သိလေသည်။
တစ်သက်လုံး ညီလာခံထဲ အချိန်ကုန်ဆုံးခဲ့သည့် ဒီကမ္ဘာရဲ့ မြေခွေးအိုကြီးများက သူ့အစ်ကိုတော်ကို ဘယ်လိုလူစားမျိုး ဖြစ်ကြောင်း တန်းသိနေမည် မဟုတ်ပါလော။
စွင်းကျောင်းလုံက သူ့အစ်ကိုတော်သည် ဒီကမ္ဘာရှိ လူများကို အထင်သေးလျော့တွက်နေကြောင်း သိလေသည်။ သို့သော် သူတို့အားနည်းနေရုံဖြင့် ဉာဏ်မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
စွင်းကျောင်းလုံက သက်ပြင်းချကာ ထပ်မေးလိုက်သည် “အဲဆိုရင် တခြားအင်အားစုက ကောင်းကင်ရွေးချယ်ခံတွေကို တိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား။ အခု မဟာရှားတိုင်းပြည်ကိုလည်း တည်ထောင်ပြီးပြီဆိုတော့ အဓိက ပါဝင်ယှဉ်ပြိုင်သူအားလုံးက စင်မြင့်ပေါ်မှာ တိုက်ဖို့ အသင့်ဖြစ်နေကြလောက်ပြီ”
သူ့ညီတော်၏ စကားကို ကြားကာ စွင်းဝမ်က သူ့အား ထူးထူးဆန်းဆန်း ကြည့်လာပြီးနောက် ခေါင်းယမ်းလိုက်သည်။
“ညီတော် … အဲကြောင့် မင်းကို ပရိယာယ်မကြွယ်ဝဘူးလို့ ပြောတာ။ ငါက သူတို့ကို ဘာလို့ ကိုယ်တိုင်တိုက်ရမှာလဲ”
“အစ်ကိုတော်က ဘာပြောချင်တာလဲ ”
“ ဒီစစ်ဆေးမှုကို မလာခင် ငါ မရဏအမိန့်နန်းတော်ကို လျို့ဝှက်ဆက်သွယ်ပြီး မဟာမိတ်ဖွဲ့ထားတယ်” စွင်းဝမ်က နတ်ဆိုးအပြုံးဖြင့် ပြောလာသည်။
သို့သော်လည်း တစ်ဖက်တွင် စွင်းကျောင်းလုံက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူက မေးလိုက်သည် “အဲဒါ တခြားကောင်းကင်ရွေးချယ်ခံကို တိတ်တဆိတ် မလုပ်ကြံရဘူးဆိုတဲ့ စည်းမျဉ်းကို မချိုးဖောက်နေဘူးလား”
“တကယ်လို့ လုပ်ကြံသတ်ဖြတ်သူက လူငယ်မျိုးဆက်ကဆိုရင် အဲဒီစည်းမျဉ်းကို ချိုးဖောက်တယ်လို့ မယူဆဘူး” စွင်းဝမ်က သရော်ပြုံးဖြင့် ဖြေလိုက်သည်။
ထို့နောက် စွင်းကျောင်းလုံက သက်ပြင်းချကာ ညီလာခံအခန်းထဲမှ ထွက်လာပြီး သူ့စံအိမ်ဆီ ပြန်လာလိုက်သည်။ ထို့နောက် စွင်းကျောင်းလုံက တင်ပျဉ်ခွေထိုင်ကာ မဟာဝူတော်ဝင်တိုင်းပြည်၏ အခြေအနေကို စတင်စဉ်းစားလာမိသည်။
တကယ်တော့ သူတို့မင်းဆက်က လက်ရှိ ဆိုးရွားသည့် အနေအထားသို့ ကျရောက်နေသည်။
သူတို့တော်ဝင်တိုင်းပြည်က မဟာဧကရာဇ်လေးယောက်ကို ပြုစုပျိုးထောင်ပေးခဲ့သော်လည်း တိုင်းပြည်၏ အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခုမှာ သူတို့တိုင်းပြည်ကို တည်ထောင်ခဲ့သည့် အုပ်ချုပ်သူတစ်ဦးတည်းကသာ မဟာဧကရာဇ်အစစ်အမှန် ဖြစ်ပေသည်။
ကျန်သုံးယောက်က ဧကရာဇ်တစ်ပိုင်းမျှသာ ဖြစ်၏။ ဆိုလိုသည်မှာ ကောင်းကင်အလိုဆန္ဒကို လက်ခံနိုင်ခဲ့သော်လည်း သူတို့တာအိုနှလုံးသားများက လက်ခံဖို့ လုံလုံလောက်လောက် အားမကောင်းပေ။
ထို့ကြောင့် ကျန်ဧကရာဇ်တစ်ပိုင်းများက အားအနည်းဆုံး အစစ်အမှန် ဧကရာဇ်ထက်ပင် ပိုအားနည်းလေသည်။ တကယ်တော့ သူတို့ဖန်တီးထားသည့် ဧကရာဇ်ကျမ်းပင် မပြီးပြည့်စုံပေ။
သဘောတရားအရ မဟာဝူတော်ဝင်မင်းဆက်တွင် ဧကရာဇ်ကျမ်းတစ်ခုသာ ရှိလေသည်။
စွင်းကျောင်းလုံက ထိုအခြေအနေအတွက် အကြောင်းအရင်းမှာ သူတို့တိုင်းပြည်က လှည့်ကွက်များနှင့် လျို့ဝှက်ပူးပေါင်းကြံစည်မှုများအပေါ် အရမ်းအားစိုက်ထား၍ ဖြစ်ကြောင်း သိသည်။
ထို့ကြောင့် မည်သည့်အခြေအနေမှာမဆို သူတို့လူများ၏ ပထမဆုံးအတွေးမှာ သူတို့ရန်သူများကို လျို့ဝှက်စွာ ကြံစည်၍ သတ်ဖြတ်ရမည်ဟုသာ ဖြစ်သည်။ အကယ်၍ ဒီလိုအလုပ်မဖြစ်ခဲ့လျှင် သူတို့ တိုက်ခိုက်လိမ့်မည်။ အကယ်၍ ရန်သူက သူတို့ထက် ပိုအားကောင်းနေခဲ့လျှင် သူတို့က ထွက်ပြေးတာမျိုး ဒါမှမဟုတ် နည်းစနစ်ကျကျ နောက်ဆုတ်တာမျိုး လုပ်လိမ့်မည်။
တိုင်းပြည်၏ လူအများက ထိုပြဿနာကို သတိပြုမိကာ ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့ကြသည်။ သူတို့က နောင်အခါ တိုင်းပြည်မှ လူများက သူတို့တိုင်းပြည်၏ ပထမဆုံးဧကရာဇ်ဖြစ်သည့် သိုင်းပညာမဟာဧကရာဇ်လိုမျိုး ပိုမိုရဲရင့်လာစေဖို့ လိုအပ်သည်ဟု ယုံကြည်ထားကြသည်။
သို့သော်လည်း လူအများစုက သဘောမတူပေ။ သူတို့က မဟာဧကရာဇ်သုံးယောက် မွေးထုတ်ပေးနိုင်သည်မှာ သူတို့ကိုယ်ပိုင်နည်းလမ်းကြောင့်ဟု ငြင်းခုံခဲ့ကြသည်။ ထို့အပြင် ထိုလူများအရ ဧကရာဇ်တစ်ပိုင်းကလည်း ဧကရာဇ် ဖြစ်၏။
သဘောထားကွဲလွဲမှုများကြောင့် မဟာဝူတော်ဝင်မင်းဆက်အတွင်း အင်အားစုနှစ်ခု ကွဲသွားပြီး တစ်ယောက်နှင့် တစ်ယောက် အမြဲလိုလို တိုက်ခိုက်ယှဉ်ပြိုင်နေကြသည်။
စွင်းကျောင်းလုံက ထိုအရာများကို တွေးလိုက်ပြီးနေက် သက်ပြင်းချကာ သိုလှောင်လက်စွပ်ထဲမှ ဓားတစ်ချောင်း ထုတ်ယူလိုက်သည်။
ထိုဓားက မှုန်မှိုင်းပြီး သံချေးတက်နေကာ နောက်အခိုက်အတန့်လေး၌ ကျိုးသွားတော့မည့်ပုံပေါက်နေသည်။
ဓားပေါ်တွင် လူသားဟု ကွက်ကွက်ကွင်းကွင်း စာလုံးရေးထွင်းထားလေ၏။ ထိုစာလုံးကို ကြည့်လိုက်ပြီးနောက် အရေးပါသည့် ဆုံးဖြတ်ချက် ချလိုက်သည့်အလား စွင်းကျောင်းလုံ၏ အကြည့်ထဲ ခက်ထန်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
“ကျွန်တော် တောင်းပန်ပါတယ် … ဒါပေမဲ့ ဒါတွေအားလုံးက မဟာဝူတော်ဝင်တိုင်းပြည် အနာဂတ်အတွက်ပါ ” စွင်းကျောင်းလုံက ရေရွတ်လိုက်သည်။