← Chapters

ပြင်ဆင်မှုများ

Vol. 9 Ch. 118

ပြင်ဆင်မှုများ

Vol. 9 Ch. 118

အခန်း(၁၁၈)  : ပြင်ဆင်မှုများ

ဝမ်ဝေ့က နန်းတော်ဆီ ပြန်ရောက်လာသည့်အခါ လဝက်မျှသာ ရှိသေးကြောင်း သိလိုက်ရ၍ စိတ်အေးသွားတော့သည်။ ထို့ကြောင့် သူက ချက်ချင်းဆိုသလို ညီလာခံ ခေါ်လိုက်သည်။

ညီလာခံခန်းမအတွင်း အမတ်အားလုံးက နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့် ဝမ်ဝေ့အား မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးက သူတို့အရှင်သည် လွန်ခဲ့သည့် လဝက်ခန့်ကထက် ပိုအားကောင်းလာကြောင်း ခံစားမိ၍ တအံ့တဩ အမူအရာများ ဖြစ်နေကြ၏။

အားလုံးက ကျင့်ကြံရေးသည် ဘယ်တုန်းကတည်းက ဒီလောက်လွယ်ကူသွားကြောင်း စဉ်းစားနေကြ၏။ ထိုလူများ မသိသည်မှာ ဝမ်ဝေ့ အချိန်နည်းနည်းအတွင်း အဆင့်တက်သွားခြင်းမှာ အားကောင်းလှသည့် သူ့ဝိညာဉ်ကြောင့်သာ ဖြစ်ပေသည်။

ဒုတိယအနေနှင့် သူ့ကျင့်ကြံရေးအခန်းက တိုင်းပြည်တစ်ခုလုံး၏ မြို့တော်အတွင်း စပ်ယှက်ထားသည့် နဂါးသွေးကြော၏ ဗဟိုချက်တွင် ရှိသည်။

နဂါးသွေးကြောသည် ကြမ္မာတိုင်းပြည် ဖန်တီးဖို့အတွက် လိုအပ်သည့် ဝိညာဉ်ချီသွေးကြော အမျိုးအစား တစ်ခု ဖြစ်ပြီး တခြားသော ဝိညာဉ်သွေးကြောများကို ကျင့်ကြံရေးနေရာများတွင် အများစုအသုံးပြုကြသည်။ နေရာတွင် ဝိညာဉ်သွေးကြောများများရှိလေလေ ဝိညာဉ်ချီ ပိုပေါများလေလေ ဖြစ်၏။

တစ်ဖက်တွင် နဂါးသွေးကြောနှင့် နေရာမပါရှိဘဲ ကြမ္မာတိုင်းပြည် ဖန်တီးဖို့ မဖြစ်နိုင်ပေ။ ဤသည်မှာ ဝမ်ဝေ့က သူ့ဘာသာ တိုင်းပြည်မတည်ထောင်ခင် မြို့တော်ကို အုပ်စိုးနိုင်မည့်အချိန်အထိ စောင့်နေသည့် အကြောင်းအရင်း ဖြစ်ပေသည်။

ထိုစဉ် ညီလာခံအတွင်း ဝမ်ဝေ့က သူ မရှိစဉ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စအားလုံးကို အကြမ်းဖျင်း ကြည့်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးနောက် သူက ပြောလိုက်သည်  “အဲဆိုတော့ တိုင်းပြည်ရဲ့ နယ်နမိတ်ကို ချဲ့ထွင်ဖို့ အဆင်သင့်ဖြစ်ပြီလား ”

“ အတိအကျပါပဲ ” စစ်သေနာပတိချုပ် လီကျွင်းက ဖြေလိုက်သည်  “အရှင်မင်းကြီးက အမိန့်ချမှတ်လိုက်ပါ။ ကျွန်တော်တို့ စစ်တပ်က ချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ် ”

ဝမ်ဝေ့က ခေါင်းညိတ်ကာ အမတ်ထဲက တစ်ယောက်အား ကြည့်လိုက်သည်  “ကိုယ်တော်တို့ သိမ်းပိုက်ထားတဲ့ မြို့နယ်နဲ့ ပြည်နယ်တွေမှာ တာဝန်ယူကြီးကြပ်မဲ့ အရာရှိတွေအတွက်ရော ဘယ်လိုလဲ။ လူလုံလုံလောက်လောက် ရှိရဲ့လား ”

ပညာရေးအမတ်အဖြစ် ဆောင်ရွက်နေသည့် အမတ်က ရှေ့ထွက်လာကာ  “ ဟုတ်ကဲ့ .. အရှင့်ရဲ့ အမိန့်အတိုင်း ကျုပ်တို့ တိုင်းရေးပြည်ရေးကိစ္စနဲ့ စီမံခန့်ခွဲရေးတို့မှာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာသင်အမြောက်အများကို လေ့ကျင့်ပေးထားပါတယ်။ ဒါပေမဲ့ အရှင် သူတို့အများစုက လက်တွေ့ အတွေ့အကြုံတော့ မရှိကြပါဘူး ”

“ ဟမ် အတွေ့အကြုံမရှိဘူးဆိုတာ ဘာပြောချင်တာလဲ။ သူတို့ကို စီမခံခန့်ခွဲရေးအကြောင်း ကျုပ်တို့ပိုင်နက်ထဲက ရွာငယ်တွေဆီ လွတ်ပြီး မသင်ယူခိုင်းဘူးလား” ဘဏ္ဍာရေး အမတ်က ဝင်ပြောလိုက်သည်။

“ ရွာလေးက မြို့နယ်၊ ပြည်နယ်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ” ပညာရေးအမတ်က ပြန်လည်ချေပလိုက်သည်။

“ကျုပ် သိသလောက်တော့ ပညာရေးဌာနက အရင် ၂ နှစ်အတွင်း တိုင်းပြည်ငွေကြေးရဲ့ လေးပုံတစ်ပုံလောက်ကို သုံးပစ်တာပဲ သိတယ်။ ခင်ဗျားတို့တွေ ဘာအစီအစဉ်တွေ ရှိထားမှန်း မသိပေမဲ့ ကျုပ်ပြောချင်တာတော့ ကျုပ်တို့ဆီမှာ ပိုက်ဆံမရှိဘူး  ”

ထိုသို့ပြောပြီးနောက် ဘဏ္ဏာရေး အမတ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်စဉ် ပညာရေးအမတ်က သူ့ကို သူ့မိသားစုအား သတ်သွားသည့် ရန်သူအလား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ အကယ်၍ အပြင်ဘက်မှာဖြစ်ပါက နှစ်ယောက်သား အချင်းချင်း ချကြဖို့ အခွင့်အရေးများလေသည်။

ထိုလူနှစ်ယောက်ကြားမှ လေထုတင်းမာမှုကို ခံစားမိကာ နောက်ဆုံးတွင် တစ်ယောက်က ဝင်ပြောလိုက်ရသည်။ ထိုသူက ဧကရီ သုံ့လီဖန်း ဖြစ်၏။

“ဘဏ္ဍာရေးအမတ် တိုင်းပြည်ရဲ့ ဘဏ္ဍာကို စိုးရိမ်စရာ မလိုပါဘူး။ ကျွန်မတို့နယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ ချမ်းသာကြွယ်ဝမှုလည်း ပါလာမှာပဲ။

ပညာရေးအမတ်အတွက်တော့ နယ်မြေ ချဲ့ထွင်ပြီးတဲ့နောက်မှာ အသင့်ပြင်ထားတဲ့ အရာရှိတွေကို နေရာတွေ ချက်ချင်းချပေးနိုင်တာပေါ့။ ဒါပေမဲ့ လပိုင်းလောက်ကြာရင် ပြန်လည်သုံးသပ်ရေးမှူးတစ်ယောက်ကို လွတ်ပြီး သူတို့လုပ်တာ အဆင်ပြေရဲ့လား စစ်ခိုင်းရမယ်။

အလုပ်ကောင်းကောင်း လုပ်နိုင်သူကို နေရာမှာ ဆက်နေခိုင်းပြီးတော့ ကျရှုံးသွားတဲ့လူတွေကိုတော့ လစာလျော့ချပြီးတော့ သတိပေးမယ်။ သတိသုံးခါပေးပြီးရင် သူတို့ကို ကျောင်းတော်ဆီ ဆရာအဖြစ် ပြန်ပို့ပစ်မယ် ”

ထိုအရာကို ကြားပြီး အမတ်နှစ်ယောက်လုံးက ဧကရီကို ခေါင်းညိတ်ပြလိုက်ကြရင်း အချင်းချင်း မကျေမနပ်ကြည့်လိုက်ကြသည်။ သူတို့က သူမကို မကြိုက်သော်လည်း သူမက တိုင်းပြည်ရေးရာ အထာနပ်ကြောင်း ဝန်ခံရပေမည်။

လူများစွာက အရှင်သည် ယခင်နှစ်နှစ်ခန့်က လုပ်ရိုးလုပ်စဉ်ကို ချိုးဖောက်ကာ ဧကရီအား ညီလာခံထဲ အာဏာသုံးခွင့်ပေးထားသည့်အတွက် သိပ်မကြိုက်ခဲ့ကြပေ။

ဒီကမ္ဘာထဲ အမျိုးသမီး အုပ်ချုပ်သူများစွာ ရှိနေသော်လည်း အမျိုးသားသာ အရှင်ဘုရင် ဖြစ်သင့်သည်ဆိုသော အတွေးမျိုးက အရိုးထဲအထိ ဆွေးမြေ့နေလေပြီ။ အထူးသဖြင့် ပညာသင်သားများ ဖြစ်၏။

သို့သော်လည်း ဝမ်ဝေ့က သူတို့ငြင်းဆန်မှုကို ဂရုမစိုက်ဘဲ သုံ့လီဖန်းကလည်း သူမ လုပ်ရည်ကိုင်ရည်ရှိကြောင်း အကြိမ်များစွာ သက်သေပြပြီးလာသည့်နောက်တွင် သူတို့က သူမအား သင့်တင့်သော လေးစားမှုတချို့ ပြလာကြသည်။

ပြဿနာကို သူ ဝင်ပါစရာမလိုလိုက်ဘဲ ဖြေရှင်းပြီးသား ဖြစ်သွားသည်ကို မြင်ကာ ဝမ်ဝေ့က ပြုံးလိုက်ရင်း  “ ဧကရီရဲ့ ဆုံးဖြတ်ချက် မှန်တယ်။ နောက်နှစ်အနည်းငယ်နေရင် မဟာရှားတိုင်းပြည်က ဆက်တိုက်ဆိုသလို စစ်ပွဲတွေဖြစ်နေမှာ။ အဲကျရင် လူတွေကို ဖြည်းဖြည်းချင်း အသားကျအောင် လုပ်နေဖို့ အချိန်မရှိဘူး ”

ထိုအရာကို ပြောပြီးနောက် စိုက်ပျိုးရေးအမတ်ကို ကြည့်ကာ မေးလိုက်သည်  “ စစ်တပ်ရိက္ခာလုံလုံလောက်လောက် ရှိပြီလား”

“ ဟုတ်ကဲ့ပါ အရှင်။ ငါးနှစ်ကျော်စာ စစ်ပွဲတွေအတွက် အလုံအလောက် ရှိထားပါတယ်။ သာမန်ပြည်သူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျုပ်တို့ဆီမှာ အရေးပေါ်တစ်ခုခု ဖြစ်လာခဲ့ရင် တိုင်းပြည်တစ်ပြည်လုံးကို တင်ကျွေးထားဖို့ နှစ်နှစ်စာ ရိက္ခာလည်း အလုံအလောက် ပြင်ဆင်ထားပါတယ်”

ထို့နောက် ဝမ်ဝေ့က သူမ၏ ပြင်ဆင်မှုများကို တင်ပြနေသည့် အမတ်ချုပ် ယန်းလီလင်းကို ကြည့်လိုက်သည်။

“ ဆေးဝါးခန်းမက ဖော်စပ်ထားတဲ့ ဆေးလုံးတွေအများအပြားရှိပေမဲ့ ဒီဆေးလုံးတွေက အဆင့်တစ်ခုရှိတဲ့ အရာရှိတွေအတွက်ကလွဲရင် စစ်သားတွေ အသုံးပြုဖို့ မလုံလောက်ပါဘူး။

ပြီးတော့ ဒီနှစ်နှစ်အတွင်း ဆက်တိုက် ဆေးလုံးဖော်စပ်ခဲ့တာကြောင့် ဝိညာဉ်ဆေးပင် အများစုလည်း အသုံးပြုပြီးပါပြီ။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ဝိညာဉ်ဆေးပင်တွေက ကြီးထွားလာဖို့ အချိန်ကြာပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တိုင်းပြည်အနည်းငယ် ထပ်သိမ်းပိုက်ပြီးသွားရင်တော့ ပြတ်လပ်မှုက အဆင်ပြေသွားမှာပါ”

ဝမ်ဝေ့က ကိစ္စများကိုင်တွယ်ရာတွင် သူ့အဖွဲ့သားများအပေါ် အမြဲတမ်း ယုံကြည်အားကိုးနိုင်သောကြောင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူ ကြည့်လိုက်သည့် နောက်လူက မွမ်းမံရေးခန်းမ ခေါင်းဆောင် ဖြစ်၏။

သူက သူ့ဆီအကြည့်ရောက်လာသည်ကို မြင်ကာ ခန်းမခေါင်းဆောင်က ပြုံးလိုက်ပြီး  “အရှင် .. ကျုပ်တို့ မွမ်းမံရေးခန်းမ အခြေအနေက ဆေးဝါးခန်းမထက် ပိုဆိုးပါတယ်။ ကျုပ်တို့က အရင်နှစ်နှစ်အတွင်း ရုပ်သေးရုပ်တွေ၊ ယာဉ်တွေ ထုတ်လုပ်တဲ့အချက်ကြောင့် တစ်တိုင်းပြည်လုံး အတိုင်းအတာအရ ဝိညာဉ်ပစ္စည်းအမျိုးမျိုး လိုအပ်နေပါပြီ။

သစ်သား၊ သတ္တု၊ ကျောက်တုံး ဘာဖြစ်ဖြစ် ကျုပ်တို့က ဆောက်လုပ်ရေးမှာ ရနိုင်တဲ့ ဝိညာဉ်သတ္တုရိုင်းတွေအများစုကိုလည်း အသုံးပြုပြီးသွားပါပြီ။ စစ်သေနာပတိချုပ်က ပထမတိုင်းပြည်ကို အနိုင်ရပြီးတဲ့အခါ  ကျုပ်တို့မွမ်းမံရေးခန်းမရဲ့ စိတ်ဖိစီးမှု လျော့နည်းသွားအောင် အဲဒီသတ္တုပစ္စည်းတွေကို အသားပေးပြီး ပြန်ပို့ပေးဖို့ မျှော်လင့်ပါတယ်”

လီကျွင်းက ထိုအရာကို ကြားပြီး ခေါင်းညိတ်လိုက်၍ အခြားအမတ်များက အားကျသွားလေရာ မွမ်းမံရေးခန်းမခေါင်းဆောင်ကို အတော်လေး ပျော်ရွင်သွားစေသည်။ သို့သော် လီကျွင်းနှင့် ဝမ်ဝေ့တို့က ထိုလူများကို လျစ်လျူရှုထားကြသည်။

ထို့နောက် ဝမ်ဝေ့က စိစစ်ရေးမှူးချုပ် ဝမ်ကျူကို မေးလိုက်သည်  “ စုအိုက်ကရော မဟာရှုတိုင်းပြည်ထဲ ဝင်သွားနိုင်ပြီလား ”

“ ဟုတ် … မိန်းကလေးစုအိုက်က အောင်အောင်မြင်မြင် ဝင်ရောက်သွားပါပြီ” ဝမ်ကျူက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်  “ဒါပေမဲ့ ကိစ္စတွေက အရင်ကထက် ပိုရှုပ်ထွေးနေသလိုပဲ ”

“ဘယ်လိုဖြစ်နေပြီလဲ ”

“ ကျွန်မတို့ရထားတဲ့ သတင်းအချက်အလက်အရ တာအိုဘာသာက မဟာရှုတိုင်းပြည်တစ်ခုလုံးဆီ ပျံ့နှံ့သွားပါပြီ။ တာအိုဘာသာက ဖြူစင်သန့်ရှင်းတာကို အဓိကထားတာဆိုတော့ လူတော်တော်များများက ဆောင်ကြာမြိုင်သွားတာကို စိတ်မဝင်စားကြတော့ဘူး။ အဲဒါကြောင့် ကျွန်မတို့သတင်းအချက်အလက် အရင်းအမြစ်က အတော်လေး လျော့ကျသွားတယ်။ ပိုဆိုးတာက မဟာရှုတိုင်းပြည်ရဲ့ အရှင်ဘုရင်က လောကီရေးရာ ဖြတ်တောက်ပြီးတော့ တာအိုဘုန်းတော်ကြီး ဖြစ်ဖို့အတွက် သီးသန့်ကျင့်ကြံနေတယ်တဲ့။

အခုကစပြီး အရှင်နဲ့ ရွယ်တူတစ်ယောက်က ညီလာခံအားလုံးကို တာအိုဘုရားကျောင်းအတွင်းမှာပဲ ကျင်းပတယ်။ ကျွန်မတို့ လူယုံတွေကလည်း ကျောင်းဆောင်ထဲ မဝင်ရဲကြဘူး။ ပြီးတော့  မဟာရှုတိုင်းပြည်ထဲက အမတ်တွေကလည်း သူ့ကို လေးစားကြတယ်။ အဲဆိုတော့ သူ့အကြောင်းကို ရှေ့မှာရော၊ ကွယ်ရာမှာပါ မပြောကြဘူး။ ဒါပေမဲ့ ကျွန်မတို့ သတင်းအချက်အလက်တချို့တော့ ရလာပါတယ်။

သူ့နာမည်က ဖုန်းဟွမ်တဲ့။ သူက ထိုက်ယီနက်နဲမုခ်က တာအိုသားတော်ပါ ”

ဝမ်ဝေ့က ထိုသတင်းကို ကြားပြီး နက်နက်နဲနဲ တွေးနေမိသည်။ သူက ထိုလူသည် ထိုက်ယီနက်နဲမုခ်မှ ဖြစ်ကြောင်း မအံ့ဩမိပေ။ သူက မှန်းဆထားပြီးသား ဖြစ်၏။

ထိုက်ယီနက်နဲမုခ်သည် အသင်္ချေအင်ပါယာကမ္ဘာအတွင်း မဟာဧကရာဇ် ၇ ယောက်ကို မွေးထုတ်ပေးထားနိုင်သည့် သန့်ရှင်းသော တာအိုဂိုဏ်းတစ်ခု ဖြစ်၏။ သူတို့တည်ထောင်သူ အလုံးစုံစတင်ခြင်း မဟာဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာအတွင်း အကြီးမြတ်ဆုံး မဟာဧကရာဇ်ထဲမှ တစ်ယောက် ဖြစ်ပေသည်။

သို့သော်လည်း သူ  ဒီကောင်းကင်ရွေးချယ်ခံအပေါ် အာရုံစိုက်မိနေသည့် အကြောင်းအရင်းမှာ သူ့နောက်ခံကြောင့် မဟုတ်ဘဲ ဒီလူနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေသလို ခံစားမိနေ၍ ဖြစ်သည်။

သူတို့သည် မဟာရှုတိုင်းပြည်၏ ကံကောင်းမှုနဂါးမှတဆင့် တစ်ကြိမ်သာ တွေ့ဖူးသော်လည်း ထိုလူနှင့် ပတ်သက်ပြီး ထူးထူးဆန်းဆန်း ခံစားနေရသည်။

ဝမ်ဝေ့က စက္ကန့်ပိုင်းလောက် စဉ်းစားပြီးနောက် မေးလိုက်သည် “တခြားကိစ္စရှိသေးလား ”

“ ဟုတ်ကဲ့ ” ဝမ်ကျူက ဆက်မပြောခင် ခဏရပ်လိုက်ကာ  “လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မဟာကျိုးတိုင်းပြည်က မဟာရှုတိုင်းပြည်ဆီ သံတမန်စေလွှတ်လိုက်တယ်လို့ သတင်းရလိုက်ပါတယ်။ ဒါပေမဲ့ သွားရောက်တဲ့အကြောင်းအရင်းကိုတော့ အခုထိ မသိရသေးပါဘူး။ ကျွန်မလက်အောက်ငယ်သားတွေက အိမ်ရှေ့စံကျီစုန့်က မဟာမိတ်ဖွဲ့ချင်နေတယ်လို့ ယူဆနေကြတယ်။ ဒါပေမဲ့ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ချင်းစီရဲ့ မောက်မာမှုအရ ဒီလိုဖြစ်နိုင်ခြေတော့ နည်းပါးတယ်။ ”

ဝမ်ဝေ့က ဝမ်ကျူအား ထောက်ခံသည့်အလား ခေါင်းညိတ်ပြလိုက်သည်။ ဒီလူများ၏ မောက်မာမှုဖြင့် သူတို့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့လျှင်ပင် မဟာမိတ်ခေါင်းဆောင် ဘယ်သူလုပ်ရမလဲဟု တိုက်ခိုက်ကြလိမ့်မည်။

ဝမ်ကျူက တင်ပြစရာများ ပြောပြီးသွားသည့်နောက် လီကျွင်းအလှည့် ရောက်လာသည်။ သူက လက်ဝေ့လိုက်သည့်အခါ ညီလာခံအလယ်၌ စစ်တပ်မြေပုံတစ်ခု ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ 3D ရုပ်ကြွပုံနှင့် တူသည်။

ထို့နောက် သူက စစ်ဗျူဟာကို စတင်ရှင်းပြလိုက်၏။

All Chapters