အပြင်နယ်နမိတ် ချဲ့ထွင်ခြင်း
Vol. 9 Ch. 119
အခန်း(၁၁၉) : အပြင်နယ်နမိတ် ချဲ့ထွင်ခြင်း
လီကျွင်းက မြေပုံကို ထုတ်ပြလိုက်ပြီးနောက် မဟာရှားတိုင်းပြည် တည်ရှိသည့် အရှေ့ပိုင်းနယ်မြေဘက် အကျယ်ချဲ့ပြလိုက်သည်။ ထို့နောက် သူက နည်းဗျူဟာများကို စတင်ရှင်းပြလိုက်၏။
“ ကျုပ်တို့ ပထမဆုံး တိုက်ခိုက်မဲ့ ပန်းတိုင်က မဟူရာလမင်းဂိုဏ်းရဲ့ ပိုင်နက်ပဲ။ ပိုင်နက်မှာ ကာကွယ်ပေးနေတဲ့ တကယ့်စစ်တပ်လိုမျိုး မရှိတာကြောင့်မလို့ လက်ရွေးစင်တချို့ ရွေးထုတ်ပြီး သူတို့ဂိုဏ်းက တောင်ထိပ်ကို တန်းတိုက်ဖို့ ရည်ရွယ်ထားတယ်။ အဲဒီနောက် သူတို့ရဲ့ ပိုင်နက်ကို အပိုင်သိမ်းဖို့ ပိုလွယ်ကူသွားလိမ့်မယ်”
ထို့နောက် လီကျွင်းက မြေပုံကို ထိန်းချုပ်ကာ သံမဏိလက်သီးတိုင်းပြည်၏ ပိုင်နက်ကို ပြသလိုက်သည်။
“ ဒီတိုင်းပြည်အလှည့်ကျတော့ ဘုရင်နဲ့ တစ်ယောက်ချင်း စီးချင်းထိုးရအောင် ဖိတ်ခေါ်ဖို့ ပြင်ဆင်ထားတယ်။ အနိုင်ရရှိသူက တခြားလူရဲ့ ပိုင်နက်ကို ရလိမ့်မယ်။ သံမဏိလက်သီးဘုရင်ရဲ့ ရူးသွပ်မှုအရ သူ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ဖို့ အခွင့်အရေးများတယ်။
ဝံပုလွေရိုင်းတိုင်းပြည်အတွက်ကိုတော့ လှေတွေနဲ့ မြောက်ပိုင်းနယ်နမိတ်ဘက်ကနေ စတိုက်မယ်။ အဲဒီနောက် သူတို့မြို့တော် မရောက်ခင်အထိ တောင်ပိုင်းကို ရွေ့ကြမယ် ”
ဝမ်ဝေ့က အစီအစဉ်ကို ကြားပြီး ခေါင်းညိတ်လိုက်သည်။ သူက လီကျွင်းကို ယုံကြည်သော်လည်း မေးလိုက်သေး၏ “ တကယ်လို့ သံမဏိလက်သီးဘုရင်က ဖိတ်ခေါ်ချက်ကို ငြင်းလိုက်ရင်ရော ”
လီကျွင်းက ပြုံးကာ ဖြေလိုက်သည် “အဲဆိုရင် ကျွန်တော်တို့ သုံးဖက်ညှပ်တိုက်မယ်။ သံမဏိလက်သီးတိုင်းပြည်က တိုင်းပြည်လေးခုကြား ညှပ်နေတာလေ … မြောက်ပိုင်းမှာ ဝံပုလွေရိုင်းတိုင်းပြည်၊ တောင်ဘက်မှာ မဟူရာလမင်းဂိုဏ်းရဲ့ ပိုင်နက်နဲ့ အရှေ့ဘက်မှာ ကျွန်တော်တို့ မဟာရှားတိုင်းပြည်ကြီး ရှိနေတယ်လေ။
တကယ်လို့ သူ ဖိတ်ကြားချက်ကို ငြင်းလိုက်ရင် မဟူရာလမင်းဂိုဏ်းနဲ့ ဝံပုလွေရိုင်းတိုင်းပြည်ကို အရင်အုပ်စိုးပြီးမှ သုံးဖက်လုံးကနေ ညှပ်တိုက်မယ်”
အခန်းထဲရှိ အမတ်အားလုံးက စစ်သေနာပတိချုပ် အစီအစဉ်အား သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ဝမ်ဝေ့က ရုတ်ချည်း ထပြောလိုက်သည် “ တကယ်လို့ သံမဏိလက်သီးဘုရင် ငါတို့ ဖိတ်ကြားချက်ကို လက်ခံပြီး ရှုံးနိမ့်သွားတဲ့နောက်မှာ သူ့ကို တန်းမသတ်နဲ့။ ငါ့လက်အောက် နေချင်လားဆိုတာ မေးလိုက် ”
လီကျွင်းက ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း အကြောင်းအရင်းကို တန်းသဘောပေါက်လိုက်သည်။ သံမဏိလက်သီးဘုရင်က ဆွဲဆောင်မှုရှိသူတစ်ဦး ဖြစ်၏။ ဘုရင်တစ်ပါးအနေနှင့် သူက တိုင်းပြည်တစ်ခုလုံးကို သူ့လိုမျိုး ရူးသွပ်စေပြီး စစ်ပွဲကို ပျော်ရွင်ဖွယ်တစ်ခုအဖြစ် သတ်မှတ်ထားလေသည်။
သံမဏိဘုရင်လက်သီးက ဆိုးရွားသည့် အုပ်ချုပ်သူတစ်ဦး ဖြစ်သော်လည်း သူ့တပ်မဟာကို သူ့ဘာသာ ဦးဆောင်လိုက်လျှင် ကြောက်မက်ဖွယ် စစ်သူကြီးအဖြစ် ပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းက အရင်းအမြစ်တွေ ထောက်ပံ့ပေးလိုက်သည့်အခါတွင် ဖြစ်၏။
လီကျွင်းက ထိုဖြစ်နိုင်ခြေကို တွေးကာ ပိုစိတ်လှုပ်ရှားလာမိသည်။ ပထမက သူသည် နံပါတ်ပါ စစ်သူကြီးများထဲမှ တစ်ယောက်ကို တိုက်ခိုက်ခိုင်းဖို့ ကြံရွယ်ထား၏။ အကြောင်းမှာ သူတို့က အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ချိုးဖောက်တက်လှမ်းသွားပြီ ဖြစ်သည်။ သို့သော် ယခုတွင် သူက စိတ်ပြောင်းသွားလေပြီ။
ထို့နောက် လီကျွင်းက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့စစ်ဗျူဟာရှင်းပြချက်အား အဆုံးသတ်လိုက်သည်။ သိပ်မကြာခင် ညီလာခံက ပြီးဆုံးသွားပြီး ဧကရီသုံ့လီဖန်းကလွဲ၍ အားလုံး ထွက်သွားကြလေသည်။
ဝမ်ဝေ့က အချိန်မဖြုန်းဘဲ နတ်ဘုရားအမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်တုံးကို ထုတ်လိုက်ပြီး ဧကရီဂုဏ်ပုဒ်အပေါ် စည်းတံဆိပ် ချပေးလိုက်သည်။ ထို့နောက် တိုင်းပြည်၏ ချီကံကောင်းမှု နဂါးကို သုံ့လီဖန်းဆီ လက်လွဲပေးလိုက်သည်။
ဝမ်ဝေ့၏ အကူအညီဖြင့် သုံ့လီဖန်း၏ လိမ္မော်ရောင် ချီနဂါးက တိုင်းပြည်၏ ကံကောင်းမှုနှင့် ရောနှောသွားကာ စတင် လေ့လာနေသည်။
တကယ်တော့ ဝမ်ဝေ့က သုံ့လီဖန်းတွင် သူမ၏ အရည်အချင်းအရ လိမ္မော်ရောင်နဂါး ရှိနေသည်ကို မအံ့ဩမိပေ။ သူမသာ အသင်္ချေအင်ပါယာကမ္ဘာတွင် မွေးဖွားလာလျှင် သူမ ကံကောင်းမှုက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်လောက်ပြီး တခြားကောင်းကင်ရွေးချယ်ခံများနှင့်သူ့ကိုပင် ယှဉ်နိုင်လောက်သည်။
ဝမ်ဝေ့က သုံ့လီဖန်းသာ အသင်္ချေအင်ပါယာကမ္ဘာဆီ သူနှင့်အတူ လိုက်ပါလာလျှင် ထာဝရအိပ်မက်ဂိုဏ်းက သူမကို ရရှိဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်းအား ရှားပါးအရင်းအမြစ်များစွာဖြင့် ကမ်းလှမ်းလိမ့်မည်မှန်း မှန်းဆမိသည်။
သူမရဲ့ အိပ်မက်သဏ္ဍာန်ဝိညာဉ် ပါရမီက ဘယ်လောက်တောင် တန်ဖိုးထားခံလိုက်ရမလဲ …
သုံ့လီဖန်းက ကံကောင်းမှုစွမ်းအားထဲ ဈာန်ဝင်နေစဉ် ဝမ်ဝေ့ အကြည့်ထဲ မီးခိုးရောင်အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီး သူ့ဝိညာဉ်က သုံ့လီဖန်းနှင့် တိတ်တဆိတ် ဆက်နွယ်သွားလေသည်။ ထို့နောက် သူက သူမ မည်သို့ဆက်နွယ်သွားကြောင်း၊ ထိန်းချုပ်သွားကြောင်းနှင့် တိုင်းပြည်၏ ကံကောင်းမှုကို မည်သို့နားလည်သွားကြောင်း အားလုံးကို ကြုံတွေ့လိုက်ရ၏။
သုံ့လီဖန်းက တစ်ခုခု ထူးဆန်းနေသလို ရုတ်ချည်း ခံစားမိလာသော်လည်း စစ်ဆေးလိုက်ပြီးနောက် ဘာမှမတွေ့ရပေ။ ထို့ကြောင့် သူမက သံသယကို စိတ်ထဲ၌သာ ထားလိုက်သည်။ နောက်ဆုံးတွင် သူမက တာအိုအုတ်မြစ် ဖွဲ့စည်းနိုင်မည့် နည်းလမ်း တွေ့သွားပြီဖြစ်ရာ အဓိပ္ပါယ်မရှိသည့်အရာများ၌ အချိန်မဖြုန်းလိုတော့ပေ။
နာရီအနည်းငယ်ကြာ လေ့လာပြီးနောက် သုံ့လီဖန်း၏ စိတ်ဝိညာဉ်က ပင်ပန်းနွမ်းနယ်လာကာ ဝမ်ဝေ့က သူမနှင့် တိုင်းပြည် ကံကောင်းမှု ဆက်နွယ်မှုအား ဖယ်ရှားပေးလိုက်သည်။
သူမက အပြုံးလေးဖြင့် ဝမ်ဝေ့ထံ ဦးညွှတ်ကာ သူမနန်းဆောင်ဆီ ပြန်သွားတော့သည်။
ထိုစဉ် ဝမ်ဝေ့က သုံ့လီဖန်း ထွက်သွားပြီး နာရီပိုင်းကြာသည့်အထိ မျက်လုံးမှိတ်ထားလိုက်သည်။ သူ့မျက်လုံး ပြန်ဖွင့်လာသည့်အခါ သူ့ချီနဂါးကို စစ်ကြည့်လိုက်သည်။ နဂါးက အနက်ရောင် ဖြစ်နေဆဲ ဖြစ်သော်လည်း လည်မျိုအောက်တွင် ကြေးခွံတချို့က ခရမ်းရောင် ပြန်ဖြစ်လာလေပြီ။ ဝမ်ဝေ့က အားပါးတရ ပြုံးလိုက်မိ၏။
ကြည့်ရသည်မှာ သူ့အစီအစဉ်က သူ စိတ်ကူးထားသည်ထက် ပိုအဆင်ပြေနေလေသည်။ ထိုအရာမှာ သုံ့လီဖန်းက ပါရမီထူးကဲနေသည့်အချက်ကြောင့်လည်း အဓိကပါဝင်၏။
ထိုစဉ် လီကျွင်းက မြို့တော်မှ နယ်စပ်ဆီ မြင်းတချို့ဖြင့် ခရီးနှင်နေသည်။ သူက နယ်စပ်ရောက်လာပြီးနောက် သူ့ကို စောင့်ဆိုင်းနေသည့် စစ်သူကြီး(၃)နှင့် တွေ့ကာ တိုက်ရိုက်မေးလိုက်သည် “ အားလုံး အဆင်သင့်ပဲလား ”
“ ဟုတ်ကဲ့ စစ်သေနာပတိချုပ် ”
လီကျွင်းက ခေါင်းညိတ်လိုက်ပြီနောက် စစ်တန်းလျားအပြင်ဘက်သို့ ထွက်လာလိုက်သည်။ ထိုနေရာတွင် သူ့ကို စောင့်နေသည့် ဧရာမသစ်သား ဇာမဏီယာဉ်ကို မြင်လိုက်ရသည်။ ဤသည်က စစ်တပ်အတွက် အထူးဆောက်လုပ်ထားသည့် ပျံဝဲဇာမဏီယာဉ် ဖြစ်ပေသည်။
စစ်သားများစွာက သူတို့ချပ်ဝတ်များနှင့် လက်နက်များကို သယ်ဆောင်ထားကြပြီး အရုပ်ယာဉ်ပေါ် တက်လာကြသည်။ စစ်သားများအားလုံး တက်လိုက်ပြီးနောက် လီကျွင်းလည်း အထဲဝင်လာသည်။
သိပ်မကြာခင် ဇာမဏီနှုတ်သီးနေရာတွင် ရှိသည့် စစ်သားတစ်ယောက်က လျှာကိုက်ကာ အစီအရင်ထဲ သွေးစက်ချလိုက်သည်။ ထို့နောက် သူ့မူလချီကို အသက်သွင်းပြီး လောင်းထည့်လိုက်၏။ ထိုအခါ ယာဉ်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် သင်္ကေတများစွာနှင့် အက္ခရာများစွာ ပေါ်ထွက်လာသည်။
တိုင်းသူပြည်သားများအတွက် ဆောက်လုပ်ပေးထားသည့် မူလကျောက်တုံးဖြင့် အလုပ်လုပ်သော ယာဉ်နှင့် မတူသည်က စစ်တပ်သုံးက မူလချီကို အသုံးပြုလေသည်။
စစ်သားက မူလချီစွမ်းအားကို လောင်းထည့်လိုက်ပြီးနောက် ဇာမဏီယာဉ်ကြီးက တောင်ပံတဖြတ်ဖြတ်ခတ်ကာ လေထဲ ပျံသန်းလာသည်။ အရာအားလုံး အလုပ်လုပ်နေကြောင်း စစ်ဆေးပြီးနောက် လီကျွင်းက အော်ပြောလိုက်သည် “ ကိုယ်ပျောက်အစီအရင် အသက်သွင်းလိုက် ”
ဇာမဏီနှုတ်သီးရှိ စစ်သားများက အမိန့်ကို ကြားကာ မူလချီကို နောက်ထပ် အစီအရင်တစ်ခုထဲ ထပ်ထည့်လိုက်ပြန်သည်။
ထို့နောက် ပျံဝဲဇာမဏီယာဉ်အနှံ့ အက္ခရာသင်္ကေတမြောက်များစွာ ပေါ်လာပြီး လေထဲတွင် ပျောက်ကွယ်သွားလေသည်။ အတိအကျဆိုရလျှင် မျက်စိနှင့် မမြင်နိုင်တော့ခြင်း ဖြစ်၏။
ပျံဝဲဇာမဏီယာဉ်ကြီးက တည်နေရာတစ်ခုဆီ ဦးတည်နေသည်။ တကယ်တော့ ထွက်သွားဖို့ အမိန့်ပေးထားသည်မှာ လီကျွင်းသာ မကပေ။
စစ်သူကြီး(၂)၊ (၄) နှင့် (၅) တို့ပါဝင်သည့် တပ်ဖွဲ့ကလည်း လှေများစွာဖြင့် ဝံပုလွေရိုင်းတိုင်းပြည်၏ မြောက်ပိုင်းသို့ ဦးတည်နေကြသည်။ သူတို့တာဝန်က ထိုတိုင်းပြည်ကို တတ်နိုင်သမျှ အမြန်ဆုံး သိမ်းပိုက်ရန် ဖြစ်သည်။
ထိုစဉ် နာရီအနည်းငယ်ကြာ သွားလာပြီးနောက် ယာဉ်က မဟူရာလမင်းဂိုဏ်း တည်ရှိရာ တောင်ထိပ်ဆီ ရောက်လာသည်။ ထိုအခါ လီကျွင်းက သူ့လူများအား ဂိုဏ်းတစ်ခုလုံးကို ဝိုင်းထားပြီး လူများကို ထွက်ပြေးနိုင်အောင် နေရာလွတ်မချန်ထားဖို့ အမိန့်ပေးလိုက်သည်။
ထို့နောက် လီကျွင်းက မူလချီဖြင့် အော်ပြောလိုက်သည် “မဟူရာလမင်းဂိုဏ်းက လူတွေ … ခင်ဗျားတို့ကို မဟာရှားတိုင်းပြည်ရဲ့ လက်ရွေးစင်တပ်က ဝိုင်းထားပြီ။ တကယ်လို့ လက်နက်ချအညံ့ခံပြီး ကျင့်ကြံဆင့် စည်းပိတ်ခွင့် ပေးရင် မင်းတို့အားလုံးကို သက်ညှာပေးပြီး မဟာရှားတိုင်းသူပြည်သားအဖြစ် အသိအမှတ်ပြုမယ်။
တကယ်လို့ ငြင်းဆန်နေမယ်ဆိုရင် မင်းတို့ဂိုဏ်းကို တုံ့ဆိုင်းခြင်းမရှိ သုတ်သင်ပစ်မယ်။ ငါ့အရှင် ပညာရှိဝိဇ္ဇာ ဝမ်ဝေ့ အမည်နာမနဲ့ ကျိန်ဆိုနိုင်တယ် ”
လီကျွင်း၏ အသံက တောင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး ဂိုဏ်းရှိ အကြီးအကဲများနှင့် ဂိုဏ်းသားများအား လန့်ဖြတ်သွားစေသည်။
လီကျွင်းက တိုက်ရိုက်တိုက်ခိုက်ပြီး အားသုံး၍ သူတို့အညံ့ခံလာအောင် လုပ်ချင်သော်လည်း သတ်မှတ်ထားသည့် နယ်နမိတ်အတွင်း ကျူးကျော်သူ ဝင်ရောက်လာသည်နှင့် တောင်ကို ပိုင်းခြားလိုက်သည့် အစီအရင် အသက်ဝင်လာမည်မှန်း ခံစားမိလေသည်။ သို့သော် သူက ဒီလိုဖြစ်ရပ်မျိုးကို ပြင်ဆင်ထားသည့်အတွက် အလျှင်မလိုပေ။
ထိုစဉ် မဟူရာလမင်းဂိုဏ်းက လူများမှာ လီကျွင်းအသံကို ကြားပြီး တုန်လှုပ်နေကြသည်။ ထို့ကြောင့် သူတို့အထက်ပိုင်း အကြီးအကဲများက အရေးပေါ် အစည်းအဝေး ခေါ်လိုက်ရသည်။
ဂိုဏ်းသခင်နှင့် အကြီးအကဲများက သူတို့ဘဝများအတွက် ပြန်လည်တိုက်ခိုက်ရမည်လား သို့မဟုတ် မဟာရှားတိုင်းပြည်မှ လူများတောင်းဆိုသလို အညံ့ခံလိုက်ရမည်လား အပြင်းအထန် ဆွေးနွေးနေကြသည်။
အကြီးအကဲတစ်ဦးက တိုက်ရိုက်မေးလိုက်သည် “မဟာရှားတိုင်းပြည်က ငါတို့ပိုင်နက်ထဲ သတိမထားမိစေဘဲ ဘယ်လိုလုပ်ရောက်လာတာလဲ ”
“ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သူတို့ဖန်တီးထားတဲ့ ယာဉ်ပျံကြောင့် ဖြစ်လိမ့်မယ် ”
“ သေမျိုးတွေအတွက် ဒီလိုအားကောင်းတဲ့ မူလအသုံးအဆောင်ပစ္စည်းမျိုး အသုံးပြုတာ နှမြောစရာပဲ”
“ကောင်းပြီ … အဲဒီယာဉ်တွေက တပ်အတွက်လည်း အသုံးပြုနိုင်တယ်ဆိုတာ ပြသနေတာပဲ။ ငါတို့သူလျိုတွေသာ အဲဒီယာဉ်တွေရဲ့ တည်ဆောက်ပုံ ပုံကြမ်းကို ရလာခဲ့ရင် ငါတို့မဟူရာလမင်းဂိုဏ်းက ကမ္ဘာမှာ အားအကောင်းဆုံးထဲက တစ်ဂိုဏ်း ဖြစ်လာမှာ”
“ မင်းတို့အားလုံး အာရုံစိုက်တာ မှားနေပြီ။ အခု ငါတို့ဘာလုပ်ကြမှာလဲ။ ငါတို့ ပြန်တိုက်မှာလား၊ အညံ့ခံမှာလား ”
“ငါတို့အညံ့ခံလိုက်ရင် မဟာရှားတိုင်းပြည်က လူတွေက ကတိတည်ပါ့မယ်လို့ အာမခံနိုင်လို့လား” အကြီးအကဲတစ်ယောက်က မေးလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အခန်းက တိတ်ဆိတ်သွားပြီး တစ်ယောက်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။
“ငါတို့ ပညာရှိဝိဇ္ဇာဘုရင်အကြောင်း စုဆောင်းထားတဲ့ သတင်းအချက်အလက်အရ သူက ကတိစကားတည်တဲ့သူပဲ”
“အဲလိုဆိုရင် အညံ့ခံလိုက်ကြစို့ ”
“ကျုပ်လည်း သဘောတူတယ် ”
“ကျုပ်ရောပဲ ”
ထို့နောက် အကြီးအကဲအများစုက အညံ့ခံဖို့ သဘောတူလိုက်ကြသည်။ သို့သော် ဂိုဏ်းသခင်က လွယ်လွယ်လက်မလျော့ချင်ပေ။
“ငါတို့အတွက် မျှော်လင့်ချက်ရှိနေသေးတယ်။ ဒီလောက်မြန်မြန် လက်လျော့ဖို့ မလိုဘူး ”
အကြီးအကဲအားလုံးက နားမလည်စွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ထိုမျှော်လင့်ချက်ဆိုသည့်အရာကြီး ဘယ်ကနေထွက်လာကြောင်း မသိပေ။ သူတို့က ဂိုဏ်းအစီအရင်သည် မဟာရှားတိုင်းပြည်မှ လူများကို တားဆီးနိုင်လိမ့်မည်ဟု တစ်စက္ကန့်ပင် မယုံပေ။
“ငါတို့ ဘိုးဘေးကို နိုးလို့ရတယ်” ဂိုဏ်းသခင်၏ တုံ့ပြန်မှုကြောင့် အားလုံးက အံ့ဩတုန်လှုပ်ကုန်ကြသည်။ သူတို့သိထားသလောက် သူတို့ဘိုးဘေး ကွယ်လွန်သွားသည်မှာ ကြာလှလေပြီ။ သို့သော်လည်း ကိစ္စများက သူတို့ယုံကြည်ထားသလို မရိုးရှင်းပေ။ ထို့နောက် အကြီးအကဲများ၏ မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်မျိုး ဖြတ်ပြေးသွားလေ၏။
သူတို့မဟူရာလမင်းဂိုဏ်းအတွက် မျှော်လင့်ချက်ရှိနေသေးလေသည်။