← Chapters

ခေတ်မီသော စစ်ပွဲ

Vol. 9 Ch. 120

ခေတ်မီသော စစ်ပွဲ

Vol. 9 Ch. 120

အခန်း(၁၂၀)  :  ခေတ်မီသော စစ်ပွဲ

လီကျွင်း သတိပေးချက်အပြီး မိနစ်ပိုင်းလောက်ကြာပြီးနောက် ဂိုဏ်းအစီအရင်ကို အထဲမှ တစ်ယောက်ယောက်က အသက်သွင်းလိုက်သည်။ ထို့နောက် ဂိုဏ်းအတွင်းပိုင်းမှ အမျိုးသမီးတစ်ယောက် ပျံသန်းထွက်လာ၏။ စက္ကန့်ပိုင်းလေးအတွင်း သူမက မဟာရှားတိုင်းပြည် လက်ရွေးစင်တပ်အထက် ဝေဟင်ထဲ ရောက်လာသည်။

သို့သော်လည်း လီကျွင်းက မဟူရာလမင်းဂိုဏ်းအတွင်း သဘာဝလွန်အဆင့် ကျင့်ကြံသူရှိနေသည့်အချက်ကို မအံ့ဩပေ။ သူက သူ့ခေါင်းအထက် တစ်ယောက်ယောက် ပျံသန်းလာသည်ကို မြင်လိုက်သည်နှင့် သူ့လူများကို ချက်ချင်း အမိန့်ပေးလိုက်သည်။ ထို့နောက် သူ ခေါ်လာသည့် လက်ရွေးစင် စစ်သားအယောက်တစ်သောင်းလုံးက တည်ကျက်ဖြန့်လိုက်ကြသည်။

သူတို့က သူတို့သွေးချီနှင့် မူလချီနှစ်မျိုးလုံးကို အသက်သွင်းလိုက်သည့်အခါ သူတို့ဆီမှ သင်္ကေတအမြောက်အများ ထွက်ပေါ်လာပြီး အတူတကွ ပေါင်းစပ်သွားလေသည်။ စစ်သားများကြောင့် အစီအရင်တစ်ခု ချက်ချင်း ဖြစ်တည်လာ၏။

မဟူရာလမင်းဂိုဏ်းက ဘိုးဘေးက ချက်ချင်းဆိုသလို ပျံသန်းနိုင်စွမ်း ပျောက်ဆုံးသွားသည်ကို သိသွား၍ အလန့်တကြား ဖြစ်သွားသည်။ ထို့နောက် သူမက မြေပေါ်ပြုတ်ကျလာ၏။ သူမအတွက် ကံကောင်းသွားသည်က အားကောင်းလွန်း၍ ဘေးကင်းကင်း ဆင်းသက်နိုင်လိုက်ခြင်း ဖြစ်၏။

မဟူရာလမင်းဂိုဏ်း ဘိုးဘေးက သူမ၏ အခြေအနေကို နားလည်လိုက်ပြီး လက်ဝေ့လိုက်သည့်အခါ ရှေးဟောင်းမီးအိမ်တစ်လုံး သူမရှေ့ပေါ်လာသည်။ ထိုအရာမှ နှစ်ရောင်ခြယ် မီးတောက် လောင်ကျွမ်းနေ၏။

လီကျွင်းက အစီအရင်အလုပ်ဖြစ်သည်ကို မြင်သည့်အခါ ပြုံးလိုက်မိသည်။ မဟာရှားတိုင်းပြည်က သဘာဝလွန်အဆင့် ကျင့်ကြံသူများ မပျံသန်းနိုင်စေရန် တားဆီးပေးမည့် အစီအရင် ဖန်တီးဖို့အတွက် အရင်းအနှီးမြောက်များစွာ သုံးထားလေသည်။

ယခု နောက်ဆုံးတော့ အသုံးချနိုင်သွားလေပြီ။ ရန်သူကို မြေပြင်ကို အပါခေါ်လာပြီးနောက် လီကျွင်းက သူ့လှံကို ထုတ်ကာ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားလိုက်သည်။

ထိုစဉ် ဝံပုလွေရိုင်းတိုင်းပြည်ဘက်သို့ ဦးတည်သွားကြသော စစ်သူကြီး(၂)၊ (၄)နှင့် (၅)တို့က လှေဖြင့် နာရီပိုင်းကြာ သွားလာပြီးနောက် ကုန်းပေါ်သို့ ရောက်သွားကြလေပြီ။ စစ်သားများ အနားယူပြီးနောက် အနီးဆုံးမြို့ဆီ ဦးတည်ကာ တိုက်ခိုက်သိမ်းယူလိုက်ကြသည်။

စစ်သူကြီး(၂)က ဒီကျူးကျော်မှုအတွက် စစ်သေနာပတိချုပ် လက်ဆောင်ပေးထားသည့် သိုလှောင်လက်စွပ်ထဲမှ ယာဉ်ငါးစင်းကို ထုတ်လိုက်သည်။ ထိုယာဉ်များက ပျံဝဲဇာမဏီယာဉ်များ ဖြစ်လေသည်။ စစ်သူကြီးသုံးယောက်၏ ညွှန်ပြမှုအောက်တွင် ဇာမဏီယာဉ်တစ်ခုချင်းစီမှာ စစ်သားအယောက် နှစ်သောင်း နေရာယူလိုက်ကြသည်။ ကိုယ်ပျောက်အစီအရင် အသက်သွင်းလိုက်ပြီးသည့်နောက် ပျံဝဲဇာမဏီယာဉ်က အနီးဆုံးမြို့ဆီ ပျံသန်းသွားလိုက်သည်။

မြို့ဆီ ရောက်လာပြီးနောက် တပ်ဖွဲ့က ညဘက်ရောက်အောင်အထိ စောင့်လိုက်ကြသည်။ ထို့နောက် စစ်သူကြီး(၂)၏ အမိန့်အောက်တွင် သီးသန့်အဖွဲ့တစ်ဖွဲ့က ယာဉ်တစ်စင်းပေါ်မှ ခုန်ဆင်းလာကြသည်။

ထိုအဖွဲ့က သူတို့အား မိုးမြေနှင့် တစ်သားတည်းဖြစ်စေပြီး ဘယ်သူမှ မမြင်ရစေရန် ထူးခြားသည့် ချပ်ဝတ် ဝတ်ဆင်ထားကြသည်။ မြို့ထဲ ဝင်ရောက်ပြီးနောက် သီးသန့်အဖွဲ့က နှစ်ဖွဲ့ ပြန်ခွဲလိုက်သည်။

အဖွဲ့တစ်ဖွဲ့က မြို့တံတိုင်းဆီ ဦးတည်လိုက်ပြီး ကျန်တစ်ဖွဲ့က မြို့အရှင် စံအိမ်ဆီ ဦးတည်လိုက်ကြသည်။ စိစစ်ရေးမှူးချုပ် ဝမ်ကျူ၏ စွမ်းရည်ဖြင့် ဝံပုလွေရိုင်းတိုင်းပြည်ရှိ မြို့ကြီးများ၏ မြေပုံကို ရထားပြီဖြစ်၍ သီးသန့်အဖွဲ့က မြို့တစ်မြို့လုံးအကြောင်း အသေးစိတ် အချက်အလက်ရထားပြီးလေပြီ။

အဖွဲ့တစ်ဖွဲ့က မြို့တံတိုင်းဆီ ရောက်သွားပြီးနောက် ထိုနေရာမှ အစောင့်များကို တိုက်ခိုက်ကာ သတ်ပစ်လိုက်ကြသည်။ ထို့နောက် သူတို့က စစ်သူကြီး(၂)၏ ကျန်တပ်သားများ ဝင်ရောက်လာစေဖို့ မြို့တံခါးကို ဖွင့်ပေးလိုက်သည်။

ကျန်အဖွဲ့အတွက်မူ မြို့အရှင်စံအိမ်ထဲ ကျူးကျော်ကာ အစောင့်များကို စတင်သတ်ဖြတ်နေပြီ ဖြစ်၏။

မြို့အရှင်ချိုးကျင့်က အော်သံများကြောင့် လန့်နိုးလာသည်။ သူက အဝတ်အစားကောင်းကောင်းပင် မဝတ်နိုင်တော့ဘဲ သူ့ဇနီးဖြစ်သူကို လျစ်လျူရှုကာ စာကြည့်ခန်းထဲ ပြေးထွက်လာသည်။

ထို့နောက် သူ့အား မြို့တော်နှင့် ဆက်သွယ်ကာ အကူအညီတောင်းနိုင်မည့် လျို့ဝှက်အစီအရင်အား အသက်သွင်းဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့အတွက် ကံဆိုးသည်က ဆဋ္ဌမခိုပျံ အသုံးပြုလို့မရအောင် တစ်ခုခုက တားဆီးထားပုံပေါ်သည်။

ချိုးကျင့်က ထိုအရာကို မြင်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို စောင့်နေသည့်အလား ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်တော့သည်။

မိနစ်ပိုင်းကြာမြင့်ပြီးနောက် သူ့စံအိမ်အပြင်ဘက်မှ ဆူညံသံများလည်း ရပ်တန့်သွားသည်။ ထို့နောက် မည်းနက်နေသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် စစ်သားအဖွဲ့ကို ဦးဆောင်လာသည့် လူငယ်လေးကို မြင်လိုက်ရသည်။ ထိုချပ်ဝတ်များက အမှောင်ထုလိုမျိုး မည်းနက်နေသည့်အတွက် မြို့အရှင်အနေနှင့် ထိုလူငယ်လေးနောက်တွင် နောက်ထပ် တခြားလူပါလား၊ မပါလား ခွဲခြားဖို့ပင် ခက်လှသည်။

စစ်သူကြီး(၄)က မြို့အရှင်ချိုးကျင့်ကို ကြည့်ကာ လက်ဝေ့လိုက်ပြီး သူ့မိသားစုနှင့် သူ့အား ဖမ်းဆီးခိုင်းလိုက်သည်။ ထို့နောက် သူက ထိုင်ခုံပေါ်တွင် ထိုင်ကာ သူ့အပေါင်းအပါများ အလုပ်ပြီးမြောက်မည့်အချိန်ကို စောင့်နေလိုက်သည်။

ဤသို့ဖြင့် နောက်ထပ်နာရီပိုင်းကြာမြင့်ပြီးနောက် မြို့တစ်မြို့လုံးကို သိမ်းပိုက်နိုင်လိုက်သည်။

မဟာရှားတိုင်းပြည် စစ်တပ်က မြို့ထဲ ဝင်ရောက်လာပြီးနောက် တိုက်ခိုက်နိုင်စွမ်းရှိသည့် စစ်သားအားလုံးကို ဖမ်းဆီးပြီး အကျဉ်းချကာ မြို့ကို သိမ်းပိုက်ပစ်လိုက်သည်။

စစ်သူကြီး(၂)က ကျန်စစ်သားတချို့အား မဟာရှားတိုင်းပြည်မှ လူများအား စောင့်နေဖို့ အမိန့်ပေးလိုက်သည်။

လှေပေါ်တွင် သူတို့ သိမ်းပိုက်ထားသည့် မြို့များကို အုပ်စိုးကြီးကြပ်ပေးဖို့အတွက် ပညာရှင်များနှင့် အရာထမ်းများ ကျန်နေသေးလေသည်။

ထို့နောက် စစ်သူကြီးသုံးယောက်က ပျံဝဲဇာမဏီယာဉ်ကို စီးနင်းကာ နောက်တစ်မြို့ဆီ ထပ်ဦးတည်လိုက်သည်။ ဤတပ်ဖွဲ့အတွက် ညတာက အလွန်ရှည်ကြာလွန်းလှသည်။

တကယ်တော့ မြို့သိမ်းပိုက်ခြင်း ဖြစ်စဉ်က အရမ်းလွယ်ကူပုံပေါက်နေသည့်အကြောင်းအရင်းမှာ ဝမ်ဝေ့က သူ့တိုင်းပြည်အတွင်း ခေတ်မီအောင် လုပ်ထားသည့်အချက်ကြောင့် ဖြစ်၏။ သူက အစီအရင်နှင့် မွမ်းမံမှုများစွာ အသုံးချကာ နာမည်များကွဲလွဲနေသော်လည်း ကား၊ ရထားနှင့် လေယာဉ်ပျံများကို တီထွင်ထားခဲ့သည်။

ထို့နောက် သူက စစ်တပ်အထိ အကုန်တပ်ဆင်ပေးခဲ့သည်။ ပျံဝဲဇာမဏီယာဉ် သို့မဟုတ် လေယာဉ်ပျံဖြင့် သူ့တပ်က အချိန်မရွေး မြန်မြန်ဆန်ဆန် သွားလာနိုင်သည်။ ထို့နောက် သူက  ကိုယ်ပျောက်စေနိုင်သည့် ချပ်ဝတ်များအထိ ဖန်တီးထားခဲ့သည်။ သူက ထိုးဖောက်ကျူးကျော်မှု ပညာရပ်များတွင် ကျွမ်းကျင်သည့် လက်ရွေးစင်အုပ်စုပါ လေ့ကျင့်ပေးခဲ့သည်။

ဤနည်းဖြင့် သူ့စစ်တပ်က မြို့များကို သိမ်းပိုက်ရာ၌ မြန်ဆန်သလို သက်ရောက်မှုလည်း ပြင်းထန်လှသည်။ သူတို့က အသက်စတေးစရာလည်း လျော့နည်းသွားသည်။

တကယ်တော့ ဝမ်ဝေ့က သေနတ်များပါ တီထွင်လိုပေသည်။ သူက ယမ်းမှုန့် မသုံးလိုပေ။ သူ့အနေနှင့် သေနတ်ပြောင်းဝထဲ ကျည်ဖူးထွက်နိုင်သည့် အစီအရင်ခင်းကျင်းဖို့သာ လိုအပ်လေသည်။

ထိုသေနတ်များက သွေးချီ သို့မဟုတ် မူလချီကို အသုံးပြု၍ အသက်သွင်းနိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် သူ ကျရှုံးသွားလေသည်။ အတိအကျဆိုရလျှင် သူ တားမြစ်ခံလိုက်ရ၏။

သူ အစီအစဉ်ကို လက်တွေ့အကောင်အထည် ဖော်တော့မည့်ဆဲဆဲတွင် ကမ္ဘာမှ ပြင်းထန်သည့် ငြင်းပယ်မှုမျိုးကို ရုတ်ချည်း ခံစားလိုက်ရသည်။ ထိုပြင်းထန်ည့် အလိုဆန္ဒက သူ့အား ကမ္ဘာမှ ငြင်းဆန်နေလေ၏။

ထို့ကြောင့် ကောင်းကင်တာအိုသည် သူ့အား ကမ္ဘာကြီးထဲမှ စစ်ပွဲပုံစံကို မပြောင်းလဲပစ်ဖို့ အပြင်းအထန် သတိပေးနေကြောင်း သိလိုက်သည်။

ဝမ်ဝေ့က တစ်ယောက်ယောက် သူ့စိတ်ကြိုက်မလုပ်နိုင်အောင် တားဆီးထားသည်နှင့် ပတ်သက်၍ မပျော်ရွင်သော်လည်း ကောင်းကင်တာအိုကို လျစ်လျူရှုနိုင်လောက်အောင် အားမကောင်းသေးသည့်အတွက် လက်လျော့လိုက်ရသည်။

အကယ်၍ သူသာကမ္ဘာမှ နှင်ထုတ်ခံရလျှင် သူ့အတွက် ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အခု နောက်ဆုတ်ထားလိုက်မည်။

စစ်သူကြီး(၂)က သူ့တပ်ဖွဲ့ကို ဦးစီးကာ ဝံပုလွေရိုင်းတိုင်းပြည်အတွင်းရှိ မြို့များစွာကို သိမ်းပိုက်နေစဉ် သူ့ခေါင်းဆောင် လီကျွင်းကလည်း ခက်ထန်သည့် တိုက်ပွဲတစ်ခု ပြီးဆုံးခါစ ဖြစ်၏။

လီကျွင်းက လည်ချောင်းတွင် အပေါက်ဖြစ်ကာ မြေပေါ်လဲနေသည့် အမျိုးသမီးကို ကြည့်ကာ သူ့ဒဏ်ရာများကို ပြန်စစ်ဆေးလိုက်သည်။

သူ့ချပ်ဝတ်က သူ့အရေပြားတချို့နှင့်အတူ လောင်ကျွမ်းထားလေသည်။ ထိုအရာမှလွဲ၍ သူက ကျန်တာအကုန်အဆင်ပြေ၏။

“ ဒီလူက အစ်ကိုကြီး လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက တိုက်ခိုက်ခဲ့တဲ့လူထက်တောင် အားနည်းသေးတယ်” လီကျွင်းက ရေရွတ်လိုက်သည်။

သူက အနိုင်ရသော်လည်း ဂုဏ်မောက်မှုမျိုး မရှိပေ။ သူ အလွယ်တကူ တိုက်နိုင်သည့်အကြောင်းအရင်းမှာ သူတို့တိုင်းပြည်၏ အစီအရင်က သူမကို မပျံသန်းနိုင်အောင် တားဆီးထားသည့်အတွက် ဖြစ်မှန်း သိလေသည်။

လီကျွင်းက စိတ်ဓာတ်မကျပေ။ သူသာ ပျံသန်းနိုင်လျှင် သဘာဝလွန်အဆင့် ကျင့်ကြံသူများကို အလွယ်လေး စိန်ခေါ်နိုင်ကြောင်း ယုံကြည်ချက်ရှိ၏။ သူသာ ဝှက်ဖဲအားလုံး ထုတ်သုံးလိုက်လျှင် အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်ရှိ သာမန်ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။

ခဏကြာစဉ်းစားနေပြီးနောက် လီကျွင်းက ခေါင်းမော့ကာ မဟူရာလမင်းဂိုဏ်း၏ အစောင့်အကြပ် အစီအရင်ထဲမှ ထွက်လာသည့် အမျိုးသားကို ကြည့်လိုက်သည်။

“မင်းက ဂိုဏ်းသခင်ရန်လျူပဲ ဖြစ်ရမယ် ” လီကျွင်းက အပြုံးဖြင့် ပြောလိုက်သည်။

ထိုစဉ် ဂိုဏ်းသခင်ရန်လျူက လူနှစ်ယောက်၏ တိုက်ပွဲကြောင့် ပျက်စီးနေပြီဖြစ်သည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နေရာတိုင်းတွင် မီးလောင်ကျွမ်းရာများ ရှိနေပြီး လှံထိုးစိုက်မှုကြောင့် မြေတွင်းများကိုလည်း မြင်နေရသည်။

လေထုထဲ ကျန်ရစ်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များကြောင့် အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ဖြစ်သည့် သူပင် မသက်မသာ ဖြစ်လာမိသည်။

ရန်လျူက သက်ပြင်းချကာ ဦးညွှတ်လိုက်ပြီး  “ သတ်ဖြတ်ရေးနတ်ဘုရားလီကျွင်း ကျုပ် မဟူရာလမင်းဂိုဏ်းကို ကိုယ်စားပြုပြီး မဟာရှားတိုင်းပြည်လက်အောက် အညံ့ခံပါ့မယ် ”

သို့သော်လည်း လီကျွင်းက သူ့အား ခက်ထန်သည့် အပြုံးမျိုးဖြင့် ကြည့်လာသည်။

“ မင်းတို့ဂိုဏ်းက ဒီလိုမျိုးအားကောင်းတဲ့ ကျင့်ကြံသူမျိုး ငါတို့ဆီ စေလွှတ်တိုက်ခိုက်ပြီးတဲ့နောက် လွယ်လွယ်လေး အညံ့ခံလို့ရမယ် ထင်နေတာလား”

ဂိုဏ်းသခင်ရန်လျူက ချက်ချင်း မဖြေပေ။ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးနောက် သူက ပါးစပ်ဖွင့်လာကာ  “ အရှင် ကျုပ်တို့ဂိုဏ်းရဲ့ … ”

“ ဂိုဏ်းအစောင့်အကြပ် အစီအရင်အကြောင်း လာမပြောနဲ့။  ငါတို့ တပ် ချိုးဖောက်နိုင်ဖို့ အချိန်တစ်ခုပဲ လိုတယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ ”

ဂိုဏ်းသခင်ရန်လျူက သက်ပြင်းချလိုက်ပြီး  “ အဲဆို ကျုပ်တို့မဟူရာလမင်းဂိုဏ်းကို သက်ညှာပေးဖို့ ကျုပ် ဘာလုပ်ပေးရမလဲ ”

“ ရိုးရိုးလေးပါ ” လီကျွင်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ ဂိုဏ်းအစီအရင်ကို ဖွင့်ပြီး ကိုယ့်ဘာသာ သတ်သေလိုက် ”

ထိုအရာကို ကြားပြီး ဂိုဏ်းသခင်ရန်လျူက တည်ငြိမ်နေသည်။ ထို့နောက် သူက အမှတ်အသားပြားကို ထုတ်ကာ သူ့မူလချီများ ထည့်သွင်းပြီး အစီအရင်ကို ဖျက်သိမ်းလိုက်သည်။ ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ ဓားတစ်ချောင်းထုတ်ကာ သူ့နှလုံးသားတည့်တည့် ထိုးစိုက်လိုက်သည်။

သူက တုံ့ဆိုင်းနေခြင်း မရှိပေ။ ထို့နောက် ဂိုဏ်းသခင်ရန်လျူက မျက်လုံးပိတ်လျက် မြေပေါ် လဲကျသွားတော့သည်။

ထိုစဉ် လီကျွင်းက တည်တည်ငြိမ်ငြိမ် အမိန့်ထုတ်ပြလိုက်သည်။

“ ဂိုဏ်းသခင်ကို သေချာမြှပ်နှံ့ပေးလိုက် … ပြီးရင် မဟူရာလမင်းဂိုဏ်းထဲ ဝင်ပြီး အထဲကလူအားလုံးရဲ့ ကျင့်ကြံဆင့်ကို စည်းပိတ်ထားလိုက်။ တကယ်လို့ တစ်ယောက်ယောက် ခုခံနေရင်  … သတိမေ့အောင်သာ လုပ်လိုက် ”

All Chapters