စီးချင်းထိုးပွဲ
Vol. 9 Ch. 123
အခန်း (၁၂၃) : စီးချင်းထိုးပွဲ
တကယ်တော့ အမတ်များက ဝမ်ဝေ့သည် လိုအပ်လာသည့်အခါ ဉာဏ်များတတ်ကြောင်း တွေးမိသည်မှာ အမှန်ဖြစ်၏။
ဤနှစ်တစ်လျှောက် သူက သူ့ဥပဒေစည်းမျဉ်းများကို အနှောင့်အယှက်ဖြစ်စေသည့် အထက်တန်းလွှာများအား မည်သို့ရှင်းထုတ်ပစ်ရမည့် အတွေးအား ဆက်တိုက်တွေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူက သူတို့နောက်ခံဖြစ်သလို ဝှက်ဖဲလည်းဖြစ်သည့် သဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူများအား သတ်ပစ်ချင်သည်။
ထို့ကြောင့် သူက သူတို့ ပျံသန်းမှုကို တားဆီးပေးမည့် အစီအရင်အထိ ဖန်တီးကာ ထိုအစီအရင်ကို အလျှင်အမြန် ခင်းကျင်းနိုင်စွမ်းရှိသည့် လူများအထိ လေ့ကျင့်ပေးထားခဲ့သည်။ ထိုလူများကို တိုင်းပြည်၏ ပိုင်နက်အနှံ့ မြို့အသီးသီးဆီ ခွဲဝေနေရာချပေးထားသည်။
ယနေ့ သူ စိတ်မြန်လက်မြန် ပြုမူရသည့် အကြောင်းအရင်းတစ်ခုမှာ ထိုသဘာဝလွန်နယ်ပယ်အဆင့် ကျင့်ကြံသူများကို မျှားခေါ်ထုတ်ကာ သူ ဖန်တီးထားသော အစီအရင်ဖြင့် ဖမ်းဆီးချင်၍ ဖြစ်သည်။
ကံဆိုးစွာဖြင့် ထိုလူများက သတိကြီးကြီးထားကာ အိမ်တချို့ကို ဖျက်ဆီးပစ်ပြီးနောက် ချက်ချင်း ထွက်ပြေးသွားကြလေသည်။
ဝမ်ဝေ့က သူ့အကြံအစည် ကျရှုံးသွားသောကြောင့် သက်ပြင်းချကာ အစည်းအဝေး ဆက်ကျင်းပလိုက်သည်။
“ ငါ တောင်းထားတဲ့ ဆေးလုံးရော ဘယ်လိုဖြစ်သွားပြီလဲ” သူက ယန်းလီလင်းကို ရုတ်ချည်း မေးလိုက်သည်။
“ လိုအပ်ချက် မြင့်နေတာဆိုတော့ ဖော်စပ်တာ မပြီးဆုံးသေးပါဘူး။ အရှင်က ဒီလိုမျိုး ရှားပါးပြီး အရည်အသွေးမြင့် ဆေးလုံးတွေအများကြီး ဘာလို့လိုနေတာလဲဆိုတာ နားမလည်နိုင်သေးဘူး” ယန်းလီလင်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ ငါ တစ်ခုခုလုပ်ဖို့ လိုနေတာ။ အရာအားလုံး အသင့်ဖြစ်တဲ့အခါ ပြောပြမယ် ”
“ကောင်းပါပြီ။ ကျွန်မအတွက် အံ့ဖွယ်အသိစိတ်မပါဘဲ မြေကမ္ဘာအဆင့်နိမ့် ဆေးလုံးဖော်စပ်ဖို့ ခက်ခဲတယ်ဆိုတော့ အားလုံး ဖော်စပ်ပြီးဖို့ အချိန်တော့ယူရဦးမယ် ”
“ ကောင်းပြီ … အချိန်ယူပြီး လုပ်လိုက်။ မင်း ပြီးသွားတဲ့အခါမှ လာပေးလိုက်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ယန်းလီလင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မမေးတော့ပေ။ သို့သော်လည်း တခြားတစ်ယောက်က မေးလာသည်။
“အရှင် …” အမတ်တစ်ယောက်က ပြောလိုက်၏။
“ဝံပုလွေရိုင်းတိုင်းပြည်နဲ့ စစ်ပွဲကို ဘယ်လိုလုပ်ကြမလဲ ”
“တပ်ကူ ချက်ချင်းပို့ပေးလိုက်” ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် “စစ်သူကြီး(၂)ကို မြို့တော်ကို သိမ်းပိုက်ဖို့ အချိန်တစ်ပတ်ပဲ ရမယ်လို့ပါ ထည့်ပြောလိုက်”
အားလုံးက ခေါင်းညိတ်လိုက်ကြပြီး ညီလာခံအစည်းအဝေးက ပြီးဆုံးသွားလေသည်။ အမတ်များလည်း ထွက်သွားကြ၏။
ပုံမှန်အတိုင်း ဧကရီသုံ့လီဖန်းက ဝမ်ဝေ့နှင့် စကားပြောဖို့ နေရစ်ခဲ့လေသည်။ အခန်းထဲ သူတို့နှစ်ယောက်ပဲ ကျန်သည့်အခါ သုံ့လီဖန်းက ထရပ်ကာ ဦးညွှတ်လိုက်ပြီး “ ဒီနေ့ အရှင် ကျွန်မရဲ့ အကြံကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
သုံ့လီဖန်းက ဉာဏ်ကောင်းသည့်အတွက် အရှင်သည် အထက်တန်းလွှာကို အကြောင်းပြချက်မရှိဘဲ လက်လွတ်စပယ် သတ်မည် မဟုတ်ကြောင်း ပြောနိုင်လေ၏။ သို့သော်လည်း ဝမ်ဝေ့က သူမစကားနားထောင်ပြီးနောက် စိတ်ပြောင်းသွားသည်ကို ပြလိုက်သည့်အတွက် ညီလာခံအတွင်း သူမအား လုပ်ပိုင်ခွင့် ပိုရှိလာစေသည်။ ထိုအရာက အမတ်များအား ဧကရီသည် အရှင်မင်းမြတ်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်း ဖြစ်၏။
အရှင်ဘုရင့်အပေါ် လွှမ်းမိုးနိုင်စွမ်းက တိုင်းပြည်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိခြင်းနှင့် တူသည်။
ထို့ကြောင့် အမတ်များက အရှင့်ဘုရင်နားထဲရောက်အောင် ပြောဆိုနိုင်သည့် ဧကရီကို ကြောက်ရွံ့လေးစားကြလေသည်။ အကယ်၍ သူမသာ သူတို့မကောင်းကြောင်း ပြောခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။
ဝမ်ဝေ့က ပြုံးကာ သူမအား ထိုင်ခိုင်းလိုက်သည်။ အရိုးသားဆုံးပြောရလျှင် ယနေ့ ညီလာခံအတွင်း ဝမ်ဝေ့ စိတ်ပြောင်းသွားသည့် အကြောင်းအရင်းက သူမကြောင့် အဓိက မဟုတ်ပေ။
ဤနှစ်များတစ်လျှောက် သူ့တိုင်းပြည်ကို ကောင်းကောင်းအုပ်ချုပ်နိုင်ဖို့ ဝမ်ဝေ့က ဥပဒေသည် အားလုံးထက် အရေးကြီးကြောင်း သဘောတရားကို အသုံးပြုခဲ့သည်။
ဝမ်ဝေ့က ကမ္ဘာမြေမှ ချင်မင်းဆက်လောက် မတင်းကျပ်သော်လည်း မဟာရှားတိုင်းပြည်၏ ဥပဒေစည်းမျဉ်းနှင့် ပတ်သက်လာသည့်အခါ အတော်လေး တင်းကျပ်လှသည်။
ကံဆိုးစွာဖြင့် သိပ်မကြာခင် ပြဿနာတစ်ခု ပေါ်ပေါက်လာသည်။
ဥပဒေကို ကိုးကွယ်အလေးထားသည့် ပညာသင်သား အုပ်စု ထွက်ပေါ်လာသည်။ ထိုလူများက သူတို့ကိုယ်သူတို့ ဥပဒေကျောင်းတော်ဟု ခေါ်ဆိုကာ တိုင်းပြည်ကို အုပ်ချုပ်မည့် နည်းလမ်းကို အစွန်းရောက်ထောက်ခံသူများ ဖြစ်လာကြသည်။ ပထမက ဝမ်ဝေ့လည်း ညီလာခံကို ထိန်းချုပ်ရလွယ်ကူလာစေသောကြောင့် သူတို့အုပ်စုကို ပစားပေးခဲ့သည်။ သို့သော် လတ်တလော ထိုလူများက စိတ်ကြီးဝင်ကာ အရှင်ဘုရင်ကိုပင် ဥပဒေစည်းမျဉ်းနှင့် ကန့်သတ်ချုပ်နှောင်စေချင်လာကြသည်။
ယနေ့ ဝမ်ဝေ့က အခွင့်အရေးကို အသုံးချလိုက်သည်မှာ အမှောင်ထဲမှ သူ့ရန်သူများကို မျှားခေါ်ထုတ်ရုံသာမက ထိုပညာသင်များကိုလည်း သူ ရှိနေသရွေ့ သူ့စကားများက အကြွင်းမဲ့ ဥပဒေဖြစ်ကြောင်း၊ သူကိုယ်တိုင် ဖန်တီးထားသော ဥပဒေစည်းမျဉ်းအထက် သူ ရှိကြောင်း ပြသလိုက်ခြင်း ဖြစ်၏။
ယနေ့ သုံ့လီဖန်း၏ လုပ်ပိုင်ခွင့် ပိုရသွားစေဖို့ရာ သူ့အနေနှင့် အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်၏။
ဒီအခြေအနေမျိုး၌ မည်သည့်အမတ် ဝင်ပြောပြော သူ နားထောင်မည် ဖြစ်၏။ သူမက ဦးဆုံးပြောလိုက်ပြီး အခွင့်အရေးကို အရယူလိုက်သောကြောင့် သူမအနေနှင့် ဘယ်အချိန် ဝင်လှုပ်ရှားရမည်ကို တိုင်းပြည်ရေးရာအရ သိထားမှန်း ပြသနေသည်။
ဝမ်ကျူနှင့် ယန်းလီလင်းတို့က ဘာမှဝင်မပြောသည်မှာ သူတို့အနေနှင့် တိုင်းပြည်ရေးရာ အရှုပ်အထွေးများကို ဂရုမစိုက်၍ ဖြစ်သည်။
ပထမတစ်ချက်က သူတို့သည် မဟာရှားတိုင်းပြည်တွင် အာဏာများစွာ ရှိနေပြီးသား ဖြစ်၏။ ဒုတိယအချက်မှာ သူတို့က ဒီကမ္ဘာအတွက် အလည်အပတ်ရောက်လာသူများသာ ဖြစ်၏။ သူတို့အတွက် ဒီကမ္ဘာငယ်မှ အတွေ့အကြုံများက သူတို့၏ ရှည်ကြာလှသည့် သက်တမ်းအတွင်း ပြန်လည်တွေးစရာ မှတ်ဉာဏ်တစ်ခုအပြင် မပိုပေ။
…………...
ဝမ်ဝေ့နှင့် သုံ့လီဖန်းက သူတို့၏ တိုင်းပြည် ချီကံကောင်းမှုအကြောင်း လေ့လာမှုကို စတင်လိုက်ကြသည်။ နာရီအနည်းငယ်ကြာပြီးနောက် သုံ့လီဖန်းက ပုံမှန်အတိုင်း ပျော်ပျော်ရွင်ရွင် ထွက်သွားလေသည်။
ဝမ်ဝေ့ကလည်း သူ့ချီနဂါးကို စစ်ဆေးကြည့်လိုက်သည်။ သူက လေးပုံတစ်ပုံလောက် ခရမ်းရောင် ပြောင်းနေပြီ ဖြစ်ကြောင်း သိလိုက်သည့်အခါ ပြုံးလိုက်မိသည်။ ထို့နောက် သူက နန်းတော်ရှိ စည်းပိတ်ထားသည့် အခန်းဆီ ဦးတည်လိုက်သည်။
လျို့ဝှက်အခန်းကို ဖွင့်လိုက်ပြီးနောက် ဝမ်ဝေ့က မလှုပ်မရှားရှိနေသည့် ရုပ်သေးရုပ်များစွာကို တွေ့လိုက်ရသည်။ ထိုရုပ်သေးရုပ်အားလုံးက လူသားအသွင် ဖြစ်ပြီး အားကောင်းသည့် အရှိန်အဝါများ ထုတ်လွှင့်နေသည်။
အခန်းကို စစ်ဆေးကြည့်ပြီးနောက် ဝမ်ဝေ့၏ နှုတ်ခမ်းဖျားထက် ဉာဏ်များသည့် အပြုံးမျိုး ပေါ်လာသည်။ ထို့နောက် သူက အခန်းကို ပိတ်ကာ ထွက်သွားလေသည်။
ထိုစဉ် မဟူရာလမင်းဂိုဏ်း ပိုင်နက်အတွင်း လီကျွင်းက စစ်တန်းလျားထဲတွင် ထိုင်ကာ စာတမ်းများကို ပြန်လည်စစ်ဆေးနေသည်။
မဟူရာလမင်းဂိုဏ်း အညံ့ခံလိုက်ပြီးသည့်နောက် မဟာရှားတိုင်းပြည်မှ လူများကို ခေါ်ကာ ပိုက်နက်ကို သေချာကြီးကြပ်ခဲ့သည်။
တစ်လကျော် ကိုင်တွယ်ဖြေရှင်းပြီးနောက် ပိုက်နက်အသစ်အတွင်းရှိ လူအားလုံးက မဟာရှားတိုင်းပြည်၏ စည်းမျဉ်းများနှင့် လုပ်ရိုးလုပ်ထမ်းများကို သိလာကြလေပြီ။ သူတို့သာ အခွန်ပေးနေသရွေ့ ကိုယ်ပိုင်မြေ ပိုင်ဆိုင်နိုင်သလို အလကား ကျောင်းတက်ခွင့်လည်း ရရှိနိုင်သည်။
ထို့ကြောင့် သူတို့အတွက် စည်းမျဉ်းအသစ်ကို လက်ခံဖို့ ပိုလွယ်ကူကြသည်။
လီကျွင်းက စာတမ်းများကို ဖတ်ရှုပြီးနောက် စစ်သူကြီး(၁)ကို ကြည့်ကာ မေးလိုက်သည် “ စိန်ခေါ်စာက ဘယ်လိုဖြစ်သွားပြီလဲ။ သံမဏိလက်သီးဘုရင်က လက်ခံလိုက်ပြီလား ”
“ ဟုတ်ကဲ့” စစ်သူကြီး(၁)က ပြန်ဖြေလိုက်သည် “သံမဏိလက်သီးဘုရင်က ဒီနေ့ကနေ နောက်သုံးရင်နေရင် ကျွန်တော်တို့ နယ်စပ်ကြားမှာ စီးချင်းထိုးပွဲ ကျင်းပနိုင်တယ်လို့ ပြောပါတယ်”
လီကျွင်းက ခေါင်းညိတ်လိုက်သည်။ သူက မအံ့ဩမိပေ။ သူက ဒီအကြံအစည်ကို ကြုံရာကျပန်း လုပ်ထားခြင်း မဟုတ်ပေ။ သူက သံမဏိလက်သီးဘုရင်၏ အကျင့်စရိုက်နှင့် သမိုင်းကြောင်းကို သေချာလေ့လာထားပြီးမှ အစီအစဉ်ဆွဲထားခြင်း ဖြစ်၏။
လီကျွင်းက စစ်သူကြီး(၃)ဆီမှ တုံ့ဆိုင်းနေသည့် အမူအရာကို သတိထားမိပြီး “ ပြောစရာရှိရင် ပြောလိုက် ”
“စစ်သေနာပတိချုပ် … သံမဏိလက်သီးဘုရင်က စကားပြန်ရုတ်သိမ်းမှာကို စိုးနေလို့ပါ။ တော်ကြာ ခေါင်းဆောင်အတွက် ထောင်ချောက်ဖြစ်နေနိုင်တယ် ”
လီကျွင်းက ခေါင်းညိတ်လိုက်ပြီး သူ့လက်အောက်ငယ်သား သတိကြီးလွန်းသည့်အတွက် ဆိုဆုံးမခြင်း မလုပ်လိုက်ပေ။ ထို့ကြောင့် သူက ပြောလိုက်သည် “သံမဏိလက်သီးဘုရင်ရဲ့ အကျင့်စရိုက်အရ သူ့စကားကို ပြန်ရုတ်သိမ်းနိုင်ခြေ တော်တော်နည်းပါးတယ်။
ဒါပေမဲ့ သူ လုပ်ခဲ့ရင်တောင် ကိစ္စမရှိဘူး။ ငါ ဒီနည်းလမ်းကို သုံးတာက ငါတို့ပိုင်နက်ကို မြန်မြန်ချဲ့ထွင်နိုင်ပြီးတော့ သက်ရောက်မှုပိုကောင်းလို့ပဲ။ တကယ်လို့ သူ စကားပြန်ရုတ်ရင်တော့ သံမဏိလက်သီးတိုင်းပြည်ကို အုပ်စိုးဖို့ ခက်ခဲတဲ့ နည်းလမ်းကို သုံးရမှာပေါ့”
လီကျွင်းက ပြောနေရင်း သူ့အကြည့်ထဲ ခက်ထန်ကြမ်းတမ်းသည့် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားလေသည် “ထောင်ချောက်ဖြစ်နေတော့ရော ဘာဖြစ်လဲ ”
လီကျွင်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့အင်အားဖြင့် ဘယ်ထောင်ချောက်ကို ကြောက်နေရမည်နည်း။
သို့သော်လည်း သူက ထိုဖြစ်နိုင်ခြေကိုတော့ မှတ်ထားလိုက်သည်။ သူက မဟူရာတောင်ပံမြို့တွင် ဖြစ်ခဲ့သည့် ကိစ္စအပြီးတွင် များစွာသင်ယူခဲ့ရသည်။
ထို့ကြောင့် သူက တစ်ခုခု မမှားယွင်းစေရန် သေချာဖို့အတွက် ပြိုင်ပွဲဆီ လက်ရွေးစင်တချို့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
သုံးရက်ကြာမြင့်ပြီးနောက် မဟူရာလမင်းဂိုဏ်း၏ ပိုင်နက်နှင့် သံမဏိလက်သီးတိုင်းပြည်၏ နယ်စပ်ကြားတွင် …
သူ့ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လှံကို ကိုင်ဆောင်ထားသည့် လီကျွင်းက တစ်ယောက်ယောက် ပေါ်လာဖို့ စောင့်ဆိုင်းနေသည်။ မိနစ်အနည်းငယ်ကြာမြင့်ပြီးနောက် အဖြူရောင်ဆံပင်ရှည်များနှင့် မုတ်ဆိတ်ရှည်တို့ရှိသည့် လူအိုကြီးတစ်ယောက်က မြင်းလို နတ်ဆိုးသားရဲကို စီးနင်းလာနေသည်ကို မြင်လိုက်ရ၏။
မိနစ်ပိုင်းကြာမြင့်ပြီးနောက် လူအိုကြီးက လီကျွင်းနှင့် မီတာအနည်းငယ်အကွာတွင် ရပ်ကာ စီးတော်သားရဲပေါ်မှ ဆင်းလာလိုက်သည်။ သူ့ချပ်ဝတ်က နေရောင်အောက်တွင် တောက်ပနေလေသည်။ သူက ပြိုင်ဘက်ကို ကြည့်ကာ “သတ်ဖြတ်ရေး နတ်ဘုရားလီကျွင်း ”
“သံမဏိလက်သီးဘုရင် ထျဲ့ကန် ” လီကျွင်းက တစ်ဖက်လူကို လေ့လာလိုက်ရင်း အံ့ဩသွားမိလေသည်။
သံမဏိလက်သီးဘုရင်က လူအိုကြီးတစ်ယောက် ဖြစ်နေသည့်အချက်ကို အံ့ဩသွားခြင်း ဖြစ်၏။ ဂိုဏ်းမှ သူ သင်ယူထားသော လျို့ဝှက်နည်းလမ်းများအရ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်စရာမလိုဘဲ သံမဏိလက်သီးဘုရင်၏ သက်တမ်းကို အကြမ်းဖျင်း မှန်းဆနိုင်လေသည်။ ထိုလူက သက်တမ်း တစ်ရာကျော်မျှသာ ရှိသေး၏။
သူက ထိပ်သီး အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၍ သက်တမ်းက အနည်းဆုံး နှစ်တစ်ထောင် ရှိသင့်ပေသည်။ သို့သော် လီကျွင်းက သူ့တွင် နေရတော့မည့်အချိန် မရှိကြောင်း သိလိုက်သည်။
သံမဏိလက်သီးဘုရင်က မီတာထောင်ချီအကွာမှ စစ်သားများကို ကြည့်ကာ မေးလိုက်သည် “ ကျုပ်ကို မယုံဘူးလား ”
“ ဒါက ကြိုတင်ပြင်ဆင်မှုတစ်ခုပါပဲ။ တိုက်ပွဲအပေါ် ဘာသက်ရောက်မှုမှ မရှိပါဘူး ”
“ကောင်းပြီ။ အဲဆိုလည်း စလိုက်ကြစို့ ” သံမဏိလက်သီးဘုရင်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပုဆိန်လှံရှည်ကို ကိုင်ဆွဲလိုက်သည်။