သံမဏိလက်သီးဘုရင်
Vol. 9 Ch. 124
အခန်း(၁၂၄) : သံမဏိလက်သီးဘုရင်
လီကျွင်းက သံမဏိလက်သီးဘုရင်ဆီ ပြေးဝင်သွားပြီး ထိုးချလိုက်သည်။ သူ့လှံက အနီရောင်ပြောင်းသွားကာ ထျဲ့ကန်၏ ဦးခေါင်းတည့်တည့်ဆီ ပြေးဝင်သွားသည်။ သို့သော်လည်း အရူးဘုရင်က တုံ့ဆိုင်းမနေဘဲ ရောက်လာသည့် တိုက်ခိုက်မှုအား ပုဆိန်လှံရှည်ဖြင့် ကာဆီးလိုက်လေသည်။
ဘန်း
လက်နက်နှစ်ခုက ထိပ်တိုက်တွေ့သွားသည့်အခါ မြေပြင်ကို ပျက်စီးသွားစေသည့် အားလှိုင်းများ ထွက်ပေါ်လာစေသည်။ သို့သော်လည်း နှစ်ယောက်သား တစ်လက်မပင် မရွေ့ကြပေ။
ပထမထိပ်တိုက် တိုက်ခိုက်မှုအပြီးတွင် နှစ်ယောက်လုံးက ထပ်မံ ရင်ဆိုင်လိုက်ကြသည်။ လေထုပင် တုန်ခါနေပြီး လက်နက်နှစ်ခုတွေ့သည့်အခါ မီးပွားများပင် ထွက်လာသည်။
အဝေးတစ်နေရာမှ စစ်သားများက အရိပ်နှစ်ခု လှုပ်ရှားနေသည်ကိုသာ မြင်နေရ၏။ သူတို့နှစ်ယောက်၏ လက်နက်များက ပုံရိပ်ပွားများသာ ချန်ထားခဲ့လေသည်။ ထို့ကြောင့် ကျန်လူများ မျက်စိနှင့် လိုက်မမီနိုင်လောက်အောင်အထိ သူတို့နှစ်ယောက် မည်မျှမြန်မြန်ဆန်ဆန် လှုပ်ရှားနေသည်ကို သိနိုင်၏။
ပထမဆုံး သံမဏိလက်သီးဘုရင်က လီကျွင်းနှင့် ဆယ်ကွက်ကျော် ရင်ဆိုင်ပြီးနောက် ဖိအားစတင်ခံစားမိလာသည်။ လီကျွင်း၏ တိုက်ကွက်တစ်ခုချင်းစီသည် ပိုမို ပြင်းထန်လာသည်။ အကြိမ်သုံးဆယ်မြောက်တွင် သံမဏိလက်သီးဘုရင်က စတင် နောက်ဆုတ်လိုက်ရ၏။
သူက နောက်ဆုတ်ရင်း လီကျွင်း၏ လှံမှ စွမ်းအားတချို့ကို ချေဖျက်နိုင်ခဲ့သည်။ သို့သော် သူ့အနေနှင့် ဤသည်မှာ သူ့အခြေအနေအတွက် အဖြေ မဟုတ်ကြောင်း သိလေသည်။
အကွက်လေးဆယ်ကျော်လောက် ဖလှယ်ပြီးသည့်နောက်တွင် သံမဏိလက်သီးဘုရင်က အသက်ရှုမြန်လာသည်။ သူ့အသက်ရှုနှုန်းက မြန်ဆန်လာပြီး ခြေလှမ်းများပင် အားပျော့လာကာ လက်များလည်း ဝေ့ယမ်းလိုက်တိုင်း တုန်ယင်လာသည်။
ပို၍အရေးကြီးသည်က သူ့မူလချီသည် သူ မျှော်မှန်းထားသည်ထက် လျှင်မြန်စွာ ကုန်ဆုံးနေသည်။ သူက ပြိုင်ဘက်၏ သက်သက်သာသာ အေးအေးလူလူ အပြုအမူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဒီနယ်ခြားနတ်ဆိုးတွေက ငါထင်ထားတဲ့အတိုင်း တကယ်ကို အားကောင်းတာပဲ …
သူက ဒီနည်းဖြင့် အလုပ်မဖြစ်တော့မှန်း သိ၍ နည်းဗျူဟာ ပြောင်းလိုက်သည်။
လီကျွင်း ထပ်တိုက်ခိုက်သည့်အခါ သူက ထိပ်တိုက် မရင်ဆိုင်တော့ပေ။ ထို့အစား သူက ပုဆိန်လှံရှည်ကို ဝေ့ယမ်းရင်း တိုက်ခိုက်မှုများကို ကာဆီးလိုက်သည်။ ထို့နောက် သူက တိုက်ခိုက်မှု၏ တန်ပြန်သက်ရောက်အားကို အသုံးချကာ ပြိုင်ဘက်နှင့် အလှမ်းကွာစေရန် မီတာအနည်းငယ် နောက်ဆုတ်လိုက်သည်။
လီကျွင်းက သံမဏိလက်သီးဘုရင် နောက်ဆုတ်လိုက်သည်ကို ကြည့်ကာ နောက်မှ လိုက်မသွားပေ။ သူ့ရည်ရွယ်ချက်က သူ့ကို အနိုင်ယူဖို့ ဖြစ်ပြီး သတ်ဖို့ မဟုတ်ပေ။ ထို့ကြောင့် သူက ပြိုင်ဘက်ကို ဝှက်ဖဲအားလုံး ထုတ်သုံးဖို့ ခွင့်ပြုထားပြီး သူ့အကြွင်းမဲ့အင်အားဖြင့် အနိုင်ယူကာ သူတို့ကြားမှ ခြားနားမှုကို သိအောင် လုပ်ရမည်။
စက္ကန့်ပိုင်းလောက် အသက်ပြင်းပြင်းရှုပြီးနောက် သံမဏိလက်သီးဘုရင်က အင်အားတချို့ ပြန်ရလာသည်။ ပို၍အရေးကြီးသည်က သူ့ခန္ဓာကိုယ်ရှိ အံ့ဖွယ်သွေးကြော ၂၇၀ က ဝိညာဉ်ချီများကို စုပ်ယူကာ သူ့မူလချီအား အားဖြည့်ပေးနေသည်။ သံမဏိလက်သီးဘုရင်က ပြိုင်ဘက်သည် သူ့အား ပြန်ကောင်းဖို့ အချိန်ပေးထားသည့်အတွက် အံ့ဩနေမိသည်။ သို့သော် သူက အကြောင်းအရင်းကို ဂရုမစိုက်ပေ။ သူသာ ကျေနပ်ဖွယ် တိုက်ပွဲမျိုးရသရွေ့ ကျန်တာဘာကိုမှ ဂရုမစိုက်ပေ။
သူ့အင်အား ပြန်ရလာပြီးနောက် သံမဏိလက်သီးဘုရင်က မတူညီသည့် နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပုဆိန်လှံရှည်ကို လေထဲမြောက်ကာ အောက်ထိုးချလိုက်သည်။ ထိုအခါ လီကျွင်းထံ မီတာသုံးဆယ်ကျော် ရှိသည့် ရိုက်ချက်က ပြေးဝင်လာသည်။ ထိုရိုက်ချက်က လမ်းတွင်ရှိသမျှ အရာအားလုံး ဖျက်ဆီးပစ်လေ၏။
လီကျွင်းက ထိုရိုက်ချက် ရောက်ရှိလာသည်ကို မြင်သည့်အခါ မတုန်လှုပ်သွားပေ။ သူ့လှံက အနီရောင်ပြောင်းသွားပြီး ထိုရိုက်ချက်ကို တိုက်ရိုက်ထိုးခွင်းပစ်လိုက်သည်။
ဝုန်း
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့စဉ် ပေါက်ကွဲမှုကြီး ဖြစ်သွားလေသည်။ လီကျွင်းအနားရှိ မြေကြီးက အစိတ်စိတ်အမြွာအမြွာ ဖြစ်သွားအောင်အထိ ပေါက်ကွဲထွက်သွားသည်။ သို့သော်လည်း လီကျွင်းက ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က ဤသည်မှာ သာမန်တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ စိတ်ဝိညာဉ် တိုက်ခိုက်မှုမျိုး ဖြစ်၏။
ထိပ်တိုက်တွေ့ပြီးသည့်နောက် လီကျွင်း စိတ်ထဲ ပုံရိပ်များစွာ ဝင်ရောက်လာသည်။ သူက သူ့ကိုယ်လုပ်တော်များနှင့် လက်တွဲဖော် ယန်းလီလင်း၊ သူ့မိဘများ သေဆုံးမှုကို မြင်တွေ့လိုက်ရသည်။ ဝမ်ဝေ့၏ သေဆုံးမှုလည်း ပါဝင်၏။
ခဏအကြာတွင် လီကျွင်းစိတ်ထဲ အကြောက်တရားတစ်ခု လွှမ်းခြုံသွားလေသည်။
သူ့အနီးမှာရှိသူတွေ ဆုံးရှုံးသွားရမည်ကို စိုးရွံ့သည့် အကြောက်တရား၊ ကမ္ဘာပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့မည်ကို ကြောက်ရွံ့မှု ..
သို့သော်လည်း ခဏအကြာတွင် ထိုပုံရိပ်များ ပျောက်ကွယ်သွားလေသည်။ မျှော်နန်းဆောင် စစ်ဆေးမှု အောင်မြင်ထားသူတစ်ဦးအနေနှင့် လီကျွင်းတွင် ခိုင်မာသော တာအိုနလုံးသားနှင့် စိတ်ဆန္ဒတို့ ပိုင်ဆိုင်ထားလေသည်။ သူ့စိတ်ဝိညာဉ်ကလည်း သံမဏိလက်သီးဘုရင်ထက် ပို၍ အားကောင်းနေလေသည်။
သံမဏိလက်သီးဘုရင်က ပြိုင်ဘက်ဖြစ်သူ သူ့တိုက်ကွက်ကို အလွယ်လေး ဖျက်ဆီးပစ်လိုက်ကြောင်း မြင်ကာ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဤတိုက်ကွက်က သူ့ဂုဏ်အယူရဆုံး တိုက်ကွက်ထဲမှ တစ်ခု ဖြစ်ပေသည်။ သူ့ရန်သူ၏ အတွင်းပိုင်းကြောက်ရွံ့မှုကို ထုတ်ဖော်ကာ သူတို့တိုက်ခိုက်စွမ်းကို အားနည်းလာစေခြင်း ဖြစ်၏။ သံမဏိလက်သီးဘုရင်က သူ့စိတ်ဝိညာဉ်သည် တိုက်ပွဲများမှတဆင့် ပျိုးထောင်ထားသောကြောင့် မည်မျှအားကောင်းကြောင်း အမြဲတမ်း ဂုဏ်ယူနေခဲ့သည်။
“စိတ်ဝိညာဉ်တိုက်ခိုက်မှုလား ” လီကျွင်းက အပြုံးဖြင့် ပြောလိုက်သည် “အဲဆိုလည်း ငါ့တိုက်ကွက်လည်း မြည်းစမ်းကြည့်လိုက်ဦး ”
ထိုသို့ပြောပြီးနောက် လီကျွင်းက အဝေးမှ တိုက်ခိုက်လိုက်သည်။ သို့သော် သူ့တိုက်ခိုက်မှုက ရိုက်ချက်တစ်ခု မဟုတ်ဘဲ နဂိုလက်နက်မှ မီတာလေးဆယ် ရှည်လျားသည့် လှံတစ်ချောင်း ဖြစ်သွားကာ သူ့ပြိုင်ဘက်ဆီ ဦးတည်ထွက်သွားသည်။
ထိုအရာကိုမြင်ပြီး သံမဏိလက်သီးဘုရင်၏ မျက်နှာထားက ပြောင်းလဲသွားကာ မူလချီအားလုံး စုစည်း၍ ကာကွယ်ဖို့ ပြင်လိုက်သည်။
နောက်ထပ် တိုက်ခိုက်မှုကို ပြုလုပ်မည့်အစား သံမဏိလက်သီးဘုရင်က ရောက်ရှိလာသည့် လှံကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူ့ပုဆိန်လှံရှည်က အနီရောင်လှံနှင့် ထိပ်တိုက်တွေ့သည့်အခါ အစိမ်းရောင် ပြောင်းသွားလေသည်။
ဝုန်း
တန်ပြန်သက်ရောက်အားကြောင့် ဘေးပတ်ဝန်းကျင်ဆီ အားကောင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်သွားစေသည်။ မည်သို့ပင်ဆိုစေကာမူ သံမဏိလက်သီးဘုရင်က တိုက်ခိုက်မှုကို ခဏတာမျှ တားဆီးနိုင်လိုက်၏။ သို့သော် ယာယီမျှ ဖြစ်လေသည်။
ထို့နောက် ချက်ချင်းဆိုသလို လှံက သူ့အား နောက်ပြန်လှန်သွားစေသည်။ သို့သော် သံမဏိလက်သီးဘုရင်က တိုက်ကွက်ကို တားဆီးဖို့ ကြိုးစားနေဆဲ ဖြစ်၏။
သူက သွေးအန်လိုက်ရပြီး အိုမင်းနေသည့် မျက်နှာက ဖြူဖျော့သွားလေသည်။ သို့သော်လည်း သူက မရပ်တန့်ပေ။ သူ့မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်ကို မြင်တွေ့နေရသည်။
သူက မူလချီအားလုံး စုစည်းကာ လက်မောင်းမှ ကြွက်သားများကို အားဖြည့်လိုက်သည်။ ထိုနည်းလမ်းက တစ်နည်းနည်းဖြင့် အသုံးဝင်လေသည်။
အသစ်ထွက်ပေါ်လာသည့် သူ့အင်အားဖြင့် လှံက အနည်းငယ် နှေးကျသွားသော်လည်း လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။ ထို့ကြောင့် သံမဏိလက်သီးဘုရင်က စိတ်ပျက်သွားမိ၏။
သူက နောက်ထပ် သွေးထပ်အန်လိုက်ရသည်။ သူ့ချပ်ဝတ်ပင် အများစု ပျက်စီးသွားပြီး သူ့ကိုကြည့်ရသည်မှာလည်း ပို၍ အသက်အရွယ် ရလာဟန်ပေါ်သည်။
မီတာရာချီ နောက်ဆုတ်လိုက်ရပြီးနောက် လှံက ရပ်တန့်ပြီး ပျောက်ကွယ်သွားလေသည်။ သို့သော် သံမဏိလက်သီးဘုရင်က သက်ပြင်းမချနိုင်ခင် သူ့စိတ်ထဲ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ် ကျူးကျော်လာလေ၏။
သူက စိတ်ဝိညာဉ်တိုက်ခိုက်မှု ခံလိုက်ရကြောင်း သတိထားမိ၍ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သံမဏိလက်သီးဘုရင်က သတ်ဖြတ်လိုစိတ် ဝါးမျိုခံရလုနီးပါး ဖြစ်ကာ မျက်လုံးများပင် နီရဲလာလေသည်။
သူက သူ့ဘာသာ တိုက်ခိုက်ဖို့ ကြိုးစားနေသော်လည်း မအောင်မြင်ပေ။ ထို့ကြောင့် သူက ရုပ်ပိုင်ဆိုင်ရာ နာကျင်မှုဖြင့် သူ့ဘာသာ နိုးထအောင် လုပ်ဖို့ ကြိုးစားလိုက်သည်။ သူက ပါးစပ်နှင့် လက်ဝါးမှ သွေးများထွက်လာသည့်အထိ အံ့ကြိတ်ကာ လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။
ဤနာကျင်မှုက အသုံးဝင်ဟန်ပေါ်သည်။ ထို့ကြောင့် သံမဏိလက်သီးဘုရင်က ထိုနည်းလမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်၏။ ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ ပုဆိန်လှံရှည်ဖြင့် သူ့ပေါင်ကို ထိုးချလိုက်သည်။
သူက ကျယ်ကျယ်လောင်လောင် ငြီးလိုက်သည်။ သို့သော်လည်း ပြင်းထန်လွန်းသည့် နာကျင်မှုက သူ့သတ်ဖြတ်လိုစိတ်အား နှောင့်ယှက်နိုင်လိုက်သည်။ ထို့နောက် သံမဏိလက်သီးဘုရင်က ဒူးတစ်ဖက်ထောက်ကာ သူ့ဘာသာ ထိန်းထားလိုက်သည်။
သံမဏိလက်သီးဘုရင်က သူ့ဘာသာ လှုံ့ဆော်နိုင်ခဲ့သော်လည်း ဒီနာကျင်မှုအဆင့်က လီကျွင်း၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုမှ လုံးဝ မလွတ်မြောက်နိုင်သေးကြောင်း သတိပြုမိလိုက်သည်။
ထို့ကြောင့် သူက ခြေထောက်ထဲ စိုက်နေသည့် ပုဆိန်လှံရှည်ကို စတင်လှည့်ပစ်လိုက်သည်။ သူ့ပေါင်မှ သွေးများစီးကျလာပြီး သံမဏိလက်သီးဘုရင်လည်း ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။ သို့သော်လည်း သူက တစ်စက္ကန့်ပင် မရပ်တန့်ခဲ့ပေ။
မိနစ်အနည်းငယ်ကြာမြင့်ပြီးနောက် သူ့အသိစိတ် ပြန်ရလာသည်ကို ခံစားမိလိုက်ပြီး အပြုအမူကို ရပ်တန့်လိုက်သည်။ အရာအားလုံးကို သတ်ဖြတ်လိုစိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သံမဏိလက်သီးဘုရင်က ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အတော်လေး ပင်ပန်းနေပြီ ဖြစ်၍ အသက်ကိုမနည်းရှုနေရသည်။ သူက လီကျွင်းအား ကြောက်လန့်တကြား ကြည့်လိုက်သည်။
သို့သော်လည်း ယခု သူက တိုက်ခိုက်နိုင်သည့် အခြေအနေမျိုး မဟုတ်သော်လည်း ချက်ချင်းဆိုသလို သူ့အကြောက်တရားများက တိုက်ခိုက်လိုစိတ်ဖြင့် အစားထိုးသွားလေ၏။
“ ခင်ဗျား အစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူး” လီကျွင်းက သံမဏိလက်သီးဘုရင်ကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ဘာပြောချင်တာလဲ ”
“ ခင်ဗျားက ငယ်ရွယ်သေးပေမဲ့ သက်တမ်းကုန်ခါနီး ဖြစ်နေတဲ့အကြောင်းအရင်းကို သိသွားပြီ။ ခင်ဗျားက သေရေးရှင်ရေးတိုက်ပွဲကို အသုံးချပြီး အဆင့်မြန်မြန်တက်အောင် လုပ်ခဲ့တာပဲ ” လီကျွင်းက လှံကို ပခုံးပေါ်တင်ထားရင်း ပြောလိုက်သည်။
“အဲဒါနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲ ”
“ကောင်းပြီ။ ခင်ဗျား တစ်ခါနှစ်ခါလောက်ဆို ပြဿနာမရှိဘူး။ ဒါပေမဲ့ ခင်ဗျားက ဆက်တိုက်လုပ်မယ်ဆိုရင် သက်တမ်းက အဆင့်တစ်ခါတိုးတိုင်း လျော့ကျသွားမှာပဲ ”
သံမဏိလက်သီးဘုရင်က ထိုအရာကို ကြားပြီး အကြည့်တို့ လက်ခနဲ ဖြစ်သွားသည်။ သူက အသက်အရွယ် လျှင်မြန်စွာ အိုမင်းလာရခြင်း အကြောင်းအရင်းအား တွေးမိနေသည်မှာ ကြာလေပြီ။ သူက ကျင့်စဉ်နှင့် ပတ်သက်ပြီး တစ်ခုခု လွဲမှားနေသည်ဟု ထင်နေခဲ့သော်လည်း ထိုသို့ဟုတ်ဟန်မပေါ်ပေ။
သံမဏိလက်သီးဘုရင်က သူ့အမှားကိုသိသွားပြီးနောက် သက်ပြင်းချကာ မေးလိုက်သည် “ ကျုပ်အစီအစဉ် အလုပ်မဖြစ်ဘူးဆိုတာ ဘာပြောချင်တာလဲ ”