← Chapters

အောင်မြင်မှုအသီးအပွင့်များကိုခံစား

Vol. 25 Ch. 351

အောင်မြင်မှုအသီးအပွင့်များကိုခံစား

Vol. 25 Ch. 351

အခန်း (၃၅၁) အောင်မြင်မှုအသီးအပွင့်များကိုခံစား

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုသည်က အလွန်ရှားပါးသည်။ ထို့ကြောင့် သိုင်းကျင့်ကြံသူများအတွက် အဆင့်မြင့်မှော်ဝင်ပစ္စည်းများသာ ထိပ်တန်းအဆင့်လက်နက်များ ဖြစ်ကြသည်။

လက်ချိုးရေတွက်၍ ရနိုင်သော အထွတ်ထိပ်မှော်ဝင်ပစ္စည်းများလောက် အဆင့်မြင့်မှော်ဝင်ပစ္စည်းများက မရှားပါးသော်လည်း သူ့အတိုင်းအတာနှင့်သူ ရှားပါးပြီ အဖိုးတန်နေဆဲ ဖြစ်သည်။

ထို့ပြင် အဆင့်မြင့်မှော်ဝင်လက်နက်များ၏ ရှားပါးမှု ၊ စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများက အလယ်ဆင့်မှော်ဝင်လက်နက်နှင်ယှဉ်လျှင် များစွာကွာခြားသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ‌အထွတ်ထိပ်မှော်ဝင်ပစ္စည်း ‘လေးလက်နက်’ မပေါ်ထွက်သေးပေ။ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ နှင့် သူ၏ပြိုင်ဘက်ဖြစ်သော ‘နေမင်းဖြိုခွင်းလေးညှို့’ တို့က အဆင့်မြင့်မှော်ဝင်ပစ္စည်းများဖြစ်ကြပြီး အကောင်းဆုံးလေးညှို့များလည်းဖြစ်သလို စွမ်အားလည်းပြင်းထန်ကြသည်။

ထို့ကြောင့် ယခု ပိုင်ရှင်မရှိတော့သည့်တိုင် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို ရယူရန်မှာ လွယ်ကူမည် မဟုတ်ပေ။

လင်ကျိုးသည်ပင် ကောင်းကင်တုန်လှုပ်လေးညှို့ကို ထိန်းချုပ်နိုင်ရန်အတွက် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲများ၏ အကူအညီကို ရယူခဲ့ရသည်။

ထို့ပြင် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ သည် လက်ရှိအချိန်တွင် တည်ငြိမ်သောအခြေအနေမရှိဘဲ အလွန်တရာ လှုပ်ရှားလျှက် ရှိသည်။

အမတလက်ဖွဲ့သိုင်းဆရာသခင်တစ်ယောက်ကဲ့သို့ ကြောက်မက်ဖွယ်ရာ မဟုတ်သော်လည်း လူအများ၏ စိတ်ဝိညာဉ်ကို ခြိမ်းခြောက်နိုင်သည်ကတော့ အမှန်ပင်။

သူ၏သခင်လေးက အပြင်ပိုင်းကြယ်တာရာချီ သိုင်ပညာရှင်အဆင့်ကတည်းက အခြားသူများ၏ မှော်ဝင်ပစ္စည်းများကို ယဉ်ပါးအောင်လုပ်နိုင်ခဲ့ကြောင်း အားဟူ သိရှိသည်။

သို့သော် ရန်ကျောက်ကဲက ယဉ်ပါးလိုသည့်မှော်ဝင်ပစ္စည်းကို  အခြားသောမှော်ဝင်ပစ္စည်းတစ်ခုဖြင့် ဖိနှိပ်ထားနိုင်သဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုသို့ပြုလုပ်နိုင်ခြင်းကပင် အခြားသူများ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းနေပေပြီ။ သခင်လေးအပေါ် အားဟူ၏ ကြည်ညိုလေးစားမှုမှာ ရှည်လျားသောမြစ်ကြီးတစ်စင်း အဆက်မပြတ်စီးဆင်းနေသည့်ပမာ အဆုံးမသတ်နိုင်ရှိရသည်။

သို့သော် အခြားသောအဆင့်မြင့်မှော်ဝင်ပစ္စည်းများနှင့်မတူညီသော ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို တွေ့ရသည့်အခါ ရဲရင့်သော အားဟူသည်ပင် ယုံကြည်ချက်ကင်းမဲ့သွားရသည်။

အားဟူ၏ အမေးစကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“မခက်ပါဘူးကွာ”

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းစက စွမ်းအားများကုန်ခမ်းနေပြီဖြစ်သလို ကောင်းကင်ဘုံနန်းတော်ထောက်တိုင်သည်လည်း နဂါးအစစ်ရုပ်အလောင်းထည့်သွင်းထားသည့် ရေခဲတိုင်ကြီးကို ဖိနှိပ်ထားရသည်။ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကတော့ ဤသို့သောအခြေအနေမျိုးတွင် အသုံးပြု၍ရနိုင်မည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်က ယခင်ကထက် များစွာမြင့်တက်လာသည်ဖြစ်ရာ ထိုရတနာပစ္စည်းများမရှိလျှင်လည်း အဆင်ပြေလေသည်။

ခရမ်းရောင်အလင်းတန်းများတောက်ပနေပြီး မိုးခြိမ်းသံများထွက်ပေါ်နေသည့် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ အနီးချဉ်းကပ်လာစဉ် ရန်ကျောက်ကဲခန္ဓာကိုယ်တွင်းမှ ပရမ်းပတာချီစွမ်းအားများ အတက်အကျများဖြစ်ပေါ်သွားပြီး မိုးကြိုးသွားများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော လျှပ်စီးစွမ်းအားများက သွေးကြောဆုံချက်များတွင် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှတစ်ဆင့် လေထုထဲသို့ စီးဆင်းထွက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ အနား ချဉ်းကပ်လာသနှင့် နှစ်ဖက်စလုံးမှ မိုးကြိုးစွမ်းအားများ ရိုက်ခတ်မိသွားပြီး လေထုထဲတွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သို့သော် ရန်ကျောက်ကဲက လျှင်မြန်စွာပင် သူ၏မိုးကြိုးသွားပမာ ကြယ်တာရာချီစွမ်းအားများနှင့် အဆင့်မြင့်မှော်ဝင်လေးညှို့မှ မိုးကြိုးစွမ်းအားများကို အဆက်မပြတ်ချိန်ညှိရင်း ပိုင်ရှင်မဲ့လေးညှို့နှင့် တဖြည်းဖြည်း ပဲ့တင်ထပ်သွားစေသည်။

နောက်ဆုံးတော့ ရန်ကျောက်ကဲ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို ထိန်းချုပ်ရန် အောင်မြင်သွားပြီး အဆင့်မြင်မှော်ဝင်လက်နက်ကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။

လေးညှို့က ရုတ်တရက်တုန်လှုပ်သွားပြီး မိုးမြေတစ်ခွင် ပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာကာ လေးကြိုးသည်လည်း တွန့်လိမ်လျှက်ရှိသည်။

ရန်ကျောက်ကဲက ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ၏လက်ချောင်းများဖြင့် စည်းချက်ကျကျ အသာပုတ်လိုက်သည်။

လေးညှို့မှ တဖြည်းဖြည်း လှုပ်ရှားမှုများရပ်တန့်သွားပြီး ဒေါသငြိမ်သက်ကာ ပြန်လည်တည်ငြိမ်လာသည်။

ဒါကိုမြင်တော့ အားဟူက တက်တစ်ချက်ခေါက်ရင်း...

“သခင်လေးကတော့ သခင်လေးပဲကွာ ၊ တကယ့်ကို ယှဉ်နိုင်သူမရှိလောက်အောင် တော်တယ်”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် ရှူထုတ်လိုက်ပြီး လေးကြိုးကို နောက်သို့ခပ်တင်းတင်းဆွဲလိုက်သည်။

လေးကြိုးတွင် မြားတစ်စင်းမှ တပ်မထားသည့်တိုင် လေးညှို့အတွင်းမှ ပြင်းထန်ပြီးပေါက်ကွဲထွက်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ရန်ကျောက်ကဲက ဆွဲထားသောလေးကြိုးကိုလွှတ်လိုက်ရာ လေးညှို့က မိုးကြိုးမုန်တိုင်းတစ်ခုပမာ တုန်ခါသွားပြီး မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။

ရန်ကျောက်ကဲက ရပ်နားခြင်းမရှိဘဲ ‌လေးကြိုးကို နောက်သို့ သုံးကြိမ်တိတိ ဆွဲလိုက် လွှတ်လိုက် ပြုလုပ်လိုက်သည်။ သူ၏ အစစ်အမှန်သိုင်းဝိညာဉ်က အဖိုးတန်ရတနာပစ္စည်းဖြစ်သော ‘ကောင်းကင်တုန်လှုပ်လေးညှို့’ နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

အတန်ကြာမှ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒီလေးက ချီးချီလေးညှို့ထက် အများကြီးသာတယ် ၊ ဒါကြောင့် အသုံးပြုရလည်းခက်တယ်”

ထိုအချိန် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ မှာ ငြိမ်သက်နေပြီဖြစ်ပြီး ခရမ်းရောင်လျှပ်စီးများနှင့် မိုးခြိမ်းသံများလည်း ‌ပျောက်ကွယ်သွားပြီဖြစ်သည်။ လေးညှို့က သူ၏ရောင်ဝါအားလုံးကို ရုတ်သိမ်းကာ တိတ်ဆိတ်နေလေပြီ။

ရန်ကျောက်ကဲက လေးကိုကိုင်ရင်း...

“ကဲ... ငါတို့ ပြန်ကြရအောင် ၊ ငါတို့ရည်မှန်းချက်တွေလည်း အောင်မြင်သွားပြီဆိုတော့ ကောင်းကင်မိုးကြိုးခန်းမကကောင်တွေနဲ့ ဆက်စကားနေစရာ မလိုတော့ဘူး”

မြောက်ဖျားဒေသသို့ ရန်ကျောက်ကဲ ခရီးထွက်လာရသည့် အဓိကပစ်မှတ် (၃)ခု ရှိသည်။

ပထမဆုံးတစ်ခုက ရှီကျွင်းနှင့် သူ၏မိခင် ယင်ယွီကျန်းကို အသက်ကယ်တင်ပေးရန် ဖြစ်သည်။

ဒုတိယတစ်ခုမှာ ‘ပကတိရေခဲသွေးကြော’ နှင့် ‘ပကတိမီးသွေးကြော’ ဆက်စပ်နေမှုကို အတည်ပြုပြီး တောင်ပိုင်းဒေသ ၊ မီးနယ်မြေမှ “တောင်ပိုင်းမြေအောက်နန်းတော်” ကို ဖျက်ဆီးရန် ‘ပကတိရေခဲသွေးကြော’ တွင် အပြောင်းအလဲများ ပြုလုပ်ပြီး နေသူတော်စင်ဂိုဏ်းအတွက် ‘လက်ဆောင်ကြီးတစ်ခု’ ပေးအပ်ရန် ဖြစ်သည်။

တတိယတစ်ခုကတော့ ရေခဲနဂါးသူတော်စင်၏ အမွေအနှစ်များကို ရှာဖွေရန် ဖြစ်၏။

ယခု ဤအရာအားလုံးကို အောင်မြင်ခဲ့သည့်အပြင် မျှော်လင့်မထားသော အမြတ်အစွန်းများကိုပင် ရရှိခဲ့ပြီဖြစ်ရာ ဤနေရာတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။

ရန်ကျောက်ကဲနှင့် အားဟူတို့ မြောက်ဖျားဒေသမှ ချက်ချင်းပင် ထွက်ခွာလာခဲ့ကြသည်။

ရန်ကျောက်ကဲက အနောက်ဘက်သို့ ဦးတည်မသွားဘဲ ဆန့်ကျင်ဘက်အနေဖြင့် အရှေ့အရပ်သို့ သွားခဲ့သည်။

မြောက်ဖျားဒေသအရှေ့ပိုင်းက ကောင်းကင်မိုးကြိုးခန်းမနှင့် နယ်မြေချင်းနီးစပ်ပြီး အနောက်ပိုင်းကတော့ အဆုံးမဲ့တောင်တန်းနှင့် နီးစပ်သည်။

အနောက်ဘက်သို့သွားမည်ဆိုလျှင် တောင်တန်နယ်မြေကို ဖြတ်ကျော်ပြီးသည်နှင့် ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။

သို့သော် ဆုံးရှုံးမှုများစွာခံစားလိုက်ရ‌သော ကောင်းကင်မိုးကြိုးခန်းမက ရန်ကျောက်ကဲကို အပြန်လမ်းတွင် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်သည်။ အပြန်ခရီးကိုပိတ်ဆို့ပြီး အတင်းအကျပ် လိုက်လံဖမ်းဆီးနိုင်သည်။ ထို့ကြောင့် ရန်ကျောက်ကဲက အန္တရယ်ကိုရှောင်လွှဲရန် အနောက်ဘက်သို့မသွားဘဲ အရှေ့ဘက်သို့သွားရန် ရွေးချယ်ခဲ့ခြင်းပင်။

ဤနည်းအားဖြင့် လာရာလမ်းအတိုင်း အရှေ့ဆီသို့ဦးတည်ပြီး ပင်လယ်လမ်းကြောင်းမှ ထွက်ခွာရန် ဖြစ်သည်။

ဟုတ်ပေ၏။

မြောက်ပင်လယ်ကိုဖြတ်ပြီး အရှေ့ဆီသို့ဦးတည်လျှင်လည်း ကောင်းကင်မိုးကြိုးခန်းမမှသိုင်းသမားများ၏ တားဆီးခြင်းကို ရင်ဆိုင်ရနိုင်သည်။ သို့သော် အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့ နှစ်ဖက်ညှပ်နေသည့်အတွက် ကောင်းကင်မိုးကြိုးခန်းမက အရမ်းကာရော အားအင်အပြည့်ဖြင့် လှုပ်ရှားရဲမည် မဟုတ်ပေ။

ထိုသို့ဖြင့် ရန်ကျောက်ကဲနှင့် အားဟူတို့ မြောက်ပင်လယ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာကြသည်။

မြောက်ပင်လယ်ကိုဖြတ်ပြီး အရှေ့ဆီသို့ဦးတည်ရာလမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲက အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသော နဂါးအကြေးခွံအပိုင်းအစများကို အဆက်မပြတ် လေ့လာနေခဲ့သည်။

ဤနဂါးအကြေးခွံများက ရေခဲနဂါးသူတော်စင် နေထိုင်ရာနန်းတော်မှ ရရှိခဲ့ခြင်း ဖြစ်၏။

သေသေချာချာ စီစစ်လေ့လာပြီးနောက် ရေခဲနဂါးသူတော်စင်ပျောက်ကွယ်သွားရသည့်အကြောင်းရင်းမှ ဤနဂါးအကြေးခွံများနှင့် ဆက်စပ်နေကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် ပင်လယ်ပြင်တွင် လျှို့ဝှက်ချက်သဲလွန်စများကို ရှာဖွေလိုခဲ့သည် အမှန်ပင်။

ပင်လယ်ပြင်တွင်ရှိနေသည့် ဤလျှို့ဝှက်ချက်များကို ရန်ကျောက်ကဲ အလွန်စိတ်ဝင်စားနေမိသည်။

“အသင်္ချေသောကြယ်စင်တွေကို ဆုံစည်းစေပြီး နဂါးတွေက ပင်လယ်ထဲကိုဆင်းသွားတယ် ၊ ရှေးကျပြီး အေးစက်တဲ့ ချောက်နက်ကြီးထဲမှာ အကြေးခွံကိုပြောင်းပြန်လှန်ပြီး လမင်းကို တုန်လှုပ်စေတယ်...”

မြောက်ပင်လယ်ကမ်းခြေတွင် မတ်တတ်ရပ်ရင်း ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

အရှေ့ဘက်သို့ခရီးမဆက်ခင် မြောက်ပင်လယ်တွင်တစ်ထောက်နားရင်း ပျက်ဆီးသွားသော မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲသို့ ထည့်သွင်းပြင်ဆင်နေခြင်းပင်း။

လွန်ပြန်ယဉ်ပြင်ဆင်ပြီးသွားသည်နှင့် အားဟူနှင့် ရန်ကျောက်ကဲ ပင်လယ်ကိုဖြတ်သန်းခရီးဆက်ခဲ့ကြသည်။

“ဒီ နဂါးအကြေးခွံတွေက ရေခဲနဂါးသူတော်စင်နဲ့ ဘယ်လိုဆက်စပ်နေတာလဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“စိတ်မကောင်းစရာက နဂါးအကြေးခွံအပိုင်းအစတွေ အကုန်ပြန်ပေါင်းစည်းဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး ၊ အဲဒီလိုလုပ်ဖို့ အချိန်နဲ့အားစိုက်ထုတ်မှုတွေ အများကြီးလိုအပ်တယ်”

လွန်းပြန်ယဉ်ထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ရန်ကျောက်ကဲ သူ့လက်ထဲမှ နဂါးအကြေးခွံအပိုင်းအစများကို ကြည့်နေသည်။ ထိုအရာများက တာက်ပမှုမရှိ မှေးမှိန်နေပြီး မီးခိုးရောင်သမ်းကာ ပျက်ဆီးလျှက်ရှိသည်။

သူ ခေါင်းတစ်ချက် ခါယမ်းလိုက်၏။

ဤပစ္စည်းများကို သိမ်းဆည်းထားပြီး အောက်ခြေမှစတင်ကာ ဖြည်းဖြည်းချင်း သုတေသန ပြုရပေမည်။

ထို့နောက် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကဲ... ချက်ချင်းလက်ငင်း အကျိုးရှိနိုင်မယ့်ကိစ္စတွေကို အရင်လုပ်ကြတာပေါ့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အရိပ်ကြုံ့အိတ်ကို ဖွင့်လိုက်သည်။

အိတ်ထဲတွင် ကြီးမားသောတိုင်လုံးကြီးနှစ်ခု ရှိနေသည်။

တစ်ခုက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ဖြစ်ပြီး ကျန်တစ်ခုကတော့ ရေခဲနဂါးသူတော်စင်၏ရေခဲနန်းတော်မှ ရရှိခဲ့သော ရေခဲတိုင်လုံးကြီးဖြစ်သည်။ အထဲတွင် နဂါးအစစ်ရုပ်အလောင်းကို ချိတ်ပိတ်ထားသည်။

အားဟူက နဂါးအစစ်ရုပ်အလောင်းကို စိုက်ကြည်ရင်း...

“သခင်လေး ၊ အဲဒါကြီးကို ဘာလုပ်မလို့လဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“သင့်တော်သလို ကြည့်လုပ်ကြတာပေါ့ ၊ ဒီနဂါးရုပ်အလောင်းက ငါတို့ကိုယ်ရေးကိုယ်တာ အကျိုးရှိစေရုံတင်မကဘူး ဂိုဏ်းတစ်ခုလုံးကိုလည်း အဆင့်အသစ်တစ်ခုရောက်အောင် မြှင့်တင်ပေးနိုင်တယ် ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရရှိတာလောက် အဖိုးမတန်ပေမယ့် နဂါးအစစ်ရုပ်အလောင်းဆိုတာလည်း ပေါ့သေးသေးတော့မဟုတ်ဘူး ၊ အတော်လေး အဖိုးတန်တယ်လေ”

သူက ဆက်ပြောသည်။

“ဒီအရာကရရှိတဲ့ အကျိုးအမြတ်တွေက ငါတို့အတွက် အငြင်းပွားစရာ မရှိပါဘူး”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက နဂါးအစစ်ရုပ်အလောင်းကြီးကို ချိတ်ပိတ်ထားသည့် ရေခဲတိုင်လုံးကြီးကို လက်ညှိုးလက်ခလယ်လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်သည်။

ထိုအခါ ရေခဲတိုင်လုံးကြီးထက်မှ ရေခဲအချို့ အရည်ပျော်သွားပြီး စက်ဝိုင်းသဏ္ဌန်အပေါက်ငယ်တစ်ခု ထွက်ပေါ်လာလေ၏။

All Chapters