← Chapters

တာအိုသားတော်

Vol. 9 Ch. 126

တာအိုသားတော်

Vol. 9 Ch. 126

အခန်း(၁၂၆)  :  တာအိုသားတော်

ဖုန်းဟွမ်က အမိန့်ပေးလိုက်ပြီးနောက် သူ့ဘုရားကျောင်းဆီ ပြန်လာလိုက်သည်။ သူ့ကျင့်ကြံရေးအခန်းထဲ ရောက်သွားသည့်အခါ သူ့ကို စောင့်နေသည့် လူလတ်အရွယ် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။

လူလတ်အရွယ် အမျိုးသားတွင် တည်ငြိမ်အေးချမ်းသော အမူအရာရှိ၏။ သူ့အကြည့်များက သူ့ဆီ ချည်းကပ်လာသူအားလုံးကို သူ့အပေါ် အကောင်းမြင်စေသည့် အမြင်မျိုး ပေးစွမ်းလေသည်။

ထိုအမျိုးသားတွင် ထူးခြားသော စိတ်နေစိတ်ထားမျိုး ရှိသော်လည်း ပထမတွေ့တွေ့ချင်း လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့်အရာတော့ မဟုတ်ချေ။

သူ့ကို သတိအထားမိစေဆုံးအချက်မှာ ခပ်တိုတို ဆံပင်အနက်ရောင်  ဖြစ်၏။ ဆံပင်ကို အရှည်ထားတတ်ကြသည့် လူအများစုနှင့် ကွဲလွဲစွာ ထိုအမျိုးသားတွင် အလွန်တိုသော ဆံပင်များ ရှိနေလေသည်။

ဆံပင်က ကတုံးဟု ဆိုရလောက်အောင် ဖြစ်နေသော်လည်း ထိုဆံပင်အတိုက သူ့တည်ငြိမ်အေးချမ်းသည့် ဓာတ်ကို ပိုမို ပေါ်လွင်စေသည်။

ဖုန်းဟွမ်က ထိုအမျိုးသားကို တအံ့တဩ ကြည့်လိုက်ပြီးနောက် မေးလိုက်သည်  “ဆရာလား ”

ထိုအမျိုးသားက တအံ့တဩ ဖြစ်နေသည့် ဖုန်းဟွမ်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဆရာကြည့်ရတာ အခုအဆင်ပြေသွားပုံပဲ။ မဟုတ်သေးဘူး အရင်ကထက် ပိုကောင်းလာတယ် ”

“ဟုတ်တယ်။ ငါ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်မဲ့ နည်းလမ်းတွေ့သွားပြီလေ ”

“တကယ်လား … ဒီလိုကမ္ဘာငယ်လေးမှာ အဲလိုအားကောင်းတဲ့အရာမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ထင်မိမှာလဲ” ဖုန်းဟွမ်က သူ့ဆရာအတွက် အမှန်တကယ် ဝမ်းမြောက်နေမိသည်။

“ ဟုတ်တာပေါ့ ဘယ်သူကများ တွေးမိမှာလဲ” လူလတ်အရွယ် အမျိုးသားက ခေါင်းညိတ်ပြလိုက်သည်  “တပည့် အခုတလော ကိစ္စတွေက ဘယ်လိုလဲ”

“ မဟာကျိုးတိုင်းပြည်ဆီကနေ သူတို့နဲ့ မဟာဝူတိုင်းပြည်တိုက်ပွဲကြား ဝင်မပါဖို့ သံတမန်လွှတ်ပြီး အကြောင်းကြားလာတယ်”

“အဲဆို‌တော့ မင်း ဘယ်လိုဆက်လုပ်မှာလဲ ”

“ကျွန်တော် လက်ခံလိုက်မယ်။ အစကတည်းက ကြားနေဖို့က နဂိုအစီအစဉ်ပဲလေ။ ဒါပေမဲ့ မဟာဝူတိုင်းပြည်က လူတွေက ကျွန်တော်တို့  ကြားနေဖို့အတွက် တန်ရာတန်ကြေးတော့ ပေးရမယ်” ဖုန်းဟွမ်က သူ့အခန်းမှ ပြတင်းပေါက်မှ ကြည့်ရင်း တုံ့ပြန်လိုက်သည်။

ဖုန်းဟွမ်၏ ဆရာက ထိုအရာကို ကြားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရုတ်ချည်း ထမေးလိုက်၏  “ မင်းစိတ်ထဲ တစ်ခုခုဖြစ်နေပုံပဲ။ ဘာဖြစ်လို့လဲ ”

“ဆရာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုစွမ်းအားအမြောက်အများ တိုင်းပြည်ကနေတဆင့် စုပ်ယူခံလိုက်ရတယ်။ ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး စိတ်ပူနေတာ ”

ရှစ်ဖူယွီက သူ့တပည့်စကားကို ကြားကာ အကြည့်ထဲ အလင်းတစ်ချက် ဖြတ်ခနဲ ဖြစ်သွားပြီး မေးလိုက်သည်  “မင်း တရားခံကို ရှာတွေ့ပြီလား ”

“အဲဒါက ပြဿနာပဲ။ ကျွန်တော်ကိုယ်တိုင်ရှာနေပေမဲ့ အခုအထိ ဘာမှရှာမတွေ့သေးဘူး ”

ရှစ်ဖူယွီက သူ့တပည့်စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်၍ ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းထဲက မင်းပြိုင်ဘက်တစ်ယောက်ယောက် လုပ်တာများလား ”

“အဲလိုတော့ မဖြစ်နိုင်ဘူး။ ဂိုဏ်းရဲ့ တာအိုသားတော်တစ်ယောက်အနေနဲ့ ဒီစစ်ဆေးမှုမှာ ကျွန်တော်တစ်ယောက်တည်း ဝင်ပြိုင်ဖို့ ရွေးချယ်ခံရတာ ”

“တပည့် … မင်းက နူးညံ့လွန်းတယ်။ မင်းရဲ့ ပြိုင်ဘက်တွေက တာအိုသားတော် အဆင့်အတန်းကို အလွယ်လေး လက်လျော့သွားမယ် ထင်နေလား။ သူတို့ စစ်ဆေးမှုထဲ မပါနိုင်ရင်တောင် သူတို့ရဲ့ ထောက်ခံသူတွေနဲ့ ဒီကမ္ဘာမှာ မင်းကို ပြဿနာတွေ့အောင် သူတို့လက်အောက်ငယ်သားတချို့ ခိုးကြောင်ခိုးဝှက်လွှတ်လိုက်လို့ ရတာပဲ”

ဖုန်းဟွမ်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားလိုက်သည်။

ထိုက်ယီနက်နဲမုခ်၏ ဆက်ခံသူရွေးချယ်သည့် နည်းလမ်းက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ကွဲပြားပေသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ခွန်အားဖြင့်သာ ဆုံးဖြတ်လေသည်။ ဝမ်ဝေ့က ခြွင်းချက်တစ်ခု ဖြစ်၏။ ထိုက်ယီနက်နဲမုခ်က တာအိုပေါ် အခြေခံထားသည့် ဘာသာရေးဂိုဏ်း ဖြစ်သည့်အတွက် လုပ်ရိုးလုပ်စဉ်က ပိုရှုပ်ထွေးလှသည်။

ဆက်ခံသူဖြစ်သူ တာအိုသားတော်ကို ခွန်အားအပြင် ဂိုဏ်းအတွင်းမှ လူထု၏ ထောက်ခံမှု ပမာဏ၊ သူတို့၏ ဂိုဏ်း ဒဿနအမြင်နှင့် သင်ကြားရေးအပေါ် နားလည်နိုင်စွမ်းအရ  ရွေးချယ်ကြသည်။

ထိုက်ယီနက်နဲမုခ်အတွင်း ထိုအရာကို ဓမ္မနှလုံးသား သို့မဟုတ် ဓမ္မထိုးထွင်းဉာဏ်ဟု ခေါ်ဆိုသည်။

ဖုန်းဟွမ် တာအိုသားတော် ဖြစ်လာသည့် အကြောင်းအရင်းတစ်ခုမှာ သူ့ဓမ္မထိုးထွင်းဉာဏ်ကြောင့် ဖြစ်ပေသည်။ သူက တာအိုဓမ္မအကြောင်း နက်နက်နဲနဲ သိလာသည့် အချက်မှာလည်း သူ့ဆရာ ရှစ်ဖူယွီကြောင့် ဖြစ်၏။ ရှစ်ဖူယွီက သူ့အား အကြောင်းအရာများကို အသေးစိတ် ရှင်းပြပေးခဲ့သည်။

ထို့ကြောင့် ဖုန်းဟွမ်က သူ့ဆရာဖြစ်သူအား အများကြီးလေးစားလေသည်။ သူ့အားကောင်းသည့် ဇစ်မြစ်ကြောင့်သာမက တာအိုအပေါ် နက်နက်နဲနဲ နားလည်နိုင်စွမ်းကြောင့်လည်း ပါဝင်၏။

ဆရာက သူ့ပြိုင်ဘက်များ ဒီစစ်ဆေးမှုကို ဝင်ရောက်နှောင့်ယှက်နိုင်ခြေရှိကြောင်း ထောက်ပြလိုက်သည့်နောက်တွင် သူ့အနေနှင့် ဖြစ်နိုင်ခြေရှိကြောင်း သတိပြုမိသွားသည်။

သူက ဒီစစ်ဆေးမှုကျရှုံးလျှင်ပင် တာအိုသားတော်ဖြစ်သည့် သူ့အဆင့်အတန်း ရာထူးအပေါ် သက်ရောက်မှုများစွာရှိမည် မဟုတ်ပေ။ ဂိုဏ်းမှ တာအိုသားတော်အနေနှင့် သူက ဒီမျိုးဆက်အတွက် ကောင်းကင်အလိုဆန္ဒကို ဆက်ခံဖို့ ရွေးချယ်ခံထားရသူ ဖြစ်လေသည်။

ကျရှုံးမှုတစ်ခုက သူ့ရာထူးမှ နှုတ်ထွက်စေရအောင် မလုံလောက်ပေ။ သို့သော်လည်း အကယ်၍ သူသာ ယုံကြည်မှုစွမ်းအား သုံးစွဲကြောင်း ဖမ်းမိသွားပါက သူကိုယ်တိုင် မစုပ်ယူထားလျှင်ပင် ခက်ခဲကျပ်တည်းသည့် အခြေအနေကြား ကျရောက်သွားနိုင်သည်။

ထိုအကြောင်းကို တွေးကာ ဖုန်းဟွမ်က အရင်းအမြစ်များ ထပ်သုံးပြီး သူ့ပြိုင်ဘက်များ ဒီကမ္ဘာဆီ သူလျိုများ လွှတ်လိုက်လားဟု စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို ရှစ်ဖူယွီက ထိုအရာကို မြင်ပြီး ပြုံးလိုက်မိသည်။

…………….

မဟာကျိုးတိုင်းပြည်၊ တော်ဝင်နန်းတော်

ကျီစုန့်က နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်း မဟာရှုတိုင်းပြည်မှ ပြန်ရောက်လာသည့် သံတမန်ကို ကြည့်လိုက်သည်။

သူ့ကြွက်သားများက နဂါးဝတ်ရုံကြားမှ မြင်နေရသောကြောင့် အားကောင်းသည့် အရှိန်အဝါတစ်ခု ထုတ်လွှင့်နေသည်။

“ရလဒ်က ဘယ်လိုတဲ့လဲ” သူက မေးလိုက်သည်။

သံတမန်က ထိုမေးခွန်းကို ကြားကာ အနည်းငယ် တုန်ယင်သွားပြီး  “ အရှင် သူတို့က ဝင်မပါဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ … သူတို့က တောင်းဆိုချက်တချို့ ပြုလုပ်လာပါတယ် ”

“ဘာတောင်းဆိုချက်လဲ” ကျီစုန့်က ဒီရလဒ်ကို‌ မျှော်လင့်ထားပြီးသား ဖြစ်သလိုမျိုး မေးလိုက်သည်။

သံတမန်က တောင်းဆိုချက်များ ပါဝင်သည့် စာရွက်တစ်ရွက် ထုတ်ကာ အရှင်ဆီ တဆင့်ပေးပေးမည့် လူဆီ ပေးဖို့ လက်လှမ်းလိုက်သည်။ သို့သော် စာရွက်က ရုတ်ချည်း ပျံသန်းသွားကာ ကျီစုန့်လက်ထဲ ရောက်သွားလေသည်။ ကျီစုန့်က တန်းဖတ်လိုက်၏။

သူက ဖတ်ရှုလိုက်ပြီးနောက် မျက်မှောင်အသာကြုတ်လိုက်သည်။ ထို့နောက် သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

စာရင်းက လူဦးရေကို တောင်းဆိုထားခြင်း ဖြစ်၏။ အရေအတွက်က များပြားသော်လည်း သူ့သတ်မှတ်ချက်ကို မကျော်လွန်ပေ။

ထို့ကြောင့် သူက သဘောတူလိုက်၏။

ထို့နောက် သူက ပလ္လင်မှ ချက်ချင်း ထရပ်ကာ  “အခု အရာအားလုံး အသင့်ဖြစ်ပြီဆိုတော့ မဟာဝူတိုင်းပြည်နဲ့ စစ်ပွဲစလိုက်ကြရအောင်။ အဲဒီဉာဏ်များတဲ့ မြွေတွေကို ဘယ်တုန်းကမှ သဘောမကျဘူး။ ငါကိုယ်တိုင် တိုက်ပွဲကို ဦးဆောင်ဆင်နွဲမယ် ”

ကျီစုန့်က ပြောလိုက်ပြီးနောက် သူ့အမတ်များ၏ ဆွေးနွေးမှုအားလုံးကို လျစ်လျူရှုကာ စစ်တန်းလျားဆီ တန်းထွက်သွားသည်။ ထိုစဉ် အမတ်ချုပ်ကျီစုက သက်ပြင်းချကာ ဘာမှမပြောနိုင်တော့ပေ။

……………

မဟာရှားတိုင်းပြည်အတွင်း ….

ဒဏ်ရာပြန်ကောင်းလာစဖြစ်သည့် သံမဏိလက်သီးဘုရင်က ဝမ်ဝေ့နှင့် တွေ့ဆုံဖို့ မြို့တော်ဆီ ဦးတည်နေသည့် ပျံဝဲဇာမဏီယာဉ်ထဲတွင် ထိုင်နေသည်။

“ ခင်ဗျားတို့ကမ္ဘာက လူတွေက မဟာဧကရာဇ် ဖြစ်နိုင်တယ်ဆိုတာ အမှန်ပဲလား” သံမဏိလက်သီးဘုရင်က သူ့အကြည့်ထဲ ဉာဏ်များသည့် အလင်းတစ်ချက် ဖြတ်သွားရင်း မေးလိုက်သည်။

လီကျွင်းက ထိုအလင်းတန်းကို သတိထားမိသလို နောက်ကွယ်မှ အကြောင်းအရင်းကိုလည်း သဘောပေါက်သော်လည်း ဘာမှမပြောဘဲ ပြုံးရုံပြုံးကာ  “ အမှန်ပဲ။ ကျုပ်တို့ကမ္ဘာက မဟာဧကရာဇ်အများကြီးကို မွေးထုတ်ထားပြီးပြီ ”

“ အားအရမ်းကောင်းတာ ဘယ်လိုမျိုးလဲဆိုတာ သိချင်မိသား” သံမဏိလက်သီးဘုရင်က သူ့ဘာသာ ရေရွတ်လိုက်သည်။

နာရီအနည်းငယ်ကြာမြင့်ပြီးနောက် နှစ်ယောက်သား မြို့တော်ဆီ ရောက်လာကြပြီး နဂါးပလ္လင်တွင် ထိုင်နေသည့် ဝမ်ဝေ့ရှေ့မှောက် ရောက်လာကြသည်။

ညီလာခံခန်းမထဲ ဝင်လိုက်ပြီးနောက် သံမဏိလက်သီးဘုရင်က အမတ်များကို ကြည့်ရုံသာကြည့်ပြီး လျစ်လျူရှုထားလေသည်။ သူက ဝမ်ဝေ့အား ဦးညွှတ်လိုက်ပြီးနောက်  “ ထျဲ့ကန်က အရှင့်ကို ဂါရဝပြုပါတယ် ”

ဝမ်ဝေ့က သူ့အား ခေါင်းမော့ခိုင်းလိုက်ပြီး အရူးဘုရင်ကို ကြည့်လိုက်သည်။ လီကျွင်း အသုံးပြုထားသော အဖိုးတန်ဆေးလုံးကြောင့် သူက ဝမ်ဝေ့ မြင်ဖူးထားသည့် ပုံစံထက် ပိုငယ်ရွယ်ပုံပေါက်နေသည်။

သူက လူအိုကြီးနှင့် မတူတော့ဘဲ အသက်ခြောက်ဆယ်အရွယ်လောက်နှင့် တူနေသည်။

ဝမ်ဝေ့က သေချာလေ့လာလိုက်ပြီးနာက် သံမဏိလက်သီးဘုရင်သည် သူ့အပေါ် လေးစားမှုရှိကြောင်း သိလိုက်ရသည်။ အတိအကျဆိုရလျှင် သူက မရှိသင့်သည့် စိတ်ကူးမျိုး ရှိနေပုံရသည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့သာလွန်အုတ်မြစ်မှ ချီးမြင့်ထားသည့် ဆန္ဒအစစ်အမှန် စွမ်းအားကို အသုံးချကာ သံမဏိလက်သီးဘုရင်အား စိုက်ကြည့်လိုက်သည်။

သံမဏိလက်သီးဘုရင်က ရုတ်ချည်းဆိုသလို ဝမ်ဝေ့ဆီမှ ဖိအားကို ခံစားလိုက်ရသည်။ သူ့လျို့ဝှက်ချက်အားလုံး ပေါက်ကြားသွားသလိုမျိုး ခံစားလိုက်ရပြီး သူ့ကို ရစ်ပတ်ထားသည့် ကြိုးများစွာကို မြင်လိုက်ရလေသည်။ သံမဏိလက်သီးဘုရင်က သူ့အား သစ္စာခံရန် ဒူးထောက်စေလိုသည့် အထွတ်အထိပ်ဖိအားကို ခံစားလိုက်ရသော်လည်း သူက ဒူးထောက်ဖို့ ငြင်းဆန်နေသည်။ သူက လျှာထိပ်ဖျားကိုက်ထားကာ ဖိအားကို ခုခံနေသော်လည်း အသုံးမဝင်ပေ။

သူက ရုတ်ချည်း သွေးအန်သွားပြီး ဒူးတစ်ဖက်ထောက်လိုက်ရသည်။ သို့သော် သူက ဖိအားကို ဆက်လက်ခုခံနေဆဲ ဖြစ်၏။ အထွတ်အထိပ် ဆန္ဒက သူ့အား လွှမ်းခြုံသွားလေသည်။ သူ့ကို ကြောက်လန့်သွားစေသည်က သူ့အံ့ဖွယ်ပလ္လင်သည် အက်သံများ ထွက်လာကာ အက်ကြောင်းရာများစွာ ပေါ်လာခြင်း ဖြစ်၏။  သူသာ ဆက်လက်ခုခံနေပါက သူ့အံ့ဖွယ်ပလ္လင်သည် ပျက်စီးသွားနိုင်သော်လည်း သူက လက်လျော့ဖို့ ငြင်းဆန်နေသေးသည်။

သေခြင်းတရားကို အလွယ်တကူ လက်ခံနိုင်သူတစ်ဦးအနေနှင့် မသန်မစွမ်းဖြစ်ခြင်းက သူ့အတွက် ဘာမှမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သံမဏိလက်သီးဘုရင်က အရှက်ခွဲခံရသလို ခံစားနေရသည်။

သူ့ကို ဒူးထောက်စေဖို့ ဖိအားပေးနေသည့် အချက်ကြောင့် မဟုတ်ဘဲ တစ်ဖက်လူက သူ့အား တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒီလိုအခြေအနေအထိ စွမ်းဆောင်နိုင်၍ ဖြစ်သည်။

အထွတ်အထိပ်ဆန္ဒကို စက္ကန့်ပိုင်းလောက် ခုခံပြီးနောက် သံမဏိလက်သီးဘုရင်က ဒူးထောက်လိုက်ရသည်။

သူက သက်ပြင်းချကာ ခုခံမှု ရပ်တန့်လိုက်သည်။ သူနှင့် ထိုနယ်ခြားနတ်ဆိုးများကြား ကွာခြားချက်ကို ကောင်းကောင်းကြီး သတိပြုမိသွားသည်။ သူက သူ့စိတ်ထဲတွင်ရှိသော ရည်မှန်းချက်ကို မြန်မြန် ဖြေဖျောက်လိုက်သည်။ ပြောရလျှင် သူ့တွင် အင်အားမရှိသရွေ့အထိ အတွင်းပိုင်းထဲ မြှပ်နှံထားရမည်။

ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ခေါင်းညိတ်လိုက်ကာ  “ခင်ဗျားရဲ့ အခြေခံအုတ်မြစ်က အားနည်းပေမဲ့ စိတ်ဆန္ဒပြင်းပြတယ်။ ခင်ဗျားက အခြေအနေနဲ့ လိုက်ပြီး ဆောင်ရွက်တတ်တဲ့လူပဲ။  ထျဲ့ကန် … ငါတို့အဖွဲ့ကနေ ကြိုဆိုပါတယ် ”

All Chapters