← Chapters

နဂါးသွေးသန့်စင်ခြင်းခန္ဓာ

Vol. 25 Ch. 352

နဂါးသွေးသန့်စင်ခြင်းခန္ဓာ

Vol. 25 Ch. 352

အခန်း (၃၅၂) နဂါးသွေးသန့်စင်ခြင်းခန္ဓာ

သူ၏ အလွန်တရာရှုတ်ထွေးသော ကြယ်တာရာချီစွမ်းအားများကို ထိန်းချုပ်ကာ ရန်ကျောက်ကဲက ရေခဲတိုင်လုံးကြီးတွင် လက်သီးဆုပ်အရွယ်အပေါက်တစ်ခု ဖောက်လိုက်ပြီး အခြားနေရာမှရေခဲများကို ပျက်ဆီးခြင်းမရှိစေရန် ကန့်သတ်လိုက်သည်။

ထိုအပေါက်ငယ်လေးအတွင်းမှ အလွန်စွမ်းအားမြင့်မားသော ချီစွမ်းအားနှင့် သွေးစွမ်းအားများ ထွက်ပေါ်လာကြောင်း ခံစားလိုက်ရသည်။

သိုင်းသမားတစ်ယောက်၏ကြံ့ခိုင်သန်မာမှုကို ချီစွမ်းအား ၊ သွေးစွမ်းအားကောင်းမွန်ခြင်းဖြင့် ချီးကျူးလေ့ရှိကြသည်။ သိုင်းသမားခန္ဓာကိုယ်များကို ချီးကျူးသည့်အခါ “နဂါးများနှင့်ဆင်များကဲ့သို့ စွမ်းအားပြည့်ဝသော ချီစွမ်းအားနှင့် သွေးစွမ်းအား” ဟု ခိုင်းနှိုင်းလေ့ရှိကြသည်။

ရန်ကျောက်ကဲနှင့် အားဟူရှေ့တွင် ‌ရောက်နေသည့်အရာမှာ တကယ့်နဂါးအစစ် ဖြစ်သည်။

နဂါးကြီးသေဆုံးနေသည်မှာ ကာလရှည်ကြာပြီဖြစ်ပြီး အလောင်းသာလျှင် ကျန်ရစ်တော့သည့်တိုင် ချီစွမ်းအားနှင့် သွေးစွမ်းအားများက သန်စွမ်းပြည့်လျှံနေဆဲဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်ချောက်ချားစေသည်။ ရန်ကျောက်ကဲနှင့် အားဟူတို့မှာ သက်ရှိထင်ရှားအနန္တတန်ခိုးရှင်ကြီးတစ်ယောက်ရှေ့သို့ ရောက်နေသလို ခံစားကြရသည်။

ဤနဂါးကြီးသာ ကမ္ဘာလောကတွင် သက်ရှိထင်ရှားတည်ရှိနေချိန် မည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပါမည်နည်း တွေးကြည့်နိုင်သည်။

ရန်ကျောက်ကဲက ရေခဲတိုင်လုံးကြီးထက် အပေါက်သေးသေးလေးပင် ဖွင့်ဟထားသော်လည်း သက်ရောက်မှုများစွာ ရှိသည်။ ရေခဲတိုင်လုံးကြီး၏ဖိအားက ချက်ချင်းလျော့ကျသွားပြီး အတွင်းထဲမှ နဂါးအကြေးခွံများက အပေါ်အောက် တဖျတ်ဖျတ်လှုပ်ခါလာသည်။

နဂါးကြီးက သေဆုံးပြီးသားဖြစ်ရာ ပြန်လည်အသက်ရှင်သန်လာရန် မဖြစ်နိုင်တော့ပေ။ သို့သော် အထိန်းအကွပ်မဲ့သွားသည့်အခါ သူ၏ဝိညာဉ်စွမ်းအားများက စတင်ပျံ့ကျဲထွက်ပေါ်လာမည် ဖြစ်သည်။

ရန်ကျောက်ကဲက ချက်ချင်းပင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးမှ ဖိအားကို အသုံးပြုလိုက်သဖြင့် နဂါးရုပ်အလောင်းကြီး အရင်အတိုင်း ပြန်လည်ငြိမ်သက်သွားသည်။

အပေါက်ငယ်မှတစ်ဆင့် ရွှေရောင်ဖျော့ဖျော့တောက်ပနေသည့် အဖြူရောင်နဂါးအကြေးခွံများကို တွေ့မြင်ရပြီး လေးလံသည့်အဖြူရောင်ချီစွမ်းအားများ စိမ့်ထွက်နေသည်ကို မြင်တွေ့ရသည်။

ဤသည်က ရေခဲနဂါးတစ်ကောင်ဖြစ်သည်။ သေဆုံးသွားသည့်တိုင် အအေးဓာတ်က သူ့ခန္ဓာကိုယ်မှ အဆက်မပြတ်ထွက်ပေါ်နေပြီး အရိုးထဲအထိ အေးစိမ့်ခံစားရစေသည်။

ရန်ကျောက်ကဲက သူ၏လက်ညှိုးနှင့်လက်ခလယ်ထိပ်တွင် ကြယ်တာရာချီစွမ်းအားများ စုစည်းလိုက်သည်။ ကြယ်တာရာချီစွမ်းအားများက အလင်းငွေ့များအဖြင့် ပြောင်းလဲသွားပြီး ရှည်လျားပါးလွှာသည့် အလင်းဓားတစ်လက်အလား သိပ်သည်းသွားကာ ရေခဲတိုင်လုံးကြီးပေါ်မှ အပေါက်ငယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

အလင်းစီးကြောင်းဓားသွားက အဆက်မပြန်ဆန့်ထွက်လာပြီး ရေခဲနဂါးအလောင်းကြီးနှင့် ထိတွေ့သွားသည်။

အားဟူက ရန်ကျောက်ကဲ၏လုပ်ရပ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

နဂါးကြီးက ရုပ်အလောင်းတစ်လောင်းဖြစ်သော်လည်း ခန္ဓာကိုယ်၏ခိုင်ခံ့အားကောင်းမှုကတော့ ပကတိအတိုင်း တည်ရှိနေဆဲပင်။ အထူးသဖြင့် ပြီးပြည့်စုံသော နဂါးရုပ်အလောင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ချို့ယွင်းချက်မရှိသလို ဒဏ်ရာဒဏ်ချက်များလည်းမရှိဘဲ အပြစ်အနာအဆာ ကင်းစင်သည်။

ထိုသို့သောအခြေအနေမျိုးတွင် နဂါးအကြေးခွံကို ဖြတ်ကျော်ထိုးဖောက်ရန်မှာ အလွန်ခက်ခဲပေသည်။ နဂါးအကြေးခွံ၏ခံစစ်စွမ်းအားက ရယ်စရာမဟုတ်သည်မှာ သေချာ၏။

အားဟူ၏လက်ထဲတွင် မှော်ဝင်လက်နက်တစ်ခု ရှိနေသည့်တိုင် ဤနဂါးကြီး၏ ခန္ဓာကိုယ်ကိုထိုးဖောက်ပြီး သွေးထွက်လာအောင်ပြုလုပ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

သို့သော် အခြားသူများ မလုပ်နိုင်သောအရာများကို မကြာခဏလုပ်ပြလေ့ရှိသော သူ၏သခင်လေး ‘ရန်ကျောက်ကဲ’ အစွမ်းကို ယုံကြည်နေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက ဓားအလင်းတန်းထိပ်ဖျားကို အာရုံစူးစိုက်ထားပြီး အဆက်မပြတ် ရှေ့သို့ဆန့်ထုတ်နေသည်။ နောက်ဆုံး ဓားအလင်းတန်းက ရေခဲနဂါးကြီး၏ရုပ်အလောင်းကို ထိသွားသည်။

သို့သော် သူက ဓားအလင်းတန်းဖြင့် နဂါးကြီး၏ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့ခြင်း မရှိပေ။ နဂါးအကြေးခွံများနှင့် ထိမိသည်နှင့် ဓားအလင်းတန်းက ပျော့ပြောင်းသွားပြီး စီးဆင်းနေသည့်ရေပမာ နဂါးခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။

ထိုအခါ နဂါးရုပ်အလောင်းကြီးထက်တွင် ကြည်လင်တောက်ပသောအလင်းရောင်များထွက်ပေါ်လာပြီး အဆက်မပြတ် လှည့်ပတ်နေသည်။

ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီး၏ဖိအားဖြင့် ထိန်းထားသည့်အတွက် တည်ငြမ်နေသော နဂါးခန္ဓာကိုယ်ကြီးသည် ချက်ချင်းပင် တဖန်ပြန်လည်တုန်ခါလာသည်။

မြင်ကွင်းကို စူးစိုက်ကြည့်နေရင်း ရန်ကျောက်ကဲ၏ လက်ချောင်းများသည်လည်း မရပ်မနား တုန်ခါလာသည်။ သူ၏လက်ချောင်းများက ထူးခြားထင်ရှားသည့် စည်းချက်တစ်ခုအတိုင်း လှုပ်ရှားနေခြင်းပင်။

သူ့လက်ချောင်းများ လှုပ်ရှားလိုက်တိုင်း လက်ချောင်းများထိပ်မှ ဖြာထွက်နေသော အလင်းတန်းက ရေခဲနဂါးရုပ်အလောင်း၏ ရောင်ဝါနှင့်ပေါင်းစပ်ရန် ကြိုးစားလျှက် အဆက်မပြတ် တုန်ခါနေသည်။

ရန်ကျောက်ကဲလက်ချောင်းထိပ်ဖျားမှ အလင်းရောင်များ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး တောက်ပခြင်းမရှိတော့ဘဲ အနည်းငယ်မှုံဝါးသွားသည်။

တစ်ချိန်တည်းပင် ရေခဲနဂါးရုပ်အလောင်းကြီးသည်လည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားသည်။

အလင်းစီးကြောင်းထဲတွင် မှိန်ဖျော့ဖျော့ ရေခဲပြာရောင်အရာတစ်ခုကို မှုံဝါးဝါးတွေ့မြင်ရသည်။ ထိုအရာက နဂါးအကြေးခွံများအတွင်းမှထွက်ပေါ်လာပြီး အလင်းစီးကြောင်းဖြင့် ပေါင်းစပ်သွားခြင်းပင်။

တောက်လောင်ပူပြင်းပြီး များပြားလှစွာသော သွေးစွမ်းအားနှင့် ချီစွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားမိသော်လည်း တစ်ချိန်တည်းပင် အလွန်အမင်းအေးစိမ့်မှုကိုလည်း ခံစားကြရသည်။

ရန်ကျောက်ကဲရော အားဟူပါ မျှော်လင့်မထားသည့် ဝိရောဓိဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။

အလင်းစီးကြောင်းဖြင့် ပေါင်းစပ်သွားသည့် ရေခဲပြာရောင်အရာကိုကြည့်ရင်း အားဟူ မှင်တက်သွားသည်။

“သခင်လေး... အဲဒါ... အဲဒါ နဂါးသွေးအစစ်မဟုတ်လား ၊ ဘဝမှာ ပထမဆုံးတွေ့ဖူးတာပဲ”

ရေခဲနဂါးကြီးသေဆုံးသွားသည်မှာ နှစ်ပေါင်းမည်မျှကြာပြီကို မသိရှိသော်လည်း သူ၏အသွေးအသားများက မပျက်ဆီးသေးဘဲ ရှင်သန်နေသည့်အပြင် ဝိညာဉ်စွမ်းအားများပါ အားကောင်းလျှက် ရှိသည်။

အားဟူပြောသလိုပင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နဂါးအစစ်ကို ရှာဖွေတွေ့ရှိသူ တစ်ယောက်မှ မရှိပေ။ အကြေးခွံနဂါး ၊ ဦးချိုမဲ့နဂါးများကိုသာ အလွန်ဆုံး ရှာတွေ့နိုင်ကြသည်။

နဂါးအစစ်ရုပ်အလောင်းကို ရှာတွေ့လျှင်တောင်မှ အရိုးစုသာဖြစ်နိုင်ခြေရှိပြီး အရိုးစုများမှာ ပြီးပြည့်စုံမှုမရှိဘဲ အစိတ်အပိုင်းများ ပျောက်ဆုံးနေသည်ကိုသာ တွေ့ရလေ့ရှိသည်။

ထို့ကြောင့် ဤကဲ့သို့ သန့်စင်သောနဂါးသွေးက အလွန်ရှားပါးသည်။

ရေနယ်မြေ ၊ ကျောက်စိမ်းပင်လယမြို့တော်ကို တည်ထောင်သူဆရာဘိုးဘိုးသာလျှင် ရေနဂါးရုပ်အလောင်းတစ်လောင်းကို အပြည့်အစုံရရှိခဲ့သည်။ အခြားသူများကတော့ မိုးကောင်းကင်နှင့်ညီမျှသော ကံကောင်းခြင်းရှိမှသာ နဂါးသွေးကို တွေ့နိုင်ပေလိမ့်မည်။

ကံကောင်းလွန်းမှသာ မဟာကပ်ဘေးကြီးမတိုင်ခင်က အမွေအနှစ်ဖြစ်သော နဂါးသွေးထည့်သွင်းသိမ်းဆည်းထားသည့် ပုလင်းငယ်များကို ရှာဖွေတွေ့ရှိမည် ဖြစ်သည်။

သို့ပေသိ ထိုကဲ့သို့သောကံကောင်းမှုက ဇာမီအတောင် ၊ ယူနီကွန်းဦးချိုများကဲ့သို့ပင် ရှားပါးလွန်းလှသည်။

မိုးအောက်မြေပြင်တွင်ရှိသော လူအများစုတွင် သိုင်းဆရာသခင်များမဆိုထားနှင့် သိုင်းသူတော်စင်များသည်ပင် သူတို့၏ဘဝတစ်လျှောက်လုံး စစ်မှန်သောနဂါးသွေးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခွင့် မရခဲ့ကြပေ။

သူ့လက်ချောင်းများထိပ်မှ ထွက်ပေါ်လာသည့် အလင်းစီးကြောင်းကိုဖြတ်သန်းပြီး နဂါးသွေးစီးဆင်းလာစေရန် ရန်ကျောက်ကဲ ပြုလုပ်လိုက်သည်။

ရန်ကျောက်ကဲလက်ချောင်းများက ရေခဲပြာရောင်နဂါးသွေးရည်ဖြင့် ထိတွေ့မိသည်နှင့် ချက်ချင်းအေးစိမ့်သွားပြီး တစ်ခဏအတွင်း ထုံကျင်သွားကာ အနည်းငယ် တုန်ယင်သွားသည်။

ရန်ကျောက်ကဲ အသက်ပြင်းပြင်းရှူနေရင်း သူ့မျက်နှာက တဖြည်းဖြည်း နီရဲလာသည်။

ခဏအကြာတွင်တော့ သူ့မျက်နှာက စိမ်းဖန့်လာပြန်ကာ အနီရောင်တစ်လှည့်အစိမ်းရောင်တစ်လှည့် ပြတ်တောင်းပြတ်တောင်း ပြောင်းလဲလျှက်ရှိသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ပရမ်းပတာချီစွမ်းအားအစုအဝေးက မီးနှင့်ရေခဲ ဆန့်ကျင်ဘက် ကွဲပြားသွားသည့်အတွက် ထိုသို့ အနီရောင်တစ်လှည့် အစိမ်းရောင်တစ်လှည့် ပြောင်းလဲနေခြင်း ဖြစ်၏။

ရေခဲပြာရောင်နဂါးသွေးရည်က မရပ်မနားစီးဆင်းလာပြီး ရန်ကျောက်ကဲ၏လက်ချောင်းများကို စတင်ဖုံးအုပ်ကာ အထက်သို့ဆက်တက်လာပြီး သူ၏လက်ဖဝါးနှင့် လက်ဖြန်ဆီသို့ ရွေ့လျားလာသည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က နဂါးသွေးကို အဆက်မပြတ် စုပ်ယူနေသည့်အတွက် သွေးကြောဆုံချက်များသည်လည်း ပြင်းထန်လာသည်။ သူ၏ချီစွမ်းအားများက နဂါးသွေးကို အဆက်မပြတ် သန့်စင်ပေးကာ အနှစ်သာရကို စုပ်ယူလျှက်ရှိသည်။

သူ့ ဦးခေါင်းထက်တွင် ချီစွမ်းအားစီးကြောင်းတစ်ခုထွက်ပေါ်လာသည်။ ထိုချီစွမ်းအားစီးကြောင်းက ပြန့်ကျဲသွားခြင်းမရှိဘဲ တိုင်လုံးတစ်လုံးပမာ သိပ်သည်းသွားပြီး မီးခိုးငွေ့ပမာ အဆက်မပြတ် မြင့်တက်နေသည်။

ရန်ကျောက်ကဲဘေးတွင် အားဟူက စောင့်ကြည့်နေပြီး ပတ်ဝန်းကျင်ကိုလည်း သတိရှိရှိဖြင့် လေ့လာနေသည်။

အချိန်အတန်ကြာပြီးနောက် နဂါးသွေးကိုအောင်မြင်စွာသန့်စင်နိုင်ခဲ့ပြီး ရန်ကျောက်ကဲဦးခေါင်းထက်မှ ချီစွမ်းအားအခိုးအငွေ့များသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ့မျက်နှာထက် အစိမ်းရောင်တစ်လှည့် အနီရောင်တစ်လှည့်တောက်ပနေသည်များ ပျောက်ကွယ်သွား၏။

သူ့မျက်ဝန်းများက အရင်ကနှင့်မတူ တောက်ပနေသည်။ သို့သော် ဖျတ်ခနဲသာဖြစ်ပြီး လျှင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။

တစ်ခုတည်းသော ပုံမှန်မဟုတ်သည့်အရာမှာ အပြာရောင်အလင်းများတောက်ပနေသည့် ရန်ကျောက်ကဲ၏လက်ပင် ဖြစ်သည်။

အားဟူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“သခင်လေး... သခင်လေးရဲ့လက်...”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဘာမှမဖြစ်ပါဘူး ၊ နဂါးသွေးအနှစ်သာရက အပြည့်အဝမသန့်စင်သေးလို့ပါ ၊ အချိန်တော့နည်းနည်းပေးရမှာပေါ့ ၊ အပေါ်ယံပါပဲ ၊ တခြားဘာမှမထိခိုက်ပါဘူး ၊ ဒါနဲ့... မင်းလည်း စမ်းကြည့်ပါလား”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ရေခဲနဂါးရုပ်အလေင်းကြီးမှ နဂါးသွေးရည်ကို ထပ်မံဆွဲထုတ်လိုက်ပြီး အားဟူထံသို့ လွှဲပြောင်းပေးလိုက်သည်။

အားဟူက နဂါးသွေးရည်ကိုစုပ်ယူရင်း ထုံးစံအတိုင်း တက်တခေါက်ခေါက်ဖြင့် ကျယ်ကျယ်လောင်လောင် ချီးကျူးစကားများဆိုနေသည်။ ထို့နောက် နဂါးသွေးရည်ကို စတင်သန့်စင်ရန် ကြိုးစားလိုက်၏။

အဆုံးသတ်တွင်တော့ ဝါးနိုင်သည်ထက် ပိုကိုက်မိခဲ့သော အားဟူမှာ ခန္ဓာကိုယ်တစ်ခုလုံး နဂါးသွေးများဖြင့် ဖုံးလွှမ်းပြီး အပြာရောင်တောက်ပလျှက်ရှိတော့သည်။ အားဟူကျင့်ကြံသည့်သိုင်းပညာက ရန်ကျောက်ကဲကျင့်ကြံသည့် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကဲ့သို့ အလုံးစုံ ပြီးပြည့်စုံခြင်းမရှိသဖြင့် ထိုသို့ဖြစ်ရခြင်းပင်။

နဂါးသွေးအနှစ်သာရကိုစုစည်းပြီး ဖြည်းဖြည်းချင်းသန့်စင်ပါက မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိသော်လည်း တစ်ကိုယ်လုံးအပြာရောင်ပြောင်းသွားသည့်အတွက် အားဟူတစ်ယောက် ကြောက်လန့်သွားသည်။

ရန်ကျောက်ကဲက သူ့ကိုကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးလိက်၏။

“အဟက်... အစိမ်းရောင်မဟုတ်လို့ တော်သေးတာပေါ့”

All Chapters