လီပေါင်တစ်သောင်းအဝေးမှအောင်မြင်မှု
Vol. 25 Ch. 353
အခန်း (၃၅၃) လီပေါင်တစ်သောင်းအဝေးမှအောင်မြင်မှု
နောက်ပိုင်းရက်များတွင်တော့ ရန်ကျောက်ကဲနှင့်အားဟူတို့ မြောက်ပင်လယ်ကို ဖြတ်ကျော်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲက ရေခဲနဂါးသူတော်စင်ချန်ထားခဲ့သော နဂါးအကြေးခွံအပိုင်းအစများကို စီစစ်လေ့လာရင်း ရေခဲနဂါးရုပ်အလောင်းမှစုပ်ယူထားသောသွေးများကိုသန့်စင်ကာ ဝိညာဉ်စွမ်းအားအနှစ်သာရများကို စုပ်ယူကျင့်ကြံသည်။
သန့်စင်သည့်နဂါးသွေးကို စုပ်ယူကျင့်ကြံခြင်းဖြင့် ရန်ကျောက်ကဲ၏ အသွေးအသားခန္ဓာ အပြင်ပိုင်းရော အတွင်းပိုင်းပါ မသိမသာတိုးတက်ကောင်းမွန်လာပြီး အဆင့်သစ်တစ်ခုဆီသို့ တက်လှမ်းလာသည်။
နဂါးသွေးရည်အတွင်းပါရှိသော ဝိညာဉ်စွမ်းအားအနှစ်သာရက ရန်ကျောက်ကဲ၏ကြယ်တာရာချီစွမ်းအားကိုလည်း မသိမသာ တိုးတက်လာစေသည်။
နဂါးသွေးရည်ကို စုပ်ယူကျင့်ကြံနိုင်ခြင်းက ကံကောင်းခြင်းတစ်ခု ဖြစ်၏။ ရန်ကျောက်ကဲ၏စွမ်းအားများ မြင့်မားလာရုံသာမက ကျင့်ကြံခြင်းလည်း လျှင်မြန်စွာတိုးတက်လာလေရာ များစွာအချိန်ကုန်သက်သာသွားသည်။
ဝိညာဉ်မျိုးစေ့ကို ပျိုးထောင်နိုင်ပြီးနောက် ရန်ကျောက်ကဲက ဝိညာဉ်ခန္ဓာအလယ်ဆင့်သို့ ရောက်ရှိခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က တောင်ပေါ်မှဆင်းမလာခင်က ကြိုတင်ခန့်မှန်းထားသည်ထက်ပင် လျှင်မြန်စွာမြင့်တက်လာခဲ့သည်။
အစကတည်းကပင် ရန်ကျောက်ကဲက အခြားသူများနှင့်ယှဉ်လျှင် ကျင့်ကြံခြင်းတွင် ပိုမိုမြန်ဆန်သူ ဖြစ်၏။
ယခု သူ့အနေဖြင့် ဝိညာဉ်ခန္ဓာ နှောင်းပိုင်းအဆင့်သို့တက်ရောက်ရန် မဝေးတော့ပေ။ သူ၏ ဝိညာဉ်မျိုးစေ့မှ ဝိညာဉ်အပင်တစ်ပင် ထွက်ပေါ်လာသည်ကို ယောင်ဝါးဝါး ခံစားရသည်။
မြောက်ဖျားသို့မလာခင်က ဤမျှကျင့်ကြံခြင်းအဆင့် လျှင်မြန်လာမည်ဟု ထင်မထားခဲ့ပေ။ ရေခဲနဂါးသူတော်စင် နေထိုင်ရာနေရာဟောင်းတွင် နဂါးအစစ်ရုပ်အလောင်း ရှိနေမည်ဟု မည်သူမှမခန့်မှန်းခဲ့ဘူး မဟုတ်လား။
လမ်းခရီးတစ်လျှောက် ရန်ကျောက်ကဲက ကျင့်ကြံလာရင်း ပင်လယ်ပြင်အန္တရယ်များနှင့် ကောင်းကင်မိုးကြိုးခန်းမ အန္တရယ်များကို ဂရုတစိုက် ရှောင်ရှားခဲ့သည်။
မြောက်ပင်လယ် နယ်ခြားဒေသကို ကောင်းကင်မိုးကြိုးခန်းမက ထိန်းချုပ်ထားပြီး ရန်ကျောက်ကဲအနေဖြင့် လက်ရှိတွင် သူတို့နှင့်တိုက်ခိုက်ပြီး အချိန်ဖြုန်းရန် စိတ်မဝင်စားပေ။
ထိုသို့ဖြင့်...
ရေနယ်မြေ၏ မြို့တော်ကိုးခုတွင် တစ်ခုမပါအဝင်ဖြစ်သော မြောက်ပင်လယ် တောင်ဘက်ပိုင်းပိုင်းရှိ ‘ကျောက်သားမြို့တော်’ သို့ ရောက်ရှိလာသည်။
ဤဒေသသို့ရောက်သည်နှင့် ရန်ကျောက်ကဲအနေဖြင့် ကောင်းကင်မိုးကြိုးခန်းမ ထိန်းချုပ်နယ်မြေမှ လွတ်မြောက်သွားပြီဟု ဆိုနိုင်သည်။
“ကျောက်သားမြို့တော်” သည် ရေနယ်မြေကိုအုပ်ချုပ်သော ထိပ်သီးသိုင်းဂိုဏ်းကြီးဖြစ်သည့် ကျောက်စိမ်းပင်လယ်မြို့တော်၏ လက်အောက်တွင် တည်ရှိသည်။
ဤနေရာတွင် ကျောက်စိမ်းပင်လယ်မြို့တော်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက် ရုံစိုက်နေထိုင်ပြီး ရေနယ်မြေနှင့် မြောက်ပင်လယ်ကုန်းတွင်းဒေသတွင်ကျက်စားသော ပထမအဆင့်နှင် ဒုတိယအဆင့်စွမ်းအားစုအချို့ တည်ရှိသည်။
ဤနေရာက ကျောက်စိမ်းပင်လယ်မြို့တော်၏ပိုင်နက်ဖြစ်သည့်တိုင် ကောင်းကင်မိုးကြိုးခန်းမနှင့် နယ်ခြားဒေသဖြစ်သောကြောင့် ကာလရှည်ကြာ ပဋိပက္ခများဖြစ်ပွားနေသည်ကတော့ အမှန်ပင်။
အစောပိုင်းတွင် ရန်ကျောက်ကဲက အရှေ့ပင်လယ်သို့ ဦးတည်ခရီးထွက်လာကြောင်း ကျောက်စိမ်းပင်လယ်မြို့တော်က သတင်းရရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ မည်သည့်နေရာတွင်ရှိနေကြောင်း သတင်းမရတော့ပေ။
သို့သော် မြောက်ဖျားတွင် ရန်ကျောက်ကဲ ကြီးမားစွာမွှေနှောက်ခဲ့သောသတင်းကတော့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
ထို့ကြောင့် ‘ကျောက်သားမြို့တော်’ သို့ ဝင်ရောက်သည့်အခါ ရန်ကျောက်ကဲက သူ့ကိုယ်သူ ဟန်ဆောင်လျှို့ဝှက်ထားခြင်း မရှိပေ။
ရန်ကျောက်ကဲက အသက်ငယ်သော်လည်း အဆင့်တူကျင့်ကြံသူများထက် သာလွန်သူဖြစ်သလို နာမည်ကြီး ကျော်ကြားသူလည်း ဖြစ်သည်။ ဝါဒတောင်တွင် ရန်ကျောက်ကဲ၏ အဆင့်အတန်းနှင့် သြဇာအာဏာကလည်း ပထမအဆင့် ထိပ်တန်းအကြီးအကဲထက်ပင် ကျော်လွန်သည်။
ထို့ကြောင့် ဝါဒတောင်၏ မဟာမိတ်ဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော်၏ပိုင်နက်သို့ ဝင်ရောက်သည့်အခါ အကြောင်းကြားခြင်းမပြုလျှင် ရိုင်းစိုင်းရာရောက်ပေမည်။
တတ်နိုင်လျှင်တော့ ရန်ကျောက်ကဲက “ကျောက်သားမြို့တော်” ကို ဝင်ရောက်ရန် မရည်ရွယ်ပေ။
သို့ပေသိ မြောက်ပင်လယ်တွင် ခရီးနှင်ရင်း ရေခဲခေါင်းတလားထဲမှရှီကျွင်းက ပြန်လည်နိုးထလာတော့မည့်လက္ခဏာများ ပြသလာသည်။
ရှီကျွင်းနိုးထာလာသည့်အခါ မတော်တဆမှုများမဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲက ကျောက်စိမ်းပင်လယ်မြို့တော်ပိုင်နက် ၊ “ကျောက်သားမြို့တော်” တွင် ခရီးတစ်ထောက်နားရန် ဆုံးဖြတ်ရခြင်းပင်။
‘ကျောက်သားမြို့တော်’ က ကြီးမားလှသော ဧရာမကျွန်းကြီးတစ်ကျွန်းပေါ်တွင် တည်ရှိသည်။ ကျွန်းပေါ်သို့ရောက်သည့်အခါ ဥဒဟို သွားလာနေကြသည့် သိုင်းသမားများစွာကို တွေ့ရသည်။
ရန်ကျောက်ကဲက အဖြူရောင်အောက်ခံအဝတ်အစားထက်တွင် အနက်ရောင်အနားသတ်များပါသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ မည်သူမည်ဝါဖြစ်ကြောင်း တမင်တကာလည်း ပပလွှားလွှား ဖော်ပြခြင်းမရှိသလို ဟန်ဆောင်ဖုံးကွယ်ထားခြင်းလည်းမရှိဘဲ ရန်ကျောက်ကဲက လမ်းမထက်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
သို့ရာတွင် လမ်းသွားလမ်းလာများက ရန်ကျောက်ကဲနောက်မှလိုက်လာသည့် အားဟူကို အလွန်အာရုံစိုက် ကြည့်ရှုသွားကြသည်။
ရန်ကျောက်ကဲက ဤသည်ကို နည်းနည်းလေးပင် စိတ်မဝင်စားပေ။
သူတကယ်ပင် စိတ်ထဲမထားပေ။
အားဟူက လူအများအာရုံစိုက်လာစေရန် အသုံးပြုနေသောနည်းလမ်းကို ရန်ကျောက်ကဲက လုံးဝ စိတ်မဝင်စားပေ။
ခရီးလမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲနှင့်အားဟူတို့က နဂါးသွေးရည်ကိုစုပ်ယူကာ ဝိညာဉ်စွမ်းအားအနှစ်သာရကို သန့်စင်ကျင့်ကြံခဲ့ကြသည်။
ရန်ကျောက်ကဲက ပုံမှန်အတိုင်း ဘာမှမထူးခြားသော်လည်း အားဟူ၏ခန္ဓာကိုယ်တစ်ခုလုံးကတော့ ကြည်လင်သည့်အပြာရောင်အလင်းများ တောက်ပနေဆဲပင်။
သူ့မျက်နှာ ၊ လည်ပင်း ၊ လက်များနှင့် အဝတ်အစားဖုံးကွယ်မထားသည့်နေရာအားလုံးက ထိုသို့ အပြာရောင်တောက်ပနေသည်။
ထို့ကြောင့် အားဟူက လူတိုင်း၏အမြင်အာရုံကို ဖမ်းစားနေနိုင်ခြင်း ဖြစ်သည်။
“မင်းတို့ ဘာကြည့်နေတာလဲ”
ဘေးနားတွင် သူ့ကိုရပ်ကြည့်နေသည့် လူတစ်စုကို အားဟူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။ သူ့ပုံစံက တကယ့်ကို ရိုင်းစိုင်းရန်လိုသည့်အသွင်အပြင် ရှိနေသည်ပင်။
သို့သော် နောက်ဆုံးတော့ အားဟူက ရန်ကျောက်ကဲကို သနားစရာမျက်နှာငယ်လေးဖြင့် ကြည့်လာပြီး...
“သခင်လေး...”
ဟု ခေါ်လိုက်သည်။
ရန်ကျောက်ကဲက အားဟူပုံစံကိုကြည့်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်ရင်း...
“ကြီးမားတဲ့အလုပ်ဆိုတာ လွယ်လွယ်နဲ့မဖြစ်နိုင်ဘူးဆိုတာ မင်းကို ပြောပြီးပြီပဲလေ ၊ မင်းကမှ နားမထောင်ထာ ၊ အခုမှ သနားစရာပုံစံ လာလုပ်ပြမနေနဲ့”
အားဟူမှာ စိတ်ညစ်ညစ်ဖြင့် ခေါင်းငိုက်စိုက်သာ ချထားတော့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံဖုံးအုပ်ရန် ဝတ်ရုံရှည်ကြီးတစ်ခု ၊ သူ့မျက်နှာကိုပါဖုံးအုပ်ထားနိုင်မည့် ခေါင်းစွပ်တစ်ခု ရရှိနိုင်မည့်နည်းလမ်းကို စဉ်းစားလျှက်ရှိသည်။ သို့မှသာ ပတ်ဝန်းကျင်မှလူများ သူ့ကို အာရုံစိုက်တော့မည် မဟုတ်ပေ။
“ကျောက်သားမြို့တော်” သို့ ရောက်ရှိသည်နှင့် ရန်ကျောက်ကဲက ဤနေရာတွင် ရုံးစိုက်သည့် ပထမအဆင့် ထိပ်တန်းအကြီးအကဲကို ဝင်ရောက်တွေ့ဆုံနှုတ်ဆက်သည်။ အကြီးအကဲကလည်း ကြိုတင်သတင်းရရှိထားပြီးဖြစ်ရာ ရန်ကျောက်ကဲနှင့်အားဟူနေထိုင်ရန် နေရာထိုင်ခင်းများ စီစဉ်ပေး၏။
ထို့နောက် ရန်ကျောက်ကဲက နယ်ခံသိုင်းသမားများအကူအညီဖြင့် လိုအပ်သောပစ္စည်းအချို့ကို ရှာဖွေစုဆောင်းခဲ့သည်။
နောက်ရက်များတွင်တော့ သူက ရှီကျွင်း၏ရုပ်ခန္ဓာထည့်ထားသော ရေခဲခေါင်းတလားကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ကျောက်စိမ်းပင်လယ်မြို့တော်လက်အောက်ခံ ‘ကျောက်သားမြို့တော်’ သို့ ရောက်ရှိပြီးနောက်ပိုင်း ပြင်ပလောကနှင့် အဆက်အသွယ် ပိုမိုချောမွေ့လာသည်။
‘ကျောက်သားမြို့တော်’ က ဝါဒတောင်နှင့် မဟာမိတ်ဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော် ပိုင်နက်ဖြစ်လေရာ ကောင်းကင်မိုးကြိုးခန်းမနယ်မြေနှင့် မတူညီပေ။ ဤနေရာတွင် ဝါဒတောင်မှလူတစ်ယော်ကအတွက် ရိုးရှင်းသောဆက်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်ရန် မခက်ခဲပေ။
ပြင်ပလောကမှ သတင်းများက ရန်ကျောက်ကဲထံ အဆက်မပြတ် ဝင်ရောက်လာသည်။
ဝါဒတောင်တိုင်ပွဲတွင် ရန်ကျောက်ကဲ၏ စွမ်းဆောင်နိုင်ခြင်းများအတွက် သူ့ကိုချီးမြှင့်စရာ ဆုလာဘ်ပင် မကျန်ရှိတော့ပေ။ သူ၏ အသက်အရွယ် ၊ ကျင့်ကြံခြင်းအဆင့်ဖြင့် ကြီးမားသောအောင်မြင်မှုများ ရရှိခဲ့ပြီဖြစ်ရာ သူ့ကိုပေးအပ်နိုင်သည့် အကျိုးခံစားခွင့် အနည်းငယ်သာလျှင် ရှိတော့သည်။
ထို့ကြောင့် သိုင်းကျမ်းစာကြည့်တိုက်အလွှာများအားလုံးသို့ လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်ခြင်းအပြင် ဝါဒတောင်မှ စုစည်းရရှိသော သတင်းအချက်အလက်များနှင့် အစီရင်ခံစာများအားလုံးကို အစောဆုံးသိရှိခွင့်ရသည့် အခွင့်အရေးကိုလည်း ရရှိခဲ့သည်။
ရန်ကျောက်ကဲကလည်း ဝါဒတောင်သို့ လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာသည့် သတင်းအချက်အလက်များကို တိကျသေချာစွာ အသုံးချနိုင်ခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်သုံးသပ်ကာ ပိုမိုကောင်းမွန်သည့် လှုပ်ရှားမှုများကို ပြုလုပ်နိုင်ခဲ့သည်။
ဤအခွင့်အာဏာက ဖခင်ဖြစ်သူ ဝါဒတောင်ဂိုဏ်းချုပ် ‘ရန်တိ’ ရရှိထားသည့်အခွင့်အာဏာနှင့် အတူတူပင် ဖြစ်၏။
ထို့ကြေင့် ရန်ကျောက်ကဲ၏ အခွင့်အာဏာနှင့် သြဇာလွှမ်းမိုးမှုက ပထမအဆင့် ထိပ်တန်းအကြီးအကဲများထက်သာလွန်သည်ဟု ဆိုကြခြင်းတွင် ဤအချက်က သိသာထင်ရှားသည့်အချက်တစ်ချက် ဖြစ်သည်။
ရန်ကျောက်ကဲက မီးနယ်မြေ ၊ တောင်ပိုင်းမြေအောက်နန်းတော်မှသတင်းများကို မျက်ခြေမပြတ်စုံစမ်းရန် အစောပိုင်းကပင် သူ့လူများကို ညွှန်ကြားခဲ့သည်။
ယခု ‘ကျောက်သားမြို့တော်’ သို့ ရောက်သည့်အခါ တောင်ပိုင်းမြေအောက်နန်းတော်နှင့် ဆက်စပ်သည့် သတင်းအစီရင်ခံစာများ အဆက်မပြတ် ဝင်ရောက်လာသည်။
တောင်ပိုင်းမြေအောက်နန်းတော်က နေသူတော်စင်ဂိုဏ်း၏ အရေးကြီးသောလျှို့ဝှက်နယ်မြေ ဖြစ်သည့်အတွက် ဝါဒတောင်အနေဖြင့် တိကျသေချာသော သတင်းအချက်အလက်များ ရရှိရန် မလွယ်ကူပေ။
သို့သော် အပေါ်ယံသတင်းအနည်းငယ်ကပင် ရန်ကျောက်ကဲအတွက် လုံလောက်နေပြီ ဖြစ်၏။
မြောက်ဖျားဒေသရှိ ပကတိရေခဲသွေးကြောကို သွားရောက်နှောက်ယှက်ထားသည်မှာ ယခုဆိုလျှင် ရက်အတန်ကြာခဲ့ပြီ ဖြစ်ရာ တောင်ပိုင်းမြေအောက်နန်းတော်အနေဖြင့် မူမမှန်ခြင်းများ စတင်ဖြစ်ပွားလာပေပြီ။
တောင်ပိုင်းမြေအောက်နန်းတော်မှ မီးတောက်များ ရက်စက်ကြမ်းတမ်းစွာ ပိုမိုကြီးထားလာသည်ဟု ရန်ကျောက်ကဲ သတင်းရရှိသည်။
မီးတောက်များ ရုတ်တရက် အားကောင်းလာခြင်းကြောင့် ထိုနေရာတွင်ရှိနေသည့် နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ သူတို့၏ကျင့်ကြံခြင်းကို ထိန်းချုပ်မရတော့ဘဲ တောင်ပိုင်းမြေအောက်နန်းတော်ထဲတွင် အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ကြရသည်။
ကံကောင်းသည်မှာ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများက ပုံမှန်မဟုတ်သည့် အခြေအနေကို အချိန်မီသတိပြုမိပြီး သူတို့ကို ကယ်တင်နိုင်ခဲ့သဖြင့် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတစ်ခု ဖြစ်ပေါ်မလာရန် ကာကွယ်နိုင်ခဲ့သည်။
သို့သော် နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံခြင်းအဆင့်မြင့်မားသော အကြီးအကဲများသည်ပင် တောင်ပိုင်းမြေအောက်နန်းတော်မှ မီးတောက်များ၏ပြင်းထန်မှုကို မခံရပ်နိုင်တော့ကြောင်း အံ့သြဖွယ်ရာ တွေ့ရှိလာရသည်။
နေသူတော်စင်ဂိုဏ်းကို လုံးဝခေါင်းမထောင်နိုင်စေသည့်အချက်မှာ အချိန်ကြာလာသည့်တိုင် တောင်ပိုင်းမြေအောက်နန်းတော်က ပုံမှန်အတိုင်းပြန်ဖြစ်မလာဘဲ မီးတောက်များပိုမိုပြင်းထန်စွာ ပေါက်ကွဲထွက်လာနေခြင်းပင် ဖြစ်တော့၏။