မြောက်ဖျားဒေသကို ရန်ကျောက်ကဲတုတ်ဖြင့်ထိုးလိုက်ခြင်း
Vol. 25 Ch. 354
အခန်း (၃၅၄) မြောက်ဖျားဒေသကို ရန်ကျောက်ကဲတုတ်ဖြင့်ထိုးလိုက်ခြင်း
မြောက်ဖျားနှင်းလွင်ပြင်မှ ရန်ကျောက်ကဲ ပြန်လည်ထွက်ခွာလာပြီး မြောက်ပင်လယ်သို့ဝင်ရောက်လာချိန်တွင် မီးနယ်မြေ ၊ တောင်ပိုင်းမြေအောက်နန်းတော်မှ အခြေအနေများသည်လည်း စတင်ပြီး မငြိမ်မသက် ဖြစ်လာခဲ့သည်။
မီးနယ်မြေတောင်ပိုင်းတွင် ရှည်လျားသော တောင်တန်းကြီးများတည်ရှိပြီး ရာသီဥတု အလွန်ပူပြင်းသည်။
မြေပြင်အောက်တွင် မီးတောက်များနှင့် ချော်ရည်များပြည့်နေသည့် ကမ္ဘာတစ်ခုတည်ရှိသဖြင့် တောင်တန်းများထက် ချိုင့်ဝှမ်းလွင်ပြင် ပိုမိုပူလောင်သော ခံစားချက်ကို ပေးစွမ်းသည်။
တောင်ပိုင်းမြေအောက်နန်းတော်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အန္တရယ်နယ်မြေများဖြစ်သော မြောက်ဖျားနေဒသနှင့် အနောက်ဘက်ကန္တာရကြီးတို့ကဲ့သို့ အန္တရယ်နယ်မြေတစ်ခု ဖြစ်သည်။ ထိုနေရာတွင် မြေအောက်မီးပင်လယ်တည်ရှိသဖြင့် အလွန်အန္တရယ်များသလို ရက်စက်ကြမ်းတမ်းသည်။
ထိုနေရာက နေသူတော်စင်ဂိုဏ်း၏ အထွတ်ထိပ်နယ်မြေတစ်ခုဖြစ်သလို တားမြစ်နယ်မြေတစ်ခုလည်း ဖြစ်သည်။
သိုင်းဆရာသခင်အဆင့်သို့ရောက်ရှိပြီးနောက် ဂိုဏ်း၏ခွင့်ပြုချက်ရရှိမှသာ ထိုနေရာသို့ ဝင်ရောက်ကျင့်ကြံနိုင်မည် ဖြစ်သည်။
တောင်ပိုင်းမြေအောက်နန်းတော်က နယ်မြေကြမ်းတမ်းသော်လည်း ရှားပါးအဖိုးတန်သော ရင်းမြစ်ပစ္စည်းများနှင့် ရတနာပစ္စည်းများစွာ ထွက်ရှိသည်။ ထိုနေရာမှထွက်သော ရတနာပစ္စည်းများက အလွန်ထူးခြားပြီး အခြားသောနေရာများတွင် ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။
ထို့အနေ နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများအတွက် ကျင့်ကြံခြင်းအတွင် အလွန်အထောက်အကူပြုသော နေရာကောင်းတစ်ခုလည်း ဖြစ်၏။
သို့သော် မကြာသေးမီအချိန်အတွင်း တောင်ပိုင်းမြေအောက်နန်းတော်က အခြေအနေများ ပိုမိုပြင်းထန်လာခဲ့သည်။
အစပိုင်းတွင် နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့်သိုင်းသမားများ မြေအောက်နန်းတော်ထဲတွင် သေလုမျောပါး ဖြစ်ခဲ့ကြရသည်။ သို့တိုင် နေသူတော်စင်ဂိုဏ်းက သိပ်ပြီးအာရုံမစိုက်မိခဲ့ကြပေ။
မတူညီသောပင်လယ်ဒီရေစီးကြောင်းများကဲ့သို့ပင် တောင်ပိုင်းမြေအောက်နန်းတော်၏ မီးတောက်စီးကြောင်းများသည်လည်း မတူညီကြပေ။ ခဏမျှ အရှိန်အဟုန် မြင့်တက်လာပြီး ပြန်လည်ကျဆင်းသွားတတ်စမြဲပင်။
သို့ပေသိ မည်သည့်ကြိုတင်နိမိတ်ပြမှုမှမရှိဘဲ မီးတောက်များ ရုတ်ချည်းပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာတော့မှ နေသူတော်စင်ဂိုဏ်းက စတင်သတိပြုမိခဲ့သည်။ သူတို့အားလုံး ထိုအဖြစ်အပျက်အတွက် မည်သည့်ပြင်ဆင်မှုမှ ပြုလုပ်မထားနိုင်ခဲ့ကြပေ။
ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားနိုင်လျှင် ကောင်းမွန်မည်ဖြစ်သော်လည်း နေသူတော်စင်ဂိုဏ်းအနေဖြင့် အေးအေးသက်သာ မရှိနိုင်ခဲ့ပေ။
တောင်ပိုင်းမြေအောက်နန်းတော်တွင်းရှိ မီးတောက်ပင်လယ်၏စွမ်းအားက ပိုမိုပြင်းထန်လာပြီး ဝင်ရောက်လာသောအရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးလိုသည့် အဖျက်စွမ်းအားကလည်း ကြီးမားလာသည်။
အချိန်ကြာလာသည့်အခါ ဝိညာဉ်ခန္ဓာအဆင့်နှင့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များသည်ပင် ခံနိုင်ရည်မရှိကြတော့ဘဲ အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်များက ခက်ခက်ခဲခဲ ကြိုးစားတောင့်ခံကြရသည်။
ထူးခြားသည့်ရင်းမြစ်ပစ္စည်းများတူးဖော်ရာတွင် အဆင်ပြေစေရန် တပ်ဆင်ထားသည့် စက်ပစ္စည်းများနှင့် အစီအရင်များအပြင် အခြားသောအဖိုးတန်အရာများဖြင့် ဒေသတစ်ချို့ အန္တရယ်ကင်းအောင် တည်ဆောက်နိုင်ခဲ့သော်လည်း အဆုံးသတ်တွင်တော့ အရာအားလုံး ပျက်ဆီးသွားခဲ့ပြီး ဘာမှမကျန်ရစ်ခဲ့ပေ။
တောင်ပိုင်းမြေအောက်နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေပြီး လောကီရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်အဘိုးအိုတစ်ယောက်သည်ပင် အခြေအနေများကို သတိထားမိလာသည်။
ထိုအဘိုးအိုက သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်ရန် ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး မြေအောက်နန်းတော်အတွင်း မီးတောက်များ အလွန်ပြင်းထန်လာကြောင်း တဖြည်းဖြည်း ခံစားမိလာသည်။ နောက်ဆုံး ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲလာသည့်အခါ ရွေးချယ်စရာမရှိတော့ဘဲ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရတော့၏။
နေသူတော်စင်ဂိုဏ်းအတွက် တောင်ပိုင်းမြေအောက်နန်းတော်က အလွန်တရာ အရေးကြီးသည်ဖြစ်ရော ထိုပြဿနာက နေသူတော်စင်ဂိုဏ်း၏ လောကပထမသိုင်းသူတော်စင် “အရှေ့အရပ်မှထွက်သောနေ” ဟွမ်ကွမ်လီ၏နားထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
ဟွမ်ကွမ်လီကိုယ်တိုင် တောင်ပိုင်းမြေအောက်နန်းတော်အတွင်း ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ပြီး ထိုပြဿနာကို စုံစမ်းစစ်ဆေးခဲ့သည်။
သို့သော် စုံစမ်းမှုရလဒ်များက “အရှေ့အရပ်မှထွက်သောနေသူတော်စင်” ကို အလွန်စိတ်ပျက်စေခဲ့သည်။
ပြင်ပမှရန်သူများထိုးဖောက်ဝင်ရောက်သည့် အရိပ်အယောင်မရှိသလို အတွင်းမှတစ်စုံတစ်ယောက်က နှောက်ယှက်ဖျက်ဆီးထားခြင်းလည်း မတွေ့ရှိရပေ။ နေသူတော်စင်ဂိုဏ်းမှတပည့်များ မတော်တဆ အမှားလုပ်မိသဖြင့် တောင်ပိုင်းမြေအောက်နန်းတော် ပေါက်ကွဲထွက်သွားခြင်းမျိုးလည်း မဟုတ်ပေ။
အခြေအနေက အလိုလိုနေရင်း ပြောင်းလဲသွားခြင်းဖြစ်ပြီး ကောင်းကင်ဘုံက အကြောင်းပြချက်မရှိဘဲ နေသူတော်စင်ဂိုဏ်းကို ရုတ်တရက် အခက်တွေ့စေသည့်အလား သူတို့အားလုံး ခေါင်းမထောင်နိုင်အောင် ဖြစ်ကြရသည်။
ဤဖြစ်ရပ်ကြောင့် နေသူတော်စင်ဂိုဏ်းတစ်ခုလုံး တုန်လှုပ်ချောက်ချားပြီး အမျက်ဒေါသများခံစားကြရသော်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိကြပေ။
သူတို့အဖြစ်က “အိမ်တွင် အေးအေးဆေးဆေးထိုင်နေသည့်တိုင် ဒုက္ခက ခြေထောက်ပေါက် ရောက်လာသည်” ဆိုသကဲ့သို့ပင်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏မြောက်ဖျားဒေသကို ရန်ကျောက်ကဲ တုတ်ဖြင့်ထိုးလိုက်ခြင်းက ဝေးကွာသည့်နေရာတစ်ခုမှ နေသူတော်စင်ဂိုဏ်းတစ်ခုလုံးကို မူးနောက်သွားစေသည်။
အချိန်ကြာလာသည်နှင့်အမျှ တောင်ပိုင်းမြေအောက်နန်းတော်၏ ပေါက်ကွဲမှုက ပိုမိုပြင်းထန်လာပြီး မြေအောက်မှ အဆုံးမရှိသောမီးတောက်များနှင့် ချော်ရည်ပူများ ကမ္ဘာမြေပြင်ထက်သို့ ပစ်လွှတ်တော့မည့်အလား ထင်မှတ်ရသည်။
ယခု နေသူတော်စင်ဂိုဏ်းတစ်ခုလုံးတွင် တောင်ပိုင်းမြေအောက်နန်းတော်သို့ သွားရောက်နိုင်သူဆို၍ ဟွမ်ကွမ်လီတစ်ယောက်သာ ရှိတော့သည်။
သူ၏ ပြင်းထန်သောစွမ်းအားများဖြင့် ပြဿနာကို နောက်ထပ်ခြေတစ်လှမ်းတိုးမလာအောင် တားဆီးနိုင်ခဲ့ပြီး တောင်ပိုင်းမြေအောက်နန်းတော် ပေါက်ကွဲမထွက်စေရန် ထိန်းထားနိုင်ခဲ့သည်။ သို့သော် မီးတောက်များပေါက်ကွဲထွက်နေခြင်းကို ငြိမ်သက်သွားစေရန်ကတော့ အချိန်ကာလကြာရှာစွာ သည်းခံစောင့်ဆိုင်းရပေမည်။
ရန်ကျောက်ကဲ ‘ကျောက်သားမြို့တော်’ သို့ ရောက်ရှိနေချိန် နေသူတော်စင်ဂိုဏ်းသားများသည် တောင်ပိုင်းမြေအောက်နန်းတော် အစွန်အဖျားတစ်နေရာတွင် စုဝေးနေခဲ့ကြသည်။
နေသူတော်စင်ဂိုဏ်းချုပ် ဟွမ်ရှုမှအစ ဟွမ်ကွမ်လီ၏မြေး ဟွမ်ကျိတို့အားလုံး ရောက်ရှိနေကြ၏။
မြေအောက်နန်းတော်အဝင်ဝကို စိုက်ကြည့်ရင်း လူတိုင်း၏မျက်နှာအမူအရာများက တည်ကြည်လေးနက်နေသည်။ အထဲတွင် တောက်လောင်နေသည့် မီးတောက်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရပြီး တစ်ခါတစ်ရံ အဝင်ဝမှ မီးတောက်များထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။
အချိန်အတန်ကြာပြီးနောက် အရှေ့မှထွက်လာသော နေမင်းကြီးတစ်စင်းပမာ အဖြူရောင်ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် မီးတောက်ပင်လယ်ပြင်အတွင်းမှ ထွက်ပေါ်လာသည်။ အခြားသူမဟုတ် ၊ ဟွမ်ကွမ်လီပင် ဖြစ်၏။
ဟွမ်ရှု ၊ ဟွမ်ကျိနှင့် အခြားလူများ အားလုံးသည် ဟွမ်ကွမ်လီကို အတူတကွ ဦးညွှတ်အရေအသေပြုလိုက်ကြသည်။
ဟွမ်ကွမ်လီက တည်ငြိမ်သည့်မျက်နှာထားဖြင့်...
“ဒီလိုဖြစ်သွားရတဲ့အကြောင်းရင်းက ပကတိမီးသွေးကြောမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားလို့ပဲ ၊ ပုံမှန်အခြေအနေ ပြန်ရောက်ချင်တယ်ဆိုရင်တော့ အချိန်ယူရလိမ့်မယ် ၊ အနည်းဆုံး ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက်တော့ ငါတို့တွေ သည်းခံပြီးစောင့်ကြရမှာပဲ”
ထိုစကားကိုကြားတော့ နေသူတော်စင်ဂိုဏ်းမှအကြီးအကဲများအားလုံး ခါးသက်မှုကိုခံစားရင်း မျက်နှာများမဲမှောင်သွားကြသည်။
ဟွမ်ကွမ်လီက ပတ်ဝန်းကျင်တစ်ခုလုံးကို စေ့စေ့စပ်စပ် အကဲခတ်ရင်း...
“ဒီကိစ္စဖြစ်ရတဲ့ အကြောင်းရင်းကို ရှာမတွေ့နိုင်သရွေ့ အမြစ်ပြတ်ကုသနိုင်မှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒီအဖြစ်အပျက်က... ဒီအတိုင်းအလိုလိုဖြစ်လာတယ်လို့တော့ ဒီအဘိုးကြီး မယုံကြည်ဘူး ၊ အကြောင်းတစ်ခုခု ရှိရမယ် ၊ ငါတို့ဂိုဏ်းဘက်က အတွင်းပိုင်းမတော်တဆပြဿနာ ဘာမှမရှိဘူး ၊ ဒီတော့ ပြင်ပစွမ်းအားစုတွေရဲ့ ပူးပေါင်းကြံစည်မှု ဖြစ်နိုင်တယ်”
ဟွမ်ကွမ်လီက ဟွမ်ရှုကိုကြည့်ရင်း...
“ဒီအတောအတွင်း ပြင်ပလောကမှ ဘာတွေဖြစ်သေးလဲ”
ဟွမ်ရှုက...
“ထူးခြားတဲ့ကိစ္စတစ်ခုတော့ရှိတယ် ၊ တကယ့်ကို မျှော်လင့်မထားတဲ့ ထူးခြားမှုပါပဲ”
ခဏနားပြီး သူက ဆက်ပြောသည်။
“အစောပိုင်းသတင်းတွေအရ ဝါဒတောင်က ရန်ကျောက်ကဲက မြောက်ဖျားမှာအတော်လေးမွှေနှောက်ပစ်ခဲ့တယ် ၊ ကောင်းကင်မိုးကြိုးခန်းမကလူတွေနဲ့ ပြဿနာတက်ပြီး သူတို့လူအချို့ သေကြေခဲ့ကြတယ် ၊ သူတို့ရဲ့ အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်တဲ့ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကိုတောင် ဆုံးရှုံးခဲ့တယ်တဲ့ ၊ တစ်ဆက်တည်းမှာပဲ အဲဒီ ရန်ကျောက်ကဲက ကျွန်တော်တို့တောင် ရေရေရာရာမသိတဲ့ အတိတ်တစ်ချိန်က ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်တွေထားရှိတဲ့နေရာကိုဝင်ရောက်ပြီး ရတနာပစ္စည်းတွေလည်း ရရှိသွားခဲ့တယ်”
“ဒါတွေက အစောပိုင်းရရှိတဲ့ သတင်းတွေပါ ၊ အသေးစိတ်အတိအကျ မဟုတ်ပါဘူး ၊ နောက်ပိုင်း ကျွန်တော်က ကောင်းကင်မိုးကြိုးခန်းမကလူတွေကို ရှာဖွေပြီး အတိအကျမေးမြန်းကြည့်တော့ မြောက်ဖျားမှာ ရန်ကျောက်ကဲလက်ချက်နဲ့ သူတို့လူတွေအများကြီး သေဆုံးခဲ့ကြရတယ်တဲ့ ၊ ရန်ကျောက်ကဲက မြောက်ဖျားက ပကတိရေခဲသွေးကြောအခွဲနေရာမှာ ထောင်ချောက်ဆင်ပြီး သူတို့ကို သတ်ဖြတ်ပစ်ခဲ့တာလို့ ပြောတယ်”
ဟွမ်ရှုက မျက်ခုံးများတွန့်ချိုးရင်း...
“နှစ်ခုလုံးက ကမ္ဘာမြေပြင်သွေးကြောတွေပဲ ၊ တစ်ခုက တောင်ဘက်မှာရှိပြီး တစ်ခုက မြောက်ဖျားမှာရှိတယ် ၊ တစ်ခုက ပကတိရေခဲသွေးကြော ၊ တစ်ခုက ပကတိမီးသွေးကြော ၊ ဆိုတော့... တစ်နည်းနည်းနဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ဆက်နွယ်မှုရှိနေနိုင်မလားလို့ ခံစားရတယ်”
နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲများအားလုံး လေးလေးနက်နက် တွေးတောနေကြသည်။
“မြောက်ဖျားနဲ့ တောင်ပိုင်းက အရမ်းဝေးတယ်မဟုတ်ဘူးလား ၊ ဆက်စပ်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”
ထိုအချိန် အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်နေတတ်ပြီး ဟွမ်ရှုနောက်တွင် အရိပ်ပမာရှိနေတတ်သော ဟွမ်ကျိက စကားဝင်ပြောသည်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တစ်ခု ရှိခဲ့တယ်”
ခဏနားပြီး သူက ဆက်ပြောသည်။
“သိုင်းစွမ်းထက်မြက်လွန်းတယ်ဆိုတဲ့ ‘အမတနှင်းနန်းတော်’ က ကောင်းကင်ရေခဲစမ်းချောင်းတွေဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ခန်းခြောက်သွားခဲ့တယ် ၊ ဘာလို့အဲဒီလိုဖြစ်ရလဲဆိုတာကို ဘယ်သူမှနားမလည်နိုင်ကြပဲ ပဟေဠိတစ်ခုပမာ ရှိခဲ့တယ်”
“တစ်ခုက အားကောင်းလာတဲ့အချိန် တစ်ခုက ယိုယွင်းသွားတယ် ၊ အဲဒါက အရင်တုန်းက ကောင်းကင်ရေခဲစမ်းချောင်းတွေခမ်းခြောက်သွားတဲ့အဖြစ်အပျက်နဲ့ အခု တောင်ပိုင်းမြေအောက်နန်းတော် စွမ်းအားတွေပြင်းထန်လာတဲ့အဖြစ်အပျက်က တူမနေဘူးလား”
ဟွမ်ကွမ်လီ ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
အတန်ကြာမှ...
“မီးနဲ့ ရေခဲဆိုတာက ဝင်ရိုးစွန်းဆန့်ကျင်ဘက်တွေဆိုပေမယ့် အတူတကွ ယှဉ်တွဲမွေးဖွားလာတာ ၊ ဒီကိစ္စ ဖြစ်နိုင်ခြေရှိတယ်”
မီးများတောက်လောင်နေသည့် တောင်ပိုင်းမြေအောက်နန်းတော်ကို ငုံ့ကြည့်ရင်း အကြီးအကဲတစ်ယောက်က စကားဆိုသည်။
“ယွမ်ကျန်းဖုန်းက ဒီအကြောင်းတွေကိုနားလည်ပြီး ပြုလုပ်နိုင်တယ်ဆိုရင် ထားပါတော့ ၊ ရန်ကျောက်ကဲက သိုင်းဆရာသခင်အဆင့်ဆိုပေမယ့် ကမ္ဘာမြေပြင်သွေးကြောတွေကို ပြောင်းလဲဖို့ဖြစ်နိုင်ပါ့မလား ၊ ပြီးတော့ မီးနဲ့ရေခဲက ဆန့်ကျင်ဘက်ဖြစ်သလို အတူယှဉ်တွဲနိုင်တာဆိုပေမယ့် မြောက်ဖျားက အပြောင်းအလဲက တောင်ပိုင်းကိုလွှမ်းမိုးနိုင်စွမ်း ရှိနိုင်ပါ့မလား”
အခြားသော နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲများအားလုံးကလည်း သူ့စကားကို ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ဟွမ်ကွမ်လီ ၊ ဟွမ်ရှုနှင့် ဟွမ်ကျိ ၊ ‘ဟွမ်’ မိသားစု မျိုးဆက်သုံးဆက်ကတော့ မျက်နှာအမူအရာများ တည်ကြည်လေးနက်နေကြလေရာ သူတို့အားလုံး နားမလည်နိုင်အောင် ဖြစ်နေကြရလေတော့၏။