တိမျိုးနွယ်
Vol. 10 Ch. 130
အခန်း (၁၃၀) : တိမျိုးနွယ်
ဝမ်ကျူက သူမ၏ စိတ်ခံစားချက်ကို ဖြေရှင်းနေစဉ် ဝမ်ဝေ့က လက်ဖက်ရည်ကြမ်းသောက်ရင်း တော်ဝင်ဥယျာဉ်ထဲတွင် အနားယူနေသည်။
ဝမ်ဝေ့က လုပ်ကြံသတ်ဖြတ်သူ ပြောသွားသည့် စကားများကို ပြန်ပြီးစဉ်းစားနေသည်။ သူက အနောက်ပိုင်းကုန်းမြေမှာ ရှိနေသည့်သူလောက် စွမ်းအားမကြီးကြောင်း ပြောသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူ၏ ဝိညာဉ်လှုပ်ခတ်မှုမှ ဖြစ်ပေါ်လာသော ကြောက်လန့်မှုကို သူ ခံစားကြည့်ပြီး ထိုလူက နက်နဲသော လွှမ်းမိုးမှုရှိကာ အင်မတန် စွမ်းအားကြီးသော ကောင်းကင်ရွေးချယ်ခံနှင့် တွေ့ခဲ့ပုံရသည်ဟု ခန့်မှန်းလိုက်မိသည်။
သူ ဖတ်ထားသော အချက်အလက်အရ လုပ်ကြံသတ်ဖြတ်သူက တိမျိုးနွယ်၏ တိထျန်းကို ဆိုလိုကြောင်း ဝမ်ဝေ့ ခန့်မှန်းမိသည်။
တိထျန်းက ပြန်လည်ဝင်စားခြင်းစွမ်းရည်ဖြင့် မွေးဖွားလာသော ပါရမီရှင် ဖြစ်သည်။ ထို့ကြောင့် သူ မွေးဖွားလာပြီးသည့်အခါ သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေသည့် များပြားသော အထွတ်အထိပ် နယ်ပယ်အဆင့် အင်အားစုများက ပြန်လည်ဝင်စားခြင်း စွမ်းအားမှ ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
မဟာဧကရာဇ်များသာ ထာဝရရှင်သန်နိုင်သူ ဖြစ်နိုင်ကြောင်းကို သိကြသော်လည်း ထင်ရာစိုင်းတတ်သော ကျင့်ကြံသူများက ထိုအချက်ကို လက်မခံချင်ဖြစ်နေကြသည်။ ထို့ကြောင့် လူအများက သူတို့၏ အခွင့်အရေးသည် ပြန်လည်ဝင်စားခြင်းတာအိုအပေါ် မူတည်နေသည်ဟု ယုံကြည်ထားကြသည်။
ထို့ကြောင့် အစစ်အမှန်အုပ်ချုပ်သူများက ပြန်လည်ဝင်စားခြင်း စက်ဝန်းဖြစ်သည့် စွမ်းအားကြီး သံသရာမြင်ကွင်းကို တိထျန်း မွေးဖွားလာပြီးနောက် မြင်လိုက်ရသည့်အခါ တိထျန်းကို တိုက်ခိုက်ကြတော့သည်။
ထိုကျင့်ကြံသူများအတွက် ကံမကောင်းစွာဖြင့် တိထျန်းက မဟာဧကရာဇ် ၅ယောက် မွေးထုတ်ပေးခဲ့သည့် အနောက်ပိုင်းကုန်းမြေမှ စွမ်းအားကြီး ဧကရာဇ်မျိုးရိုး ဖြစ်နေခဲ့သည်။ သေချာပြောရမည်ဆိုလျှင် တိမိသားစုက ဧကရာဇ်တစ်ပါး ပိုပြီး မွေးထုတ်ပေးထားသည့်အတွက် ဝမ်ဝေ့၏ ဝမ်မိသားစုထက်ပိုပြီး စွမ်းအားကြီးသည်။
ထို့ကြောင့် တိထျန်း၏ မွေးဖွားမှုအပြီး မရေတွက်နိုင်သော သတ်ဖြတ်မှုများစွာလည်း လိုက်ပါလာသည်။ တိမိသားစု ဘယ်လောက်ထိ စွမ်းအားကြီးပြီး နောက်ခံဘယ်လောက်ကောင်းလဲဆိုတာကို ထိုကျင့်ကြံသူများ သေချာသိထားသည်။
ကံမကောင်းစွာဖြင့် အနောက်ပိုင်း ကျားဖြူကုန်းမြေက မရေတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများ၏ ဝင်ရောက်သိမ်းပိုက်နေထိုင်ခြင်းကို ခံလိုက်ရသည်။ ထို နတ်ဆိုးကျင့်ကြံသူများက တခြားသူများအပေါ် ရက်စက်သလို သူတို့ကိုယ်သူတို့လည်း ညှာတာမှု ကင်းမဲ့သည်။
ထို့ကြောင့် သူတို့ဘက်ကလူ ဘယ်လောက်များများ သေနေပါစေ တိမိသားစု၏ ဧကရာဇ်အစီအရင်ဆီသို့ တွေဝေခြင်းမရှိ ပြေးဝင်နေဆဲဖြစ်သည်။
တိုက်ပွဲ သုံးရက်ကြာပြီးနောက် တိမိသားစုက တိထျန်းဆီမှ ဖြစ်ပေါ်လာသော ပြန်လည်ဝင်စားခြင်း စွမ်းအားကို ဖုံးကွယ်ရန် နည်းလမ်း ရှာတွေ့ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ထိုနေ့ကတည်းက အနောက်ပိုင်းကုန်းမြေသည် အေးချမ်းခြင်း မရှိခဲ့တော့ပေ။
အနောက်ပိုင်းကုန်းမြေရှိ နတ်ဆိုးကျင့်ကြံသူများအတွက် ကံမကောင်းစွာဖြင့် သူတို့က အရေအတွက်အားဖြင့် များပြားသော်လည်း တိမိသားစုက ထိုကုန်းမြေ၏ အရှင်သခင် ဖြစ်နေဆဲ ဖြစ်သည်။
ထိုအဖြစ်အပျက်က ဝမ်ဝေ့ မမွေးဖွားခင် သုံးနှစ်က ဖြစ်ပွားခဲ့ပြီး အသင်္ချေအင်ပါယာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
အမှန်တွင် ဝမ်ဝေ့က လုပ်ကြံသတ်ဖြတ်သူ၏ စကားလုံးများကို သိပ်ပြီး ဂရုမစိုက်ပေ။ ထိုစကားလုံးများကို စဉ်းစားနေရသည့်အကြောင်းက သူ အိမ်ပြန်သွားသည့်အခါ တိထျန်းကို စောင့်ကြည့်ဖို့ လူထပ်လွှတ်ရမလားဆိုတာ ဆုံးဖြတ်ဖို့ ဖြစ်သည်။
ထိုသူက အနိုင်ယူလို့ မရနိုင်သူဖြစ်ကြောင်း ဝမ်ဝေ့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။
သို့သော် နောက်ဆုံးတွင် အနိုင်ရသူက သူသာ ဖြစ်ရမည်ဟု အမြဲတမ်း ယုံကြည်နေခဲ့သည်။ ယခု တိထျန်းက သူ့ထက် တကယ် စွမ်းအားကြီး၊ မကြီးဆိုတာ အရေးမကြီးပေ။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အချိန်ကျရောက်လာသည့်အခါ ထိုသူ ဘယ်တော့မှ သူ့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဟု ဝမ်ဝေ့ ယုံကြည်နေဆဲဖြစ်သည်။
ဧကရာဇ်လမ်းစဉ်က အနိမ့်အမြင့်၊ အတက်အကျများဖြင့် ပြည့်နှက်နေသည့်အတွက် အရာအားလုံးကို ပုံသေသတ်မှတ်ထားလို့ မရကြောင်း ဝမ်ဝေ့ အမြဲတမ်း နားလည်ထားသည်။ ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်က ဘယ်လောက်ပဲ ယုံကြည်မှုရှိနေပါစေ ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဟု တထစ်ချ ပြောလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ဝေ့ကဲ့သို့ ဘယ်လိုအခြေအနေမျိုးအတွက်မဆို ကြိုတင်ပြင်ဆင်ထားသည့်သူက ကောင်းကင်အလိုဆန္ဒကို အောင်မြင်ရန် ကျရှုံးပြီး တာအိုကို သက်သေမပြနိုင်တာမျိုး မဖြစ်စေရန် ကြိုတင် ပြင်ဆင်ထားသည်။
ထိုအစီအစဉ်ကလည်း အတော်လေး ရိုးရှင်းသည်။ ကံကြမ္မာဝဋ်ကို ဆေးကြောရန်အတွက် ကိုယ့်ကိုယ်ကို စည်းပိတ်ထားခြင်း ဖြစ်သည်။
ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို အဆင့်အမြင့်ဆုံးအထိ ကျင့်ကြံပြီးသွားပါက သူ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ကျရှုံးသွားလျှင်ပင် ရှင်သန်နိုင်ဦးမည်ဟု ဝမ်ဝေ့ ယုံကြည်သည်။
ထို့နောက် သူ လုပ်ဖို့လိုအပ်သည်က ကံကြမ္မာဝဋ်ကို ဆေးကြောရန် နှစ်ပေါင်းများစွာ သူ့ကိုယ်သူ စည်းပိတ်ထားကာ နောက်ထပ်မျိုးဆက်တွင် ဝင်ရောက် တိုက်ခိုက်ဖို့ပင် ဖြစ်သည်။ သူ ဒုတိယအကြိမ် ထပ်မံ ကျရှုံးခဲ့ပါက ထိုအစီအစဉ်အတိုင်း ပြန်လည်လုပ်ဆောင်နေမည် ဖြစ်သည်။
များပြားသော ရှုံးနိမ့်မှုများ ကြုံတွေ့ပြီးနောက်တွင် လုပ်ချင်စိတ် ပျက်စီးမသွားဘဲ သူ့အဘိုးကဲ့သို့ တာအိုနှလုံးသားထဲတွင် ခိုင်မြဲသောစိတ် ရှိနေသေးလိမ့်မည်ဟု ဝမ်ဝေ့ ယုံကြည်ထားသည်။
သူသာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အသက်ရှင်ဖို့ မဖြစ်နိုင်ခဲ့ပါက ဝမ်ဝေ့မှာ အစီအစဉ် ရှိနေပြန်သည်။ အကျဉ်းချုံးပြောရလျှင် သူက ဆန်းကြယ်သည့်ဝိညာဉ်အပေါ် မှီခိုသည့် အကြံ ရှိနေသည်။ သို့သော် ယခု ထိုအကြံက ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို မသိနိုင်သေးပေ။
ဝမ်ဝေ့ အတွေးထဲနစ်မြောနေစဉ် ဧကရီ သုံ့လီဖန်းက သူ့ဘေးနားမှာထိုင်ကာ လက်ဖက်ရည်ကြမ်း ဆက်သနေသည်။
သူမက သူ့ကိုခေါ်ဖို့ အကြိမ်အနည်းငယ် ကြိုးစားသော်လည်း သူက တုံ့ပြန်ခြင်း မရှိပေ။ သူ စိတ်လွတ်နေရသည့်အကြောင်းအရင်းက လက်ထဲရှိ စာလိပ်ကြောင့်ဟု သူမ တွေးမိသည့်အတွက် အထဲမှာ ဘာတွေရေးထားတဲ့ဆိုတာကို တစ်ချက်ချောင်းကြည့်လိုက်သည်။
စာလိပ်ထဲတွင် ခေါင်းစဉ်တစ်ခုနှင့်အတူ စာရင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုစာလိပ်ထဲတွင် ရေးသားထားသည်များက အောက်ပါအတိုင်း ဖြစ်သည်။
အထူးခြားဆုံးနှင့် စွမ်းအားအကြီးဆုံး ကျင့်စဉ်
(၁) မူလလမ်းစဉ်ကျမ်း
(၂) အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဗုဒ္ဓကျမ်း
(၃) ထာဝရတည်တံ့ ဇာမဏီစာလိပ်
(၄) ဧကရီဝူ စည်းပိတ်ရေးကျမ်း
(၅) အသင်္ချေအရာများစွာကျမ်း
(၆) ရှေးဟောင်း ခန္ဓာသန့်စင်ကျမ်း
(၇) ကောင်းကင်သက်တော်ရှည် လှည့်ဖျားရေးပညာရပ်
သုံ့လီဖန်း စာရင်းကို ဖတ်လို့မပြီးသေးခင် ဝမ်ဝေ့ အသိပြန်ဝင်လာကာ သူမကို စိုက်ကြည့်လိုက်သည်။ သူမက ဖတ်နေစဉ်အတွင်း သူ့အပေါ်မှီထားမိသည့်အတွက် သူမ ချက်ချင်း မျက်နှာပူမိသွားသော်လည်း ကံကောင်းစွာဖြင့် ဝမ်ဝေ့က ဘာမှမပြောခဲ့ပေ။
သူမက ကို့ရို့ကားရားနိုင်သော အခြေအနေကို ဖြေရှင်းရန် မေးလိုက်သည်
“ အရှင်… အရှင်ဖတ်နေတဲ့ စာရင်းက ဘာလဲဟင်။ အဲဒါက အရှင်တို့ကမ္ဘာက ပစ္စည်းလားဟင်”
“ မဟုတ်ဘူး ဒါက ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တချို့အတွက် အခုလေးတင် လုပ်ထားတဲ့ဟာ” ဝမ်ဝေ့က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။
အရှင်က ထိုအကြောင်း မပြောချင်သည်ကို သုံ့လီဖန်း ရိပ်မိသည့်အတွက် သူမလည်း ထပ်ပြီး မပြောတော့ပေ။ သို့သော် ကိစ္စများက ထပ်ပြီး ကို့ရို့ကားရားနိုင်လာသည့်အတွက် သူမ မျက်နှာပူပြီး ခေါင်းငုံ့သွားရပြန်သည်။
သူမအတွက် ကံကောင်းစွာဖြင့် ဝမ်ဝေ့က ၁၂ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရန်အတွက် နားလည်သည်များကို စတင် ရှင်းပြနေသည်။ ဤနယ်ပယ်အဆင့်ကို ၉ ကြိမ်ကျော် ကျင့်ကြံခဲ့သူ ဖြစ်သည့်အတွက် အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။
ဒီလိုနှင့် တစ်ပတ်ကုန်ဆုံးသွားသည်။
မဟာရှားတိုင်းပြည်၏ ညီလာခံခန်းမထဲတွင် အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်နေသည်။
“ ဘာလို့ အားလုံးကို စုလိုက်ရတာလဲ” ဝမ်ဝေ့က ဝမ်ကျူကို မေးမြန်းလိုက်သည်။
“ အရှင် အိမ်ရှေ့စံမင်းသား ကျီစုန့် မနေ့က လုပ်ကြံခံရတယ်ဆိုပြီးတော့ သတင်းရထားပါတယ်”
“ ဟင်” ဝမ်ဝေ့က အံ့ဩသွားသော အကြည့်ဖြင့် တုံ့ပြန်လိုက်သည်။
“ အတိအကျ ဘာတွေဖြစ်သွားတာလဲ”
“ အချက်အလက် အများကြီးတော့ မသိပါဘူး။ အိမ်ရှေ့စံမင်းသား အဆင်ပြေပေမဲ့ ဒဏ်ရာအနည်းငယ်တော့ ရသွားတယ်လို့ ကြားပါတယ်” ဝမ်ကျူက ဆက်ပြောလိုက်သည်။
“ အဲဒါက အရှင်ကို တိုက်ခိုက်ခဲ့တဲ့ လုပ်ကြံသူနဲ့ တူတယ်လို့ ထင်လား” အမတ်တစ်ယောက်က မေးလိုက်သည်။
“ မဖြစ်နိုင်လောက်ဘူး။ မဟာရှားတိုင်းပြည်နဲ့ အလယ်ပိုင်းနယ်မြေကြားက အကွာအဝေးအရဆိုရင် ယာဉ်ပျံမရှိဘဲ တူညီတဲ့ လုပ်ကြံသူက အလျင်အမြန် သွားရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုဆို လုပ်ကြံသူက ဒဏ်ရာတောင် ရထားသေးတယ်ဆိုတော့ သေချာပေါက် မသွားနိုင်တာ သေချာတယ်”
“ ဒါပေမဲ့ လုပ်ကြံသူ သုံးသွားတဲ့ နည်းလမ်းအရ သူ ဒါမှမဟုတ် သူမကလည်း မရဏအမိန့်နန်းတော်ကဆိုတာ သေချာတယ်” ဝမ်ကျူက ဖြေလိုက်သည်။
အားလုံး အထူးသဖြင့် ဝမ်ဝေ့က စတင် တွေးတောတော့သည်။
“ကြည့်ရတာ ဒီစစ်ဆေးမှုထဲ အောင်ပွဲရအချိန်ကာလက အလျင်အမြန် ချဉ်းကပ်လာတဲ့ပုံပဲ” ဝမ်ဝေ့က ယန်းလီလင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ အမတ်ချုပ်အနေနဲ့ အသစ်သိမ်းပိုက်ထားတဲ့ နယ်မြေက လူတွေကို ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့အချိန်ကို မြှင့်တင်ရမယ်ထင်တယ်”
“ လီကျွင်း မင်းကတော့ သံမဏိဘုရင်ရဲ့ အရင်စစ်တပ်ကို စုစည်းပြီး ဖန်းအံ့ဖွယ်တိုင်းပြည်နဲ့ တိုက်ခိုက်တဲ့ပွဲမှာ ပါဝင်ဖို့ ပြောလိုက်”
လီကျွင်းက ခေါင်းညိတ်ပြလိုက်သော်လည်း ထိုစကားကို ယန်းလီလင်း ကြားသည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။
“ ကျွန်မတို့ သူ့ကို ယုံလို့ရလို့လား” သူမက မေးမြန်းလိုက်သည်။
“ သူ့ကို ငါ့လက်အောက်ခေါ်ဖို့ ဆုံးဖြတ်ပြီးမှတော့ သူ ခြေလှမ်းမပျက်သရွေ့ ယုံကြည်နေမှာပါ” ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
ဆွေးနွေးမှုပြီးသွားသည့်အခါ အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ရန် ထွက်သွားကြသည်။ သို့သော် ထွက်မသွားခင် ယန်းလီလင်းက အထဲတွင် မြေကမ္ဘာအဆင့်ဆေးလုံးများစွာ ပါဝင်သည့် သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။
ဝမ်ဝေ့က ထိုအရာကို လက်ခံပြီး ဆန်းကြယ်စွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် မဟာကျိုးတိုင်းပြည်ရှိ မဟာဝူတိုင်းပြည်နှင့် နယ်နိမိတ်ခြားထားသော စစ်တန်းလျားထဲတွင် ကျီစုန့်က ပတ်လည်ရှိ ကုလားထိုင်များ၊ စားပွဲများ၊ မြေပုံများနှင့် လက်နက်များအားလုံးကို ဖျက်ဆီးပစ်နေသည်။
ထိုအရာအားလုံး လုပ်ပြီးသွားသော်လည်း မကျေနပ်သေးသည့်အတွက် နံရံကို လက်သီးဖြင့် ထိုးလိုက်ပြီး ပတ်တီးများပင် နီရဲလာသည်။
“ မင်း အခု ဒေါသပုံချလို့ ပြီးပြီလား” ကျီစုက မေးလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ကျီစုန့် လျှောက်သွားနေခြင်းကို ရပ်တန့်ပြီး အခန်းထဲတွင် ကျန်ရှိနေသည့် ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။
“ လုပ်ကြံသူကို ရှာတွေ့ပြီလား” သူက အံကြိတ်ကာ မေးလိုက်သည်။
“ မတွေ့သေးဘူး”
“ ဘာလို့လဲ”
“ လုပ်ကြံသူကို ရှာတွေ့တဲ့အချိန် သူက အရမ်းကို အဝေးကြီးရောက်နေပြီ။ ဒီစစ်ဆေးမှုမှာ ငါ့ရဲ့ ခွန်အားအစစ်ကို အသုံးပြုလို့ မရဘူးဆိုတာ မင်း သိပါတယ်”
“ ဘယ်သူလဲဆိုတာတော့ သိမှာပဲ မဟုတ်လား ပြောပြပါ” အပေါ်ပိုင်းဗလာဖြစ်နေသော ကျီစုန့်၏ ခန္ဓာကိုယ်တွင် အကြောများ ထောင်နေသည်။
“ သိနိုင်ပါတယ်”
“ ဖြစ်နိုင်တယ်ဟုတ်လား။ သိတာလား မသိတာလား”
ကျီစုက သက်ပြင်းချကာ ပြောလိုက်သည်
“ ဝမ်ဝေ့လည်း လွန်ခဲ့တဲ့တစ်ပတ်က တိုက်ခိုက်ခံရတယ်လို့ သတင်းရထားတယ်။ လုပ်ကြံသူက မဟာဝူရဲ့ အမိန့်ကြောင့် မရဏအမိန့်နန်းတော်ကနေ လာတာလို့ သူတို့ သတင်းရထားပုံပဲ”
“ တစ်ပတ်အကြာမှာ မင်း အတိုက်ခိုက်ခံရတယ်ဆိုတော့ ဒါ တိုက်ခိုက်မှု သက်သက် မဟုတ်လောက်ဘူး။ ကြည့်ရတာ ကြိုတင်ကြံစဉ်ထားတဲ့ တိုက်ခိုက်မှုပဲ ဖြစ်လိမ့်မယ်”
ထိုအရာကို ကြားပြီးနောက် ကျီစုန့်က အံကြိတ်ကာ ပြောလိုက်သည်
“ မဟာဝူတိုင်းပြည်က မြွေတွေနဲ့ မရဏအမိန့်နန်းတော်က ကြွက်တွေကတော့ကွာ … လျှို့ဝှက်စည်းမျဉ်းကို ချိုးဖောက်လိုက်တာ မဟုတ်ဘူးလား"
“ မဟုတ်မှာ စိုးရိမ်ရတယ်” ကျီစုက ဖြေလိုက်သည်။
“ လျှို့ဝှက်စည်းမျဉ်းမှာတော့ မရဏအမိန့်နန်းတော်က ကျင့်ကြံဆင့်မြင့်တဲ့သူတွေက တခြားဂိုဏ်းက လူငယ်မျိုးဆက်တွေကို မလုပ်ကြံဘူးလို့ ဖော်ပြထားတယ်။ ဒါပေမဲ့ မျိုးဆက်တူ ယှဉ်ပြိုင်မှုကိုတော့ ခွင့်ပြုထားတယ်”
ထိုစကားကို ကြားပြီး ကျီစုန့် ပိုပြီး စိတ်တိုလာသည်။ သို့သော် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်
“ ဒါဆိုရင်တော့ မရဏအမိန့်နန်းတော်ကို လုံးဝသုတ်သင်ပစ်သင့်တယ်”