← Chapters

အခြေခံအုတ်မြစ်ကိုကိုင်လှုပ်ခြင်း

Vol. 25 Ch. 355

အခြေခံအုတ်မြစ်ကိုကိုင်လှုပ်ခြင်း

Vol. 25 Ch. 355

အခန်း (၃၅၅) အခြေခံအုတ်မြစ်ကိုကိုင်လှုပ်ခြင်း

ရန်ကျောက်ကဲက ကောင်းကင်မိုးကြိုးခန်းမမှလူအများကို သတ်ဖြတ်ရန်အတွက် ပကတိရေခဲသွေးကြောတွင် ထောင်ချောက်ပြုလုပ်ခဲ့သည်ဆိုပါက အလွန်တရာကြီးမားသည့်အခက်အခဲကြီးဖြစ်သည့်တိုင် နေသူတော်စင်ဂိုဏ်းအနေဖြင့် လက်ခံပေးနိုင်ပေသည်။

သို့‌သော် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်မျှဖြင့် မြောက်ဖျားဒေသ ပကတိရေခဲသွေးကြောမှတစ်ဆင့် တောင်ပိုင်းမြေအောက်နန်းတော်အား လှမ်းပြီးဖျက်ဆီးနိုင်သည်ဆိုလျှင်တော့ သူတို့အတွက် အမှန်တကယ် ထင်မှတ်မထားသည့်ကိစ္စ ဖြစ်သည်။

ဟွမ်ရှုနှင့် ဟွမ်ကျိတို့၏ ယူဆချက်က အခြေအမြစ်မရှိသလို လေထဲတိုက်အိမ်ဆောက်သည့်ပမာ တွေးမိတွေးရာများဟုသာ သူတို့အားလုံး ခံစားမိကြသည်။

အလင်းမင်းသား ‘ဟွမ်ကျိ’ က အဝေးဆီမှ တောင်ပိုင်းမြေအောက်နန်းတော်အဝင်ဝကို တိတ်ဆိတ်စွာငေးစိုက်ကြည့်နေသည်။ သူ့မျက်နှာက ခါတိုင်းနှင့်မတူ တည်ငြိမ်လေးနက်နေပြီး စကားဆိုခြင်းလည်း မပြုတော့ပေ။

ဟွမ်ကွမ်လီက ဟွမ်ရှုကိုကြည့်ရင်း...

“အဲဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်မှာ ဘာတွေကျန်ခဲ့သေးလဲ ၊ ကောင်းကင်မိုးကြိုးခန်းမကလူတွေကို အသေးစိတ်မေးခဲ့သေးလား”

ဟွမ်ရှုက ခေါင်းခါယမ်းရင်း...

“ရေခဲစွမ်းအားအအေးလှိုင်းတွေ ပေါက်ကွဲထွက်သွားပြီး နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တယ်လို့ပဲ သူတို့က ပြောတယ်”

ထိုစကားကိုပြောလိုက်ချိန် နေသူတော်စင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ‘ဟွမ်ရှု’ ရင်ထဲ တင်းတင်းကျပ်ကျပ် ခံစားလိုက်ရသည်။

ဤကိစ္စအကြောင်းရင်းကို ရှာဖွေနိုင်မှသာ ကုစားနိုင်မည့်နည်းလမ်းကို တွေးတောနိုင်မည်ပင်။

လောလောဆယ်မှာတော့ မြောက်ဖျားတွင် ရန်ကျောက်ကဲ ဘာလုပ်ခဲ့သည်ကို သိရှိကြပြီဖြစ်သော်လည်း မည်သို့ပြုလုပ်ခဲ့သည်ဆိုသော နည်းလမ်းကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ကြပေ။

ထို့ကြောင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် ပြဿနာရင်းမြစ်ကို ဖြေရှင်းနိုင်စွမ်း မရှိနိုင်ပေ။

မြောက်ဖျားဒေသရှိ ပကတိရေခဲသွေးကြောတွင် အပြောင်းအလဲဖြစ်သွားကြောင်း သူတို့ သိရှိသော်လည်း ပြဿနာ၏ရင်းမြစ်ကိုမလိုက်နိုင်သရွေ့ ဖြေရှင်းရန် နည်းလမ်းမရှိနိုင်ပေ။

နောက်ဆုံးတော့ နေသူတော်စင်ဂိုဏ်းအနေဖြင့် တောင်ပိုင်းမြေအောက်နန်းတော် သူ့အလိုလို ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားမည့်အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့် တိတ်တဆတ်စောင့်ဆိုင်းရမည်ဖြစ်သည်။

ဤအကြောင်းများကိုတွေးမိတော့ ဟွမ်ကွမ်လီအတော်လေး စိတ်ရှုတ်ထွေးသွားသည်။

တောင်ပိုင်းမြေအောက်နန်းတော်၏ လက်ရှိအခြေအနေက အတော်လေးဆိုးရွားသည်ဖြစ်ရာ သူတစ်ယောက်သာလျှင် ဤနေရာသို့ ဝင်ရောက်လှုပ်ရှားနိုင်မည် ဖြစ်သည်။

မန်ဝမ်သည်လည်း ထူးကဲယင်သရဖူ၏အကူအညီဖြင့် တောင်ပိုင်းမြေအောက်နန်းတော်ထဲတွင် အချိန်ခဏမျှ နေထိုင်နိုင်မည် ဖြစ်သည်။

အခြားသူများကတော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေဦးတော့ ဤနေရာသို့ ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။ ဤသည်မှာ နေသူတော်စင်ဂိုဏ်းအတွက် အလွန်ဆိုးရွားသော ပြဿနာဖြစ်သည်။

ဤအခြေအနေအောက်တွင် တောင်ပိုင်းမြေအောက်နန်းတော်အတွင်းမှ ရှားပါးသယံဇာတများနှင့် ရတနာပစ္စည်းများကို တူးဖော်နိုင်ခြင်း မရှိတော့ပေ။ ဟွမ်ကွမ်လီနှင့် မန်ဝမ်တို့သည်သာ လိုအပ်လျှင် ပစ္စည်းများရှာဖွေစုဆောင်းမည် ဖြစ်သည်။ ဤသည်ကလည်း ခါတိုင်းခဲ့သို့ အချိန်ပြည့်ပြုလုပ်နိုင်မည့်ကိစ္စ မဟုတ်တော့ပေ။

မည်သို့ပင်ဖြစ်စေ အရေးတကြီးလိုအပ်ချက်များရှိလာလျှင်တော့ ဟွမ်ကွမ်လီနှင့် မန်ဝမ်သာလျှင် ဤနေရာသို့ လာရောက်ရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နေသူတော်စင်ဂိုဏ်းမှသိုင်းသမားများ ကျင့်ကြံခြင်းပြုလုပ်ရာ အထွတ်ထိပ်နယ်မြေကို ဆုံးရှုံးခဲ့ရသည်ဖြစ်ရာ သူတို့အားလုံး၏တိုးတက်မှုအတွက် ပြင်းထန်သည့် အဟန့်အတား ဖြစ်စေသည်ပင်။

အထူးသဖြင့် နေသူတော်စင်ဂိုဏ်း၏ အထွတ်ထိပ်သိုင်းပညာဖြစ်သော “ထူးကဲယန်လက်သီးသိုင်း” ကျင့်ကြံသူများ အနေဖြင့် ၎င်းသိုင်းပညာကို လေ့ကျင့်ရန် တောင်ပိုင်းမြေအောက်နန်းတော်၏ ပတ်ဝန်းကျင်အခြေအနေကို အကူအညီယူရသည်ဖြစ်ရာ လက်ရှိတွင်တော့ ထိုသိုင်းပညာကိုလေ့ကျင့်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားရသည်။

ဤပြဿနာက အချိန်တိုအတွင်း ဒုက္ခပေးနိုင်သည် မဟုတ်ပေ။

သို့ပေသိ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာပိုမိုကြီးထားလာပြီး နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူတို့၏ဘဝသည်လည်း ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာမည် ဖြစ်သည်။

နေသူတော်စင်ဂိုဏ်း၏ အမြင့်ဆုံးသောသိုင်းပညာတစ်ရပ်အနေဖြင့် ‘ထူးကဲယင်လက်သီးသိုင်း’ သည် ရိုးရှင်းသည့် သိုင်းပညာတစ်ရပ်မဟုတ်ပေ။

အကယ်၍ သူတို့ ထိုလက်သီးသိုင်းကို မလေ့ကျင့်နိုင်ပါက သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာရန် လမ်းပျောက်သွားမည်ဟု မဆိုလိုသော်လည်း သိုင်းသူတော်စင်တစ်ယော်ကဖြစ်လာရန် အခက်အခဲများစွာကိုကျော်ဖြတ်ရင်း ကြီးမားသည့်စိတ်ဓာတ်ကျမှုမျိုးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အမတဝိညာဉ်အဆင့်မှ အမတလက်ဖွဲ့အဆင့် ၊ အမတလက်ဖွဲ့အဆင့်မှ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် ၊ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်မှ သိုင်းသူတော်စင်အဆင့် များသို့ အဆင့်ဆင့်တက်ရောက်ရာတွင် သူတို့အနေဖြင့် ပြင်းထန်သောအတားအဆီးများနှင့်ရင်ဆိုင်ရကာ ရှေ့ဆက်လျှောက်ရန် ခဲယင်းပေးလိမ့်မည်။

မဟာနေမင်းတိုင်းတာခြင်းပေတံကို ဆုံးရှုံးလိုက်ရပြီဖြစ်သလို ဟွမ်ကွမ်လီသည်လည်း တစ်ချိန်ကွယ်လွန်သွားမည်ဆိုလျှင် သူတို့ဂိုဏ်းကို ရန်သူများလာတိုက်ရန်ပင် မလိုတော့ပေ။ နောက် (၁၀)နှစ်အတွင်း အလိုလို ကျဆင်းဆုတ်ယုတ်သွားမည် ဖြစ်သည်။

တောင်ပိုင်းမြေအောက်နန်းတော်၏ပြဿနာကို ဖြေရှင်းရန်နည်းလမ်းမတွေ့ပါက ဤသည်က ကြိုတင်သိမြင်နိုင်သည့် အနာဂတ်ပင် ဖြစ်သည်။

ထို့ပြင် ဤပြဿနာက အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်သလို နေသူတော်စင်ဂိုဏ်းအနေဖြင့်လည်း အချိန်တိုအတွင်း ဖြေရှင်းရန် နည်းလမ်းမရှိခဲ့ပေ။

တောင်ပိုင်းမြေအောက်နန်းတော်တစ်ခုလုံးသည် ပြင်းထန်သောမီးတောက်များဖြင့် အဆုံးမရှိပြည့်နက်တောက်လောင်လျှက်ရှိသည်။

သို့သော် နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများအားလုံး ကျောထဲစိမ့်မတတ် အေးစက်တုန်လှုပ်လျှက် ရှိကြသည်။

ရန်ကျောက်ကဲကတော့ အလွန်တရာဝေးကွာလှသည့် မြောက်ဖျားဒေသကို တုတ်ဖြင့်သွားထိုးပြီး တောင်ပိုင်းမှ နေသူတော်စင်ဂိုဏ်းကို ကာလာရှည်ကြာ အသက်မရှူနိုင်ဘဲ ရင်ထဲလေးလံအောင် ပြုလုပ်ခဲ့သည်။

ငယ်ရွယ်သည့်ဟွမ်ကျိကတော့ နားလည်နိုင်မည် မဟုတ်သော်လည်း ဤနေရာတွင်ရှိနေသည့် ဟွမ်ရှုအပါအဝင် အခြားအကြီးအကဲများအားလုံး ယွမ်ကျန်းဖုန်း၏ ခံစားချက်များကို နားလည်သလို ရှိသွားကြသည်။ ဝါဒတောင် ဆုတ်ယုတ်ကျဆုံးနေစဉ် ထိုနှစ်များအတွင်းတွင် ဝါဒတောင်၏ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်းသည် ယခု သူတို့ခံစားရသလို လေးလံသည့်ခံစားချက်ကို အစဉ်အမြဲ ခံစားနေခဲ့ရပေလိမ့်မည်။

တိုးတက်အောင်မြင်လိုသော ခံစားချက်များရှိနေသည့်တိုင် ပြင်ပအခြေအနေများကြောင့် ကန့်သတ်ချုပ်ချယ်ခံထားရခြင်းက ရင်ထဲတွင် ကျောက်တုံးကြီးတစ်တုံးဖိနှိပ်ထားသည့်အလား မွန်းကျပ်လွန်းလှသည်။

နေသူတော်စင်ဂိုဏ်းအတွက် ယခုမှအစပင် ရှိသေးသဖြင့် ဖြေရှင်းရန် အချိန်များစွာ ကျန်သေးသည်။

ထို့ကြောင့် အကြီးအကဲများအားလုံး ခံစားချက်များကို အလျှင်အမြန်ထိန်းချုပ်လိုက်ကြပြီး ငြိမ်သက်စွာ တွေးတောလျှက် ရှိကြ၏။

သို့သော် အချိန်ကာလကြာလာသည်နှင့်အမျှ ဤပြဿနာကိုဖြေရှင်းရန် နည်းလမ်းမတွေ့ရှိပါက သူတို့စိတ်ထဲဖိအားများက တစ်နေ့တခြား ကြီးထွားလာမည် အမှန်ပင်။

ဟွမ်ကွမ်လီက...

“မင်းတို့အားလုံး ကမ္ဘာအလင်းတောင်ထွတ်ကို ပြန်ကြပါ ၊ ငါတို့ နေသူတော်စင်ဂိုဏ်းကို မတည်မငြိမ် မဖြစ်ပါစေနဲ့ ၊ ဒီအဘိုးကြီးကတော့ ဒီနေရာမှာနေရင်း ပြဿနာဖြေရှင်းဖို့နည်းလမ်း ရှာဖွေလိုက်ဦးမယ် ၊ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာကို စီစစ်လေ့လာရမယ်”

ဟွမ်ကွမ်လီက မြောက်ဘက်သို့ စူးစူးစိုက်စိုက်ကြည့်ရင်း...

“ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ အဆုံးမဲ့တောင်တန်းရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ်စောင့်ကြည့်ပါ”

ရေရှည်ရှုထောင့်မှကြည့်လျှင် နေသူတော်စင်ဂိုဏ်းအနေဖြင့် သူတို့၏အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေနိုင်သည့် အနှိုင်းမဲ့ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ရေတိုကာလအတွက်တော့ လက်ရှိအင်အားအပေါ်တွင် လွှမ်းမိုးနိုင်ခြင်း မရှိသေးပေ။

မြောက်ဘက်သို့ကြည့်နေရင်းမှ ဟွမ်ကွမ်လီက ရုတ်တရက် ဆိုသည်။

“ဝါဒတောင်က ရန်ကျောက်ကဲ ၊ အခုချိန်ကစပြီး ဒီပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပါ ၊ အသေးအဖွဲလေးပဲဖြစ်ဖြစ် အလေးအနက်ထားပြီး အာရုံစိုက်ပါ”

ဟွမ်ရှုက ခေါင်းညိတ်ရင်း...

“နားလည်ပါပြီ”

ဝါဒတောင်က “ရန်ကျောက်ကဲ”။

ရန်တိ၏သားမဟုတ်သလို ဝါဒတောင်မှတပည့်လည်းမဟုတ် ၊ လူငယ်မျိုးဆက်တစ်ယောက်မဟုတ်သလို ကောင်လေးတစ်ယောက်လည်းမဟုတ်။

ဟွမ်ကွမ်လီက ရန်ကျောက်ကဲကို “ဒီပုဂ္ဂိုလ်” ဟု သုံးနှုန်းလိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် သူ့အပေါ် မည်မျှ အလေးအနက်ထားသည်ကို သိရှိနိုင်သည်။

ဟွမ်ကွမ်လီ၏ အသက်အရွယ် ၊ ကျင့်ကြံခြင်းအဆင့် ၊ သြဇာအာဏာလွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်အနေဖြင့် သူ့မြေးနှင့်ရွယ်တူ လူငယ်လေးတစ်ယောက်အား “ဒီပုဂ္ဂိုလ်” ဟု ပြောဆိုသုံးနှုန်းသည်မှာ မကြုံစဖူး ၊ သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

သို့ပေသိ ဤနေရာတွင်ရှိနေသော အကြီးအကဲများအားလုံး အံ့သြသွားခြင်း မရှိကြပေ။

တောင်ပိုင်းမြေအောက်နန်းတော် ပြောင်းလဲသွားခြင်းက ရန်ကျောက်ကဲကြောင့်ဖြစ်ကြောင်း အတည်မပြုနိုင်သော်လည်း ရန်ကျောက်ကဲက နေသူတော်စင်ဂိုဏ်းကို ခြိမ်းခြောက်နေသည်မှာ ငြင်းမရပေ။

ဟွမ်ရှုက...

“ဒီကိစ္စကိုလုပ်တဲ့သူက ရန်ကျောက်ကဲနဲ့ ဝါဒတောင် ဖြစ်နေမယ်ဆိုရင်... နောက်ထပ်ကာလတိုအတွင်း သူတို့ ဒီလိုကိစ္စမျိုး ထပ်မလုပ်ဘူး မပြောနိုင်ဘူး ၊ ဒီတော့ ကောင်းကင်မိုးကြိုးခန်းမကို ဆက်သွယ်ပြီး မြောက်ဖျားဒေသကို မျက်ခြေမပြတ် အနီးကပ်စောင့်ကြည့်ဖို့ အကူအညီတောင်းရမယ် ၊ ပြီးတော့ ငါတို့ဝါဒတောင်က လူတွေကို မြောက်ဖျားကိုစေလွှတ်ပြီး ရန်သူက  နောက်တစ်ကြိမ် ဘာထပ်လုပ်ဦးမလဲဆိုတာ စောင့်ကြည့်ရမယ်”

သူက ဆက်ပြောသည်။

“ပြီးတော့... ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ရန်ကျောက်ကဲကို သတ်ပစ်ရမယ်”

ထိုစကားပြောချိန်တွင် ဟွမ်ရှုမျက်နှာက တည်ငြိမ်နေပြီး မျက်ဝန်းများက ပြောမပြနိုင်အောင် အေးစက်နေသည်။

“သူ ဒီ့ထက်ပိုပြီး ကြီးထွားလာမယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ သိုင်းစွမ်းတွေ တိုးတက်လာတဲ့အခါ သူ့အဖေ ရန်တိထက်တောင် ငါတို့အပေါ် ခြိမ်းခြောက်မှု ကြီးမားလာလိမ့်မယ်”

ဟွမ်ကျိကတော့ မည်သည့်စကားမှမဆိုပေ။

သူ့မျက်ဝန်းများက တည်ကြည်လေးနက်လျှက် မြောက်ဘက်စူးစူး အဝေးဆီသို့သာ လှမ်းကြည့်နေသည်ကို တွေ့ရသည်။

***

နေသူ‌တော်စင်ဂိုဏ်းမှလူများ ခေါင်းကိုက်နေကြစဉ် ရန်‌ကျောက်ကဲကတော့ ‘ကျောက်သားမြို့တော်’ တွင် အတော်လေး စိတ်ကောင်းဝင်လျှက် ရှိသည်။

သူက လိုချင်သည့်ပစ္စည်းများ ရရှိပြီးနောက် အခန်းထဲတွင် သေးငယ်သည့် အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

အစီအရင်ကတည်ငြိမ်သွားသည်နှင့် ရှီကျွင်း၏ ရုပ်ခန္ဓာထည့်ထားသော ရေခဲခေါင်းတလားကို အစီအရင်အလယ်တွင် နေရာချလိုက်သည်။

ဤသည်က လီပေါင်းတစ်သောင်းခရီးစဉ်၏ နောက်ဆုံးခြေလှမ်းဖြစ်လေရာ ရန်‌ကျောက်ကဲအနေဖြင့် အမှားအယွင်း မဖြစ်မခံနိုင်ပေ။

အခန်းထဲတွင် ရန်ကျောက်ကဲနှင့်အတူ ရွှီဖေးလည်း ရှိနေသည်။

‘ကျောက်သားမြို့တော်’ သို့ရောက်သည်နှင့် ရန်ကျောက်ကဲက တောင်ပေါ်မှလူများနှင့် တတ်နိုင်သမျှ ဆက်သွယ်ခဲ့သည်။

သူက အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားရမည်ဖြစ်လေရာ ရှီကျွင်းနှင့် သူ့မိခင် ယင်ယွီကျန်းတို့ကို ဝါဒတောင်သို့ ပြန်ပို့လိုက်သည်က အကောင်းဆုံးဖြစ်သည်။

ထို့ကြောင့် ရွှီဖေးကို အကူအညီတောင်းသည့်အနေဖြင့် ‘ကျောက်သားမြို့တော်’ သို့ ခေါ်လိုက်ရခြင်းပင်။

ရွှီဖေးသည် ရန်ကျောက်ကဲဘေးနားတွင် မတ်တတ်ရပ်လျှက် အစီအရင်အလယ်ဗဟိုတွင်ရှိနေသော ရေခဲခေါင်းတလားကို တိတ်ဆိတ်စွာ ငေးစိုက်ကြည့်နေလေသည်။

All Chapters