အဓိကဇာတ်ကောင်
Vol. 15 Ch. 211
ကောင်းကင်တွင် လျှပ်စီးများ ပြိုးပြိုးပျက်ပျက် ။ညအမှောင်သည် ဟန်ဟိုင်းကို ဖုံးလွှမ်းနေ၏။စိုးရိမ်ပူပန်မှုများသည် မြို့တော်အရှေ့ပိုင်းတစ်လျှောက် ပျံ့နှံ့နေလေသည်။တိမ်မည်းများသည် မြို့တော်ကို ဖြိုဖျက်တော့မည့်ဟန်ဖြင့် ဆင်းသက်လာကြသည်။
ကောင်းမင်နှင့် ကျန်းတင်းသည် ဖူအန်းစူပါမားကတ်၏ ခေါင်မိုးပေါ်တွင် ရပ်နေကြသည်။ဘေးပတ်ပတ်လည်ရှိ ကွက်လပ်များတွင် သေတ္တာဟောင်းများဖြင့် အမှိုက်များ ပြန့်ကျဲနေသည်။ ဤနေရာသည် ယခင်က စွန့်ပစ်ထားသော ကလေးကစားကွင်းတစ်ခုဖြစ်သည်။သံချေးတက်နေသည့်ကားများတွင် အနက်ရောင်အကွက်များ ပြည့်နှက်နေသည်။ချားရဟတ်မိုးရေထဲတွင် တအိအိလှည့်ပတ်နေ၏။ ဖက်တီးဖကိုင်သည် ဆီးဆော၏ အစွန်းတစ်ဖက်တွင် မှီနေလေသည်။ ၎င်းနောက်တွင် စူးစမ်းလိုစိတ်ရှိသော ကျန်းဖသော်က ဒူးထောက်လိုက်သည်။
"ငါ အိမ်စာတွေ မလုပ်ရသေးဘူး၊ ဒီဘဝမှာတော့ မဟုတ်ဘူး "
ကျန်းဖသော်က သူ့ဖခင်၏ ခါးပတ်ကို ကြည့်၍ အသာအယာ ညည်းတွားလိုက်သည်။
ခေါင်မိုးအစွန်းတွင် ရပ်နေရင်း ကျန်းတင်းက လေးနက်စွာဖြင့် ပြောလိုက်သည်။
"ရှရန်က မင်းအမိန့်ကို မနာခံတဲ့ပုံပဲ ၊ သူက စုံစမ်းစစ်ဆေးရေးဌာနတစ်ခုလုံး ပုံတွေ လျှောက်ဆွဲနေတာ ၊ စုံစမ်းစစ်ဆေးရေးဌာနကို သူတစ်ယောက်တည်း သိမ်းပိုက်နိုင်ကြောင်း ငါတို့ကို ပြချင်နေတာပဲ "
"သူ အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး ၊ သူက ရူးသွပ်နေရုံပါပဲ "
ကောင်းမင်သည် ရှရန်၏အတွေးများကို မပြောနိုင်ပေ။သူက ရှရန်ဆီမှ ရထားသော လူသေဓာတ်ပုံကို ထုတ်လိုက်သည်။
"ကျွန်တော်တို့မှာ ဒါရှိနေသရွေ့ ပြဿနာတွေကို ထိန်းချုပ်နိုင်တယ် "
"သေချာလို့လား "
ကျန်းတင်းက သူ့နောက်ကျောမှ ကင်းဗတ်စနှစ်ခုကို ထုတ်လိုက်သည်။ကင်းဗတ်ထဲတွင် ရှရန်၏သွေးကို သုံး၍ အဆောက်အဦးပုံများ ဆွဲထားခြင်းဖြစ်သည်။ထိုပုံများအပေါ် မိုးရေမည်မျှစိုသည်ဖြစ်ပါစေ ပန်းချီများမှာ မှေးမှိန်သွားခြင်း မရှိပေ။ဘယ်ဘက်ပန်းချီကားတွင် လီစန်းစုံစမ်းစစ်ဆေးရေးဌာနရှိပြီး ညာဘက်တွင် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေး ဌာနရှိပေသည်။
ပန်းချီကားနှစ်ချပ်တွင် ဒဏ္ဍာရီအချို့ပါဝင်သည်- အန္တရာယ်အဆင့်သတ်မှတ်မှု၊ သန္ဓေပြောင်းဖြစ်စဉ်တိုးတက်မှု၊ အရိပ်လွှမ်းခြုံမှု၊ အသက်ရှင်ကျန်ရစ်သည့်ကစားသမားအရေအတွက်နှင့် အံ့ဖွယ်ကိစ္စများရရှိရန် အခွင့်အလမ်းတို့ရှိသည်။
"ရှရန်က ခြောက်ခြားဂိမ်းထဲမှာ စံနူန်းငါးခုကို အနှစ်ချုပ်ထည့်သွင်းထားတာပဲ ၊ ဒါတွေကို ကြည့်လိုက် "
ကျန်းတင်းသည် ရှရန်ကို အကုန်လုံးမယုံကြည်သော်လည်း ရှရန်၏ အလွန်အရည်အချင်းရှိခြင်းကို သူလေးစားပေသည်။သူသည် ကောင်းမင်အား ခြောက်ခြားဂိမ်းများကို ဒီဇိုင်းဆွဲရန် ကူညီပေးခဲ့သည်။
အန္တရာယ်သတ်မှတ်နူန်း မြင့်မားလေ ကစားသမားများအတွက် သေဆုံးရန် အခွင့်ရေးပိုများလေဖြစ်သည်။အရိပ်လွှမ်းခြုံမှုသည် အရိပ်ကမ္ဘာက ဧရိယာမည်မျှ ဝါးမြိုနိုင်သလဲကို ကိုယ်စားပြုသည်။သန္ဓေပြောင်းဖြစ်စဥ်တိုးတက်မှုသည် ခြောက်ခြားဂိမ်းများ၏ ဗီဇပြောင်းလဲမှုအဆင့်ကို ရည်ညွှန်းပြီး စွက်ဖက်မှုတစ်ခု လိုအပ်ခြင်းရှိမရှိကို ရည်ညွှန်းသည်။ရှရန်က နောက်ဆုံးတစ်ခုကို သူ့ဘာသာ ပေါင်းထည့်ခဲ့သည်။ရှရန်သည် နတ်ဆိုးစစ်စစ်တော့ မဟုတ်ပေ။သူ့တွင် ကိုယ်ပိုင်စံနူန်းတစ်ခုရှိသည်။အန္တရာယ်ရာယ်ပိုများ၍ ခြောက်ခြားဂိမ်းဗီဇပြောင်းလဲမှု ပိုတိုးလေ အံ့ဖွယ်ပစ္စည်းများပေါ်ပေါက်လာနိုင်သည့် အခွင့်အရေးပိုကြီးမားလေ ဖြစ်သည်။ယင်းသည် ဆရာရှ၏ စည်းကမ်းပင်ဖြစ်သည်။စိတ်ပျက်အားငယ်စရာအမှုချည်း သီးသန့်မရှိပေ။ အံ့ဖွယ်ဖြစ်ရပ်အား အနက်ရှိုင်းဆုံး အမှောင်ထုထဲတွင် လျှို့ ဝှက်ထားခြင်းဖြစ်ပေသည်။
ရှရန်က ပန်းချီကားနှစ်ချပ်ကို တစ်ချက်ကြည့်လိုက်သည်။ပထမတွင် ပန်းချီကားနှစ်ခုအတွက် စံနူန်းများသည် တူညီကြသည်။သို့သော် ညအမှောင်ဆင်းသက်လာသည်နှင့် ဆရာရှရှိနေသော မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနတွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့သည်။အသက်ရှင်ကျန်ရစ်သော ကစားသမားအရေအတွက်မှလွဲ၍ အခြားစံနှုန်းများ ထောင်တက်လာခဲ့သည်။အခြေခံအားဖြင့် မြို့တော်အရှေ့ပိုင်းဌာနတွင် အဆင့် ၃ မူမမှန်မှုနှစ်ခု တပြိုင်နက်တည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကောင်းမင်က ရှရန်၏လူသေဓာတ်ပုံကိုင်ထားစဉ် ရုတ်တရက်သူ့ဖုန်းအသစ်ထံ ဖုန်းဝင်လာလေသည်။ကျောက်ရှီ၏အသံ ထွက်ပေါ်လာ၏။
"ကောင်းမင် လီစန်းအရိပ်ကမ္ဘာထဲ လူတွေ ဝင်လာကြတယ် ၊ သူတို့မှာ အနီရောင်ဆက်သွယ်ရေးစက်တွေနဲ့ပဲ ၊ သူတို့က သာမန်စုံစမ်းရေးမှူးတွေနဲ့ ကွာခြားတယ် ! "
"လုံခြုံရေးအဖွဲ့ဝင်တွေလား ! "
ကောင်းမင်သည် လီစန်း၏ အဆင်းရဲဆုံးခရိုင်အနီးရှိ သရဲများနှင့် လူသားများကို မြို့တော်အရှေ့ပိုင်းနှင့် ပိုမိုနီးကပ်စွာ ရွှေ့ပြောင်းပေးခဲ့သည်။ထိုနေရာတွင် နေမကောင်းသူ ၊ သက်ကြီးရွယ်အိုနှင့် ငယ်ရွယ်သူအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။
"သူတို့ပစ်မှတ်က မင်းပဲဖြစ်မယ် ! ငါနဲ့အန်းအန်း ပုန်းဖို့နေရာ ရှာနေတယ် ! သူတို့ ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ကိရိယာတွေ ချိတ်ထားတယ် ၊ သူတို့က အန်းအန်းရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ် ၊ သူတို့ လူသေဓာတ်ပုံတွေအကြောင်းကိုလဲ သိနေသလိုပဲ ! "
ကျောက်ရှီသည် အန်းအန်းကို ချီရင်း ပြောလိုက်သည်။ဌာနချုပ်သည် လူသေဓာတ်ပုံများအကြောင်းကို ကောင်းမင်ထက် အရင်သိထားခဲ့ခြင်းဖြစ်သည်။မည်သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။မတူညီသော လုံခြုံရေးဌာနများတွင် မတူညီသည့် ထူးခြားချက်များ ရှိလေသည်။
"အန်းအန်းက အကြောက်ရောဂါရဲ့ ပိုင်ရှင်ပဲ ၊ ပြီးတော့ အကြောက်ရောဂါကို ထိန်းချုပ်တဲ့ သော့လည်းဖြစ်တယ် ၊ စုံစမ်းစစ်ဆေးရေးဌာနသာ အန်းအန်းကို ရသွားရင် သူ့အပေါ် ကြောက်မက်ဖွယ်ကောင်းတာတွေ လုပ်လာနိုင်တယ် ! "
ကျောက်ရှီသည် ရိုးသားသူဖြစ်သော်လည်း တုံးအနေခြင်းမရှိပေ။
"အစ်ကိုကျောက် အန်းအန်းနဲ့ တခြားလူတွေကို အရိပ်ကမ္ဘာထဲမှာ ပုန်းခိုင်းလိုက်ပါ "
နောက်ပြန်ဆုတ်ရန်မှာ အလွန်နောက်ကျနေပြီဖြစ်သည်။ကောင်းမင်သည် လုံခြုံရေးအဖွဲ့ဝင်များအား မြို့တော်အရှေ့ပိုင်းဌာနကို ပြန်လာစေရန် တွန်းအားပေးရတော့မည်ဖြစ်သည်။ကောင်းမင်က ဖုန်းချလိုက်ပြီး အမည်မသိနံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်သည်။
"ရွှမ်ဝမ် မင်းဘက်က ဘယ်လိုအခြေအနေရှိလဲ "
"ရှင်သွားဖို့ ပြောထားတဲ့ ရာဇဝတ်သားအားလုံးဆီ ကျွန်မသွားခဲ့ပြီးပြီ ၊ ရေသေဖိုရမ်ရဲ့ ကစားသမားတွေကိုလည်း စုစည်းထားပြီ ၊ သူတို့က ဒီခြောက်ခြားဂိမ်းရဲ့ ပထမဆုံး 'အုပ်စုမြေပုံ'ကို အရမ်းစိတ်ဝင်စားနေကြတယ် "
ကောင်းမင်၏ စီစဉ်မှုဖြင့် ရွှမ်ဝမ်သည် ရှရန်၏မူလကံတရားကို သိမ်းပိုက်ခဲ့ပြီး ရေသေဖိုရမ်ကို ထိန်းချုပ်ကာ ကစားသမားများ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ရွှမ်ဝမ်ကိုကူညီရန်အတွက် ကောင်းမင်သည် စူပါဗီလိန်များအကြောင်း အချက်အလက်များကို ရွှမ်ဝမ်ထံသို့ ပေါက်ကြားစေခဲ့သဖြင့် သူမသည် သူမကိုယ်သူမ အားကောင်းစေရန်အတွက် သူမ၏ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့သည်။
"စောင့်နေဖို့မလိုတော့ဘူး ၊ ငါတို့ အခုစကြမယ် ! "
ကောင်းမင် အမိန့်ပေးလိုက်သည်နှင့် ဧရာမထရပ်ကားကြီးတစ်စီးက ထိန်းချုပ်မှု လွတ်သွားပြီး မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ အရှေ့တံခါးဆီသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။ထိုနောက် ပေါက်ကွဲသွားတော့သည်။အရိပ်ကမ္ဘာ၏ လက်စားချေမှုသည် တရားဝင်စတင်လိုက်ချေပြီ။
*
ဟန်ဟိုင်းတက္ကသိုလ်ကျောင်းသားဖြစ်သူ အချိန်ပိုင်းဒလီသမားလေး ဆုမိုသည် သူ့ ဒလီအက်ပ်ကို ပိတ်လိုက်သည်။ သူ့ဖုန်းကို silent mode အဖြစ်ပြောင်းလိုက်သည်။သူက ရေသေဖိုရမ်ထဲသို့ မရေမရာဖြင့် ထပ်ဝင်လိုက်သည်။သူက ဖိုရမ်စီစဉ်သူမှ ပေးပို့ထားသော ဂိမ်းအချက်အလက်များကို တစ်ချက်ကြည့်လိုက်သည်။
ဤည ၈ နာရီတွင် စီစဉ်ထားသည့် ခြောက်ခြားဂိမ်းမြေပုံကို စုံစမ်းစစ်ဆေးရေးဌာနသို့ ဦးတည်မည်ဖြစ်သည်။ကစားသမားအားလုံးသည် သူတို့ရွှေ့ပြောင်းမှုများ ပြုလုပ်ပြီးကြပြီးဖြစ်သည်။
"အုပ်စုမြေပုံ ဖွင့်လှစ်လိုက်ပြီ "
ဆုမိုသည် သာမန်တက္ကသိုလ်ကျောင်းသားလေးသာ ဖြစ်သည်။သို့သော်လည်း သူ့ဒလီဗာရီပို့နေစဉ်အတွင်း မျက်နှာတွင် ပါးစပ်လေးခုပါသည့် အန်တီကြီးတစ်ယောက်ဖြင့် ကြုံတွေ့ခဲ့ရလေသည်။အန်တီကြီးသည် လူကောင်းတစ်ယောက်ဖြစ်သော်လည်း သူကြောက်ရွံ့နေဆဲဖြစ်သည်။သူနိူးလာသည့်အချိန်တွင် လူတစ်ယောက်က သူ့အား စောင်ခြုံပေးထားလေသည်။သူသည် အိမ်သို့ ပြန်ပြေးလာခဲ့ပြီးနောက် သတင်းအချက်အလက်အတွက် အင်တာနက်တွင် စတင်ရှာဖွေခဲ့သည်။နောက်ဆုံးတွင် သူသည် အလွန်လျှို့ဝှက်သော ဖိုရမ်တစ်ခုတွင် သဲလွန်စတချို့ ရှာတွေ့ခဲ့သည်။
ဟန်ဟိုင်းတွင် သရဲများရှိသော်လည်း ထိုခြောက်ခြားဇာတ်လမ်းများသည် သာမန်လူများအပေါ်သက်ရောက်ခြင်းမရှိပေ။အဘယ်ကြောင့်ဆိုသော် 'ခြောက်ခြားဂိမ်းကစားသမားများ '၏ တည်ရှိမှုကြောင့် ဖြစ်ပေသည်။ထိုကစားသမားများသည် ခြောက်ခြားဂိမ်းများကို ရှင်းလင်း၍ သရဲများကို သတ်ဖြတ်ကာ သူတို့ကိုယ်သူတို့ သန်မာလာအောင် လုပ်ဆောင်ကြသည်။သူတို့သည် စူပါလူသားစွမ်းအားများ ရလာအောင်လုပ်၍ ဟန်ဟိုင်းကို ကာကွယ်နေကြခြင်းဖြစ်သည်။
ဆုမိုသည် ယင်းကို ပိုသိလာလေလေ သူ ပိုတုန်လှုပ်လေလေပင်ဖြစ်သည်။ အချိန်အတော်ကြာအောင်စဉ်းစားခဲ့ပြီးနောက် သူသည် သာမန်ဘဝကို စွန့်လွှတ်၍ ခြောက်ခြားဂိမ်းကစားသမားတစ်ယောက်ဖြစ်လာရန် ရေသေဖိုရမ်ထဲ ပါဝင်ခဲ့လေသည်!။
သို့သော် ၎င်းကို သူတစ်ယောက်တည်း လုပ်ရန် သတ္တိမရှိပေ။ ထို့ကြောင့် ဤအုပ်စုမြေပုံသည် ပြီးပြည့်စုံသော အခွင့်အရေးဖြစ်သည်။
ဆုမိုသည် သူ့ကို ဖိုရမ်မှ ပေးထားသည့် အဆင့်သတ်မှတ်ချက်ကို တစ်ချက်ကြည့်လိုက်သည်။
ခိုင်မာတဲ့နှလုံးသား သုည ၊ သန်မာတဲ့ ခန္ဓာကိုယ် သုည ၊ ယင်ဝိညာဉ် သုည ၊ ဆက်စပ်မှု သုည ၊ ဦးနှောက်စွမ်းအား ၁ ...။
"နှစ်ပေါင်း ၂၀ လောက် အညတရဖြစ်ခဲ့ပြီး နောက်ဆုံးတော့ ငါ့ရဲ့ အဓိက ဇာတ်ကောင်ဖြစ်လာဖို့ အလှည့်ပဲကွ "