တံခါးကို ဖွင့်လိုက်
Vol. 15 Ch. 215
"ဒါက စီတုအန်းရဲ့ အိမ်တံခါးကို ဖွင့်မယ့်သော့လား ၊ သူ့ရဲ့ လူသေပုံတူတစ်ခုလား "
ဓာတ်ပုံနောက်ကျောရှိစာသားများကို မြင်သောအခါ ဟဲ့ယီက စိတ်တည်ငြိမ်သွားသည်။စီတုအန်း၏ 'သစ္စာအရှိဆုံး' ခွေးဖြစ်သောကြောင့် သူတို့ဘာကိုဆိုလိုသည်ကို သူသိသည်။ လူသေပုံတူကို ယူလိုက်သည်နှင့် ရေးထားသည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။တစ်နည်းဆိုရသော် သူတို့သည် စီတုအန်း၏ ကံကြမ္မာကို ယူရမည်ဖြစ်ပြီး ကမ္ဘာ့ရန်သူဖြစ်လာပေလိမ့်မည်။စီတုအန်း၏ ပစ္စည်းသည် ဆွဲဆောင်မှုရှိသော်လည်း ၎င်းကိုခံစားနိုင်ရန် အသက်ရှင်နေရမည်ဖြစ်သည်။
စီတုအန်း ၏ ကံကြမ္မာဖြင့် တစ်စုံတစ်ယောက်သည် ကမ္ဘာနှစ်ခုကြားတွင် နေထိုင်မည်ဖြစ်ပြီး အနည်းငယ် သတိမထားမိပါက သေဆုံးမည်ဖြစ်သည်။
"ဓာတ်ပုံထဲကလူက ပထမတော့ စီတုအန်းမဟုတ်ပေဘူး ၊ စီတုအန်းက မိဘအသစ်ဖြစ်လာပြီးနောက် မိသားစုရဲ့ အဓိကအုတ်မြစ်အဖြစ် တာဝန်ယူခဲ့တာပဲ "
ကျင်းချန်သည် လျှို့ဝှက်ချက်များစွာကို သိသည်။အရိပ်ကမ္ဘာမှ သရဲများသည် 'မိသားစုများ' ပုံစံဖြင့် တည်ရှိနေခြင်းဖြစ်သည်။
"ကျုပ်တို့ တံခါးဖွင့်ရုံပဲ ဖွင့်ပြီးရင် ကျုပ်တို့လိုအပ်တာကို ယူပြီးတော့ ထွက်သွား..."
"မိဘအသစ်မရောက်လာခင်မှာ ဘယ်သူမှ ထွက်သွားလို့မရဘူး… အသက်ရှင်လျက်နဲ့ပေါ့ "
ကျင်းချန်က ဟဲ့ယီကို ဖြတ်ပြောလိုက်သည်။
"အရိပ်ကမ္ဘာရဲ့ ဟန်ဟိုင်းက လက်တွေ့ကမ္ဘာရဲ့ ဟန်ဟိုင်းနှင့် တူညီတယ် ၊ ဒီမြို့ဟာ တစ်ချိန်က စည်းမျဥ်းစည်းကမ်းကို ကိုယ်စားပြုခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားခဲ့ပြီ "
"ဒါဆို ခင်ဗျား ဒါမှမဟုတ် တစ်ယောက်ယောက်က ဘာလို့ မိဘအသစ်ဖြစ်မလာရမှာလဲ "
တံခါးအပြင်ဘက်မှ ခြေသံများကို ဟဲ့ယီကြားလိုက်ရသည်။သူက ချက်ချင်းပါးစပ်ပိတ်လိုက်ပြီး ကော်ရစ်ဒါဘက် လှည့်ကြည့်လိုက်သည်။
"ခေါင်းဆောင် ဖူဆန်းရွေးထားတဲ့ လူသစ်တွေ ရောက်နေပါပြီ "
လုံခြုံရေးအဖွဲ့ဝင်များသည် လူသစ်များကို သေနတ်များဖြင့် ချိန်ရွယ်လျက် တစ်ဖက်တွင် ရပ်နေကြသည်။ရှင်းလင်းစွာပင် သူတို့သည် လုပ်ဖော်ကိုင်ဖက်များအဖြစ် ဆက်ဆံခံနေရခြင်း မရှိပေ။
"ဖူဆန်းက ကြောက်စရာပဲ ဒါပေမယ့် သူ့မှာ အမြင်ကောင်းတစ်ခုတော့ ရှိတာပဲ ၊ ဒီစုံစမ်းရေးမှုးတိုင်းက ကြီးမားတဲ့ အလားအလာတွေ ရှိကြတယ် "
ဟဲ့ယီက လူသစ်များထံ လမ်းလျှောက်၍ ဟန်ဆောင်လိုက်သည်။
"အကြီးအကဲက ပျောက်ဆုံးနေတယ် ၊ ပြီးတော့ သရဲတွေက ဒီအဆောက်အဦးထဲမှာ အကြမ်းဖက်နေကြတယ် ၊ ဘေးဆိုးကြီးက ဒီရောက်နေပြီ ၊ မင်းတို့တွေ သရဲတွေကို တိုက်ခိုက်နိုင်မယ့် စွမ်းအား လိုချင်ကြလားကွ "
လူသစ်များသည် လုံခြုံရေးဌာနနှင့်ပတ်သက်သော ကောလဟာလများကို ကြားဖူးကြသည်။အများစုက ခေါင်းငြိမ့်လိုက်သည်။
"မင်းတို့အားလုံးဟာ အကောင်းဆုံးစုံစမ်းရေးမှူးတွေဖြစ်ပြီး အလားအလာအရှိဆုံး မျိုးစေ့တွေပဲ ၊ မင်းတို့ဟာ မြို့တော်အရှေ့ပိုင်းရဲ့ မျှော်လင့်ချက်ပဲ ၊ ပုံမှန်အားဖြင့် လုံခြုံရေးဌာနကို ဝင်ဖို့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ လိုအပ်တယ် ၊ ဒါပေမယ့် အခြေအနေကို တွက်ဆမိလို့ ငါမင်းတို့ကို လုံခြုံရေးဌာနရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ် ..."
ဟဲ့ယီသည် အဖွဲ့နောက်ဘက်ရှိ ဆုမိုကို မြင်သော အားလုံးကို စစ်ဆေးလိုက်ပြီး
"ဒီမှာ ဘာလို့ ဒလီသမားတစ်ယောက် ရှိနေတာလဲကွ "
"ကျွန်တော်..."
ဆုမိုစကားမပြောရသေးခင် ရန်လင်းက သူ့ပါးစပ်ကို ပိတ်လိုက်သည်။
"ကျုပ်တို့က ဖြစ်ရပ်ဆိုးက ပုန်းနေရင်း ဒီကို မတော်တဆရောက်လာတဲ့ သာမန်မြို့သားတွေပါပဲ ၊ ကျုပ်တို့ အခုပဲ ထွက်သွားပါ့မယ် "
"မင်းတို့ အခုထိ အသက်ရှင်နေနိုင်သေးတယ်ဆိုတော့ မင်းတို့မှာလည်း အလားအလာကောင်းရှိတာပဲ ၊ ငါတို့နဲ့ လိုက်ခဲ့လို့ရပါတယ် "
ဟဲ့ယီက ရန်လင်း၏ စောဒကတက်ခြင်းကို လျစ်လျူရှုလိုက်ပြီး
"အားလုံးပဲ ငါနဲ့လိုက်ခဲ့ကြ "
သူတို့ ရုံးခန်းထဲမှ ထွက်လိုက်ကြသည်။လုံခြုံရေးအဖွဲ့ဝင်များက သူတို့အနေအထားအတိုင်းပြန်ဖြစ်သွားသည်။သူတို့သည် လူသားဆန်မှု ဖယ်ရှားခံရသော စက်ရုပ်များနှင့် တူပေသည်။
"သရဲတွေကို တိုက်ခိုက်မယ့် စွမ်းအားရဖို့ မင်းတို့ဟာ စူပါလူသားတစ်ယောက်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို လိုအပ်တယ် ၊ မင်းတို့ရဲ့ အခြေခံအကျဆုံး အကြောက်တရားကို မကျော်လွှားနိုင်ရင် မင်းတို့ဟာ အမှိုက်ပဲ ဖြစ်နေမှာပဲ "
ဟဲ့ယီသည် ဆယ်လွှာအလယ်ရှိ သွေးတံခါးကို ညွှန်ပြလိုက်သည်။
"ဒီတံခါးရဲ့ ရှေ့မှာရပ်ပြီး တံခါးစောင့်ရဲ့ ဦးခေါင်းအဖြစ် စိတ်ကူးယဉ်လိုက်ပါ ၊ မင်း ဘာမြင်မြင် ကိစ္စမရှိဘူး လုံးဝကြောက်စရာမလိုဘူး ! မင်း ပြန်ဆုတ်လာရင်တော့ မင်းက အမှိုက်ပဲ ! ဒီလိုဆို မင်းဟာ အကြောက်တရားရဲ့ စားသုံးခြင်းခံရလိမ့်မယ် "
လူသစ်များသည် သေနတ်များကြောင့် ရှေ့တိုးရန် ဖိအားပေးခံလိုက်ရသည်။သူတို့ တံခါးနားကပ်လိုက်သောအခါ တံခါးတစ်ဝိုက်တွင် အသားစများနှင့် အရိုးများ အများအပြားရှိနေကြောင်း သူတို့ သဘောပေါက်လိုက်သည်။ထိုနေရာတွင် လူများစွာ သေဆုံးခဲ့ခြင်းဖြစ်သည်။
"လုံခြုံရေးဌာနကို ဝင်ဖို့လိုအပ်တဲ့ ဒုတိယအခြေအနေက သန်မာတဲ့ ရုပ်ခန္ဓာတစ်ခု ရှိရမယ် ၊ ဘာပဲဖြစ်ဖြစ် မင်းအတွက် တံခါးဖွင့်တဲ့အထိ ဆက်လလုပ်နေရမယ် ! "
ဟဲ့ယီက ရှောင်ယွင်၏ ပုခုံးကို ပုတ်လိုက်သည်။သူ့မျှော်လင့်ချက်သည် ရှောင်ယွင်အပေါ် အမြင့်ဆုံးဖြစ်သည်။
"မင်း အကူအညီလိုအပ်ခဲ့ရင် လက်တွေ့ဘဝက မင်းရဲ့မှတ်ဉာဏ်တွေကို ပြန်တွေးလိုက် ၊မင်းလက်မလွတ်နိုင်တဲ့ နောင်တတရားနဲ့ နာကျင်မှုတို့က မင်းကို ကယ်တင်ပေးလိမ့်မယ် "
ဆုမိုက ဘေးမှာ ရပ်လိုက်သည်။ ဟဲ့ယီ၏ ပြောပြချက်သည် ကစားသမား၏စွမ်းရည်ငါးမျိုးနှင့် ဆက်စပ်နေကြောင်း သူနားလည်ခဲ့သည်။ထိုသည်က သူ့အား ဟဲ့ယီကို ပိုယုံကြည်စေရန် ပြုလုပ်နေ၏။
"မင်း လုပ်နိုင်ပါတယ် ၊ မင်းက သူတို့ထက် မဆိုးပါဘူး "
ဆုမိုက သူ့ကိုယ်သူ အားပေးလိုက်သည်။သွေးတံခါးကို သူစိုက်ကြည့်လိုက်သည်။
"ဒါက စုံစမ်းစစ်ဆေးရေးဌာရဲ့ စွမ်းအားပဲ ၊ သရဲဂိမ်းကစားသူတစ်ယောက်အနေနဲ့ ငါသာ ဒီစွမ်းအားကို ရနိုင်ရင် ငါ့မှာ စကေးသစ်ပင်နှစ်ပင်ရှိမယ်လို့ ဆိုလိုတာပဲ "
"မင်း အဆင်ပြေရဲ့လား ၊ ဘယ်လောက်တောင် စိတ်ကူးယဉ်နေရတာလဲ "
ကျန်းလန်၏ နူတ်ဖျားမှ ဆရာရှ၏အသံ ထွက်ပေါ်လာ၏။သူ့အသံမှာ ချိုသာနေလေသည်။
"နောက်ပိုင်း မင်းအကူအညီလိုရင် ငါ့ဆီလာနော် "
"ကျွန်တော့်ကို ကူညီမှာလား ၊ နေပါဦး ...ခင်ဗျားအသံက ..."
ဆုမိုသည် ကျန်းလန် ဘေးတွင် ရပ်နေခြင်းဖြစ်သည်။ဘယ်အချိန်ကမှန်း မသိသော်လည်း ကျန်းလန်သည် သူ့နောက်ကျောတွင် ထူးဆန်းသည့် ရုပ်ပုံတချို့ကို ရေးဆွဲထားခဲ့သည်။ဆိုမိုက ထိုပုံများသည် ဘာကိုဆိုလိုမှန်း မသိသော်လည်း နံရံပေါ်မှ လူသေပုံများဖြစ်သည်ဟု ခံစားရသည်။
"အား ! "
အော်ဟစ်သံသည် လူတိုင်း၏ သွေးများကို အေးခဲသွားစေသည်။လက်တံများသည် လူသစ်၏ ဦးခေါင်းကို ထိုးဖောက်သွားသည်။ခေါင်းမဲ့တံခါးစောင့်၏ လည်ပင်းတွင် ပထမဆုံးဦးခေါင်းတစ်လုံး ကြီးထွားလာလေသည်။ဦးခေါင်းတွင် ဓားကဲ့သို့ ချွန်ထက်နေသော ဧရာမလက်တံများ ရှိနေပေသည်။
"မကြောက်ကြနဲ့ ၊ ဒါက သူ့စိတ်ကူးထဲက ပုံရိပ်ယောင်ပဲ "
ရှရန်က တံခါးစောင့်ကို စိတ်ဝင်တစားဖြင့် ကြည့်ရှုလိုက်သည်။
"ပျော်စရာပဲ ၊ ငါ့အလှည့်ရောက်ရင် မင်းတို့အားလုံး သေပြီပဲ "
လူသစ်များက ချက်ချင်း နောက်ပြန်ဆုတ်လိုက်ကြသည်။သို့သော်လည်း ဟဲ့ယီပြောသည့်အတိုင်း နောက်ဆုတ်သွားသူများသည် သေလိမ့်မည်ဖြစ်သည်။လက်တံများသည် အဝေးသို့ဆုတ်သွားသည့်သူများကို တိုက်ခိုက်လိုက်သည်။ရှောင်ယွင်က ထိုစည်းကမ်းကို မှတ်မိသည်။သူက အံကြိတ်လိုက်ပြီး တံခါးဆီ တိုးသွားလိုက်လေသည်။သူ တံခါးနား ကပ်သွားသည်နှင့် လက်တံများသည် သူ့အား မတိုက်ခိုက်တော့ပေ။အခြားလူသစ်များလည်း အတူတူပင်ဖြစ်သည်။သူတို့အားလုံးကို ဆရာရှက ရွေးချယ်ထားခြင်းဖြစ်သည်။သူတို့သည် လျှင်မြန်စွာတုန့်ပြန်လိုက်ကြပြီး ဘေးကင်းဇုံထဲ ဝင်လိုက်ကြသည်။
ထိုအချိန်တွင် တံခါးစောင့်မှာ ပုံမှန်ဖြစ်သွား၏။သို့သော်လည်း တံခါးဘေးတွင် ဆန်ဖြူပန်းကန်လုံးတစ်လုံး ပြုတ်ကျသွားလေသည်။ ဘယ်သူလုပ်သည်ကို ဘယ်သူမှမသိခဲ့ကြပေ။ ဆန်ဖြူသည် ကြမ်းပြင်ပေါ်မှ သွေးများဖြင့် ရောနှောသွား၏။ကြမ်းပြင်မှ လက်များ တိုးထွက်လာလေသည်။လူသစ်များသည် လက်များကို ရှောင်ရှားရင်း သွေးတံခါးထံ ချည်းကပ်နိုင်ရန် ဖိအားပေးခံနေရသည်။ထိတ်လန့်မှုကြောင့် လူတစ်ယောက်သည် သွေးတံခါးကို မတော်တဆ ထိတွေ့မိလိုက်သည်။တံခါးပေါ်ရှိ သွေးကြောမျှင်များသည် ချက်ချင်းပင် ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ဦးခေါင်းမဲ့တံခါးစောင့်၏ နှလုံးသည် စတင်ခုန်ပေါက်လာတော့သည်။
"တံခါးကို ဖွင့်ကြ ! အသက်ရှင်ဖို့ တံခါးကို တွန်းဖွင့်ဖို့ လိုတယ် ! "
သူတို့ အနောက်မှ ဟဲ့ယီ၏အသံထွက်ပေါ်လာ၏။
"မင်းတို့အားလုံးကို သက်ရှိယဇ်ကောင်တွေအဖြစ် ရွေးချယ်ထားတာပဲ ၊ တံခါးကို မဖွင့်ရင် မင်းတို့ အစားခံရပြီး မင်းတို့ ခြေဖဝါးအောက်က အသားအပိုင်းအစတွေ ဖြစ်လာလိမ့်မယ် ! "
အမှန်တရားသည် မိုးကြိုးကဲ့သို့ ပေါက်ကွဲသွားသည်။လုံခြုံရေးအဖွဲ့ဝင်များသည် သူတို့အား သွေးတံခါးဆီသို့ အတင်းအကြပ်တွန်းပို့ပြီး ဆုတ်ခွာသွားပုံကို ဆုမိုအမှတ်ရလိုက်သည်။
"ငါတို့က အသက်ရှင်ဖို့ တံခါးဖွင့်ရမှာလား ! ဒီတံခါးနောက်မှာ ဘာရှိနေတာလဲ "