မရဏအမိန့်နန်းတော်
Vol. 10 Ch. 131
အခန်း (၁၃၁) : မရဏအမိန့်နန်းတော်
ဤအရာက စစ်ဆေးမှုတစ်ခု ဖြစ်သည့်အတွက် ကျီစုက ညီဖြစ်သူ ပြောသည့်စကားကို သဘောတူလိုက်သည်။ မရဏအမိန့်နန်းတော်က သမိုင်းတစ်လျှောက်လုံး ကမ္ဘာပေါ်တွင် ပြဿနာများကို ဖန်တီးနေခဲ့သည်။ အသင်္ချေအင်ပါယာကမ္ဘာရှိ ဂိုဏ်းအားလုံး ကိုယ်ပိုင်ထောက်လှမ်းသူများ မွေးထုတ်ခြင်းတွင် သူတို့က အကြောင်းအရင်းတစ်ခုအဖြစ် ပါဝင်နေသည်ဟု ပြောနိုင်သည်။
မရဏအမိန့်နန်းတော်၏ လက်ထဲတွင် ဆုံးရှုံးမှုများစွာကို ကြုံတွေ့ရပြီးနောက် ဂိုဏ်းအများစုက သူတို့၏ ကိုယ်ပိုင် ထောက်လှမ်းရေး၊ ထောက်လှမ်းမှုတန်ပြန်ရေး၊ လုပ်ကြံရေး၊ လုပ်ကြံမှုတန်ပြန်ရေးတို့ကို ဖန်တီးခဲ့သည်။
တာအိုအခွင့်အလမ်းဂိုဏ်းတွင် အရိပ်ရှိပြီး တခြားဧကရာဇ်မျိုးရိုးတွင် မဟာကျိုးတော်ဝင်တိုင်းပြည်၏ ကျင်ခပ်သက်တော်စောင့်ကဲ့သို့ ကိုယ်ပိုင်သူလျှိုအဖွဲ့ ထားရှိသည်။
ကျီစုန့် ထိုကဲ့သို့ ပြောလိုက်ရသည့် အကြောင်းအရင်းကလည်း မရဏအမိန့်နန်းတော်သည် ပျက်စီးလုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်။
ရှေးဟောင်း ဧကရာဇ်ခေတ်တုန်းက မရဏအမိန့်နန်းတော်ကို တည်ထောင်သူက လုပ်ကြံသတ်ဖြတ်ခြင်း တာအိုကို ဖန်တီးခဲ့သူဖြစ်သည်။
သူမ၏ခေတ်တွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအချိန် ကျရောက်လာသည့်အခါ ကောင်းကင်ရွေးချယ်ခံအားလုံး ထွက်ပေါ်လာခြင်း မရှိသည်ကို ကမ္ဘာပေါ်ရှိ လူအများက ရုတ်တရက် ရှာဖွေတွေ့ရှိသွားသည်။
သူမ ရုတ်တရက် ထွက်ပေါ်လာကာ တိုက်ပွဲထဲရှိ စစ်သားများကို အလွယ်တကူ သတ်လိုက်ပြီး ကောင်းကင်အလိုဆန္ဒကို ရယူကာ တာအိုကို သက်သေပြပြီး မမြင်နိုင်သော ဧကရာဇ်ဆိုသော ဂုဏ်ပုဒ်ကို ရရှိသွားခဲ့သည်။
စုံစမ်းစစ်ဆေးကြည့်လိုက်သည့်အခါ ထိုခေတ်၏ ကောင်းကင်ရွေးချယ်ခံအားလုံး ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မစတင်ခင် မမြင်နိုင်သော ဧကရာဇ်၏ လျှို့ဝှက်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း ကျင့်ကြံသူများက ရှာဖွေတွေ့ရှိသွားသည်။
ကံမကောင်းစွာဖြင့် အရမ်းနောက်ကျနေပြီဖြစ်ပြီး သူမက အောင်နိုင်သူတစ်ယောက် ဖြစ်နှင့်နေပြီ ဖြစ်သည်။ ဒီလိုနှင့် ကောင်းကင်သားတော် ဧကရာဇ် ပြီးလျှင် ကိုယ်ပျောက်ဧကရာဇ်၏ တာအိုကို သက်သေပြသော နည်းလမ်းက အလွယ်ကူဆုံး ဖြစ်နေခဲ့သည်။
ကိုယ်ပျောက်ဧကရာဇ်က ကျင့်ကြံရေးလမ်းကြောင်းပေါ် မရောက်ခင် သေမျိုးတိုင်းပြည်တစ်ခုအတွက် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်ခဲ့သည်။ သူမ တာဝန်ထမ်းဆောင်သော တိုင်းပြည်၏ နိုင်ငံရေးပြိုင်ဘက်ကို လုပ်ကြံသတ်ဖြတ်လေ့ ရှိခဲ့သည်။
သူမ၏ မူလဇစ်မြစ်ကို သတိတရရှိစေရန် သူမကိုယ်သူမ ဧကရာဇ်ဟု အမည်ခံပြီးနောက် မရဏအမိန့်နန်းတော်ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
မရဏအမိန့်နန်းတော်၏ ဒုတိယဧကရာဇ်က ပထမတစ်ယောက်နှင့် အတော်လေး ခြားနားသည်။ ပုန်းကွယ်သတ်ဖြတ်ခြင်းကို သူ မယုံကြည်ပေ။
အစစ်အမှန် သတ်ဖြတ်သူတစ်ယောက်က ချုံခိုတိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ တိုက်ပွဲအတွင်းတွင် ရန်သူကို သတ်ဖြတ်နိုင်သည့် စွမ်းအားရှိသည်ကို ဆိုလိုကြောင်း ယုံကြည်ထားခဲ့သည်။ သူ၏ တာအိုတစ်ခုလုံးက “ ငါက မင်းကို သတ်တော့မှာ၊ မင်းကို ကြိုပြီး ပြောထားတာမလို့ တားဖို့ ကြိုးစားကြည့်လေ” ဆိုသည့် အကြံကြောင့် တစ်စ တစ်စ ပြောင်းလဲတိုးတက်လာသည်။
ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်းတွင် သူ ထွက်ပေါ်လာပြီး ကောင်းကင်ရွေးချယ်ခံအားလုံးကို ရင်ဆိုင်ခဲ့သည်။ သို့သော် ဘယ်သူကမှ သူ၏ ဓားမြှောင်ကို တားမြစ်နိုင်ခြင်း မရှိပေ။
တာအိုကို သက်သေပြပြီးနောက် ပြိုင်ဘက်ကင်း ဧကရာဇ်ဆိုသည့် နာမည်ကို ရရှိခဲ့သည်။
မရဏအမိန့်နန်းတော် ကွယ်ပျောက်လုနီးပါး ဖြစ်သွားသည့်အကြောင်းအရင်းက ဝူမင်ဟု အမည်ရသော ပြိုင်ဘက်ကင်း ဧကရာဇ်၏ သားကြောင့် ဖြစ်သည်။
ပြိုင်ဘက်ကင်း ဧကရာဇ် တာအိုကို သက်သေပြပြီးနောက် သူ့သားက နောက်မျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်ခဲ့သည်။
ဧကရာဇ်တစ်ပါးက တာအိုကို သက်သေပြပြီးသွားသည့်အခါ ပိုမိုအဆင့်မြင့်သော ဘဝကို ပိုင်ဆိုင်သွားသည့်အတွက် မျိုးဆက် ရရှိတာမျိုးက အရမ်းရှားပါးသည့်အရာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ မျိုးဆက်များက ရုပ်ဆိုးသည့် မကောင်းဆိုးဝါးများ ဖြစ်သွားခြင်း သို့မဟုတ် ကြောက်စရာကောင်းသော အရည်အချင်းများရှိခြင်းတို့ ဖြစ်တတ်သည်။
ဝူမင်လည်း ထိုကဲ့သို့ ဖြစ်ခဲ့သည်။ သူ၏ မွေးဖွားမှုက ဘယ်လောက်ပင် မြင့်မြတ်နေပါစေ ကံမကောင်းစွာဖြင့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် သူ အသက်ရှင်နိုင်ခဲ့သည်။
ထိုအရာက သူ့ကို ခါးသီးစေသည်။ ထို့နောက် သူက မရဏအမိန့်နန်းတော်၏ မူလဇစ်မြစ်ကို စတင်ပြောင်းလဲပစ်တော့သည်။
လေးစားစရာကောင်းသော ဂိုဏ်းတစ်ခုဖြစ်သည့် မရဏအမိန့်နန်းတော်က ပိုက်ဆံနှင့် မူလအရင်းအမြစ်များကိုသာ စိတ်ဝင်စားတော့သည့် စွမ်းအားဆာလောင်နေသော တောခွေးရိုင်းများအဖြစ် ပြောင်းလဲသွားသည်။
တစ်စုံတစ်ယောက်တွင် လုံလောက်သော ပိုက်ဆံသာရှိပါက မရဏအမိန့်နန်းတော်မှ လုပ်ကြံသူကို ငှားရမ်းနိုင်သည်။ မူလကျောက်တုံးနှင့် အရင်းအမြစ်များစွာ ရှိပါက သေမျိုးများပင် ငှားရမ်းနိုင်သော အခြေအနေအထိ ဖြစ်လာခဲ့သည်။
ထို့ကြောင့် အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် လွှမ်းခြုံသွားသည်။ ဂိုဏ်းအားလုံးနှင့် အဖွဲ့များက သူတို့ရန်သူ၏ ကောင်းကင်ရွေးချယ်ခံများကို သတ်ဖြတ်ရန် မရဏအမိန့်နန်းတော်မှ လူများ စတင်ငှားရမ်းလာကြသည်။ မဟာဧကရာဇ်ကို စောင့်ကြည့်ဖို့ လူငှားသည့် အခြေအနေအထိ ရောက်ရှိခဲ့သည်။
ထိုမဟာဧကရာဇ်က ဒေါသထွက်ကာ မရဏအမိန့်နန်းတော်ကို ဖျက်ဆီးဖို့အတွက် ဆုံးဖြတ်ချက် ချလိုက်သော်လည်း ကံမကောင်းစွာဖြင့် ဧကရာဇ်က နန်းတော်၏ ဧကရာဇ်အစီအရင်နှစ်ခုကို မကျော်ဖြတ်နိုင်ခဲ့သည့်အတွက် အရှက်ဒေါသဖြင့် ထွက်သွားခဲ့သည်။
ထိုမဟာဧကရာဇ်အနေဖြင့် မရဏအမိန့်နန်းတော်၏ အစီအရင်ကို ချိုးဖျက်နိုင်သည့် စွမ်းအား မရှိရသည့် အကြောင်းအရင်း တစ်ခု ရှိနေသည်။
ဆက်တိုက်ဖြစ်ပေါ်နေသော လုပ်ကြံသတ်ဖြတ်မှုများကြောင့် အစစ်အမှန် ကောင်းကင်ရွေးချယ်ခံများက အရွယ်ရောက်မလာခင်မှာပင် အသတ်ခံလိုက်ရသည့်အတွက် ထိုခေတ်အခါက မဟာဧကရာဇ်အများစုက သနားစရာကောင်းလောက်အောင် အားနည်းနေခဲ့သည်။
ဂိုဏ်းအားလုံး စိတ်မကျေနပ်ခင်အထိ အရာအားလုံးက ထိုကဲ့သို့ ဆက်လက်ဖြစ်ပွားနေသည်။ ထို့ကြောင့် ဧကရာဇ်မျိုးရိုးများ စုပေါင်းကာ မဟာမိတ် ဖွဲ့လိုက်သည်။ ဧကရာဇ်မျိုးရိုးအားလုံးက မရဏအမိန့်နန်းတော်၏ အကာအကွယ်ကို ဖျက်ဆီးရန် သူတို့၏ ဧကရာဇ်အသုံးအဆောင် ပစ္စည်းများကို အသက်သွင်းလိုက်သည်။
ကံမကောင်းစွာဖြင့် သူတို့ ထိုကဲ့သို့ လုပ်ပြီးနောက် နှစ်သန်းပေါင်းများစွာ ပျောက်ဆုံးနေသည့် ပြိုင်ဘက်ကင်း ဧကရာဇ်၏ မထိတွေ့နိုင်သည့် ဧကရာဇ်၏ ပုံရိပ် ထွက်ပေါ်လာပြီး ကျင့်ကြံသူများကို တားမြစ်ခဲ့သည်။ ဧကရာဇ်က ဂိုဏ်းများကို ဘာမှမလုပ်ခဲ့ဘဲ သူ့သားလုပ်ခဲ့သည့် အမှားများကို ပြန်လည်ပြင်ဆင်ပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်း ဧကရာဇ် ရောက်ရှိလာသည့်အတွက် သူတို့ နန်းတော်ကို ဖျက်ဆီးလို့ မရတော့ကြောင်း သူတို့သိသည်။ သို့သော် လွယ်လွယ်နှင့် နောက်မဆုတ်ခဲ့ကြပေ။
မရဏအမိန့်နန်းတော်၏ ရှေ့မျိုးဆက်များက တခြားဂိုဏ်းများ၏ လူငယ်မျိုးဆက်များကို သတ်ဖြတ်ခြင်း မရှိစေရန် သဘောတူစာချုပ် ချုပ်ဆိုရန် သူတို့ တောင်းဆိုခဲ့သည်။ ထိုအရာကို သဘောမတူပါက ဘယ်လိုတန်ကြေးမျိုးပေးရပါစေ နန်းတော်ကို သူတို့ဖျက်ဆီးပစ်မည် ဖြစ်သည်။
ပြိုင်ဘက်ကင်း ဧကရာဇ်က သဘောတူညီစွာဖြင့် ကောင်းကင်တာအိုကို သက်သေထားပြီး စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်သည်။ ထို့ကြောင့် မရဏအမိန့်နန်းတော်လည်း မျိုးသုန်းပျောက်ကွယ်မှု မဖြစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်ပြီးသွားသည့်အခါ မရဏအမိန့်နန်းတော်လည်း စာချုပ်ကို လိုက်နာကာ တိတ်ဆိတ်စွာ နေသည်။
ကျီညီအစ်ကိုနှစ်ယောက် မရဏအမိန့်နန်းတော်အကြောင်း ဆွေးနွေးနေစဉ် တခြားတစ်နေရာတွင်လည်း တူညီသော အကြောင်းအရာကို ဆွေးနွေးနေကြသည်။
တိုက်ပွဲတိုင်းပြည်ကမ္ဘာနှင့် နီးသော အဆုံးမဲ့လေဟာနယ်ထဲတွင် အစစ်အမှန် အုပ်ချုပ်သူများက တင်ပျဉ်ခွေထိုင်ရင်း တစ်စုံတစ်ခုအကြောင်း ဆွေးနွေးနေကြသည်။
“ ဘာမှမပြောကြတော့ဘူးလား” ဒဏ်ရာများဖြင့် နန်းတော်ဆီ ပြန်သွားသော ကျီချန်းအစား နန်းစွန့်မင်းသား ကျီဟန်က အစားထိုးတာဝန်ယူပေးထားသည်။
“ ဘာပြောရမှာလဲ”
“ မင်းတို့ မဟာဝူက လူတွေက အမြဲတမ်း လျှို့ဝှက်ကြံစည်တတ်တယ်။ မရဏအမိန့်နန်းတော်က လူငှားခဲ့တာ မင်းတို့ဆိုတာ သေချာတယ်။ မင်းတို့ကသာ ရှင်းပြသင့်တာ မဟုတ်ဘူးလား။” အစစ်အမှန်အုပ်ချုပ်သူ ကျီဟန်က ပြန်လည်တုံ့ပြန်လိုက်သည်။
“ အဲဒါကို လုပ်ခဲ့တာက လူငယ်မျိုးဆက်ကဆိုတော့ ငါတို့ လျှို့ဝှက်စည်းမျဉ်းကို မချိုးဖောက်ခဲ့ဘူး”
“ ဉာဏ်များဖို့ မကြံနဲ့။ ဖြစ်တဲ့ပြဿနာက မရဏအမိန့်နန်းတော်က လူတွေကို ဒီစစ်ဆေးမှုထဲမှာ ပါဝင်ခိုင်းဖို့ ငါတို့ရဲ့ ခွင့်ပြုချက်ကို မယူခဲ့ဘူးလေ”
“ အဲဒါကြောင့် ရှင်းပြတာကို နားထောင်ရမှ ဖြစ်မယ်”
“ ကျုပ် မေ့သွားလို့ ဖြစ်မယ်” မဟာဝူတော်ဝင်တိုင်းပြည်၏ အစစ်အမှန်အုပ်ချုပ်သူက ဘာမှဂရုမစိုက်သည့်ပုံစံဖြင့် ပြောလိုက်သည်။
“ ကျုပ်တို့ အံ့ဖွယ်တာအို အဖွဲ့အစည်းအနေနဲ့လည်း ရှင်းပြချက်ကို တောင်းခံတယ်” အံ့ဖွယ်မျိုးနွယ်၏ အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။
သို့သော်လည်း မဟာဝူ၏ အစစ်အမှန်အုပ်ချုပ်သူက ဘာမှမပြောပေ။
“ ယန်းချန် ဘာမှမပြောတော့ဘူးလား။ မင်းရဲ့ ကောင်းကင်ရွေးချယ်ခံလည်း တိုက်ခိုက်ခံခဲ့ရတယ် မဟုတ်လား” ကျီဟန်က မေးလိုက်သည်။
“ ကိစ္စမရှိပါဘူး။ အဆုံးသတ်ရောက်ရင် ကျုပ်ရဲ့ သခင်လေးက ခင်ဗျားတို့အားလုံးကို ဖိနှိပ်ပြီးတော့ ဒီစစ်ဆေးမှုရဲ့ အောင်နိုင်သူ ဖြစ်လာမှာပဲလေ” ယန်းချန်က ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားပြီး ကျီဟန်က နှာခေါင်းသာရှုံ့လိုက်ပြီး ဘာမှပြန်မပြောပေ။ သူက လေဟာနယ်ထဲကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်
“ ကျုပ်ထင်တာကတော့ ခင်ဗျား ဒီနားမှာ ရှိမနေသင့်ဘူး မရဏစိန်။ ဒီစစ်ဆေးမှုက ခင်ဗျားကို မကြိုဆိုဘူး”
ထိုစကားကို ပြောပြီး ခဏအကြာတွင် လေဟာနယ် တုန်ခါသွားကာ လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုရှိနေပြီး ပုံရိပ်ယောင်လိုလို သို့မဟုတ် တည်ရှိမှုမဲ့သလို ဖြစ်နေသည်။
မရဏစိန်က ဘာမှမပြောပဲ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူတို့ရှေ့တွင် လူနှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့က စစ်ဆေးမှုထဲသို့ ပို့ခဲ့သည့် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက် ဖြစ်သည်။ မရဏစိန်က အာကာပြင်လမ်းကြောင်းကို ဖွင့်ပြီးနောက် ထွက်သွားသည်။
အဖြစ်အပျက်တစ်ခုလုံးကို မဟာဝူတော်ဝင်တိုင်းပြည်၏ အစစ်အမှန်အုပ်ချုပ်သူက စောင့်ကြည့်ပြီး တိတ်တဆိတ် အံကြိတ်လိုက်မိသည်။
သူ တစ်ခုခု ပြောချင်သော်လည်း မပြောရဲဖြစ်နေသည်။ အသုံးမဝင်ဖြစ်သွားမှာကိုတော့ ပြောစရာပင် မလိုတော့ပေ။ မရဏအမိန့်နန်းတော်၏ စည်းမျဉ်းတစ်ခုက သူတို့ အလုပ်လုပ်ပေးသော်လည်း ကျရှုံးသွားသည့်အခါ ပိုက်ဆံကို ပြန်အမ်းမည် မဟုတ်ပေ။
ကျရှုံးသွားသည့် ပစ်မှတ်ကို ထပ်မံလုပ်ကြံချင်ပါက အနည်းဆုံး ဆယ်ဆ ပိုပေးရမည် ဖြစ်သည်။
ကျီဟန်က မရဏစိန် ထွက်သွားသည်ကို ကြည့်ပြီးနောက် မဟာဝူ၏ အစစ်အမှန်အုပ်ချုပ်သူကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်
“ အခု ခင်ဗျားတို့ရဲ့ အိမ်ရှေ့စံမင်းသားမှာ သူ့အတွက် ညစ်ပတ်တဲ့ အလုပ်တွေ လုပ်ပေးမဲ့သူ မရှိတော့ဘူးဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်မလဲဆိုတာ မြင်ချင်လိုက်တာ”
“ ဒီလုပ်ကြံမှု အပြီးမှာ ခင်ဗျားတို့က ကျုပ်ရဲ့ အိမ်ရှေ့စံမင်းသားကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီ။ သိပ်မကြာခင်မှာ သူက မဟာဝူတိုင်းပြည်ရဲ့ တံခါးဝကို အမျက်ဒေါသတွေ ယူဆောင်လာလိမ့်မယ်”
ထိုစကားကို ကြားပြီး မဟာဝူ အစစ်အမှန်အုပ်ချုပ်သူ၏ မျက်နှာ မသာမယာဖြစ်သွားသည်။ သူက အိမ်ရှေ့စံမင်းသား၏ လုပ်နိုင်စွမ်းကို သိသည်။ သူက အိမ်ရှေ့စံမင်းသား ကျီစုန့်၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ချက်ချင်း ပြောနိုင်သည်။
သူက ဤစစ်ဆေးမှုကို လက်လွတ်ခံကာ ပါဝင်ယှဉ်ပြိုင်သူများနှင့်အတူ ထွက်သွားချင်သော်လည်း တခြားအစစ်အမှန် အုပ်ချုပ်သူများ၏ အကြည့်ကို မြင်လိုက်ရသောအခါ ထိုကဲ့သို့သော ကိစ္စမျိုးကို ဖြစ်ဖို့ သူတို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်မှန်း သိလိုက်ရသည်။
သူ သက်ပြင်းချကာ ကျီစုန့်နှင့် တိုက်ခိုက်ရန် တတိယမင်းသား စွင်းကျောင်းလုံက အင်အားအလုံအလောက်ရှိဖို့သာ ဆုတောင်းလိုက်တော့သည်။ အနည်းဆုံးတော့ အိမ်ရှေ့စံမင်းသား စွင်းဝမ် အကြံထုတ်ချိန်ရောက်အောင် အချိန်ဆွဲထားနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။