← Chapters

စစ်ခုန်ချင်းနှစ်ယောက်

Vol. 25 Ch. 356

စစ်ခုန်ချင်းနှစ်ယောက်

Vol. 25 Ch. 356

အခန်း (၃၅၆) စစ်ခုန်ချင်းနှစ်ယောက်

ရွှီဖေးသည် အမြဲတမ်းရင့်ကျက်တည်ငြိမ်သလို အရည်အချင်းရှိသူလည်း ဖြစ်သည်။ ယခုတော့ သူ့ကိုကြည့်ရသည်မှာ အတော်လေး စိတ်မကောင်းဖြစ်နေဟန်ပင်။

သူ့စိတ်များ မတည်မငြိမ်ဖြစ်နေကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။

“ဂိုဏ်းတူအစ်ကို’ရွှီ’...”

ရန်ကျောက်ကဲက ရွှီဖေးကို ခေါ်လိုက်ပြီး စကားဆက်မပြောခင် ခဏမျှ စဉ်းစားနေသည်။

ပြီးမှ...

“အဲဒီတုန်းက ရှီကျွင်းလေးက (၃)နှစ်ပဲ ရှိသေးတာ မဟုတ်လား ၊ အခြေအနေတွေကို နားလည်နိုင်ဦးမှာ မဟုတ်ဘူး ၊ တကယ်လို့ ရှီကျွင်းလေးက ဂိုဏ်းတူအစ်ကိုကြီး’ရှီစုန်းထောင်း’ နဲ့ ပထမဆရာဦးလေးတို့အကြောင်း မေးလာခဲ့ရင်...”

ထိုစကားပြောလိုက်သည့်အချိန် ရန်ကျောက်ကဲအသံက တည်ကြည်လေးနက်နေသည်။

ရွှီဖေးက...

“ဒီနှစ်တွေတစ်လျှောက်လုံး ကျွင်းအာက သေလူလိုမျိုး သတိမေ့နေတာပဲ ၊ ပြင်ပလောကမှ ဖြစ်ပျက်တာတွေကို သူ လုံးဝ မသိဘူး ၊ သူ့အသက်က အခု (၁၀)နှစ်ဆိုပေမယ့် သူ့စိတ်နဲ့မှတ်ဉာဏ်က (၃)နှစ်အရွယ်ပဲ ရှိနေဦးမှာ ၊ အဲဒါကို ပြန်ပြီးထိန်းညှိဖို့ အချိန်လိုအပ်တယ်”

“ဒါပေမဲ့ ကျွင်းအာက ထက်မြက်ပြီးဉာဏ်ကောင်းတဲ့ကလေးပါ ၊ အချိန်ကြာလာတာနဲ့အမျှ တခြားကလေးတွေလို ပုံမှန်အတိုင်းဖြစ်သွားမယ်လို့ ငါ ယုံကြည်တယ် ၊ သူ့စိတ်တွေ ကျန်းကျန်းမာမာ ကြီးပြင်းလာတဲ့အခါ ငါ ဘာကိုမှ လျှို့ဝှက်မထားဘဲ သူ့ကို အကုန်ပြောပြမှာပါ”

ရွှီဖေးက ခေါင်းတစ်ချက်မော့ကာ ပင့်သက်ရှိုက်ရင်း...

“ဂိုဏ်းတူအစ်ကိုကြီး’ရှီစုန်းထောင်း’ အမှောင်ဘက်ခြမ်း ကျရောက်သွားတဲ့ကိစ္စရော နောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကို ငါ ကျွင်းအာကို မချွင်းမချန် ပြောပြမယ်”

ရန်ကျောက်ကဲက တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း...

“ဒါလည်းကောင်းတယ် ၊ မဟုတ်ရင် သိတဲ့သူတွေက သူ့အကြောင်းကို ပြောပြလိုက်မယ်ဆိုရင် ငါတို့က သူ့ကိုလိမ်ထားတယ်တယ်လို့ ခံစားရရင် သူ့စိတ်ထဲ မကျေမနပ်နဲ့ ဒေါသတရားတွေ ဖြစ်လာလိမ့်မယ် ၊ ဒါဆို ကလေးက မကောင်းတဲ့သူတွေအသုံးချတာခံရပြီး လမ်းမှားရောက်သွားနိုင်တယ် ၊ သူ့ကို ဂိုဏ်းတူအစ်ကို’ရှီစုန်း‌‌ထောင်း’ လို မဖြစ်စေချင်ဘူး”

ရန်ကျောက်ကဲက သက်ပြင်းတိုးတိတ်ချရင်း ခေါင်းခါယမ်းသည်။

“အဲဒီလို ဖြစ်လာနိုင်ခြေရှိတယ် မလား”

ရွှီဖေးက ရေခဲခေါင်းတလားကို စိုက်ကြည့်နေရင်း...

“အင်း... ဒါပေမဲ့ ကျွင်းအာက ဆရာ့ရဲ့လုပ်ရပ်ကို နားလည်လက်ခံလာနိုင်ခြေလည်း ရှိပါတယ်”

ရန်ကျောက်ကဲက...

“ဒါကတော့ ဂိုဏ်းတူအစ်ကို’ရွှီ’ ရဲ့ သင်ပြပေးမှုအပေါ် မူတည်တယ် ၊ လူတွေဆိုတာက တူညီတဲ့ကိစ္စရပ်အပေါ်မှာ မတူညီတဲ့နားလည်မှုတွေရှိကြတာ မဟုတ်လား ၊ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အမြင်တွေမတူနိုင်ဘူး ၊ ငါတို့လို အရွယ်ရောက်ပြီးသားလူတွေတောင် ငါတို့ သဘောကျတာနဲ့ သဘောမကျတာရဲ့ကြားမှာ တရားမျှတာအောင် ဆုံးဖြတ်ဖို့ အတော်လေးခက်ခဲတယ် ၊ ကလေးတွေဆိုတာကတော့ ပြောမနေနဲ့တော့”

မည်သည့်အမှားအယွင်းမှမရှိလျှင် ရှီကျွင်းသည် ဝါဒတောင်မှတပည့်တစ်ယောက်ဖြစ်လာပေမည်။ သူက အရည်အချင်းပြည့်မှီသည်ဆိုလျှင် ဝါဒတောင်၏ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်လာနိုင်ပြီး သူ၏ဆရာကတော့ ရွှီဖေးဖြစ်လာမည် ဖြစ်၏။

ဤသည်က ရွှီဖေး၏ တောင်းဆိုချက်ဖြစ်သလို ဝါဒတောင်၏ဆန္ဒလည်း ဖြစ်သည်။

ရွှီဖေးက တိုးတိတ်သည့်လေသံဖြင့်...

“ဆရာတစ်ယောက်အနေနဲ့ ငါကတော့ တာဝန်ကျေအောင် ဆိုဆုံးမရမှာပဲ ၊ ဒါပေမဲ့ ကျွင်းအာက သူ့ဘဝကိုသူ လျှောက်လှမ်းရမှာလေ ၊ တချို့အရာတွေက အတင်းအကျပ် လုပ်ယူလို့မရဘူး”

ရန်ကျောက်ကဲက

“အင်း... အမှန်ပါပဲ”

အချိန်အတန်ကြာသည့်အခါ ရေခဲခေါင်းတလားအတွင်းမှ ရှီကျွင်း၏ခန္ဓာကိုယ်က အသက်ဓာတ်စွမ်းအားများ မြင့်တက်လာသည်ကို ခံစားရသည်။

ရှီကျွင်း၏ မျက်လုံးများက မှေးမှိတ်နေဆဲဖြစ်သော်လည်း မျက်တောင်လေးများလှုပ်ရှားသွားပြီး မျက်ခွံအောက်မှ မျက်ဆံက ရွေ့လျားသွားသည်။

ရန်ကျောက်ကဲက...

“သူ...သတိရလာပြီ”

ရန်ကျောက်ကဲရော ရွှီဖေးပါ စိတ်အားထက်သန်လာကြသည်။

ရန်ကျောက်ကဲက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အခန်းထဲရှိ သေးငယ်သောဝိညာဉ်အစီအရင်က ချက်ချင်းပင် လှည့်ပတ်လာပြီး ဝိညာဉ်သင်္ကေတများ တောက်ပလာသည်။

ဝိညာဉ်အစီအရင်မှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက သဏ္ဌန်မရှိသည့်တိုင်ထိတွေ့ခံစားနိုင်သည့် အသက်ဓာတ်စွမ်းအားများ ပါဝင်နေသည်။

ထို့နောက် ရန်ကျောက်ကဲက ရေခဲခေါင်းတလားကို လက်ဖြင့်အသာဖိလိုက်သည့်အခါ ထို အသက်ဓာတ်စွမ်းအားများက ရေခဲခေါင်းတလားအတွင်း စီးဆင်းဝင်ရောက်ကာ တစ်သားတည်း ပေါင်းစပ်သွားသည်။

ရေခဲခေါင်းတလားအတွင်းမှ ကလေးငယ်၏ရုပ်ခန္ဓာတစ်ချက်လှုပ်ရှားသွားပြီး မျက်လုံးများပွင့်ဟလာသည်။

ဤသည်ကိုမြင်တော့မှ ရန်ကျောက်ကဲနှင့်ရွှီဖေးတို့ အကြည့်ချင်းဖလှယ်လိုက်ကြရင်း သက်ပြင်းကိုယ်စီချမိကြသည်။ ရှီကျွင်း သတိရလာမည့်အချိန်ကိုစောင့်ဆိုင်းရသည်မှာ တစ်ဘဝလုံးစာ အချိန်ကုန်ဆုံးသွားသည့်အလား ကြာရှည်လွန်းသည်ဟု ခံစားကြရသည် မဟုတ်ပါလား။

ကလေးငယ်က အိပ်ယာမှနိုးလာသည့်အလား မျက်လုံးများကို ပွတ်သပ်ရင်း ထထိုင်ရန် ဟန်ပြင်သည်။

ရန်ကျောက်ကဲက ချက်ချင်းပင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ခေါင်းတစ်လားအဖုံးကို ဖွင့်ပေးလိုက်တော့ ကလေးငယ်က သူတို့နှစ်ယောက်ကို အူကြောင်ကြောင်ဖြင့် ငေးကြည့်နေသည်။

လူကြီးနှစ်ယောက် ၊ ကလေးတစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချိန်ကြာမြင့်စွာ စိုက်ကြည့်နေကြပြီးမှ ကောင်လေးက တဖြည်းဖြည်း သတိပြန်ဝင်လာပြီး ရွှီဖေးကို အရင်ဆုံး ပြုံးပြသည်။

“ဦးလေး’ရွှီ’”

ထို့နောက် သူက မရေမရာဖြင့် ရန်ကျောက်ကဲကို ကြည့်နေရင်း...

“ဦးလေး’ရန်’ လား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အမှန်ပဲ...”

ရှီကျွင်းက ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး ငယ်စဉ်ကပင် လူများကို မှတ်သားထားနိုင်စွမ်းရှိသည်။

သို့သော် သူတို့ နောက်ဆုံးတွေ့ခဲ့ကြစဉ်က ရန်ကျောက်ကဲက အသက် (၁၀)နှစ်ကျော်ခန် လူငယ်လေးတစ်ယောက်ဖြစ်သည်။ ယခုတော့ အသက် (၂၀)ကျော်အရွယ် ရှိနေပြီဖြစ်ရာ အသွင်အပြင် အနည်းငယ် ပြောင်းလဲသွားသဖြင့် ရှီကျွင်းက သူ့ကို ချက်ချင်းမမှတ်မိနိုင်ဖြစ်ရခြင်းပင်။

ရန်ကျောက်ကဲ၏အဖြေစကားကိုကြားတော့ ရှီကျွင်းက ချင်းချင်းပင် ပျော်ရွှင်စွာ ပြုံးရယ်ပြသည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း...

“အဖေနဲ့အမေရောဟင်... ပြီးတော့ အဘိုးရော”

ရန်ကျောက်ကဲက ရွှီ‌ဖေးကိုလှည့်ကြည့်ပြီး...

“ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ မင်းပဲ ရှင်းပြလိုက်တော့”

ရန်ကျောက်ကဲက ရှီကျွင်း၏မိခင် ယင်ယွီကျန်း၏ရုပ်ခန္ဓာထည့်ထားသော ရေခဲခေါင်းတလားကိုလည်း ရွှီဖေးထံ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သူ့စကားကိုကြားတော့ ရွှီဖေးက ခေါင်းညိတ်ရင်း ရှီကျွင်းကို ရေခဲခေါင်းတလားအတွင်းမှ ပွေ့ချီကာ ထုတ်လိုက်သည်။ ထိုအခါမှ ရှီကျွင်းမှာ သူ၏ခန္ဓာကိုယ်က ခါတိုင်းလိုမဟုတ်ဘဲ လက်များခြေထောက်များ ကြီးထွားနေသည်ကို အံ့အားသင့်စွာသိလိုက်ရပြီး သူ့ကိုယ်သူ ပြန်ငုံ့ကြည့်နေလေသည်။

ရှီကျွင်းလေးနှင့် ခဏမျှ အဖော်လုပ်ပြီးနောက် ရန်ကျောက်ကဲက အခန်းထဲမှထွက်လာခဲ့သည်။ ကျန်သည့်ကိစ္စကို ရွှီဖေး ဖြေရှင်းပေလိမ့်မည်။

သူ ခြံဝင်းထဲဆင်းလာခဲ့သည်။

အချိန်က နံနက်အရုဏ်တက်ချိန် ဖြစ်လေရာ အရှေ့ဆီမှ ထွန်းလင်းစ နေမင်းကြီးကို တွေ့မြင်ရသည်။ ယနေ့ထွက်ပေါ်လာသည့် နေမင်းကြီးက ခါတိုင်းထက် ထူးခြားနေသယောင် ထင်မှတ်ရသည်ပင်။

ရန်ကျောက်ကဲက နေထွက်လာသည်ကို ငေးကြည့်ရင်း...

“နေထွက်လာတာကိုမြင်ရတာ ကောင်းလိုက်တာ ၊ မနက်ခင်း နေ့သစ်တစ်ခု မွေးဖွားလာတာပဲ”

ထိုအချိန် အားဟူ ခြံဝင်းထဲဝင်လာသည်။

သူက ရန်ကျောက်ကဲကိုမြင်တော့ အခြေအနေ သဘောပေါက်သွားဟန်ဖြင့်...

“သခင်လေး ၊ ရှီကျွင်းလေး သတိရလာပြီလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... ဂိုဏ်းတူအစ်ကို’ရွှီ’ က အခန်းထဲမှာ သူ့ကို ဂရုစိုက်ပေးနေတယ်”

အားဟူက ရိုးရှင်းစွာ ရယ်မောလိုက်ရင်း...

“တော်သေးတယ် ၊ အခုလိုဆိုတော့ အကြီးအကဲ’ရှီ’ လည်း အေးချမ်းစွာ အနားယူနိုင်ပြီပေါ့”

ရန်ကျောက်ကဲက...

“ဒါနဲ့ မင်းငါ့ကိုလာရှာတာ မဟုတ်လား ၊ ဘာကိစ္စရှိလို့လဲ”

အားဟူအမူအရာက အနည်းငယ် ထူးဆန်းသွားပြီး...

“အင်း... သခင်လေး ၊ ကျွန်တော် မြို့ထဲလျှောက်သွားတုန်း အတော်လေးထူးဆန်းတဲ့ သတင်းတစ်ခု ရခဲ့တယ်”

“ကျောက်သားမြို့တော်” သို့ ရောက်ကတည်းက အားဟူက ရက်အတန်ကြာတွင်းအောင်းနေခဲ့သည်။ အပြင်သို့မထွက်ဘဲ သူ့ခန္ဓာကိုယ်ထဲမှ နဂါးသွေးများကိုသန့်စင်ပြီး ဝိညာဉ်စွမ်းအားကို စုပ်ယူနေခဲ့သည်။ နောက်ဆုံးတော့ အပြာရောင်ဘီလူးကြီးပမာဖြစ်နေသော သူ့အသွင်အပြင်လည်း ပျောက်ကွယ်သွားတော့သည်။

ထိုအခါမှ သူ့မှာ လူကြားထဲသွားရဲခြင်း ဖြစ်သည်။ မဟုတ်ပါက တစ်ကိုယ်လုံး အပြာရောင်တောက်နေသည့်သူ့ကို လူများဝိုင်းကြည့်ကြသဖြင့် အော်ငိုချင်စိတ်ပေါက်နေခဲ့သည်ပင်။

အားဟူက...

“သခင်လေး... ကျောက်သားမြို့တော်က ပင်လယ်လုပ်သားတစ်ယောက်ပြောတာ ၊ သူ မြောက်ပင်လယ်ဘက်ခရီးထွက်ရင်း မိန်းကလေး’စစ်ခုန်’ နဲ့ တွေ့ခဲ့တယ်တဲ့”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးဟန်ဖြင့်...

“ဂိုဏ်းတူညီမလေး ‘စစ်ခုန်’ မဟုတ်လား ၊ သူက ပြင်ပလောကကို လေ့လာရေးထွက်ချင်တယ်ဆိုလို့ ကျောက်စိမ်းပင်လယ်မြို့တော်က ညီမလေး ‘လီကျင်းဝမ်’ တို့နဲ့ လိုက်သွားတာလေ ၊ ရေနယ်မြေကိုရောက်မှတော့ ပင်လယ်ထဲမှာ သူ့ကိုတွေ့တာ မဆန်းပါဘူး”

သူက ဆက်ပြောသည်။

“ဒီနေရာက အန္တရယ်များပေမယ့် ဒါက သူကိုယ်တိုင်ရွေးချယ်တဲ့လမ်းဖြစ်လို့ ငါလည်း ဘာမှမပြောနိုင်ဘူး”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“သခင်လေး... မိန်းကလေး’စစ်ခုန်’ က ပြင်ပလောကကို လေ့လာချင်လို့ ခရီးထွက်ရင်း ပင်လယ်လုပ်သားတစ်ယောက်နဲ့တွေ့တာ မဆန်းပါဘူး ၊ ဒါပေမဲ့ ထူးဆန်းတာက အဲဒီလူက မိန်းကလေး’စစ်ခုန်’ နှစ်ယောက်ကို တွေ့ခဲ့တာ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်ရင်း...

“ဟမ်... အမြွှာညီအစ်မတွေများလား ၊ ဒါကတော့ မျှော်လင့်မထားတဲ့ကိစ္စပဲ ၊ ဂိုဏ်းတူညီမလေး’စစ်ခုန်’က ငယ်ငယ်ထဲက တောင်ပေါ်ရောက်လာတဲ့ မိဘမဲ့တစ်ယောက်လေ ၊ သူ့မှာ ဆွေမျိုးတွေရှိတယ်လည်း မကြားမိပါဘူး ၊ ဒါပေမဲ့ ပင်လယ်ဒေသမှာ သူ့အမျိုးအဆွေတွေကို ပြန်ရှာတွေ့တယ်ဆိုရင်လည်း ဝမ်းသာစရာကိစ္စပဲပေါ့”

အားဟူက နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...

“ဒါပေမဲ့ သခင်လေး... ၊ အဲဒီ ပင်လယ်လုပ်သားပြောတာတော့... မိန်းကလေး’စစ်ခုန်’ နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေတာတဲ့”

ခဏနားပြီးမှ အားဟူက လေသံတိုးတိုးဖြင့်...

“တိုက်ခိုက်တာမှ ရိုးရိုးတောင်မဟုတ်ဘူး ၊ သူသေကိုယ်သေ တိုက်နေတာတဲ့”

All Chapters