← Chapters

ကောင်းကင်ရွေးချယ်ခံတို့၏ တိုက်ပွဲ

Vol. 10 Ch. 133

ကောင်းကင်ရွေးချယ်ခံတို့၏ တိုက်ပွဲ

Vol. 10 Ch. 133

အခန်း (၁၃၃) : ကောင်းကင်ရွေးချယ်ခံတို့၏ တိုက်ပွဲ

ဖန်းလီကျွမ်းက မြို့တံတိုင်းထိပ်တွင် မတ်တပ်ရပ်နေပြီး မဟာရှားမှ လူများက အပြင်ဘက်တွင် နားနေသည်ကို ကြည့်လိုက်သည်။ အကြည့်ထဲတွင် ကြောက်စရာကောင်းသော တိုက်ခိုက်လိုစိတ်ရှိကာ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ချောမောသော အမျိုးသားကို သူမ စိုက်ကြည့်လိုက်သည်။

သို့သော် တိုက်ခိုက်လိုစိတ်က တဖြည်းဖြည်းချင်း သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားသည်ကို ဖန်းလီကျွမ်း ခံစားလိုက်မိသည်။ သူမ၏ အေးစက်သောအကြည့်များဖြင့် အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် စစ်သူကြီးကို စေ့စေ့စိုက်စိုက်ကြည့်ရင်း မေးလိုက်သည်

“ အဲဒါ သူလား။ တိုက်ပွဲရူးခန္ဓာရဲ့ပိုင်ရှင်လား” သူမက အစေခံတစ်ယောက်ကို မေးမြန်းလိုက်သည်။

“ ဟုတ်ပါတယ် ဘုရင်မ။ သူက သခင်လေး လီကျွင်းပါ။ ဧကရီသာ သူ့ကို ဟန့်တားနိုင်ရန် ကျွန်မတို့ရဲ့ လူတွေက သူ့ရဲ့ လက်အောက်ခံတွေကို ထိန်းသိမ်းလိုက်ပါလိမ့်မယ်”

ဖန်းလီကျွမ်းက ခေါင်းညိတ်ပြကာ မီတာ ၃၀၀ ကျော်အမြင့်သို့ ခုန်လိုက်ပြီး ငှက်မွေးလေးကဲ့သို့ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။

ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် မီတာရာကျော် ရောက်ရှိသွားပြီး မဟာရှားစစ်တပ်နှင့် သိပ်မဝေးသော နေရာသို့ ရောက်သွားသည်။

သူမ စစ်တပ်အရှေ့ ရောက်သွားသည့်အခါ ပုခုံးပေါ်တွင် လှံကိုတင်ကာ စောင့်နေသည့် မတ်တပ်ရပ်နေသော လီကျွင်းကို မြင်လိုက်ရသည်။ သူမ သိပ်ပြီး အံ့ဩခြင်း မရှိပေ။ ဤတိုက်ပွဲရူးခန္ဓာသာ သူမ၏ အရှိန်ကို လိုက်မမှီပါက ဤတိုက်ခိုက်မှုက တတ်နိုင်သမျှ မြန်မြန်သွားလို့ရမည်ဟု သူမ မျှော်လင့်မိသည်။

လီကျွင်းက ဘုရင်မဖန်း၏ အလှကို လက်တွေ့ တွေ့လိုက်ရသည့်အခါ အံ့ဩမှင်သက်သွားမိသည်။ သူက သူမ၏ ပုံကို မြင်ဖူးသော်လည်း အပြင်မှာ တွေ့လိုက်ရသည်က ဘာနှင့်မျှ လဲလို့ မရနိုင်ပေ။ ပုံက သူမ၏ မြင့်မြတ်ပြီး အံ့ဖွယ်ဖြစ်သော သဘာဝကို မဖမ်းနိုင်ပေ။

သို့သော် လီကျွင်းက သူမကို ပြိုင်ဖက်တစ်ယောက်အနေဖြင့် သူမကို ပေါ့ပေါ့တန်တန် သဘောမထားပေ။ သူက လှပသောအမျိုးသမီးများကို သဘောကျနှစ်သက်သော်လည်း သူ့ကိုယ်သူ ဘယ်အချိန်မှာ ထိန်းချုပ်ရမလဲဆိုတာကို သိသည်။

“ ဒီနတ်ဘုရားမက ရှင် ကျွန်မတို့ တိုင်းပြည်အပေါ် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အရမ်းစိတ်မကောင်းဖြစ်နေတာ။ အဲဒါကြောင့် ရှင် ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာ ပြကြည့်ပါဦး”

လီကျွင်းက ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောပေ။ သူက မူလချီကို အသက်သွင်းကာ လှံတံကို ကြက်သွေးရောင်အဖြစ် ပြောင်းလဲစေပြီး ဖန်းလီကျွမ်းဆီ အရှိန်ဖြင့် ပြေးကာ လည်ပင်းကို ထိုးစိုက်ဖို့ ပြင်လိုက်သည်။

လီကျွင်းက သနားညှာတာခြင်းလည်း မရှိသလို သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်းချုပ်ထားခြင်း မရှိပေ။ ဖန်းလီကျွမ်းကလည်း သူ့လိုမျိုး ကောင်းကင်ရွေးချယ်ခံ အစစ်အမှန် ဖြစ်ကြောင်းကို သိထားသည့်အတွက် ဤတိုက်ပွဲကို အနိုင်ရဖို့ အခွင့်အရေးရန် အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်သည်။

ဖန်းလီကျွမ်းက ထိုတိုက်ခိုက်မှုကြောင့် တွန့်ဆုတ်သွားခြင်း မရှိပေ။ သူမ၏ သေးသွယ်သောလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည့်အခါ သူမ၏ ရှေ့တွင် အဖြူရောင် သလင်းကျောက်ဆောင် နံရံတစ်ခု ထွက်ပေါ်လာသည်။

လီကျွင်း၏ လှံတံက သလင်းကျောက်နံရံကို သွားထိသည့်အခါ နံရံက ချက်ချင်းပြိုကျသွားတာမျိုး မဟုတ်ဘဲ အက်ကြောင်းများသာ အရင် ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာသွားသောအခါ သလင်းကျောက်နံရံက အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားသည်။

သို့သော် ထိုအပိုင်းအစများက ဖြစ်သလို ပြိုကွဲသွားခြင်းမဟုတ်ဘဲ လေထဲတွင် မြောနေပြီး ချွန်ထက်သော တုတ်ချောင်းများအဖြစ် ပြောင်းလဲသွားကာ ဖန်းလီကျွမ်း၏ ထိန်းချုပ်မှုအောက်တွင် လီကျွင်းဆီသို့ ပျံသန်းသွားသည်။

လီကျွင်းက ကောင်းကင်ကို ဖုံးအုပ်ထားသည့် သလင်းကျောက်ချွန်များကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တိုက်ခိုက်မှုကို ဟန့်တားရန် လှံတံက စက်ဝိုင်းပုံစံ ရွေ့လျားလိုက်သည်။

ချွန်ထက်သော သလင်းကျောက်များက လီကျွင်းအပေါ်သို့ မိုးရေစက်များကဲ့သို့ ကျရောက်လာသည်။ လှံတံကို လျင်မြန်စွာ လည်ပတ်စေသည့်အတွက် သလင်းကျောက်ချွန် အများစုကို တားဆီးနိုင်လိုက်ပြီး အချို့ကတော့ ချပ်ဝတ်တန်ဆာကို ဖောက်ကာ အရေပြားကို ဖြတ်သွားသည်။

သို့သော် လီကျွင်းက ထိုကဲ့သို့သော ဒဏ်ရာအသေးအမွှားကို လျစ်လျူရှုလိုက်သည်။ သူ သလင်းကျောက်ချွန်များကို ဟန့်တားပြီးသွားသည့်အခါ ဓားကို ချက်ချင်းဝှေ့ယမ်းလိုက်ပြီး ဖန်းလီကျွမ်းဆီသို့ ကြီးမားသော ခုတ်ချက်တစ်ခုကို ဖန်တီးလိုက်သည်။

ဘုရင်မက သူမ၏ လက်ကို တစ်ခါထပ်မံဝှေ့ယမ်းလိုက်ကာ အဖြူရောင် သလင်းကျောက်ဆောင် တစ်ခု ထပ်မံထွက်ပေါ်လာကာ တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်ပြန်သည်။ လီကျွင်းက သူ့နေရာမှ ပျောက်သွားသည့်အတွက် တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာကို သူမ ချက်ချင်း သတိထားမိလိုက်သည်။

ဖန်းလီကျွမ်းက ရုတ်တရက် အနောက်ဖက်မှ အန္တရာယ်ကို ခံစားမိသည့်အတွက် လှည့်ကြည့်လိုက်သည်။ လီကျွင်း၏ အနီရောင်လှံတံက သူမ၏ လည်ချောင်းနား ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်း မျက်လုံးများပင် ပြူးကျယ်သွားမိသည်။

အနည်းငယ် တွေဝေခြင်းနှင့်အတူ သူမ လက်မောင်းကို မြှောက်လိုက်သည့်အခါ သလင်းကျောက်ဆောင် ချက်ချင်း ထွက်ပေါ်လာကာ တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။

တိုက်ခိုက်မှုအများစုကို ဟန့်တားလိုက်နိုင်သော်လည်း ဖန်းလီကျွမ်း၏ အရေပြားလည်း ထိုးမိသွားကာ ဒဏ်ရာရသွားသည်။ ထို့အပြင် ဓားခုတ်ချက်ကြောင့် လီကျွင်းနှင့် မီတာအနည်းငယ် ဝေးသည့်နေရာသို့ လွင့်ထွက်သွားသည်။

ဖန်းလီကျွမ်းက သူမ၏ သွေးထွက်နေသော အရေပြားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး လီကျွင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်

“ ရှင် ဘုရင်မရဲ့ အံ့ဖွယ်ခန္ဓာကို ဒဏ်ရာရအောင် လုပ်တာ ယုံတောင် မယုံနိုင်ဘူး”

“ ဒဏ်ရာမရချင်ရင် တိုက်ပွဲမှာ မပါနဲ့လေ။ မင်းရဲ့ နောက်ခံနဲ့ဆိုရင် တစ်သက်လုံး ချမ်းချမ်းသာသာနေသွားဖို့ အရမ်းလွယ်ကူမှာပဲ”

“ ရှင် ပြောတာမှန်ပါတယ်” ဖန်းလီကျွမ်းက အေးစက်ပြီး ရက်စက်သော အပြုံး ပြုံးပြကာ ပြောလိုက်သည်

“ ကဲပါ သွေးပူလေ့ကျင့်ခန်းကို ရပ်လိုက်ရအောင်”

ထို့နောက် သူမ၏ မျက်လုံးများက ရုတ်တရက် အဖြူရောင် ပြောင်းသွားကာ အံ့ဖွယ်သဘောထားလည်း တိုးပွားလာသည်။ သူမကို ကြည့်လိုက်သူအားလုံး ဒူးထောက်ကာ သူမကို ကိုးကွယ်လိုသည့် ဆန္ဒပင် ရှိသွားနိုင်သည်။

ထို့နောက် သလင်းကျောက် ချပ်ဝတ်တန်ဆာက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး မျက်လုံးကိုသာ ချန်ထားခဲ့သည်။ သို့သော် သူမ၏ မျက်လုံးများကလည်း သလင်းကျောက်များကဲ့သို့ စတင် တောက်ပလာသည်။ ထိုသလင်းကျောက်များနှင့် ချပ်ဝတ်တန်ဆာမှ ကွာခြားနေသည့် တစ်ခုတည်းသော အရာက အဖြူရောင် ဖြစ်ရမည့်အစား အပြာရောင် ဖြစ်နေခြင်း ဖြစ်၏။

အပြာရောင် သလင်းကျောက် ချပ်ဝတ်တန်ဆာက အလှပဆုံးသော အနုပညာ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုအရာကို ပြုလုပ်ရန် နတ်ဘုရားများကိုယ်တိုင် အချိန်ယူထားပုံပေါ်သည်။

ထိုအရာကို မြင်လိုက်ရသည့်အခါ လီကျွင်း ပိုပြီး လေးနက်လာသည်။ ဖန်းလီကျွမ်းက မျိုးရိုးစွမ်းအားကို အသက်သွင်းလိုက်ကြောင်း သူ သိသည်။ ထိုအရာက ထိုတိုက်ခိုက်မှုကို သူမက လေးနက်စွာ သဘောထားနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် သူလည်း မတိုက်ခိုက်ခင် ပိုမိုလေးနက်စွာ ပြင်ဆင်ဖို့ အချိန်ယူပြီး ပြောလိုက်သည်

“ သေချာအလေးအနက် တိုက်ခိုက်ဖို့က အဆင်ပြေပါတယ်။ ဒါပေမဲ့ တိုက်ပွဲကွင်းပြင်ကိုတော့ တခြားနေရာ ရွှေ့တာ ကောင်းမယ်”

ထိုစကားကိုကြားပြီး ဖန်းလီကျွမ်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ သူတို့၏ ခဏတာ ရင်ဆိုင်တိုက်ခိုက်မှုက ဘေးပတ်လည်ရှိ ပိုင်နက်ကို ဖျက်ဆီးထားသည်ကို သတိထားလိုက်မိသည်။ သလင်းကျောက်များ နေရာအနှံ့ပြန့်ကျဲနေကာ သူမ ပြုလုပ်ထားသော သလင်းကျောက်နံရံကလည်း ရှိနေသေးသည်။

ဒီထက်ပိုပြီး အရေးကြီးသည်က မဟာရှား၏ စစ်သားများက သူတို့တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်ကြောင့် မသေစေရန် အဝေးသို့ ထွက်ပြေးနေရသည်။

ဖန်းလီကျွမ်းက လီကျွင်း၏ စစ်သားများအပေါ် စိုးရိမ်စိတ်ကို နားလည်သည့်အတွက် တိုက်ပွဲကို အနီးအနားရှိ တောအုပ်ထဲသို့ ရွှေ့ပြောင်းရန် သဘောတူလိုက်သည်။ ဒါက သူမ၏ နတ်ဘုရား စိတ်နှလုံးသားကြောင့် သဘောတူလိုက်ခြင်း မဟုတ်ပေ။

သူမသာ မဟာရှားစစ်သားများကို ထိခိုက်အောင် လုပ်ရန် ဤနေရာတွင်သာ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက လီကျွင်းက သူမ၏ စစ်တပ်ထဲ ပြေးဝင်ပြီး အားလုံးကို သတ်ပစ်နိုင်သည်။ ထိုကဲ့သို့ ဖြစ်လာပါက ဖန်းလီကျွမ်းအနေဖြင့် သူ့ကို ဟန့်တားရမလား ထိုစစ်သားများကို ဆက်လက် သတ်ဖြတ်ရမလားဆိုတာ ဆုံးဖြတ်ဖို့ လိုလာလိမ့်မည်။

ဖန်းလီကျွမ်းက ဂုဏ်မောက်သူ တစ်ယောက်ဖြစ်သည့်အတွက် ထိုကဲ့သို့သော အောက်တန်းကျသည့် နည်းလမ်းများကို အသုံးမပြုချင်ပေ။ ထို့ကြောင့် နောက်ထပ် တစ်နေရာ ပြောင်းရွှေ့ဖို့အတွက် သဘောတူလိုက်ခြင်း ဖြစ်သည်။

သဘောတူညီမှု ပြီးသွားသည့်အခါ သူတို့နှစ်ယောက်လုံးက မြို့နှင့် သိပ်မဝေးသော တောအုပ်ထဲသို့ ဝင်သွားကာ ဆက်လက် တိုက်ခိုက်ကြသည်။

လီကျွင်းက လှံဖြင့် ထိုးကာ ပထမဆုံး စတင်တိုက်ခိုက်လိုက်သည်။ သူ့ဆီမှာ မီတာတစ်ရာ ရှည်လျားသော လှံပုံရိပ် ထွက်ပေါ်လာကာ မကျော်လွန်နိုင် ဖြစ်နေသည့် ဖန်းလီကျွမ်းဆီ အရှိန်ဖြင့် သွားလိုက်သည်။

သူမ လက်ယမ်းလိုက်သည့်အခါ ဧရာမ အပြာရောင် သလင်းကျောက်ဓား ပုံရိပ် ထွက်ပေါ်လာပြီး သူမဆီ ဦးတည်လာနေသော လှံတံနှင့် ထိတိုက်မိသွားသည်။ တိုက်ခိုက်မှုနှစ်ခုက အချင်းချင်း ဟန့်တားလိုက်နိုင်သော်လည်း သူတို့ကတော့ ရပ်တန့်ခြင်း မရှိပေ။

သူတို့နှစ်ယောက် အရှိန်ဖြင့် ပြေးလာကာ ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။ လီကျွင်းက လှံတံကို လွှဲယမ်းလိုက်သည့်အချိန်တွင် ဖန်းလီကျွမ်းက သိုလှောင်လက်စွပ်ထဲမှ ဓားကို လက်နက်အဖြစ် ထုတ်လိုက်သည်။

ဓားကို သူမ၏ အပြာရောင် သလင်းကျောက်ဖြင့် ဖုံးအုပ်လိုက်ပြီး လီကျွင်း၏ လှံတံနှင့် တိုက်ခိုက်လိုက်သည်။

ဝုန်း…ဝုန်း…ဝုန်း…

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် လေထုတုန်ရီလာကာ မြေပြင်လည်း တုန်ခါလာသည်။ သူတို့ကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်က မီတာ ၅၀၀ ဝန်းကျင်ရှိ သစ်ပင်များအားလုံးကို လွင့်ထွက်သွားစေပြီး အနီးအနားရှိ တိရစ္ဆာန်များအားလုံးလည်း သေသွားလေသည်။

သူတို့ သွားရာလမ်းတစ်လျှောက်လုံးတွင် ဖုန်မှုန့်များနှင့်အတူ လဲကျပျက်စီးနေသော သစ်ပင်များကို တွေ့နိုင်သည်။ သို့သော် သူတို့နှစ်ယောက်လုံးက ထိုအရာများကို ဂရုမစိုက်ပေ။

လီကျွင်းက ဖန်းလီကျွမ်းကို အသာစီးရအောင် မတိုက်ခိုက်နိုင်သေးသော်လည်း သူမ၏ တိုက်ကွက်များကို သေချာလေ့လာကာ အားနည်းချက်ကို ရှာဖွေနေသည်။ ကံမကောင်းစွာဖြင့် ဘာပြစ်ချက်မှ မရှိသည့်အတွက် တစ်ခုဖန်တီးဖို့ ဆုံးဖြတ်လိုက်သည်။

သူက ဖန်းလီကျွမ်း၏ ဓားနှင့် ထပ်မံ တွေ့ဆုံသော်လည်း ယခုတစ်ခေါက် မူလချီပမာဏကို တိုးမြှင့်လိုက်ပြီး သူမ၏ ဓားကို လမ်းကြောင်းမှ အနည်းငယ် သွေဖယ်သွားစေသည်။

ထိုတိုက်ကွက်က ဖန်းလီကျွမ်း၏ လှုပ်ရှားမှုကို အနည်းငယ် ဟန့်တားသလို ဖြစ်သွားသည်။ သို့သော် ထိုအချိန်ခဏတာက လီကျွင်းလိုအပ်သည့် အချိန်ပမာဏတစ်ခု ဖြစ်သည်။

ထို့နောက် တွေဝေခြင်းမရှိဘဲ လှံတံဖြင့် သူမ၏ ဗိုက်ကို ရိုက်ချလိုက်သည့်အခါ သူမ အဝေးသို့ လွင့်ထွက်သွားသည်။

ဝုန်း…

ဖန်းလီကျွမ်း အဝေးသို့ လွင့်ထွက်သွားကာ မရေတွက်နိုင်သော သစ်ပင်များကို တိုက်မိကာ သူမ၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးမိသွားသည်။ ထို့နောက် သူတို့တိုက်ခိုက်သည့်နေရာနှင့် မီတာရာကျော် ကွာဝေးသည့် မြစ်ထဲသို့ ဆင်းသက်သွားသည်။

အားကောင်းသော တိုက်ကွက်ကို အောင်မြင်စွာ တိုက်ခိုက်လိုက်နိုင်သော်လည်း သူ့တိုက်ခိုက်မှုအားလုံးကို သလင်းကျောက် ချပ်ဝတ်တန်ဆာက ခံပေးနေသည့်အတွက် လီကျွင်း သိပ်ပြီး မပျော်ပေ။

စက္ကန့်အနည်းငယ်အကြာတွင် ဖန်းလီကျွမ်းက အက်ကြောင်းများရှိနေသော သလင်းကျောက်ချပ်ဝတ်တန်ဆာနှင့်အတူ မြစ်ကြမ်းပြင်မှ ထလာသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အစင်းရာတစ်ခုလေးတောင် မရှိပေ။

သူမ၏ သလင်းကျောက် မျက်လုံးများဖြင့် လီကျွင်းရှိရာဘက်သို့ စိုက်ကြည့်ကာ လုံးဝ ရပ်တန့်ခြင်းမရှိဘဲ ပြေးလာသည်။ တိုက်ပွဲ စတင်ခါစ ဖြစ်သည့်အတွက် ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်ကြောင်း မရှင်းလင်းသေးပေ။

All Chapters