← Chapters

ကောင်းကင် ရွေးချယ်ခံတို့၏ တိုက်ပွဲ

Vol. 10 Ch. 134

ကောင်းကင် ရွေးချယ်ခံတို့၏ တိုက်ပွဲ

Vol. 10 Ch. 134

အခန်း (၁၃၄) : ကောင်းကင် ရွေးချယ်ခံတို့၏ တိုက်ပွဲ

ဖန်းလီကျွမ်း လီကျွင်းရှေ့သို့ ရောက်သွားသည့်အခါ သူမ၏ သလင်းကျောက် ချပ်ဝတ်တန်ဆာအပေါ်ရှိ အက်ကြောင်းများကို လုံးဝ ကုစားပြီးနေပြီဖြစ်သည်။ ထို့ကြောင့် သူမက ရပ်တန့်ခြင်းမရှိဘဲ ဓားဖြင့် အဆက်မပြတ် တိုက်ခိုက်တော့သည်။

သူတို့နှစ်ယောက် အချင်းချင်း တိုက်ခိုက်ကြရင်း ကျန်ရှိနေသော တောအုပ်က ပျက်စီးသွားသည်။

လီကျွင်းက တူညီသောနည်းလမ်းကို ထပ်မံ အသုံးပြုချင်သော်လည်း ဖန်းလီကျွမ်းက နှစ်ခါလှည့်စားခံမည် မဟုတ်ပေ။

လီကျွင်းက ခွန်အားကို မြှင့်တင်ပြီး သူမ၏ ဓားကို လမ်းကြောင်းပြောင်းအောင် လုပ်သည့်အခါ သူမလည်း ကိုယ့်စွမ်းအားကို မြှင့်တင်လိုက်ကာ ပြိုင်ဘက်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။

သို့သော် ပြန်လည်တိုက်ခိုက်လိုက်သည်ထက် ပိုသည်။ ဖန်းလီကျွမ်းက လီကျွင်း၏ တိုက်ကွက်ကို မျှော်မှန်းထားပြီးသားဖြစ်သည့်အတွက် သူ တူညီသော တိုက်ကွက်ကို ထပ်မံအသုံးပြုလိုက်သည့်အခါ မမျှော်လင့်သည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။

ဖန်းလီကျွမ်း၏ ချပ်ဝတ်တန်ဆာပေါ်တွင် သလင်းကျောက်ချွန်များစွာ ထွက်ပေါ်လာပြီး ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကို တုံ့ပြန်နိုင်ရန် ကြိုးစားနေသည့် လီကျွင်းထံ ဦးတည်သွားလိုက်သည်။

သူက ချက်ချင်း သွေး‌ကြော ၃၆၅ ခုလုံးကို အသက်သွင်းကာ ကောင်းကင်မြေကမ္ဘာ၏ ဝိညာဉ်ချီကို ထိန်းချုပ်ပြီး သူ့ဘေးပတ်လည်တွင် အကာအကွယ်အလွှာ တစ်ခုကို ဖန်တီးလိုက်သည်။ ကံမကောင်းစွာဖြင့် သူ၏ တုံ့ပြန်သည့်အရှိန်က အင်မတန်နှေးနေခဲ့သည်။

သလင်းကျောက်ချွန်များစွာက သူ၏ အကာအကွယ်နှင့် ချပ်ဝတ်တန်ဆာကို ထိုးဖောက်ပြီး သူ့ခန္ဓာကိုယ်ကိုပါ ထိုးဖောက်လာသည်။

လီကျွင်းက သွေးများပင် အန်ကာ အသက်ရှူရတာလည်း ခက်ခဲလာသည်။ သူ့အဆုတ်တစ်ခြမ်းလည်း ထိုးဖောက်ခံလိုက်ရသည်။

ကျင့်ကြံရေးလောကတွင် ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားခြင်းကို အန္တရာယ်များသည်ဟု သတ်မှတ်သည်။ ထို့ကြောင့် လီကျွင်းက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော သလင်းကျောက်ချွန်ကို ဖယ်ချင်သော်လည်း ဖန်းလီကျွမ်းက သူ့ကို အခွင့်အရေး မပေးပေ။

သူမက စတင်ထားသည့် အလုပ်ကို ပြီးပြတ်စေရန် ဓားကို ကိုင်ကာ သူ့ဆီ အမြန်ပြေးလာနေသော်လည်း လီကျွင်းလည်း ယခုတစ်ခေါက် ပြင်ဆင်ထားသည်။

တွေဝေခြင်းမရှိဘဲ လှံတံကို မြေပြင်ပေါ်တွင် ပြင်းထန်သောအားဖြင့် ဝှေ့ယမ်းလိုက်သည်။

ဝုန်း…

မြေပြင် ပေါက်ကွဲသွားကာ သူတို့နှစ်ယောက်ကြားတွင် ဖုန်လုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုဖုန်များက ဖန်းလီကျွမ်း၏ မြင်ကွင်းကို ကာထားပြီး လီကျွင်းကို သူမနှင့် ပိုဝေးသောနေရာသို့ ရွှေ့ပြောင်းသွားနိုင်ရန် အချိန်ရစေသည်။

ထိုအရာက ဖန်းလီကျွမ်းကို မပျော်မရွှင် ဖြစ်သွားစေသည်။ သူမသာ သဘာဝလွန် နယ်ပယ်အဆင့်တွင် ရောက်ရှိနေပြီး နတ်ဘုရားအသိစိတ်ရှိပါက ထိုအဆင့်နိမ့် နည်းလမ်းမျိုးက အလုပ်ဖြစ်မည် မဟုတ်ပေ။

ထိုအချိန်တွင် လီကျွင်းက ခန္ဓာကိုယ်တွင် ထိုးစိုက်နေသော သလင်းကျောက်ချွန်ကို ဖယ်ရှားပြီးသွားပြီ ဖြစ်သည်။ သို့သော် အဆုတ်က သွေးထွက်နေဆဲ ဖြစ်သည့်အတွက် သွေးထွက်ခြင်းကို ရပ်တန့်စေရန် မူလချီကို စုစည်းလိုက်သည်။

ကံမကောင်းစွာဖြင့် လုပ်ငန်းစဉ်က သူ ထင်ထားသလိုမျိုး ချောမွေ့မနေခဲ့ပေ။ သူ့အဆုတ်များက စတင်ပြီး သလင်းကျောက် ဖြစ်လာကာ မူလချီကလည်း ထိုဖြစ်စဉ်ကို နှေးကွေးအောင်သာ လုပ်ပေးထားနိုင်သည်။

အချိန်အလုံအလောက်သာရှိပါက သေချာကုစားနိုင်ပြီး သလင်းကျောက် သူ၏ အတွင်းပိုင်းအင်္ဂါများတစ်လျှောက် ပျံ့နှံ့သွားမည်ကို တားဆီးနိုင်မည် ဖြစ်ကြောင်း လီကျွင်းသိသည်။ သို့သော် ယခု သူက တိုက်ပွဲအလယ်တွင် ရောက်နေသည့်အတွက် ဆက်လက်တိုက်ခိုက်နိုင်ရန် ဖြစ်စဉ်ကို နှေးကွေးအောင်သာ လုပ်ထားနိုင်သည်။

ထိုအရာကို ပြုလုပ်ပြီးနောက် လီကျွင်းက ဖန်းလီကျွမ်းကို ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်များဖြင့် စိုက်ကြည့်ကာ ရပ်တန့်ခြင်းအလျင်းမရှိ ပြေးသွားပြီး သူမကို ထိုးစိုက်ဖို့ ရွယ်လိုက်သည်။ ယခုတစ်ခေါက်တွင် သူက အထိန်းအကွပ်မဲ့သွေး ကျင့်စဉ်ကို အသုံးပြုလိုက်သည်။

ဖန်းလီကျွမ်းက ယခင်တစ်ခေါက်နှင့် တူညီသော တိုက်ကွက်ဟု ထင်သည့်အတွက် သူမ၏ ချပ်ဝတ်တန်ဆာအောက်မှ လှောင်ရယ်လိုက်သည်။ သို့သော် သူမ၏ ဓားကို လွှဲယမ်းဖို့ ပြင်လိုက်သည့်အခါ ထို သွေးက သူမ၏ ထိန်းချုပ်အောက်တွင် မရှိတော့ကြောင်းကို သိလိုက်ရသည့်အတွက် ထိတ်လန့်တုန်လှုပ်သွားမိသည်။

သူမ ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသော်လည်း သူမ၏ သွေးများက ပုံမှန်စီးဆင်းနေသည်နှင့် ပြောင်းပြန်စီးဆင်းကာ သူမ၏ နှလုံးဆီ ရောက်ရှိပြီး ပေါက်ကွဲသွားသည်။

ထိုတိုက်ခိုက်မှုက ဘယ်လောက်ထိ ပြင်းထန်ကြောင်း ဖန်းလီကျွမ်း သိသည့်အတွက် သူမ၏ နှလုံးသားကို ကာကွယ်ရန် ချက်ချင်း အပြာရောင် သလင်းကျောက်အဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။

ဖန်းလီကျွမ်း သွေးအန်ကာ သူမ၏ လှပသော ချပ်ဝတ်တန်ဆာ တစ်ခုလုံးလည်း သွေးများဖြင့် စွန်းထင်းနေသည်။ သူမက နှလုံးသားကို သလင်းကျောက် ဖြစ်စေခြင်းဖြင့် အကျိုးဆက်ကို လျှော့ချလိုက်နိုင်သော်လည်း သူမ ဒဏ်ရာရနေဆဲ ဖြစ်သည်။

ထို့နောက် ဖန်းလီကျွမ်းက အရမ်းဒေါသထွက်နေသည့်အတွက် လီကျွင်းကို အေးစက်ပြီး သတ်ဖြတ်လိုစိတ် ပြည့်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ သူမ ဘဝတွင် ဒီလောက်ထိ ဒဏ်ရာမရခဲ့ဖူးပေ။

ဖန်းအံ့ဖွယ်မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်သည့် သူမက အသန့်စင်ဆုံးမျိုးရိုးဖြင့် မွေးဖွားလာခဲ့သည်။ ထို့ကြောင့် သူမ၏ အားကောင်းသော ခွန်အားဖြင့် သူမ၏ ပြိုင်ဘက်များကို အလွယ်တကူ ရှင်းထုတ်နိုင်ခဲ့သည်။

အံ့ဖွယ်တာအို အဖွဲ့အစည်းတစ်ခုလုံးတွင် သူမကို ယှဉ်နိုင်သည့် မျိုးဆက်တူသူ အနည်းငယ်သာ ရှိသည်။ သို့သော် ထိုသူများက သူမကို ယခုလိုမျိုး ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည့်အတွက် သူမ ယုံကြည်မှု ပြည့်ဝနေခဲ့သည်။

သူမ ယခင်က ဒဏ်ရာရခဲ့သော်လည်း သေးငယ်သည့် အရေပြားပေါ်မှ ဒဏ်ရာများသာ ဖြစ်ခဲ့သည်။ နောက်ဆုံးတိုက်ခိုက်မှုတွင် သူမသာ အလျင်အမြန် မတုံ့ပြန်လိုက်နိုင်ပါက သူမ သေသွားနိုင်သည်။

ထိုအကြောင်းကို စဉ်းစားမိပြီး ဖန်းလီကျွမ်းကို ရုတ်တရက် ကြီးမားသော အကြောက်တရားက လွှမ်းမိုးသွားပြီး ရှက်ရွံ့မှုနှင့် ဒေါသလည်း လိုက်ပါလာသည်။

ထိုအချိန်တွင် သူမ ဘာတွေ စဉ်းစားနေကြောင်း လီကျွင်း ခန့်မှန်းမိသည့်အတွက် ခေါင်းယမ်းလိုက်မိသည်။

ထိုအရာက အံ့ဖွယ်မျိုးနွယ်များနှင့် လီနှင့် ဝမ်တို့ကဲ့သို့ မဟာဆန်သော မိသားစုတို့၏ ကွာခြားချက် ဖြစ်သည်။ သူတို့က သူတို့၏ မျိုးဆက်များကို သက်ညှာခြင်း မရှိဘဲ လေ့ကျင့်ထိန်းကျောင်းရန် ရက်စက်သော နည်းလမ်းများကို အသုံးပြုကြသည်။

တိုက်ပွဲမျှော်စင်ထဲတွင် သူနှင့် ဝမ်ဝေ့ ဘယ်လောက်များသော တိုက်ပွဲများကို တွေ့ကြုံပြီးပြီလဲဆိုတာကို လီကျွင်း မသိတော့ပေ။ သူတို့ သေခြင်းတရားနှင့် အကြိမ်များစွာ ရင်ဆိုင်ဖူးသည်။

သို့သော် ဖန်းလီကျွမ်း တုံ့ပြန်လိုက်သည့် ပုံစံကို ကြည့်ခြင်းအားဖြင့် သူမ တိုက်ခိုက်နေစဉ် တကယ် သေခြင်းတရားနှင့် နီးကပ်သွားတာမျိုး ပထမဆုံး ကြုံဖူးခြင်း ဖြစ်ကြောင်း လီကျွင်း ပြောနိုင်သည်။

လီကျွင်း၏ အမြင်တွင် သူတို့၏ မျိုးဆက်များကို တယုတယ ပျိုးထောင်ထားပါက သူတို့အတွက် အကျိုးယုတ်နိုင်သည်။ သူတို့ သေခြင်းတရားကို ပထမဆုံးအကြိမ် ကြုံတွေ့ရသည့်အခါ ကြောက်ပြီး ပြိုလဲသွားတတ်ကြသည်။

သို့သော် ဖန်းလီကျွမ်းက အကြောက်တရားကို လျင်မြန်စွာ ဖယ်ရှားလိုက်နိုင်သည့်အတွက် သူမက အံ့ဖွယ်မျိုးနွယ်များမှ ပျိုးထောင်ထားသော ကောင်းမွန်စွာ မွေးမြူထားသောသူထဲမှ တစ်ယောက် ဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။

ရုတ်တရက် ဖန်းလီကျွမ်း၏ ခြေထောက်အောက်တွင် သလင်းကျောက် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူမကို ကောင်းကင်သို့ ခေါ်သွားသည်။ ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

မရေတွက်နိုင်သော သလင်းကျောက်ဓားများ ကောင်းကင်တွင် ထွက်ပေါ်လာကာ ကောင်းကင်ရှိ တိမ်တိုက်များကိုပင် ဖုံးလွှမ်းသွားသည်။ ထို့အပြင် ထိုသလင်းကျောက်ဓားများက အပြာရောင် မဟုတ်ဘဲ အစိမ်းရောင် ဖြစ်နေသည်။

လီကျွင်းက ခရုခွေ သလင်းကျောက် ပတ်လမ်းဖြင့် လေထဲတွင် မတ်တပ်ရပ်နေသော ဖန်းလီကျွမ်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဒါ မမျှတဘူး။ အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေ မပျံနိုင်ဘူးဆိုတာ မင်း သိပါတယ်။ အထူးသဖြင့် ဝိညာဉ်ချီနည်းတဲ့ ကမ္ဘာငယ်မျိုးမှာပေါ့”

သို့သော် ဖန်းလီကျွမ်းက အေးစက်စွာ လှောင်ရယ်ရင်း ပြန်ပြောလိုက်သည်

“ စစ်မှာ မမျှတဘူးဆိုတာ မရှိဘူး။ ပြီးတော့ ရှင်တို့ရဲ့ ဘိုးဘေးတွေက မျိုးရိုးစွမ်းရည်တွေ ထားမပေးခဲ့တာက ကျွန်မရဲ့ အမှားလည်း မဟုတ်ဘူးလေ”

“ စစ်မှာ မမျှတတာ မရှိဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မျိုးရိုးနဲ့ ပတ်သက်ပြီး မင်းနဲ့ ပြိုင်ငြင်းနေမှာ မဟုတ်ဘူး”

ထို့နောက် လီကျွင်းက သူ့ ခြေထောက်နင်းလို့ရမည့် နေရာများကို လေထဲတွင် ဖန်တီးကာ အပေါ်သို့ တက်သွားသည်။ ထိုအရာက ဝမ်ဝေ့ ပျံသန်းရာတွင် အသုံးပြုသည့် နည်းလမ်းဖြစ်ပြီး လီကျွင်းကိုလည်း သင်ပေးခဲ့သည်။

ဖန်းလီကျွမ်းနှင့် တူညီသော အမြင့်သို့ ရောက်ရှိသွားသည့်အခါ သူမ၏ မျက်နှာပေါ်မှ အံ့ဩထိတ်လန့်မှုကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

သို့သော် စိတ်ထဲတွင် သူ အနည်းငယ် စိုးရိမ်နေသည်။ ဤကျင့်စဉ်ကို အသုံးပြုပြီးနောက် ထိန်းသိမ်းရန်အတွက် မူလချီဘယ်လောက်လိုအပ်ကြောင်း သတိထားမိလာသည်။ လေထဲတွင် ဟန်ချက်ကို အမြဲတမ်း ထိန်းနိုင်ဖို့အတွက် လိုအပ်သည့် ခံနိုင်ရည်အကြောင်း ပြောစရာပင် မလိုတော့ပေ။

လီကျွင်းက နိဗာနသွေးချီကိုးသွယ်ကို နိဗာန ခုနစ်ဆင့်ထိ ကျင့်ကြံထားသည့်အတွက် သူ၏ အံ့ဖွယ်ပင်လယ်က အင်မတန် ကြီးမားပြီး မူလချီလည်း အင်မတန် များပြားသည်။

သို့သော် သူ၏ ခန့်မှန်းခြေ တွက်ချက်မှုအရ လေထဲတွင် နှစ်နာရီအပြင် တိုက်ခိုက်လို့ မရနိုင်လောက်ပေ။ ထို့ကြောင့် လီကျွင်းက ဤတိုက်ပွဲကို တိုက်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်နေမိသည်။

လှံတံ၏ လှိုင်းနှင့်အတူ ပတ်လည်ရှိ ဝိညာဉ်ချီကို ထိန်းချုပ်ပြီး ဓား၊ ဓားရှည်၊ လှံနှင့် ပုဆိန်လှံတံများအဖြစ် ပြောင်းလဲသွားစေသည်။

လှံတစ်ချက်ကို ဝှေ့ယမ်းလိုက်သည့်အခါ လက်နက်အားလုံးက ရန်သူဆီသို့ ဦးတည်သွားသည်။ ဖန်းလီကျွမ်းလည်း အတူတူ လုပ်ခဲ့သည်။ သူမ လက်ယမ်းလိုက်ပြီး သလင်းကျောက်ဓားများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဝုန်း…ချွင်…ချွင်…

ထိုလက်နက်များ အချင်းချင်း တိုက်မိသွားပြီးနောက် ပေါက်ကွဲသွားကြသည်။ အကျိုးရလဒ်က အားကောင်းသော လှိုင်းဂယက်များက မိုင်အတော်များများထိ ရောက်သွားသည်။ ပတ်လည်ရှိ မြေပြင်များအားလုံး ဖျက်ဆီးခံရကာ ကောင်းကင်ရှိ တိမ်တိုက်များလည်း လွင့်ပြယ်သွားသည်။

မီတာပေါင်း ထောင်ချီဝေးသော ဖန်းအံ့ဖွယ်တိုင်းပြည်မှ မြို့ပင် တိုက်ပွဲ၏ အရှိန်ကြောင့် အနည်းငယ် တုန်ခါသွားသည်။ တိုက်ပွဲထဲတွင် တိုက်ခိုက်နေကြသော စစ်တပ်နှစ်ခုကလည်း ခဏတာ ရပ်တန့်ပြီး တိုက်ခိုက်မှု ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။

သူတို့မြင်နေရသည်က ကောင်းကင်မှ လက်နက်များ မိုးရွာသလိုမျိုး ကျလာပြီး အားပြင်းသော ပေါက်ကွဲမှုများဖြစ်နေသည်ကိုသာ မြင်နေရသည်။ ထိုကွာဝေးသောနေရာမှပင် တိုက်ခိုက်မှုများ၏ စွမ်းအားကို ကောင်းကောင်း ခံစားလို့ရနေသည်။

သူတို့နှစ်ယောက်က ဘာလို့ သူတို့နှင့်ဝေးရာတွင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်လဲဆိုတာကို သူတို့ သိသွားကြသည်။

မိနစ်အနည်းငယ် အကြာတွင် ပါရမီရှင် နှစ်ယောက်၏ တိုက်ခိုက်မှု ပြီးဆုံးသွားပြီး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်များလည်း အဝေးသို့ လွင့်ထွက်သွားသည်။

လီကျွင်းနှင့် ဖန်းလီကျွမ်းတို့နှစ်ယောက်လုံး မြေပြင်ပေါ်တွင် ရောက်နေပြီး အသက်ပြင်းပြင်းရှူနေကြသည်။

လီကျွင်း၏ ခန္ဓာကိုယ်ပေါ်တွင် မရေတွက်နိုင်သော ဓားပြတ်ရာများ ရှိနေသည်။ ချပ်ဝတ်တန်ဆာလည်း လုံးဝ ပျက်စီးနေပြီး ဒဏ်ရာရနေသော ခန္ဓာကိုယ်ကိုပါ မြင်နေရသည်။ သူ့ခန္ဓာကိုယ်ထဲသို့ စိုက်နေသည့် သလင်းကျောက်ဓား အနည်းငယ်မှ သွေးများ ဖြည်းဖြည်းချင်း စီးကျနေရင်း မတ်တပ်ရပ်နေသည်။

ဖန်းလီကျွမ်းက အခြေအနေ ပိုဆိုးသည်။ သူမ၏ သလင်းကျောက် ချပ်ဝတ်တန်ဆာက အစိတ်စိတ်အမြွာမြွာ ဖြစ်နေကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားရသည်။

သူမ၏ လှပသော မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ သွေးများလည်း စီးကျနေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားခုတ်ရာ၊ ဓားရှည်ဖြတ်ရာ သို့မဟုတ် လှံထိုးရာ စသည့် ဒဏ်ရာမျိုးစုံဖြင့် ပြည့်နှက်နေသည်။

သို့သော် သူမ ဒဏ်ရာပြင်းထန်စွာရသည့် အကြောင်းအရင်းက ထိုအရာကြောင့် မဟုတ်ပေ။ တိုက်ခိုက်နေစဉ်အတွင်း တိုက်ခိုက်မှုအားလုံးက သူမ၏ ချပ်ဝတ်တန်ဆာကို ကျော်ဖြတ်ကာ သူမ၏ ကိုယ်တွင်းအင်္ဂါများလည်း ဖျက်ဆီးခံလိုက်ရသည်။

ထိုအရာက သူမပြိုင်ဖက်၏ တိုက်ခိုက်လိုစိတ်ဆိုတာကို သူမ သတိထားလိုက်မိသည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ခြင်းအား တိုးမြှင့်ရန် သလင်းကျောက်စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း အသုံးမဝင်ကြောင်း သိလိုက်ရသည်။

တိုက်ခိုက်မှုက သူမ၏ သလင်းကျောက်များကို လုံးဝလျစ်လျူရှုထားပြီး သလင်းကျောက်များကို သူ့ဘာသာသူ ပျက်စီးသွားစေသည်။

ဖန်းလီကျွမ်းက ခေါင်းမော့ကာ လီကျွင်းရှိရာဘက်သို့ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ ရုတ်တရက် တစ်ခုခုမှား ယွင်းနေသည်ဟု လီကျွင်း တုံ့ပြန်ဖို့ နောက်ကျသွားပြီဖြစ်သည်။

ဖန်းလီကျွမ်းက လျှာကို ကိုက်ကာ အော်ဟစ်လိုက်သည်

“ သလင်းကျောက်ကမ္ဘာ”

ခဏအကြာတွင် သူမ၏ ဘေးပတ်လည် မီတာတစ်ထောင်က သလင်းကျောက်များအဖြစ် ပြောင်းလဲသွားသည်။

မြေပြင်၊ သစ်ပင်များ၊ တိရစ္ဆာန်များ၊ မြစ်နှင့် ဖုန်မှုန့်များအပြင် ကောင်းကင်မြေကမ္ဘာ၏ ဝိညာဉ်ချီပင် သလင်းကျောက်အဖြစ် စတင်ပြောင်းလဲနေသည်။

သူမနှင့် သိပ်မဝေးသည့်နေရာတွင် ရှိနေသော လီကျွင်းလည်း အပါအဝင် ဖြစ်၏။

All Chapters