ချည်နှောင်မှု
Vol. 10 Ch. 136
အခန်း (၁၃၆) : ချည်နှောင်မှု
လီကျွင်းက တိုက်ပွဲမှ ရရှိထားသော ဒဏ်ရာများကို ဖြည်းညှင်းစွာ ကုသနေစဉ် အနည်းငယ်လှမ်းသော တောင်ထိပ်တစ်ခုတွင် လူတစ်ယောက်က တိုက်ပွဲကို လေ့လာနေသည်။
ထိုလူက ခဲဖြူရောင် ဆံပင်နှင့် မျက်လုံးကို ပိုင်ဆိုင်ထားသည့် ချောမောသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက ပေါ့ပါးသွက်လက်သည့် သဘောရှိပြီး သူ လိုချင်တာ ဘာမဆိုလုပ်နိုင်သည့်ပုံပေါ်သလို ကောင်းကင်နှင့်မြေကြီးကြားတွင် ဘယ်သူမှ သူ့ကို တားမြစ်နိုင်မည် မဟုတ်ပေ။
ထိုပုဂ္ဂိုလ်က ဝမ်ဝေ့ဖြစ်ပြီး သူ ထိုနေရာမှာ ရှိနေရခြင်းအကြောင်းက သူ့ညီလေး လီကျွင်း ဘာမှမထိခိုက်တာ သေချာစေရန် ဖြစ်သည်။
သွေးမျိုးရိုးရှိသော သူများက အစောပိုင်း ကျင့်ကြံဆင့်တွင် ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ ဝမ်ဝေ့ ခန့်မှန်းနိုင်သည်။ သူတို့၏မျိုးရိုး ဘယ်လောက်ထိ သန့်စင်လဲဆိုသည့်အပေါ် မူတည်ပြီး သူတို့က တမူထူးရုပ်ခန္ဓာရှိသည့်လူများထက် ပိုမိုသာလွန်သည်။
တိုက်ပွဲအတွင်း ဝမ်ဝေ့က လီကျွင်းအတွက် စိတ်ပူလာမိသည်။ အထူးသဖြင့် ဖန်းလီကျွမ်း၏ နောက်ဆုံးတိုက်ခိုက်မှု ပြီးသွားသည့်အခါ ပိုမိုစိုးရိမ်လာမိသည်။ သူက ထိုအချိန်တွင် ဝင်ပြီးစွက်ဖက်မိတော့မလို ဖြစ်သွားခဲ့သည်။
သို့သော် သူ့ညီလေး၏ မျက်နှာပေါ်မှ မတုန်လှုပ်သောအကြည့်ကို မြင်လိုက်ရသည့်အခါ တိုက်ပွဲကို ဆက်လက် တိုက်ခိုက်စေလိုက်သည်။ ကြည့်ရတာ သူ့ဆုံးဖြတ်ချက်က မှန်ကန်သွားပုံပေါ်၏။
လီကျွင်းက ဖန်းလီကျွမ်း၏ လျှို့ဝှက်ကျင့်စဉ်ကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ရုံသာမက သေရေးရှင်ရေး အခြေအနေတွင် ပိုပြီးတော့လည်း စွမ်းအားကြီးလာခဲ့သည်။
ဝမ်ဝေ့က ဒဏ်ရာများကုသရန် တင်ပျဉ်ခွေထိုင်နေသည့် လီကျွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူ့စစ်သူကြီးက သူ ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းရာတွင် အခက်အခဲများစွာကို ဖြေရှင်းဖို့ တာဝန်ရှိသူတစ်ယောက်ဖြစ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် လီကျွင်းအနေဖြင့် စွမ်းအားကြီးသော ရန်သူများစွာကို ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့ကြောင့် သူက အမြဲတမ်း သူ့ကို ကာကွယ်မပေးနိုင်ပေ။ သို့သော် ဝမ်ဝေ့က အခြေအနေတွေ ဘယ်လိုပဲဖြစ်ဖြစ် လီကျွင်း အသက်ရှင်ဖို့ သေချာအောင်တော့ လုပ်လေ့ရှိသည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ဝမ်ဝေ့က ကောင်းကင်သို့ ပျံတက်သွားလေ၏။ ထိုအရာကို ဘယ်သူမှ သတိမထားမိလိုက်ပေ။
လီကျွင်းက တစ်နာရီကျော်ကြာ ကုစားပြီးနောက် မျက်လုံးဖွင့်ကာ ပါးစပ်ထဲမှ အနက်ရောင် အငွေ့များကို မှုတ်ထုတ်လိုက်သည်။ သူ မတ်တပ်ရပ်ကာ အံကြိတ်လိုက်သည်။ သူက ယခု ၄၀ ရာခိုင်နှုန်းလောက်သာ ပြန်ကောင်းသေးသော်လည်း ယခုအခြေအနေအတွက် လုံလောက်သည်ထက် ပိုနေသည်။
သူက မီတာ ရာကျော်အကွာအဝေးတွင် ရှိနေသော မဟာရှားစစ်တပ်ဆီ ဦးတည်သွားလိုက်သည်။
သူ ရောက်သွားသည့်အချိန်မှာပင် တိုက်ပွဲပြီးဆုံးသွားသည်ကို မြင်လိုက်ရသည်။ စစ်သားအများစုက သူတို့၏ ဒဏ်ရာများကို ကုသရန် လူနာဆောင်သို့ ခေါ်ဆောင်သွားခံရသည်။
ဤတိုက်ပွဲတွင် ထိခိုက်သေကြေသည့်သူ များပြားနေသည်ကို သိလိုက်ရသည့်အခါ လီကျွင်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ ဖန်းအံ့ဖွယ်တိုင်းပြည်ရဲ့ စစ်တပ်က အရမ်းအားကောင်းလို့များလား” လီကျွင်းက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် အမည်ရ စစ်သူကြီးငါးယောက်ကို တွေ့ဆုံရန်အတွက် မူလစစ်တန်းလျားသို့ ဦးတည်သွားလိုက်သည်။
စစ်တန်းလျားထဲသို့ ဝင်လိုက်သည့်အခါ စစ်တပ်၏ အထက်ပိုင်းအရာရှိများက လီကျွင်းကို တွေ့ရသည့်အတွက် အတော်လေး ပျော်ရွှင်နေကြသည်။ ထို့ကြောင့် သူတို့က ယခုလေးတင် ဖြစ်ပွားခဲ့သည့် တုန်လှုပ်ဖွယ်ရာ တိုက်ပွဲ၏ ရလဒ်အကြောင်းကို အလျင်အမြန် မေးမြန်းခဲ့ကြသည်။
“ ဘုရင်မ ဖန်းလီကျွမ်းက အခုကစပြီးတော့ ငါတို့ရဲ့ နယ်မြေတိုးချဲ့မှုအတွက် ပြဿနာတစ်ခု မဟုတ်တော့ဘူး” လီကျွင်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ အဲဒီထက်ပိုပြီးအရေးကြီးတာက ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့ ဒီမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ များနေရတာလဲ”
စစ်သူကြီး (၁)က သက်ပြင်းချကာ ဖြေလိုက်သည်
“ စစ်သေနာပတိချုပ် ထွက်သွားပြီးတော့ ကျွန်တော်တို့ ငါးယောက်နဲ့ စစ်သူကြီးထျဲ့ကန်တို့က ဖန်းအံ့ဖွယ်တိုင်းပြည်က စွမ်းအားကြီး ကျင့်ကြံသူတွေကို ထိန်းထားနိုင်ခဲ့လို့ အောင်မြင်မှုက ကျွန်တော်တို့ဘက်ကို ယိမ်းနေခဲ့တာ”
“ ဒါပေမဲ့ စစ်ပွဲအလယ်မှာ မထင်မှတ်တာ တစ်ခု ဖြစ်သွားခဲ့တယ်။ ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ နတ်ဆိုးသားရဲအုပ်လိုက်ကြီးက ဘာမှကြိုတင်အသိပေးခြင်းမရှိဘဲနဲ့ စစ်တပ်နှစ်ဖက်လုံးကို တိုက်ခိုက်ခဲ့တာ”
“ ကျွန်တော်တို့က နတ်ဆိုးသားရဲတွေအပေါ် အာရုံစိုက်ဖို့အတွက် ဖန်းအံ့ဖွယ်တိုင်းပြည်နဲ့ တိုက်ခိုက်တာကို ခဏရပ်နားထားခဲ့တယ်။ ဒါပေမဲ့ အဲဒီအကောင်တွေက အရမ်းများနေခဲ့တာ”
“ သံမဏိလက်သီးဘုရင်… အဲ…စစ်သူကြီးထျဲ့ကန်သာ အဲဒီနတ်ဆိုးသားရဲတွေ သေအောင် လုပ်လိုက်နိုင်တာသာ မဟုတ်ရင် ထိခိုက်ဒဏ်ရာရတဲ့သူတွေ ပိုပြီးတော့ များနေနိုင်တယ်။ ပိုတော်တာကတော့ အမတ်ချုပ် ယန်းလီလင်းပေါ့။ သူမသာ နတ်ဆိုးသားရဲတွေ အချင်းချင်း ပြတ်သတ်အောင် စွမ်းအားကြီးဆေးလုံးတွေသာ မသုံးခဲ့ဘူးဆိုရင် ကျွန်တော်တို့တောင် အသက်မရှင်လောက်ဘူး”
ထိုစကားကို ကြားပြီးနောက် ယန်းလီလင်း အခန်းထောင့်တစ်နေရာတွင် ထိုင်နေသည်ကို လီကျွင်း သတိထားလိုက်မိသည်။ အစည်းအဝေးကို ဆက်မလုပ်ခင် သူမကို ပြုံးပြလိုက်သည်။ ယန်းလီလင်းက သူတို့နှစ်ယောက် စကားပြောရမည့် အချိန်မှန်ကို သိသည့်အတွက် စိတ်အနှောင့်အယှက် မဖြစ်မိပေ။
လီကျွင်းက မေးစေ့ကို ကိုင်ကာ စဉ်းစားရင်း မေးလိုက်သည်
“ လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက နတ်ဆိုးသားရဲတွေက မဟာရှားတိုင်းပြည် ပိုင်နက်အားလုံးမှာ ဆိုးရွားစွာ ပြုမူနေတယ်လို့ အစီအရင်ခံထားတယ် မဟုတ်လား”
“ ဟုတ်ပါတယ် စစ်သေနာပတိချုပ်” စစ်သူကြီး (၂)က ပြန်ဖြေလိုက်သည်။
“ စုံစမ်းကြည့်တော့ အကြောင်းအရင်းကို မသိရပါဘူး။ ဒါပေမဲ့ နတ်ဆိုးသားရဲတွေကြားမှာ အုပ်ချုပ်သူအသစ် တစ်ယောက် ပေါ်လာလို့ အခုလက်ရှိမှာ အုပ်ချုပ်သူအဟောင်းနဲ့ အုပ်ချုပ်သူရာထူး အတွက် တိုက်ခိုက်နေရတယ်လို့ ကံကြမ္မာအရိပ် အစောင့်တွေက ယုံကြည်ထားကြတယ်”
“ အဲဒါက မွေးမြူရေးတောင်ကြားက လူတွေများ ဖြစ်နေမလား” လီကျွင်းက တစ်ယောက်တည်း တွေးလိုက်သည်။ သို့သော် သူ့မှာ တခြားအရေးကြီးသည့် လုပ်စရာများစွာ ရှိနေသေးသည့်အတွက် ထိုကိစ္စအပေါ် အများကြီး အာရုံစိုက်ထားခြင်း မရှိပေ။
“ ဖန်းအံ့ဖွယ်တိုင်းပြည်က လူတွေ ဘယ်လိုဖြစ်သွားလဲ”
“ နတ်ဆိုးသားရဲတွေ တိုက်ခိုက်ပြီးတော့ သူတို့လည်း အတော်လေး ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်။ အဲဒါကြောင့် သူတို့က မြို့ကို ပြန်ပြီး တံတိုင်းတွေကို အကာအကွယ်အဖြစ် အသုံးပြုထားတယ်။ ဒါပေမဲ့ နတ်ဆိုးသားရဲတွေ ထွက်သွားပြီးတော့ ဖန်းအံ့ဖွယ်တိုင်းပြည်ရဲ့ စစ်တပ်လည်း မြို့ထဲကနေ အမြန် ထွက်သွားတယ်” ယခုတစ်ခေါက်တွင် စစ်သူကြီး (၃)က ဖြေလိုက်သည်။
လီကျွင်းက ထိုသတင်းကို ကြားပြီး ခေါင်းညိတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“ အခု ခဏတာတော့ ဖန်းလီကျွမ်းက ပြဿနာတစ်ခု မဟုတ်တော့လို့ ငါတို့ တတ်နိုင်သမျှ မြန်မြန် နယ်မြေ များများ သိမ်းပိုက်ဖို့ လိုတယ်။ ထျဲ့ကန် ခင်ဗျားက အခုတစ်ခေါက် စစ်တပ်အတွက် တာဝန်ယူလိုက်”
ထို့နောက် အခန်းထဲရှိလူအားလုံးက အမိန့်များကို လုပ်ဆောင်ရန် အခန်းထဲမှ ထွက်သွားကြသည်။ ထိုအချိန်တွင် လီကျွင်းက ယန်းလီလင်းကို စတင်ထွေးပွေ့ထားလိုက်သည်။
“ မင်းက ဘာလို့ ဒီမှာ ရောက်နေရတာလဲ” လီကျွင်းက ပြုံးရင်း မေးလိုက်သည်။
“ ကျွန်မ ရှင့်ကို စိတ်ပူလို့လေ။ ကြည့်ရတာ ကျွန်မ စိတ်ပူတာ မှန်တယ်ထင်တယ်။ ရှင့်ရဲ့ ဖျော့တော့နေတဲ့ အသားအရည်ကို ကြည့်လိုက်ရုံနဲ့တင် ထင်ထားတာထက်ပိုပြီးတော့ ဒဏ်ရာရခဲ့တယ် ထင်တယ်”
ထိုစကားကို ပြောပြီးနောက် သူမက အဆင့်နိမ့် မြေကမ္ဘာအဆင့် ဆေးလုံးအနည်းငယ်ကို ထုတ်ယူကာ သူ့ကို လက်ကမ်းပေးလိုက်သည်။ လီကျွင်းကလည်း တွေဝေခြင်းမရှိ မျိုချလိုက်သည်။
“ မင်း ဒီမြေကမ္ဘာအဆင့် ဆေးလုံးတွေ ဒီလောက်အများကြီးကို ဘယ်ကနေ ရခဲ့တာလဲ” လီကျွင်းက မေးလိုက်သည်။
“ အစ်ကိုကြီး ဝမ်ဝေ့က သူ့အတွက် လုပ်ခိုင်းခဲ့တာ။ ဒါပေမဲ့ အများစုကို ပြန်ပေးပြီး အနည်းငယ်တော့ ချန်ထားခဲ့တာ”
လီကျွင်းက ခေါင်းညိတ်ပြပြီးနောက် လက်တွဲဖော်နှင့်အတူ ရှားပါးသည့် ငြိမ်းချမ်းသောအချိန်လေးကို စတင်ပျော်မွေ့နေသည်။ စစ်ပွဲနှင့် သတ်ဖြတ်မှုများကြားတွင် လအနည်းငယ် ကုန်ဆုံးပြီးနောက် လီကျွင်းက ထိုရှားပါးသည့် ပျော်ရွှင်ချိန်များကို ပျော်မွေ့လာသည်။
“ ရှင် မစိုးရိမ်ဘူးလား” ယန်းလီလင်းက ရုတ်တရက် မေးလိုက်သည်။
“ ဘာကို စိုးရိမ်ရမှာလဲ”
“ ထျဲ့ကန်ကို အစ်ကိုကြီး ဝမ်ဝေ့ရဲ့ ညာလက်ရုံးအဖြစ် လူစားထိုးလိုက်မှာကို ပြောတာ။ ပြီးတော့ သူက စစ်တပ်ထဲမှာ အရမ်းကျော်ကြားတယ်လေ”
လီကျွင်းက မေးခွန်းကြောင့် အံ့အားသင့်သွားပြီးနောက် ပြုံးရင်း ခေါင်းယမ်းပြလိုက်သည်။
“ ကိုယ်နဲ့ အစ်ကိုကြီးဝမ်ဝေ့တို့ကြားက ချည်နှောင်မှုကို ထားလိုက်ဦး။ ကိုယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုအချိန်မှာဖြစ်ဖြစ် ထျဲ့ကန်ကို ဖိနှိပ်ဖို့အတွက် လုံလောက်တဲ့ အင်အားရှိတယ်။ ပြီးတော့ အစ်ကိုကြီးဝမ်ဝေ့က သူ့လက်အောက်မှာ ရှိမဲ့ စစ်သူကြီးအနည်းငယ်အတွက် မဆုံးဖြတ်ခင်ကလည်း ကြိုပြီး ပြောပြပေးခဲ့တယ်။ ပြီးတော့ သူ ရွေးချယ်ထားတဲ့သူကို မကြိုက်ရင် သူ့ကို တိုက်ရိုက်ပြောလို့ရတယ်ဆိုပြီးတော့ ပြောထားသေးတယ်”
ထိုစကားကို ပြောပြီးနောက် လီကျွင်းက ဦးတည်ရာတစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ ထိုနေရာက ဝမ်ဝေ့မှ စစ်ပွဲကို လေ့လာနေခဲ့သည့် တောင်ရှိသော နေရာ ဖြစ်သည်။
လီကျွင်း ဘာမှမမြင်ခဲ့ရသော်လည်း ထိုအရပ်မျက်နှာတွင်ရှိသော တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေခဲ့ကြောင့် ခံစားကြည့်လို့ရသည်။ ထိုအရာက တစ်စုံတစ်ယောက်က အချိန်ကြာကြာ စိုက်ကြည့်နေသည့်အခါ သတိထားမိလာသည့် ကျင့်ကြံသူများအတွင် ရှိသော လွန်ကဲသည့် သိမြင်နားလည်မှုမျိုး မဟုတ်ပေ။
သူနှင့် ထိုနေရာတွင် ရပ်နေသူတို့၌ ဆန်းကြယ်သော၊ မသိနိုင်သော ဆက်နွယ်မှုတစ်ခု ရှိနေပုံပေါ်သည်။ ထို့နောက် ဤတိုက်ပွဲအတွင်းတွင် သူ့အစ်ကိုကြီးက သူ့ကို စောင့်ကြည့်နေကြောင်း လီကျွင်း သတိထားမိသွားသည်။
ထိုအရာက တိုက်ပွဲအတွင်း သေရေးရှင်ရေးအခြေအနေတွင် လီကျွင်း မထိတ်လန့်ရသည့် အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်သည်။
ပထမတစ်ချက်က ဤအခြေအနေမှ ရုန်းထွက်နိုင်ရန် သူ့ကိုယ်သူ ယုံကြည်ခဲ့သည်။ နောက်ထပ်တစ်ချက်က အဆိုးဆုံးအရာများ ဖြစ်လာခဲ့ပြီး သူ ကျရှုံးလျှင် သူ့အစ်ကိုကြီး ထွက်လာပြီး သူ့ကို လာကယ်မည် ဖြစ်သည်။
ထိုအကြောင်းကို သူ စဉ်းစားမိလိုက်သည့်အတွက် ပြုံးပြီးနောက်တွင် ဗိုက်လိမ်ဆွဲခြင်းကို ခံစားလိုက်ရသည်။ သူ နာကျင်စွာဖြင့် ညီးလိုက်ရင်း လက်တွဲဖော်ကို နားမလည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။
“ ရှင် ဘာတွေ ပြုံးနေတာလဲ” ယန်းလီလင်းက ပြင်းထန်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်
“ ဖန်းလီကျွမ်း ဘယ်လောက်ထိ လှလဲဆိုတာ စဉ်းစားနေတာလား”
“ မဟုတ်ပါဘူး”
“ ဒါဆိုရင် သူမ လှတယ်လို့ ရှင်ထင်လား”
“ အဲလိုမျိုး လုံးဝမပြောခဲ့ပါဘူး”
“ ကျွန်မ သူမကို လှတယ်လို့ ပြောတော့ ဘာမှပြန်မပြင်ပြောဘူးဆိုတော့ သူမ လှတယ်ဆိုတာကို ရှင် သဘောတူတဲ့သဘောပဲ” ယန်းလီလင်းက ဆူငေါက်လိုက်သည်။
“ လင်းအာ ကိုယ် မပြောခဲ့ပါဘူးကွာ ”
“ လီကျွင်း .. ရှင် တွေ့ခဲ့တဲ့ အရင် မိန်းမတွေက ကျွန်မထက် အရင်တွေ့ခဲ့တာမလို့ ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို သတိပေးထားရဦးမယ်။ ဒီထက် ပိုပြီး ဘာမှမလုပ်တာ ကောင်းမယ်နော်။ မဟုတ်ရင် ရှင် အိပ်နေတုန်း ကုန်းကုန်းအဖြစ် ပြောင်းပေးလိုက်မယ်”
လီကျွင်းက ထိုစကားကို ကြားပြီးနောက် တံတွေးကို မျိုချပြီး ခြေထောက်များကို စိထားလိုက်သည်။ ထို့နောက် သူဆက်တိုက် ခေါင်းညိတ်ပြနေတော့သည်။