လူအများအတွက် လက်နက်တစ်ခု
Vol. 10 Ch. 139
သူတို့ နေ့လည်မတိုင်မီ ပြန်လာကြသည်။
ပိုင်ကျီဟန်ကတော့ အနားမယူပေ
ကူညီပေးသူတွေကို နည်းနည်းအနားပေးကာ ကယ်တင်ထားသည့် မိသားစုအတွက် အစားအသောက်နဲ့ နေစရာ စီစဉ်ပေးပြီးနောက်မှာတော့ အရပ်သားထဲမှ အင်အားကြီးသည့် လူအချို့ကို စုစည်းလိုက်သည်။
သို့သော် အပြင်ထွက်ပြီး သားရဲတွေ ပြည့်နေသည့် မြို့ထဲကို ပြန်သွားရမည့် အတွေးကတော့ ကြောက်လန့်စေသည်။
“ဘာပြောတာလဲ”
“ကျွန်တော်တို့ကို သတ်ချင်တာလား”
“ငါတို့ အပြင်ထွက်တာနဲ့ သေပြီပဲလေ”
ကူညီသူများသည် နောက်မှ ရွက်ဖျင်တဲကို ဆွဲပြီး ရှေ့တိုးလာသည်။
သူတို့ထဲမှ တစ်ယောက်က ၎င်းကိုဆွဲချလိုက်တော့ ပိုင်ကျီဟန်သတ်ထားသည့် မီးတောက်မျက်လုံးနဲ့သားရဲ၏ ဦးခေါင်း ပေါ်လာ၏
နောက်ထပ် ကူညီသူကတော့ သွေးများရွှဲနေသည့် ဓားလိုအမြီးနှင့် ပုတ်သင်ညိုကို ပြလိုက်သည်။
“မြင်ကြလား?”
သူတို့ထဲမှ တစ်ယောက်သည် ဂုဏ်ယူစွာ ပြောလေသည်။
“ဒီအကောင်စုတ်က တပ်မှူးပိုင်ကို မထိခင်မှာပဲ သေနေပြီ”
“အဲ့ဒါတွေက ကြောက်စရာကောင်းပေမဲ့ ငါတို့ တပ်မှူးအရှေ့မှာတော့ ဘာမှမဟုတ်ဘူး။ ငါတို့လည်း သူ့နဲ့အတူ မြို့တစ်ဝက် လှည့်ပြီး ပြန်လာတာပါ။ တစ်ယောက်မှတောင် ထိခိုက်မိတာ မရှိဘူး။” နောက်တစ်ယောက်က ထပ်ပြော၏
လူအုပ်သည် ငြိမ်သွားချေသည်။ တချို့က မယုံနိုင်စရာလို အံ့ဩစွာကြည့်နေ၏ တချို့ကတော စူးစမ်းလိုစိတ် တစ်ဝက် ကြောက်လန့်စိတ်တစ်ဝက်နဲ့ ငုံ့ကြည့်လိုက်၏
“အပြင်မှာ တစ်ခုခုဆိုလည်း ငါတို့က မင်းတို့ကို အကာအကွယ်ပေးဖို့ရှိနေမယ်။ ဒီနေရာမှာ ပုန်းနေရုံနဲ့ လုံခြုံမှာတော့ မဟုတ်ဘူး။ ဒီကိရိယာတွေက ငါတို့ ရှင်သန်မှုအဆင့်ကို အများကြီး တိုးပေးနိုင်တယ်။”
အချို့က တုံ့ဆိုင်းနေသည့်တိုင် ပိုင်ကျီဟန်နဲ့အတူ သွားခဲ့သူတွေ၏ အခြေအနေကြည့်ပြီး ဘာမှဖြစ်မလာကြောင်း ယုံလာကြသည်။
၎င်းက အသက်ရှင်ဖို့ အခွင့်အလမ်းများကြောင်း သူတို့လည်း သိနေချေပြီ။ ရွေးချယ်မှု မရှိတာကြောင့် သူတို့သည်လည်း ထွက်သွားဖို့ သဘောတူလိုက်ကြသည်
လက်ရှိတွင် ရှာဖွေထားနိုင်သည့် အရာတွေနဲ့အတူ နှစ်ဖွဲ့ခွဲကာ ထပ်မံထွက်သွားကြသည်။
ပျက်စီးနေသော လမ်းများနှင့် ပြိုကျနေသော အဆောက်အအုံများကို ဖြတ်ကျော်ကာ ရှင်းလင်းထားသည့် လမ်းကြောင်းအတိုင်း လိုက်လျှောက်ခဲ့ကြသည်။
ဤအချိန်၌ သားရဲများမရှိပေ။ သွေးစွန်းထင်းရာများနဲ့ အစောပိုင်းကသတ်ဖြတ်မှုများ၏ အကြွင်းအကျန်များသာ ရှိပေ၏
အရပ်သားတွေက စကားသိပ်မပြောချေ။
သို့တိုင် သူတို့ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ရင်း သူတို့တွင် အားကိုးစရာ သူတို့သာ ရှိသည်ကို လူတိုင်း နားလည်ကြသည်။
သူတို့သည် ပန်းပဲဖိုသို့ရောက်လာကြပြီး အလုပ်ဆက်လုပ်ကြသည်။
လူတွေအများကြီးနဲ့ အရာအားလုံးကို ထုပ်ပိုးဖို့ ကြိုးစားခဲ့သည်။ လက်နက်များ၊ သံချပ်ကာများ၊ ကိရိယာများ—အသုံးပြုနိုင်သော အရာမှန်သမျှကို သိမ်းယူခဲ့သည်။
၎င်းတို့သည် ယာယီလှည်းများပေါ်တွင် ကိရိယာများကို စုပုံထားပြီး တင်းပုတ်များနှင့် ဓားများကို အဝတ်ဖြင့် ထုတ်ပိုးကာ
ပျက်စီးနေသော သံချပ်ကာများကို ကြိုးဖြင့် ချည်ထားသည်။
သူတို့သည် ညနက်ပိုင်းမတိုင်မီ ပြန်လာကြပြီး တစ်ခုချင်းစီကို အမိုးအကာထဲသို့ ပြန်ဆွဲချကြသည်။
နောက်တွင် ကျန်နေသောလူတွေသည် သူတို့ယူလာပေးသော လက်နက်အစစ်တွေနဲ့ ချပ်ဝတ်တန်ဆာများကိုမြင်တော့ မျက်လုံးထဲ လင်းလက်သွားကြသည်။
အများကြီးမဟုတ်သည့်တိုင် မျှော်လင့်ချက်တစ်ခုလို ခံစားရသည်။
ထို့နောက် ပိုင်ကျီဟန် တံခါးကို လှမ်းကြည့်လိုက်တော့ ဟုန်ထောင်သည် အပြုံးနဲ့ အပြေးအလွှားရောက်လာသည်။
"တပ်မှူးပိုင် " သူက အနည်းငယ် မောဟိုက်လျက်ပြော၏ " ဒါကို ယုံနိုင်မှာတောင် မဟုတ်ဘူး။ ကျွန်တော် တစ်ယောက်ယောက်ကို တွေ့ခဲ့တယ်”
သူ့နောက်က လူကို လက်ပြလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရှေ့ကို တိုးလာသည်။ ကြွက်သားများ မာတောင်နေကာ စတီးချောင်းများကဲ့သို့ လက်မောင်းများနှင့် တင်းမာနေသောလက်များက သူ၏ ကြိုးစားအားထုတ်မှုအကြောင်း ပြောနေသည် ။
"သူ့နာမည်က လောင်ရှန် " ဟုန်ထောင်က ဂုဏ်ယူစွာပြောသည်။ "ပြိုကျတဲ့အိမ်မှာ ပုန်းနေတာ။ သူက ကျွမ်းကျင်တဲ့ ပန်းပဲဆရာပါ။ ကုန်သည်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖူးတယ်။ အရင်က အဝါရောင်အဆင့် လက်ရာတချို့တောင် လုပ်ဖူးခဲ့တယ်”
ပိုင်ကျီဟန်သည် စိတ်လှုပ်ရှားမှု အနည်းငယ်နဲ့အတူ ပထမဆုံးအကြိမ် မျက်လုံးပြူးသွားသည်။
ဟုန်ထောင်အနေနဲ့ ထိုသို့သောလူကို ခေါ်ဆောင်လာမည်ဟု မထင်ထားခဲ့ပေ။
အကယ်၍ သူသည် လက်နက်များကို ဖန်တီးနိုင်စွမ်းရှိသူဖြစ်ပါက ပိုင်ကျီဟန်အတွက် သေနတ်ကဲ့သို့ အရာတစ်ခုအား ဖန်တီးနိုင်စွမ်းရှိမည်ကို သေချာပေါက်သိသည်။
ထိုလူသည် ပိုင်ကျီဟန်အား လေးလေးစားစား ခေါင်းညိတ်ပြသည်။
လောလောဆယ်မှာတော့ ပိုင်ကျီဟန်သည် ထိုနေရာ၏ ခေါင်းဆောင်ဖြစ်ပြီး ကယ်တင်ရှင်တစ်ယောက်ပင်
"ဒီလမ်းကို ရှင်းပေးနေတာကို မြင်ပါတယ်" ဟု တိုးညှင်းသောလေသံဖြင့် ပြောသည်။
"မင်းငါ့ကို ဘေးကင်းအောင် လုပ်ပေးတယ်။ မင်းရဲ့ လက်နက်တွေကို ငါပြင်ပေးမယ်။ ပစ္စည်းကောင်းတွေ ပေးရင် ပိုကောင်းအောင်လုပ်နိုင်တယ်။"
အထဲကို ဆွဲယူလာသော အစိတ်အပိုင်းတွေကို ကြည့်လိုက်သည်။
"အဲဒါတွေ ကောင်းကောင်းလုပ်လို့ရတယ်။"
ပိုင်ကျီဟန် မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ပန်းပဲဆရာကြီးကို ကြည့်ကာ ဟုန်ထောင်ကို ကြည့်လိုက်သည်။
"တော်တယ်”
ပိုင်ကျီဟန်သည် အနည်းငယ် ရှက်နေပုံပေါက်သော ဟုန်ထောင်ကို ကြည့်လိုက်၏
သူ ဘာမှသိပ်မလုပ်ခဲ့ဘဲ ပိုင်ကျီဟန် သားရဲများ ဖယ်ရှားထားသည့်နေရာသို့ သွားကာ လောင်ရှန်နဲ့ ကံကောင်းထောက်မစွာ တွေ့ခဲ့ရုံသာ
"သခင်လောင် ၊ ကျွန်တော်အတွက် လက်နက်တစ်ခုကို ဖန်တီးပေးစေချင်ပါတယ်။"
လောင်ရှန်သည် သူ့မေးရိုးကို ပွတ်လိုက်၏
"ဓားတစ်ချောင်း လိုချင်လား"
"မလိုချင်ဘူး" ပိုင်ကျီဟန်သည် ခေါင်းခါရင်း ပြောလိုက်၏
ပြီးတော့ သူသည် ကုန်းပြီး တုတ်တစ်ချောင်းကို ဆွဲယူလိုက်သည်။ တုတ်ဖျားနဲ့ မြေကြီးတွင် ပုံသဏ္ဍာန် ထွင်းထုလိုက်သည်။
ဒါက ထူးဆန်းပေ၏
အောက်ခြေသည် အုတ်အခြေခံနဲ့အတူထောင့်မှန်စတုဂံပုံစံ တိုးချဲ့ထားသည့် ရှည်လျားပြီး ပါးလွှာသော ဆလင်ဒါပုံသာ
ထို့နောက် သေနတ်ပြောင်းအောက်တွင် တည်ငြိမ်အောင် စောင်းထားသောဒုတိယလက်ကိုင်တစ်ခု..အပေါ်တွင် မြင်ကွင်းကြည့်စရာ တစ်ခုပါသေးသည်။ ရင်းနှီးပေမဲ့ ၎င်းက ထူးဆန်း၏
လောင်ရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒါ ဘာလဲ။ လေးမြားလား။"
"လုံးဝမဟုတ်ဘူး" ပိုင်ကျီဟန်က ပြန်ဖြေ၏ "လေးကြိုးကို အားကိုးစရာမလိုတဲ့ လက်နက်တစ်ခုကို မြင်ယောင်ကြည့်လိုက်။ ဘာမှ နောက်ကို ပြန်ဆွဲစရာမလိုဘူး။ ချိန်ပြီး ပေါက်ကွဲလိုက်ရုံပဲ။ အထဲက ပေါက်ကွဲမှု သေးသေးလေးတစ်ခုက မျက်လုံးက ခြေရာခံနိုင်တာထက် ပိုမြန်အောင် တွန်းပို့နိုင်တယ်။"
သူသည် ပြောင်းဝအဆုံးကို လက်ညှိုးနဲ့ ထိုးပြလိုက်သည်။
"အားလုံးက ဒီကနေ လာတာပါ။ ချီမပါဘူး။ ရူပဗေဒပဲ။"
လောင်ရှန်သည် မျက်တောင်ခတ်လိုက်ပြီး ပုံကို ပြန်ကြည့်လိုက်သည်။
"ပြီးတော့ ဒီ... သတ္တုချွန်ကို ပစ်ဖို့ လိုချင်တာလား။"
"ဒါမှမဟုတ် ဘောလုံးလား။ ဒါမှမဟုတ် မြန်နှုန်းမြင့်နဲ့ သေစေနိုင်တဲ့ အရာတစ်ခုခု။"
သူထရပ်ပြီး ပန်းပဲဆရာ၏ မျက်လုံးကို ကြည့်လိုက်သည်။
"လက်တစ်ဖက်တည်းနဲ့ အံဝင်ခွင်ကျဖြစ်ရမယ်" သူ့လက်မောင်းကို မြှောက်ပြီး ပြောလိုက်သည်။
လောင်ရှန်သည် ခေါင်းကို ကုတ်ပြီး အသက်ရှူမဝသလို ပြောလိုက်သည်။
"မီးဖောက်ခွဲရေးလက်နက်... သူ့ဘာသာဖောက်ခွဲနိုင်တဲ့ သေးငယ်ပြီး ပြန်ဖြည့်လို့ရတဲ့ အခန်း... ဟမ်..."
သူ ရှာဖွေတွေ့ရှိထားသည့် ပစ္စည်းတွေအား လှည့်ကြည့်လိုက်၏
"အပူချိန်မြင့်တဲ့ သားရဲအရိုးနဲ့ ဝိညာဉ်သံသတ္တုစပ်ကို အသုံးပြုရင် ဖိအားခန်းတစ်ခုက ဖောက်ခွဲနိုင်တယ်" သူက တိုးတိုးလေးပြောလိုက်သည် "သေနတ်ပြောင်းကို သံမဏိနဲ့ လုပ်လို့ရတယ်... ဟမ်... ပြီးတော့ ခလုတ်ယန္တရား..."
သူ့မျက်လုံးတွေ တောက်ပလာ၏
"ကျွန်တော် ဒါကို လုပ်နိုင်တယ်" ရုတ်တရက် သေချာပြောလိုက်သည် "ရက်အနည်းငယ် ကြာနိုင်တယ်။ ယုံကြည်စိတ်ချရချင်ရင် ပိုပြီး သန့်စင်ထားတဲ့ ပစ္စည်းတွေ လိုအပ်လိမ့်မယ်။ ဒါပေမယ့် ဒါက တကယ်အရေးကြီးလား။ ပိုကောင်းတဲ့ ဓားနဲ့ ဒိုင်းတစ်ခု ကျွန်တော် လုပ်နိုင်တယ်။ မသိတဲ့အရာတစ်ခုအတွက် အချိန်ဖြုန်းသင့်လား"
ထိုလက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးသည့်အတွက် လောင်ရှန်အနေနဲ့ အချိန်ဖြုန်းသည်ဟု ထင်ခဲ့ပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းပေသည်။
သို့တိုင် ထိုသို့အရေးကြီးသည့်အချိန်၌ သက်သေမပြနိုင်သော အရာတစ်ခုအတွက် ကြိုးစားအားထုတ်မှုကို အလဟဿ
မဖြုန်းတီးသင့်ဟု သူထင်သည်။
ပိုင်ကျီဟန်က ပြုံးလိုက်သည်။
"မဟုတ်ဘူး၊ ဒါက အရေးကြီးဆုံးပဲ။ ဒီမြို့ကို ကယ်တင်နိုင်မယ့် တစ်ခုခု ဖြစ်နိုင်တယ်။"
မြို့ကို ကယ်တင်နိုင်မည်ဟူသော စကားကိူ ကြားတော့ လောင်ရှန်သည် မျက်လုံးပြူးသွားသည်။
တကယ်လား။
သူမသိပေ။
သို့ပေမယ့် ပိုင်ကျီဟန်သည် ခိုလှုံရာ၏ ခေါင်းဆောင်ဖြစ်တာကြောင့် သူ့ကို ယုံကြည်သင့်သည်ဟု ထင်သည်။
"ကောင်းပြီ”
လောင်ရှန်သည် သဘောတူလိုက်သည်။
"ပုံစံငယ်ကို စလုပ်ရမယ်။ ပထမဆုံးဗားရှင်းကို နှစ်ရက်အတွင်း ရလိမ့်မယ် ။ ဘယ်သူမှ ကျွန်တော်ရဲ့ ပန်းပဲဆိုင်ပေါ်ကို သားရဲတစ်ကောင် ထပ်မချဘူးဆိုရင်ပေါ့။"
ပိုင်ကျီဟန်သည် တုန်ရီနေသောလက်များနဲ့ သံချပ်ကာတွေစီရင်း လက်နက်တွေ တပ်ဆင်နေသည့် လူအုပ်ဆီ ပြန်လှည့်လိုက်သည်။
ကလေးအနည်းငယ်ကတော့ သေတ္တာတွေနောက်ကနေ ချောင်းကြည့်နေကြသည်။
မနေ့က ကယ်တင်ခဲ့သူများထဲမှ ယောက်ျားလေးတစ်ယောက်သည် သူ့ထက် ပိုလေးသော ဓားတစ်ချောင်းကို လက်နှစ်ဖက်နဲ့ ကိုင်ထားသည်။
သူ့ခန္ဓာကိုယ်နဲ့ နတ်ဆိုးသားရဲအား ဘာမှလုပ်လို့မရသည့်တိုင် သေနတ်တွေရှိလျှင်တော့ တခြားဖြစ်နိုင်သည်။
ထိုကလေးငယ်တွေတောင် ကောင်းကောင်းချိန်ရွယ်ထားသရွေ့ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်နိုင်သည်။
၎င်းသည် သူ နတ်ဆိုးသားရဲတိုင်းကို သတ်ဖို့လုပ်နေသည့် နည်းလမ်းပင်။ ထိုလူတွေအား ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေ ပေးရမည်။
ဟုန်ထောင်သည်လည်း ပိုတက်စီယမ်နိုက်ထရိတ်ကို ပြန်ယူလာခဲ့သည်။ အခု သူလိုအပ်တာက အနက်ရောင်အမှုန့်လုပ်ဖို့ မီးသွေးနဲ့ ဆာလဖာပင်
ထို့နောက် လောင်ရှန် ဖန်တီးသည့် သေနတ်နဲ့ မည်သူမဆို နတ်ဆိုးသားရဲတွေကို နှိမ်နင်းနိုင်သည်။
ထိုကောင်တွေ သေနတ်စွမ်းအားကို ခံစားရဖို့ အချိန်ရောက်ချေပြီ။