အနှစ်သာရကား တာအိုရင်းမြစ်အတွက် အစပျိုးမှုမျှသာ
Vol. 89 Ch. 1232
ရွှမ်တောက်စစ် မန်ဟို၏ လမ်းလျှောက်ပညာရပ်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ကိုယ်ပိုင်အချိန်အနှစ်သာရက ဆာလောင်မွတ်သိပ်စွာဖြင့် ကောက်ကာငင်ကာ ဆူပွက်လာလေသည်။ ၎င်းက သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော ခံစားချက်ဖြစ်၏။
“ဒါက ...” အနှစ်သာရ၏တုံ့ပြန်မှု အားကောင်းလာရန် တခဏသာကြာလိုက်၍ သူ့အား စိတ်လှုပ်ရှားတုန်ရီလာစေတော့သည်။
“ငါ့အနှစ်သာရက လှုပ်ရှားနေပါလား။ ဆာလောင်နေပါလား... ဒီ .. ဒီလိုဖြစ်ရပ်မျိုးကို သမိုင်းမှာ ဖော်ပြခဲ့ဖူးတယ်
“ဘုရားဘုရား ... ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့အရာမျိုးကို ငါ ကြုံတွေ့နေရတာ ယုံတောင်မယုံနိုင်ဘူး။ မန်ဟို့ရဲ့ လမ်းလျှောက်ပညာရပ်က ဘယ်နေရာက လာတာပါလိမ့်။ ငါ့အနှစ်သာရကို လှုံ့ဆော်နေတဲ့အပြင် ငမ်းငမ်းတက် ဆာလောင်နေစေတယ်
“ငါ့အနှစ်သာရက အဲဒီလမ်းလျှောက်ပညာရပ်ထဲက အချိန်တာအိုကို စုပ်ယူချင်နေတာပဲ
“ငါသာ အဲဒါကို ဉာဏ်အလင်းရရင် ငါ့ကိုယ်ပိုင်အနှစ်သာရက ... အဆင့်နောက်တစ်ဆင့်တက်ပြီး တာအိုရင်းမြစ်ရဲ့ အမျှင်တစ်မျှင်ကို ဖော်ဆောင်နိုင်လိမ့်မယ်။ ဒဏ္ဍာရီတွေအရ အနှစ်သာရဟာ တာအိုရင်းမြစ်အတွက် အစပျိုးမှုမျှသာ ဖြစ်တယ်တဲ့လေ
“တာအိုရင်းမြစ်က ... တန်ခိုးကြီးတာအိုဥသျှောင်တွေပဲ နားလည်တဲ့အထိ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုပဲ.... ဒဏ္ဍာရီပါရာဂွန်တွေပဲ အဲဒီအမြင့်အထိ တက်လှမ်းနိုင်တာ” ရွှမ်တောက်စစ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ဒုန်းစိုင်းခုန်နေတော့သည်။
တာအိုနယ်ပယ်ပညာရှင်များအတွက် အနှစ်သာရသည် အစသာ ရှိသေး၏။ ၎င်းက သူတို့ခရီးစဉ်၏ ပန်းတိုင်ဖြစ်သော်လည်း စမှတ်နောက်တစ်မှတ်လည်း ဖြစ်သည်။
ထိုစမှတ်သည် တကယ်တော့ တာအိုနယ်ပယ်ကျင့်ကြံသူအများစု တစ်ဘဝလုံး တစ်သွားကြမည့် နေရာဖြစ်ပေ၏။ သူတို့အားလုံး အထွတ်အထိပ်များသို့ တက်လှမ်းဖို့ အနှစ်သာရတစ်ခုပြီးတစ်ခု ဉာဏ်အလင်းရရှိအောင် ကြိုးစားရလေသည်။
ပထမဆုံးအထွတ်အထိပ်ကတော့ အနှစ်သာရ ၃ ခု တာအိုသခင်။ တာအိုသခင်၏အပေါ်တွင်မူ တာအိုဥသျှောင်။ အနှစ်သာရ ၇ ခု ပိုင်ဆိုင်လျှင်တော့ ပါရာဂွန်ဟု ခေါ်ထိုက်လာသည်။
သို့သော် အမှန်အားဖြင့် တာအိုနယ်ပယ်ကျင့်ကြံသူတိုင်း နားမလည်သောအရာတစ်ခု ရှိသေးသည်။ တာအိုသခင်များနှင့် တာအိုဥသျှောင်များသာ ကြားကောင်းကြားဖူးလိမ့်မည် ... ပါရာဂွန်တစ်ဦးဖြစ်လာခြင်းက ကျင့်ကြံခြင်း၏ အကြွင်းမဲ့ထိပ်ဆုံးအဆင့် မဟုတ်သေးပေ။ ဥပမာအားဖြင့် ပါရာဂွန်ကိုးတံဆိပ်တွင် မဟာအနှစ်သာရ ၉ ခု ရှိသော်လည်း သူ့လို အစွမ်းထက်သောပုဂ္ဂိုလ်ပင် အဆုံးသတ်၌ သေဆုံးသွားခဲ့သည်။
အနှစ်သာရ ၉ ခု ပါရာဂွန်၏အလွန်တွင် .... တာအိုရင်းမြစ်နယ်ပယ်ရှိသေးသည်။
အမှန်တော့ ... တာအိုရင်းမြစ်နယ်ပယ် အမှန်တကယ် ရှိလားမရှိလားပင် ဘယ်သူမှ မသိကြပေ။ ပါရာဂွန်အင်မော်တယ်လောကတွင် ဖြစ်စေ၊ လက်ရှိတောင်ပင်လယ်လောကတွင် ဖြစ်စေ၊ တစ်လောကလုံးမှာ ... တာအိုရင်းမြစ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်လေးကိုပင် တစ်ခါမှ မွေးမထုတ်နိုင်ခဲ့ဖူးပေ။
ဒဏ္ဍာရီရာဇဝင်များတွင်လည်း တာအိုရင်းမြစ်နယ်ပယ်အတွက် သော့ချက်မှာ .... အနှစ်သာရက တာအိုရင်းမြစ်အတွက် အစပျိုးမှုမျှသာဖြစ်သည် ဟုသာ ဆိုခဲ့ကြသည်။
“တာအိုရင်းမြစ်။ ဒါက သေချာပေါက် ဒဏ္ဍာရီလာတာအိုရင်းမြစ်ပဲ။ ဒါက တာအိုနယ်ပယ်ကို ဝင်ရောက်ခဲ့ကတည်းက ငါ့ရဲ့အနှစ်သာရတွေထဲက တစ်ခု ပထမဆုံးလှုပ်ရှားဖူးတာပဲ” ရွှမ်တောက်စစ်သည် မန်ဟို့ကို တခဏကြည့်ပြီးနောက် ရုတ်တရက် သူ့နောက် တဟုန်ထိုး လိုက်သွားတော့၏။ သူကား ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏အလိုအတိုင်း လုပ်နေခြင်းမဟုတ်တော့.... သူ့အတွက်သူ လုပ်နေခြင်း ဖြစ်လေသည်။
ရွှမ်တောက်စစ်သည် ဒဏ္ဍာရီပါရာဂွန်များပင် တာအိုရင်းမြစ်ကို မထိတွေ့ခဲ့ဖူးကြောင့် တွေးမိသောအခါ ရူးမတတ် ပျော်လာတော့၏။
သို့သော် သူ့ထက်ပင် လျင်သော အခြားတစ်ယောက်ရှိသည်။ မန်ဟို ထူးခြားသော အချိန်ခရီးသွားလမ်းလျှောက်ပညာရပ်ကို သုံးလိုက်သည့်အချိန်မှာပင် ဟုန်ချိန်က ခပ်စူးစူးရယ်သည်။ ရုတ်တရက် သူမသည် လက်ချောင်းကို ဝှေ့ယမ်းကာ သူမမျက်နှာထက်ရှိ ပြည်ဖုခုနစ်ဖုကို ပေါက်သွားစေ၏။ ထို့နောက် နို့နစ်ရောင်ကင်းခြေများခုနစ်ကောင်က မန်ဟို့နောက် တဟုန်ထိုး လိုက်သွားကြသည်။
“နဂါးနတ်ဘုရား... အရှင်ရဲ့တည်ရှိမှုကို တောင်းဆိုပါတယ်” ဟုန်ချိန်၏မျက်လုံးများက အေးစက်စွာ တောက်ပနေပြီး စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကင်းခြေများခုနစ်ကောင်က ထူးဆန်းသော မန္တန်ဝင်္ကပါတစ်ခုကို ဖော်ဆောင်နေသည့်အလား တစ်ကောင်ကိုတစ်ကောင် လှည့်ပတ်လာကြသည်။ ၎င်းတို့ထံမှ အံ့မခန်းလိလိအရှိန်အဝါတစ်ခု လိမ့်ထွက်လာပြီး တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်အရိပ်ကြီးတစ်ခုက ကင်းခြေများများကို ဝန်းရံလျက် ပေါ်လာခဲ့လေပြီ။
ထိုအရိပ်ကား နဂါးမဟုတ်...မီတာသုံးထောင်တိတိ ရှည်လျားသော ကင်းခြေများကြီးတစ်ကောင် ဖြစ်သည်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြယ်တာရာကောင်းကင်သည် ကြေမွသွား၏။ နဂါးနတ်ဘုရားက ဟိန်းဟောက်၍ မန်ဟို့ထံ ရွေ့လျားလာသည်။
မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်လာသည်။ နဂါးနတ်ဘုရားသည် သူ့ကို အုပ်မိုးနေပြီး ရွှမ်တောက်စစ်ကလည်း လျင်မြန်စွာ ချဉ်းကပ်လာနေလေပြီ။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟိုအနေဖြင့် ရှောင်နိုင်ခြင်းမရှိတော့။ သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ ပါရာဂွန်တံတားကို ဖော်ဆောင်လိုက်သည်။ သူ အချိန်လမ်းလျှောက်ပညာရပ်ကို သုံးရင်း ဆက်သွားနေစဉ် အင်မော်တယ်တောင်များသည် နေတစ်စင်းနှင့်လတစ်စင်းကို လှည့်ပတ်လျက် ကျဆင်းလာ၏။ လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ တန်ခိုးအပြည့်အဝလည်း ဖြာထွက်လာသည်။
အသားဂျယ်လီသည် ချပ်ဝတ်တန်ဆာတစ်ခုအသွင်ဖြင့် ပေါ်လာ၏။ ကြေးမုံက စစ်လက်နက်အသွင်ပြောင်းသည်။ သွေးခွေးကြီးက ခြုံထည်ဖြစ်လာသည်။ စတုတ္ထနိဗ္ဗာနသစ်သီးသည်လည်း မန်ဟို့နဖူးထဲ ဖိထည့်ခံလိုက်ရ၏။
၎င်းတို့အားလုံးက မန်ဟို့စွမ်းအင်ကို ကြောက်ခမန်းလိလိ ထိုးတက်သွားစေရင်း မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ သူက လက်ကို အားပါပါလွှဲရမ်း၍ ကြယ်တာရာကောင်းကင်အား တုန်ခါလာစေသည်။ မန်မျိုးနွယ်သင်္ဘောပင်လျှင် ယိမ်းခါလာပြီး ၎င်း၏အကာအကွယ်ဒိုင်းလည်း ခွမ်းခနဲ ကွဲသွား၏။ မန်မျိုးနွယ်ကျင့်ကြံသူများစွာ သွေးအန်လိုက်ကြရသည်။
နဂါးနတ်ဘုရားမှာ မချိတင်ကဲ အော်ရင်း အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်သွားသည်။ ရွှမ်တောက်စစ်က သွေးရူးသွေးတန်း လိုက်နေသည်ကို ရပ်၍ အင်္ကျီလက်စကို ခါရမ်းကာ သူ၏ကျင့်ကြံခြင်းအခြေခံကို အသက်သွင်းလိုက်၏။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးလည်း မာန်သွင်းဟိန်းဟောက်ရင်း တိုက်စစ်ဆင်လိုက်သည်။
ပါရာဂွန်တံတား လည်ထွက်သွားသဖြင့် မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ တောင်တွေလည်း ပြိုကျသွားပြီး နေနှင့်လလည်း ကြေမွသွားလေသည်။ အသားဂျယ်လီချပ်ဝတ်တန်ဆာမှာ တစစီ ကွဲထွက်သွားသည်။ စစ်လက်နက်လည်း မှေးမှိန်ပျောက်ကွယ်သွားပြီး ခြုံထည်သည် သွေးအန်နေသော သွေးခွေးကြီးအသွင် ပြန်ပြောင်းသွား၏။
မန်ဟို၏စတုတ္ထနိဗ္ဗာနသစ်သီးသည် သူ့ကိုယ်ထဲမှ နှင်ထုတ်ခံလိုက်ရပြီး မန်ဟိုမှာ သူ့သွေးမြူများဖြင့် လျင်မြန်စွာ လွှမ်းခြုံခံလိုက်ရတော့သည်။ သူ့ပုံစံအရ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပုံပေါ်ပြီး သူ ဆက်ပြေးနေစဉ် အသားများဖွာလန်ကြဲစုတ်ပြဲနေသော သူ၏ရင်ဘတ်ထဲတွင် ကြေနေသော အရိုးများကိုပင် မြင်ရနိုင်သည်။
“သေစမ်း” ဟုန်ချိန်က မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားရင်း အော်လိုက်သည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးက သူ၏အစွမ်းထက်ဆုံးအနှစ်သာရမှော်အစွမ်းကို အားရကျေနပ်စွာ ထုတ်လွှတ်၍ မန်ဟို့အား တိုက်ခိုက်လိုက်၏။
ရုတ်တရက် ရွှမ်တောက်စစ်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။
“သူ့ကို မသတ်နဲ့” သူက ကြားဝင်ရင်း အော်ပြောသည်။ သူသည် ဟုန်ချိန်နှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ တိုက်ကွက်များကို ဟန့်တားလိုက်သဖြင့် ထစ်ချုန်းသံများ ဆူညံသွား၏။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးက သူ့အား စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
“ရွှမ်တောက်စစ် မင်း ဘာလုပ်နေတာလဲ”
“တာအိုရောင်ရင်း ရွှမ်တောက်စစ်။ ဘာလို့ ကျွန်မလမ်းကို ပိတ်နေတာလဲ။ ဒါက ဘာသဘောလဲ” ဟုန်ချိန်နှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီးနှစ်ယောက်လုံး မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ရွှမ်တောက်စစ်ကို စိုက်ကြည့်လိုက်ကြသည်။
“ငါ သူ့ကို လိုအပ်တယ်” ရွှမ်တောက်စစ်က မဆိုင်းမတွ ရှင်းပြသည်။ “သူ့ကို အရှင်ထားပေးပါ။ ငါ လုပ်စရာရှိတာ လုပ်ပြီးရင် မင်းတို့ သူ့ကို သတ်နိုင်တယ်။ ငါ့အနေနဲ့ မင်းတို့အပေါ်မှာတောင် ကျေးဇူးအကြွေးတင်သွားလိမ့်မယ်”
မန်ဟိုက ထိုအခိုက်အတန့်ကို အခွင့်အကောင်းယူကာ ဝေးဝေးထပ်ဆုတ်သွားသည်။ သူ့မျက်နှာသည် ဖြူဆုပ်နေပြီး သူ့ကျင့်ကြံခြင်းအခြေခံလည်း အားနည်းနေချေပြီ။ အမှန်တွင် သူ လက်ရှိရထားသော ဒဏ်ရာများမှာ ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ခဲ့စဉ်တုန်းကထက် ရခဲ့သည်ထက်ပို၍ ပြင်းထန်လေသည်။
သူ့မှာ တာအိုသခင်သုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်နေသည့်အပြင် သူကိုယ်တိုင်မှာ တာအိုနယ်ပယ်သို့ပင် မရောက်သေးသည်မဟုတ်ပါလော။ သူသည် အစကတည်းက သူတို့၏ပြိုင်ဘက်မဟုတ်၍ ယခုတော့ တောက်ပနေသော အကွဲကြောင်း ၃၃ ကြောင်းထဲသို့ ထွက်ပြေးရန်ပင် အချိန်မလောက်တော့ပေ။
အဝေးရှိ မန်မျိုးနွယ်သင်္ဘောပေါ်တွင်လည်း လူတိုင်း ဒဏ်ရာရခဲ့ကြသည်။ သခင်လေးဆိုသူကမူ ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး လောဘဇောကပ်နေ၏။
“ငါ သူ့ရဲ့ အက်ရှလွန်နေရာကို လိုချင်တယ်” လူငယ်က ဟိန်းဟောက်လိုက်သည်။ “သွားကြ၊ မင်းတို့အကုန်လုံး သူ့ကို သွားသတ်ကြ" မန်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်မှ ဘာမှမလုပ်ကြသော်လည်း .... မန်ဟို့ကို ကြည့်နေစဉ် ဒဏ်ရာရနေသော ကျားတစ်ကောင်ကို ကြည့်နေသော မြေခွေးအုပ်သဖွယ် သူတို့၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလျက်ရှိ၏။
အမာရွတ်များနှင့်လူငယ်လေးတစ်ယောက်သာ စိုးရိမ်ပူပန်မှုများကို မဖုံးကွယ်နိုင်ဘဲ စိတ်မအေးဖြစ်နေပုံရသည်။
လောလောဆယ်တွင် မန်ဟိုမှာ ဆက်တိုက်ဆုတ်နေရသည်။ ရွှမ်တောက်စစ်နှင့် ကျန်တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်က သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ပြီး၍ မန်ဟို့အား သတ်ဖြတ်လိုစိတ်တို့ဖြင့် လှမ်းကြည့်ကြသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေသည့်လုပ်ရပ်၊ တစ်ယောက်ကို သုံးယောက်ပေါင်းချနေသည့်လုပ်ရပ်ကား မည်မျှအောက်တန်းကျလှသနည်း။
မန်ဟိုက ခါးသီးစွာ ရယ်လိုက်သည်။ သူတို့၏တိုက်ကွက်များကို တားနိုင်သည့် တာအိုမှော်သိုင်းကွက်များ သူ့တွင် မရှိပေ။ သူ့မှာ တောင်ပင်လယ်လောက၏ နေနှင့်လအလင်းရောင်ကို ဆင့်ခေါ်ဖို့ သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးကိုပင် သုံးဖို့ ကြိုးစားခဲ့သည့်တိုင် အရာမယွင်းပေ။
“ငါ နည်းနည်းမဆင်ခြင်တတ်ခဲ့ဘူး ထင်တယ်...” သူက ရေရွတ်လိုက်သည်။ “ဒါပေမဲ့ နောင်တတစ်စက်မှ မရဘူး။ ချင်အာကိုလည်း ပြန်မခေါ်နိုင်၊ ချူယွီယန်ကိုလည်း မကယ်ပေးနိုင်တာကတော့ .... တကယ်နှမြောစရာကောင်းတယ်....” တာအိုနယ်ပယ်ပညာရှင်သုံးဦး သူ့ဆီ လာနေစဉ် မန်ဟိုက သက်ပြင်းချလိုက်သည်။ သို့သော် ရုတ်တရက် ဓာတ်လိုက်သကဲ့သို့ သူ့တစ်ကိုယ်လုံး ကျဉ်တက်သွားပြီး သူ၏မျက်လုံးများသည် စူးရှတောက်ပလာတော့၏။
“နေဦး ငါ့မှာ တာအိုမှော်သိုင်းကွက်တစ်ကွက် ရှိသေးတာပဲ” သူက ခေါင်းကို မော့၍ အံကို ကြိတ်သည်။ ထို့နောက် ခြေနှစ်ဖက်ကို စက်ဝန်းနှင့်တူအောင် ကွေးပြီး ညာလက်ကို သူ့မျက်နှာအရှေ့တွင် မြှောက်သည်။
“တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်” သူက ဟိန်းဟောက်လိုက်သည်။ ရုတ်ခြည်းပင် ကြယ်တာရာကောင်းကင်သည် ဆူညံသံအားလုံး ဝါးမြိုခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွား၏။ အမှန်တွင် ထုတ်လွှတ်ခံနေရသော ဆူညံသံအားလုံး အရှင်းဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။
ထိုကဲ့သို့ တိတ်ဆိတ်သွားစဉ် မယုံကြည်နိုင်ဖွယ်ဖိအားတစ်ခုက ဝုန်းခနဲ သက်ရောက်လာသည်။ ရွှမ်တောက်စစ်၏ မျက်နှာပျက်သွားသည်။ ဟုန်ချိန်၏မျက်လုံးများ ပြူးကျယ်သွားပြီး ဝိညာဉ်နက်ခေါင်းဆောင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူတို့သုံးယောက်လုံးသည် တာအိုသခင်များဖြစ်၍ မိုးကောင်းကင်၊ မြေကြီးနှင့် အာကာသတို့ဖြင့် လွန်စွာအကျွမ်းဝင်လေသည်။ ရုတ်တရက်ဆိုသလို သူတို့နှလုံးသားများအား ပြင်းထန်သောကြောက်စိတ်တို့ဖြင့် တုန်ရီသွားစေသည့် စိတ်ဆန္ဒတစ်ခု ဆင်းသက်လာနေသည်ကို သူတို့ ခံစားလိုက်ရ၏။
မန်ဟိုလည်း တုန်ရီနေသည်။ သူ စကားလုံးများကို ဟိန်းဟောက်ခဲ့တုန်းက သူ၏နတ်ဘုရားအာရုံက ဖြာထွက်သွားလေသည်။ သူသည် ဤတာအိုမှော်သိုင်းကွက်ကို တာအိုရသေ့နှင့်အတူ ထပ်တလဲလဲ ကျင့်ကြံခဲ့သော်လည်း ယခုလိုတစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ ရုတ်တရက် မျှော်လင့်ချက်မီးစလေးကား သူ၏နှလုံးသားထဲ၌ လင်းလက်တောက်ပလာခဲ့ချေပြီ။
သူ့နှလုံးအိမ်ထဲရှိ အစွဲကြီးမှုနှင့် ယုံကြည်မှုသည် အတူအကွ ပေါင်းစည်းသွား၏။ ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံချုပ်နှောင်ဂါထာသည် တောင်ပင်လယ်လောကကို သေချာပေါက် ခြယ်လှယ်နိုင်သည်ဟု သူ အခိုင်အမာယုံကြည်သွားသည်။
သူ့မှာ ဆန်းပြားသောအခြေအနေတစ်ရပ်တွင် လုံးလုံးလျားလျား နစ်မြောသွားသဖြင့် ပတ်ဝန်းကျင်ရှိဖိအားကို မခံစားရပေ။ သူသည် ကမ္ဘာကြီးဖြစ်လာခဲ့သည့်အလား.... အဋ္ဌမတောင်ပင်လယ်ဖြစ်လာခဲ့သည့်အလား... တောင်ပင်လယ်လောကတစ်ခုလုံး၏ စိတ်ဆန္ဒဖြစ်လာခဲ့သည့်အလားပင်။
‘တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်’ဆိုသည့်စကားလုံးများနှင့် ပတ်သက်လျှင် မန်ဟိုသည် တာအိုအား တောင်ပင်လယ်လောကတစ်ခုလုံးအဖြစ် မှတ်ယူ၏။ တောင်ပင်လယ်လောကက သူ၏နှလုံးသားထဲ၌ ရှိလာသည်။
“စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်” သူ့ဘယ်လက်သည် ညာလက်အရှေ့၌ ကန့်လန့်ဖြတ်၍ 十 စာလုံးပုံစံဖော်ရင်း သူ၏မျက်လုံးများကို ဖုံးကွယ်လိုက်ရာ သူ့အရှေ့ရှိ လောကကြီးအား မမြင်ရတော့ပေ။ သို့သော် ဖုံးကွယ်၍မရနိုင်သည်ကား ... သူ့နှလုံးသားနှင့် သူ့စိတ်ဆန္ဒဖြစ်သည်။
တစ်ခါတရံ မျက်လုံးများကို ပိတ်လိုက်သောအခါမှ၊ အမြင်ကို ဖုံးကွယ်လိုက်သောအခါမှ မည်သည့်အရာကိုမှ မမြင်ရတော့သည့်အခါမှ ... လောကကြီးကို အမှန်တကယ် ခံစားကြည့်နိုင်လေသည်။
ယင်းက မန်ဟို လက်ရှိခံစားနေရသော အရာပင်။ သူသည် ကြယ်တာရာကောင်းကင်ထဲရှိ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို ခံစားနေရသလို၊ နေနှင့်လကိုလည်း ခံစားနေရ၏။
သူ၏အသိအမြင်က မည်သည့်အဟန့်အတားကိုမဆို ထိုးဖောက်၍ တောင်ပင်လယ်လောကတစ်ခွင် ပြည့်နှက်သွားသဖြင့် သူ့မှာ တုန်ရီစပြုလာတော့သည်။ သူ၏စိတ်ဆန္ဒသည် ယခုတွင် တောင်ပင်လယ်များ၏စိတ်ဆန္ဒဖြစ်လာခဲ့ပြီး သူ၏စိတ်က တောင်ပင်လယ်များ၏စိတ် ဖြစ်လာခဲ့လေပြီ။
တာအိုရသေ့ပင်လျှင် ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို မန်ဟို ဤမျှလွယ်လင့်တကူ ထုတ်လွှတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ လွယ်လွန်းသဖြင့်.... သူ့အတွက် တသီးတသန့် ပြင်ဆင်ထားသည့် ကောင်းကင်ဘုံလာမှော်သိုင်းကွက်အလား ထင်ရသည်။
မိမိကိုယ်ကို တောင်ပင်လယ်အပေါင်း၏ သခင်ဟု ယုံကြည်၍ ကောင်းကင်ဘုံ ၃၃ ခုကို ချုပ်နှောင်ခြင်း။
အကယ်၍ အကြင်သူသည် တောင်ပင်လယ်သခင်စင်စစ် ဖြစ်နေလျှင်တော့ ထိုမှော်သိုင်းကွက်ကား ... စိတ်ကူးမကြည့်နိုင်လောက်အောင် အစွမ်းထက်လိမ့်မည်။
မန်ဟိုသည် တုန်ရီနေလျက် ခြေထောက်များကို လှုပ်ရှားကာ တောင်တစ်လုံး၏ပုံစံ ဖော်လိုက်သည်။ ထို့နောက် တစ်ကမ္ဘာလုံးကို ပွေ့ဖက်တော့မည့်အလား လက်နှစ်ဖက်လုံးကို ဖြန့်ကားလိုက်၏။
“တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည်... ကောင်းကင်ဘုံချုပ်နှောင်ဂါထာ” သူက ဟိန်းဟောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်မှာ တုန်ရီသွားပြီး တစ်လောကလုံး လှုပ်ရမ်းလာသည်။ တောင်ပင်လယ်လောက၏ ပင်လယ်ကိုးစင်း တဝေါဝေါ အော်မြည်လာပြီး တောင်ကိုးလုံးသည်လည်း ပြင်းထန်စွာ တုန်ခါလာ၏။ နေနှင့်လလည်း တုန်ခါနေသည်။ အရာအားလုံး ပြိုးပြိုးပြက်ပြက် တောက်ပနေတော့သည်။
တောင်ပင်လယ်များအား လုံးလုံးလျားလျား လှုပ်ခါတုန်ဟည်းနေချေပြီ။
ဤနေရာတွင်သာ... မန်ဟိုတစ်ယောက်တည်းသာ ... ကောင်းကင်ဘုံများကို ပထမဆုံး ချုပ်နှောင်နိုင်လေ၏။