← Chapters

အခန်း (၄၆)

Vol. 6 Ch. 46

အခန်း (၄၆)

Vol. 6 Ch. 46

မနက် ရှစ်နာရီတိတိမှာ ဖေးယွင်ကျင်း သူ့ကလေးထိုင်ခုံပေါ်တွင် ထိုင်ရင်း နန်ယု အခန်းအား မကြာခဏ ကြည့်နေသည်။ သူ့ကိုယ်ခန္ဓာ သေးသေးလေးမှာ ဟိုဘက်ဒီဘက် ယိမ်းထိုးနေပြီး တည်ငြိမ်မှုမရှိသည်မှာ ရှင်းသည်။

သူ ယနေ့ မနက် ခြောက်နာရီကတည်းမှ ထခဲ့ပြီး မနက်စာကို ပုံမှန်ထက် ပိုမြန်မြန် စားခဲ့သည်။ ဖေးယွင်ကျင်း မူကြိုကျောင်းအတွက်ပင် ဤမျှ စောစောမထခဲ့ဖူးပေ။ ထို့ကြောင့် သူ ဒီနေ့အား တကယ်စောင့်မျှော်နေသည်မှာ သေချာသည်။

ယခု ဖေးယွင်ကျင်း နန်ယု အောက်ထပ်ဆင်းလာဖို့ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။

ဘေးမှ ကြည့်နေသော ဦးလေးကျိုးမှာ သဘောကျနေသည်။ သူ ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ကျောင်းစတက်ချိန်တွင် ဖေးယွင်ကျင်း မူလတန်းသို့ရောက်ပြီဖြစ်သဖြင့် ပိုရင့်ကျက်ပြီး ဆင်ခြင်တုံတရားရှိရှိနေတော့မည်ဟု သူ့ကိုယ် သူ ကတိပေးခဲ့သည်အား သတိရမိသည်။

သို့သော် ယခုမူ သူသည် ရင့်ကျက်ပြီးတည်ငြိမ်သည့်ပုံမပေါက်ချေ။

“သခင်လေး၊ ကုန်တိုက်က မနက်ကိုးနာရီမှ ဖွင့်မှာပါ၊ ဒီတစ်ခါ Ultraman တွေအတော်များများလည်းထွက်လာတယ်၊ မဝယ်နိုင်မှာကို စိတ်မပူပါနဲ့”

ဦးလေးကျိုးမှာ ဖေးယွင်ကျင်း စိုးရိမ်တကြီးစောင့်ဆိုင်းနေ သည်ကို မကြည့်ရက်တော့ဘဲ အကြံဉာဏ်ပေးလိုက်သည်။

အကန့်အသတ် ထုတ်လုပ်မှုဟု တံဆိပ်ကပ်ထားသော်လည်း ဦးလေးကျိုးထုတ်လုပ်သည့် အရေအတွက်အား စစ်ဆေးပြီးဖြစ်သည်။ အရေအတွက် အတော်များသည်။ ထို့အပြင် နန်မိသားစု၏ကြွယ်ဝမှုနှင့်ဆိုလျှင် အရုပ်တစ်ခုမရမည်ကို ကြောက်စရာရှိပါဦးမလား?

“ဒါပေမယ့်... တကယ်လို့ မရရင်ရော ?”

ဖေးယွင်ကျင်း စိတ်ပူနေဆဲဖြစ်သည်။ သူ မနေ့ညကတည်းက ၎င်းအား အကြာကြီးစဉ်းစားနေခဲ့သည်ကိုဝန်ခံဖို့ရှက်နေ သည်။ တကယ်လို့ သူ မဝယ်နိုင်ရင်ရော?

၎င်းမှာ ဖေးယွင်ကျင်းအတွက် ကိုယ်တိုင်ရှာခဲ့သော ပိုက်ဆံဖြင့် ပစ္စည်းတစ်ခုအား ပထမဆုံးအကြိမ် ဝယ်ယူခြင်းဖြစ်သော ကြောင့် လွဲချော်သွားပါက သူ တကယ်ပင် ရင်နာမိလိမ့်မည်။

ဦးလေးကျိုး စကားမပြောနိုင်တော့ပေ။ အမှားအယွင်း မရှိနိုင်ဟု အာမခံနိုင်လျှင်တောင် ဖေးယွင်ကျင်း စိတ်ပူနေဆဲဖြစ်လိမ့် မည်။ သူ Ultraman အား လက်ထဲမရမချင်း စိတ်အေးနိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် ရှစ်နာရီခွဲ၌ နန်ယု အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ ဖေးယွင်ကျင်း၏ပြင်းပြသော အကြည့်နှင့်ရင်ဆိုင်ရသော်လည်း သူမ သတိမထားမိသလို ဟန်ဆောင်ကာ ထမင်းစားပွဲဆီသို့ အေးအေးဆေးဆေး လျှောက်သွားပြီး မနက်စာကို အေးအေးဆေးဆေး စားသုံးနေသည်။

နန်ယုအား အလျင်စလိုလုပ်ဖို့ မတတ်နိုင်သောကြောင့် ဖေးယွင်ကျင်း ထမင်းစားပွဲမှထ၍ ဧည့်ခန်းရှိ ဆိုဖာသို့သွားခဲ့သည်။ သူ ကလေးပုံပြင်စာအုပ်ကိုကောက်ယူကာ စိတ်ဝင်စားဟန်ပြုသော်လည်း စာမျက်နှာတစ်ရွက်မှမလှန်ခဲ့ချေ။

ကိုးနာရီတိတိတွင် နန်ယု၏ “သွားကြစို့” ဟူသော စကားကြောင့် ဖေးယွင်ကျင်း ပျော်ရွှင်စွာခုန်ပေါက်လိုက်သည်။ သူ Ultraman အား တကယ်ပင် ချစ်မြတ်နိုးသည်။

ကားပေါ်ရောက်သောအခါ နန်ယု သူ့၏ယိမ်းထိုးနေသော ခြေထောက်များကိုကြည့်ပြီး စေတနာဖြင့် သတိပေးလိုက်သည်။

“ပိုက်ဆံတွေ အကုန်ပါလာပြီလား ?”

ဖေးယွင်ကျင်း ရင်ခွင်ထဲမှ အိတ်ငယ်လေးအားပုတ်လိုက်သည်။

“ပါလာ ပါတယ်!”

၎င်းမှာ သုံးလတာကာလအတွင်း သူ ကြိုးစားရှာဖွေခဲ့သော ပိုက်ဆံဖြစ်ပြီး သူ့ကိုယ် သူပျောက်သွားသည့်တိုင် ဒီပိုက်ဆံများမပျောက်စေရဟု ခံယူထားသည်။ အိတ်ကိုကျောပိုးရမည့်အစားဖေးယွင်ကျင်း စိတ်မလုံ၍ ရင်ဘတ်နှင့် ကပ်လျက်ဖက်ထားပြီး မည်သူမျှ လုယူမရအောင် စောင့်ရှောက်နေခဲ့သည်။

ဖေးယွင်ကျင်း ယခင်က ပိုက်ဆံတန်ဖိုးအား သိပ်မသိခဲ့သော် လည်း ဤအတွေ့အကြုံကြောင့် ငွေရှာရခြင်း၏ခက်ခဲမှုကို နက်နက်နဲနဲ နားလည်သွားသည်။ ထို့ကြောင့် သူ အန်တီ့အတွက် ပိုက်ဆံပိုရှာနိုင်ရန် ကြိုးစားသင်ကြားဖို့ ဆုံးဖြတ်လိုက်သည်။

၎င်းမှာ သူတို့၏မူကြိုဆရာမက သင်ကြားပေးခဲ့သော သင်ခန်း စာဖြစ်သည်။

မူရင်းမှာ “အနာဂတ်တွင် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုရန် ကြိုးစားသင်ပါ” ဟူသော်လည်း ဖေးယွင်ကျင်း ရည်ရွယ် ချက်အား သူ့နည်းသူ့ဟန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ဗီလာမှကုန်တိုက်သို့ ကားမောင်းချိန် တစ်နာရီခန့် ကြာသည်။ စနေနေ့ဖြစ်၍ လူနှင့်ကားများ ပိုများသော်လည်း နန်ယုနှင့် ဖေးယွင်ကျင်းတို့ စောစောရောက်သဖြင့် ကားလမ်းပိတ်ဆို့မှုကြာ ရှည်မခံခဲ့ရချေ။

ဆယ်နာရီခွဲတွင် သူတို့ ကုန်တိုက်ထဲသို့ ဝင်လာကြသည်။

Ultraman ရောင်းသည့်ဆိုင်မှာ ကုန်တိုက်၏ ပဉ္စမထပ်တွင် ဖြစ်သည်။ ဖေးယွင်ကျင်း စိတ်ထဲတွင် တည့်တည့်တက်သွားရန်သာ ရှိသော်လည်း နန်ယု မျက်လုံးများမှာ နို့လက်ဖက်ရည်ဆိုင်တစ်ခုဆီ ရောက်သွားသည်။

“ရှောင်ကျင်း၊ ဆောင်းဦးရဲ့ပထမဆုံး နို့လက်ဖက်ရည်ဆိုတာ ဘာလဲဆိုတာ သိလား ?”

ဖေးယွင်ကျင်း ရိုးသားစွာခေါင်းခါလိုက်သည်။ သူ မည်မျှပင် စိုးရိမ်စိတ် လွန်ကဲနေပါစေ နန်ယု၏မေးခွန်းအား စိတ်ရှည်စွာ ဖြေဆိုပေးမည် ဖြစ်သည်။

နန်ယု ဖေးယွင်ကျင်းလက်အား ကိုင်ပြီး နို့လက်ဖက်ရည်ဆိုင်ဘက်သို့ လျှောက်ရင်းရှင်းပြသည်။

"ဆိုလိုတာက ဆောင်းဦးရာသီမှာ ကိုယ်ကတစ်ယောက် ယောက်ကို ကြိုက်ရင် သူ့ကို နို့လက်ဖက်ရည်တစ်ခွက်ဝယ်ပေးသင့်တယ်"

"ရှောင်ကျင်း၊ မင်း ငါ့ကိုကြိုက်လား ?"

"ကြိုက်တယ်!"

ဖေးယွင်ကျင်း တုံ့ဆိုင်းခြင်းမရှိဘဲ ခိုင်မာစွာအဖြေပေးလိုက်သည်။

နန်ယု ပြုံးလိုက်သည်။

"ဒါဆို ဆောင်းဦးမှာ ငါ့ရဲ့ ပထမဆုံးနို့လက်ဖက်ရည်ကို မင်း ဝယ်ပေးလို့ရမလား ?”

ဖေးယွင်ကျင်း ကြက်သေသေသွားရသည်။ နို့လက်ဖက်ရည်တစ်ခွက်အတွက် ဘယ်လောက်ကုန်ကျမလဲ ?

သူ့စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ် ၁,၀၁၀ ဖြစ်သည်။ Ultraman ၏ ၉၉၉ ယွမ်ကိုနုတ်လိုက်ပါက...

ဖေးယွင်ကျင်း သူ့လက်ချောင်းများကို ရေတွက်စပြုလာသည်။

၁၁ ယွမ် ကျန်သည်။

နို့လက်ဖက်ရည်အတွက် ၁၁ ယွမ် လုံလောက်ရဲ့လား?

ပုံမှန်ဆိုလျှင် ဖေးယွင်ကျင်း နန်ယု၏တောင်းဆိုမှုအား မတွန့် ဆုတ်ဘဲသဘောတူလိမ့်မည်။ ၎င်းမှာ သူ့အန်တီက သူ့အား ပထမဆုံးအကြိမ် တောင်းဆိုခြင်းဖြစ်သည်။ သို့သော် ယနေ့တွင်မူ...

ဖေးယွင်ကျင်း နန်ယု၏မျှော်လင့်နေသောအကြည့်အား ကြည့်ပြီး သွားကိုတင်းတင်းကြိတ်လိုက်သည်။

“အန်တီ၊ နို့လက်ဖက်ရည်တစ်ခွက် ဘယ်လောက်လဲ?"

နန်ယု ခဏတာ စဉ်းစားပြီးနောက် ဖေးယွင်ကျင်း၏စိုးရိမ်တ ကြီး အကြည့်အောက်တွင် “ငါ မသိဘူး၊ ဈေးပေါတာတွေရှိသလိုဈေးကြီးတာတွေလည်းရှိတယ်၊ ဈေးပေါတာတွေက ယွမ်အနည်းငယ်ပဲရှိပြီး ဈေးကြီးတာတွေကဆယ်ဂဏန်းချီရှိတယ်”

နန်ယု သူမ၏စကားပြောနှုန်းအား ရည်ရွယ်ချက်ရှိရှိ နှေးလိုက်သည်။ ဖေးယွင်ကျင်း “ယွမ်အနည်းငယ်” ဆိုသည့် စကားကို ကြားသောအခါ သူ့မျက်လုံးများအရောင်တောက်သွားသည်ကို မြင်ရသည်။ သို့သော် သူမ စကားဆုံးသွားသောအခါ ထို အလင်းရောင်မှာ ချက်ချင်းမှေးမှိန်သွားသည်။

နန်ယု ဖေးယွင်ကျင်း၌ ပိုက်ဆံ မည်မျှရှိသည်ကိုသိသည်။ Ultraman ၏ ဈေးနှုန်းကိုလည်း သိသည်။ ထို့ကြောင့် သူတို့ နို့လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ နန်ယု အမြန်ကြည့်ပြီး ယွမ် ၁၂ တန်သော နို့လက်ဖက်ရည်တစ်ခွက်အား ရွေးလိုက်သည်။

“ရှောင်ကျင်း၊ အန်တီ အဲဒါကိုသောက်ချင်တယ်။ ယွမ် ၁၂ ကျတယ်၊ ရမလား?”

နန်ယု ဖေးယွင်ကျင်းအား မျှော်လင့်စွာကြည့်လိုက်သည်။ သူမ မျက်လုံးအကြီးကြီးများမှာ အလွန်အမင်း မှိတ်တုတ်မှိတ်တုတ် လုပ်နေသောကြောင့် နို့လက်ဖက်ရည်ဆိုင်မှ အမျိုးသမီးဝန် ထမ်းပင်လျှင် သူမ ရင်ဘတ်အားလက်ဖြင့် ဖိလိုက်မိသည်။

အိုး ဘုရားရေ၊ ဘယ်လောက်လှတဲ့ မိန်းမလဲ!

သူမ ကလေးတစ်ယောက်နှင့် မျက်စပစ်နေသော်လည်း ဝန် ထမ်းမှာ စိတ်ထဲပြန်ဖြေလိုက်သည်။

'ဝယ်ပေးလိုက်ပါ! မင်း ဝယ်ပေးရမယ်!'

ဤမျှ လှပသော မိန်းကလေးတစ်ယောက် နို့လက်ဖက်ရည် သောက်ချင်လျှင် ယွမ် ၁၂၀ တန်တာတောင် ဝယ်ပေးရမှာ ဖြစ် သည်။ ယွမ် ၁၂ သာ ရှိသည်ကို ပြောစရာမလိုတော့ပေ။

စောသေးသောကြောင့် နို့လက်ဖက်ရည်ဆိုင်တွင်တခြားဖောက် သည်များမရှိချေ။ ထို့ကြောင့် နန်ယုပြောပြီး စက္ကန့်ပိုင်းအတွင်း မှာပင် ဝန်ထမ်းမှပြောလိုက်သည်။

"မစ္စ်၊ ဒါက ကျွန်မတို့ရဲ့ထုတ်ကုန်အသစ်ပါ၊ အပူ ဒါမှမဟုတ် အအေးသောက်လို့ရပါတယ်၊ နှစ်မျိုးစလုံးက အရသာကောင်းပါတယ်"

"ဒီနှစ်မျိုးကလည်း မကြာသေးခင်ကမှ အရမ်းနာမည်ကြီးပါတယ်၊ မစ္စနဲ့ ကလေးက တစ်ခွက်စီသောက်လို့ရပါတယ်"

"ကောင်းမယ့်ပုံပဲ"

နန်ယု ပြုံးပြီးသဘောတူလိုက်သည်။ ဖေးယွင်ကျင်း၏ ရုန်း ကန်နေသော မျက်နှာကို မြင်သောအခါ သူမ မရှိသည့်မျက် ရည်များအား ကစားသလိုသုတ်လိုက်သည်။

"မဖြစ်နိုင်တော့ဘူးလား ? ဆောင်းဦးရဲ့ ပထမဆုံးနို့လက်ဖက် ရည်ကို ရှောင်ကျင်းဆီကရမယ်လို့ ငါ ထင်ခဲ့တာ"

ဖေးယွင်ကျင်း မျက်ရည်များဝဲပြီး နှုတ်ခမ်းများမှာလခြမ်းပုံသဏ္ဌာန် ဖြစ်လုနီးပါးပင်။

ဘယ်လိုလုပ်ပြီး တစ်ယွမ်ပဲ လိုရတာလဲ ?

သူ နို့လက်ဖက်ရည်ကိုဝယ်လျှင် Ultraman အား ဝယ်လို့ရတော့မည် မဟုတ်ပေ။

သူ ညနေကျရင် အလုပ်ပြန်လုပ်လိမ့်မည်။ သူ မနက်ဖြန်ပြန် လာရင် Ultraman တွေ ရောင်းကုန်သွားမှာလား ?

ဒါပေမယ့် အန်တီက...

ဖေးယွင်ကျင်း နန်ယုအားကြည့်လိုက်သည်။ သူ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုကို ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံးတွင် သူ အံတင်းတင်းကြိတ်ပြီး သူ့အိတ်ထဲမှ ယွမ်တစ်ဆယ်တန် ငွေစက္ကူ နှစ်ရွက်အားထုတ်လိုက်သည်။

"ဝယ်လိုက်!"

ထို့နောက် ခြေဖျားထောက်၍ ပိုက်ဆံအားကောင်တာပေါ် တိုက်ရိုက်တင်လိုက်ပြီး နာကျင်မှုကို ရှောင်ရှားလိုဟန်ဖြင့် အလျင်အမြန် ဘေးသို့လှည့်လိုက်သည်။

ဝန်ထမ်းမှာ အခြေအနေတစ်ခုလုံးအား နားမလည်သော်လည်း ကလေး၏မျက်နှာကိုကြည့်၍ သဘောကျနေသည်။ နို့လက် ဖက်ရည်အတွက် ငွေပေးနေသောကလေးကို မြင်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းသည်။ ယခုခေတ် မိဘများမှာ ကလေးများအား အဘယ်ကြောင့် စနောက်ရသည်အားကြိုက် သည်ကို အခုမှပင် နားလည်တော့သည်။

“ကောင်းပြီ မစ္စ၊ ဘယ်လောက်ချိုချင်ပါသလဲ? ရေခဲအပြည့်၊ ရေခဲမပါ ဒါမှမဟုတ် အပူ သောက်မလား?”

“၃၀ ရာခိုင်နှုန်းချို၊ ရေခဲမပါ၊ ကျေးဇူးတင်ပါတယ်”

နှစ်မိနစ်အတွင်း နန်ယုလက်ထဲသို့ နို့လက်ဖက်ရည်တစ်ခွက် ရောက်လာသည်။

သူမ ဖေးယွင်ကျင်း၏ဝမ်းနည်းနေသော မျက်နှာကို ဂရုမစိုက်ဟန်ပြုပြီး သူ့လက်အား သဘာဝအတိုင်းကိုင်လိုက်သည်။

“ရှောင်ကျင်း၊ ဒီမှာ ရှစ်ယွမ် ကျန်တယ်၊ လုံခြုံအောင်ထား၊ ငါးလွှာကို Ultraman ဝယ်ဖို့ သွားကြစို့”

ဖေးယွင်ကျင်း၏အသံတိုးတိုးလေး ထွက်လာသည်။

“မလိုပါဘူး အန်တီ၊ အိမ်ပြန်ကြစို့”

နန်ယု “ဟင် ? ဘာလို့လဲ ? ရှောင်ကျင်း ဒါကိုအကြာကြီးမျှော် လင့်ခဲ့တာ မဟုတ်ဘူးလား?”

ဖေးယွင်ကျင်းသည် ငိုတော့မလိုဖြစ်နေသော်လည်း မျက်ရည်များကိုထိန်းထားရင်း ခေါင်းအား မမော့ဘဲနေလိုက်သည်။

“ကျွန်တော် ရုတ်တရက် မကြိုက်တော့ဘူး၊ အန်တီ၊ အိမ်ပြန်ကြစို့”

ဤတစ်ကြိမ်တွင်မူ နန်ယု၏ အသံတိတ်ဆိတ်သွားသော ကြောင့် ဖေးယွင်ကျင်း သူမ သဘောတူလိုက်ပြီဟုထင်ခဲ့သည်။ သူ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်တွင် အရိပ်မည်းတစ်ခု သူ့အား ပိတ်ဆို့လိုက်သည်။

ထိုသူမှာ သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သော နန်ယုပင် ဖြစ်သည်။

သူ့မျက်လုံးနီရဲနေသည်ကို သူမ မမြင်စေလိုသောကြောင့် ဖေးယွင်ကျင်း ခေါင်းအားအတင်းလှည့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နန်ယု၏နူးညံ့သော လက်ဖဝါးကြီးက သူ့ခေါင်းအား ဆွဲလှည့်ပြီး မေးစေ့ကိုပါမော့လိုက်သည်။

ဖေးယွင်ကျင်း နန်ယု၏အကြည့်နှင့် တိုက်ရိုက်ဆုံမိသွားတော့ သည်။

“ပိုက်ဆံ မလုံလောက်လို့လား? ရှောင်ကျင်း၊ ဘာလို့ အန်တီကို ပွင့်ပွင့်လင်းလင်း မပြောတာလဲ”

ထိုစကားအား ကြားလိုက်ရသောအခါ ဖေးယွင်ကျင်း သူ့လျှို့ ဝှက်ချက်ကို မဖုံးကွယ်နိုင်တော့ကြောင်း သိလိုက်သည်။ အနည်းငယ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသော အမူအရာဖြင့် သူမအား ရှောင်နေခြင်းကို ရပ်လိုက်သည်။

"ကျွန်တော် ကိုယ့်ကြိုးစားမှုနဲ့ Ultraman ကို ဝယ်ချင်လို့ပါ"

နန်ယု၏ မျက်နှာပေါ်မှ အမူအရာသည် ဖော်ပြရခက်လှသည်။ ကြင်နာနူးညံ့ဟန်ရှိသော်လည်း တစ်ဖက်တွင်မူ လေးနက်မှု အပြည့်ဖြင့် ရှိနေသည်။ ထိုအဖြေအား ကြားပြီးနောက် သူမ ဆက်ပြောခဲ့သည်။

"ဒါပေမဲ့ ရှောင်ကျင်း၊ သားမှာ လုံလောက်တဲ့ပိုက်ဆံရှိနေခဲ့တယ် မဟုတ်လား ? ဒီနို့လက်ဖက်ရည် မဝယ်ဘဲနေရင်"

ဖေးယွင်ကျင်း တိုးတိုးလေးပြောလိုက်သည်။

“ဒါပေမဲ့ အန်တီ သောက်ချင်နေတာလေ”

သူ အန်တီအတွက် အရာများစွာရှာပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ နို့လက်ဖက်ရည် တစ်ခွက်လေးတောင် မလုပ်ပေးနိုင်လျှင် ရှက်စရာကောင်းမည်ဟု သူ တွေးသည်။

နန်ယု: "ဒါပေမဲ့ ငါ ဒီနို့လက်ဖက်ရည်ကို သောက်တာ မသောက်တာက တကယ်တော့အရေးမကြီးဘူး၊ ရှောင်ကျင်း Ultraman က ရှောင်ကျင်းအကြာကြီး ကြိုးစားပြီး စုဆောင်းခဲ့တဲ့အရာလေ၊ အန်တီလည်း ဒါကိုမျှော်လင့်နေတာ"

"ရှောင်ကျင်းက ဘာလို့ ငါ့ကို မငြင်းတာလဲ၊ ဒါမှမဟုတ် နောက်တစ်ခါကျမှလို့ မပြောတာလဲ?"

ဖေးယွင်ကျင်း ယခုမေးခွန်းနှင့် အရင်မေးခွန်းကြားရှိ ကွာခြားချက်အား နားမလည်ခဲ့ပေ။

"ဒါပေမယ့် အန်တီက အခု သောက်ချင်တာလေ"

နန်ယု သက်ပြင်းချလိုက်သည်။

ဖေးယွင်ကျင်း ထိတ်လန့်သွားပြီး “ကျွန်တော် မှားသွားပြီလား ?”

နန်ယု ဖေးယွင်ကျင်းလက်အား ကိုင်ကာ အနားယူရန် ခုံတန်း လျားတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။ သူတို့နှစ်ဦး ဘေးချင်းကပ် ထိုင်ပြီးနောက် သူမ ဖြည်းဖြည်းချင်းပြောသည်။

"ရှောင်ကျင်း၊ အန်တီက ဘာပဲတောင်းတောင်း သားငြင်းမှာလား?"

"ဒါဟာ မင်းရဲ့အချစ်ဆုံး Ultraman ဖြစ်ရင်တောင် မင်း ခဏထားနိုင်မှာလား ?"

ဖေးယွင်ကျင်း၏ အလိုလိုသိစိတ်မှာ ဤမေးခွန်းသည် အရေး ကြီးသည်ဟု ပြောနေသော်လည်း သူ မှန်ကန်သော အဖြေအား မသိခဲ့ပေ။ ထို့ကြောင့် သူ့နှလုံးသားအတိုင်းသာဖြေလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော့်အန်တီမလို့လေ၊ အန်တီက အရာအားလုံးပဲ၊ Ultraman ထက် အဆပေါင်းများစွာ ပိုအရေးကြီးတယ်"

နန်ယု ဤပြဿနာအား ကြိုတင်သိနှင့်ပြီးဖြစ်သည်။ ဖေးယွင်ကျင်း သူမအား ငြင်းလိမ့်မည်မဟုတ်ချေ။

အခုလို အခြေအနေမျိုးတွင် ပုံမှန်ကလေးတစ်ယောက်ဆိုလျှင် ဘာလုပ်မည်နည်း။

နို့လက်ဖက်ရည် ဝယ်ဖို့အတွက် တစ်ယွမ်သာ လိုသည်ဆိုလျှင်ပင် အရွယ်ရောက်ပြီးသူကို ပိုက်ဆံတောင်းမည် မဟုတ်ပါလား?

ဖေးယွင်ကျင်းကတော့ ထိုသို့လုပ်မည် မဟုတ်ပေ။ သူသည် အရမ်းအကျိုးအကြောင်း ဆင်ခြင်တုံတရား ရှိနေသည်။

သို့သော် ဤသို့သော ဆင်ခြင်တုံတရားမျိုးမှာ မှားယွင်းသည်။

နန်ယု ဖေးယွင်ကျင်းအား ဘာမှပြန်မမျှော်လင့်ဘဲ ပြုစုပျိုး ထောင်နေခြင်းဖြစ်ပြီး၊ သူသည် (မိမိကိုယ်ကို အနစ်နာခံသော) အန်တီတစ်ဦး ဖြစ်လာစေရန်လည်း မလိုချင်ပေ။

“ကျွန်တော် အန်တီလိုချင်တာဖြစ်နေသရွေ့တော့ ကျွန်တော် ဂရုမစိုက်ပါဘူး”

ထိုသို့သော စိတ်ထားမျိုးမှာ အစွန်းရောက်ပြီး မိမိကိုယ်ကို ဆုံးရှုံးစေသော စိတ်ထားမျိုးဖြစ်သည်။ နန်ယုသည် ဖေးယွင်ကျင်း၏အရာအားလုံး မဖြစ်သင့်ပေ။

သူ့ရှေ့တွင် ပိုကျယ်ပြန့်သော ကမ္ဘာရှိသည်။ ပိုများသော လူများနှင့် တွေ့ဆုံရလိမ့်မည်။ ဤဘဝတွင် ဇာတ်လိုက်မလေးနှင့် အတူရှိရန် အခွင့်အရေး မရှိလျှင်ပင် သူသည် သူမအပေါ်တွင် သူ့ခံစားချက်အားလုံးကို မထားသင့်ပေ။

“ဒါပေမဲ့ အန်တီ၊ ရှောင်ကျင်း အချစ်ဆုံးသူက အန်တီဖြစ်မယ်လို့ မျှော်လင့်ခဲ့တယ် မဟုတ်လား?”

ဖေးယွင်ကျင်း ရှုပ်ထွေးသွားဟန်ဖြင့် ကြည့်နေသည်။ ဤအဓိ ပ္ပာယ်အား နားလည်ရန် သူ အသက်မပြည့်သေးပေ။ သူ့ကို “ကြိုက်သည်” ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။

"ဥပမာ၊ ဒီနေ့ကို ကြည့်"

"ရှောင်ကျင်းက နို့လက်ဖက်ရည်ကို အန်တီကြိုက်တာထက် Ultraman ကို ပိုကြိုက်တာသေချာတယ်၊ မဟုတ်လား"

ဖေးယွင်ကျင်း တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဒီနှစ်ခုကြားထဲမှာ ရှောင်ကျင်း ကိုယ့်နှစ်သက်မှုတွေကို ဦးစားပေးရွေးချယ်လို့ရတယ်၊ ဘာလို့လဲဆိုတော့ သားက အရေးအကြီးဆုံးပဲမလို့"

ဖေးယွင်ကျင်း နန်ယု၏ဆိုလိုရင်းအား နားလည်ဖို့ ကြိုးစားနေသလိုမျိုး မျက်မှောင်ကြုတ်လိုက်သည်။

သူက အရေးအကြီးဆုံးပဲလား?

"ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အန်တီက ကျွန်တော့်ထက် ပိုအရေးကြီးတယ်လို့ထင်တယ်၊ အန်တီ ပျော်ရွှင်နေသရွေ့ ရှောင်ကျင်းလည်း ပျော်ရွှင်နေမှာပါ"

နန်ယု: ...

ဤကလေး သူမအပေါ် စွဲလမ်းခြင်းမှာ အနာဂတ်မရှိဆိုသည်အား သူမ မည်သို့ နားလည်အောင်လုပ်ရမည်နည်း ?

လူတိုင်းသည် မိမိကိုယ်တိုင်အတွက် နေထိုင်သင့်သည်။

All Chapters