← Chapters

ငရဲဘုံ ၃၃ ဘုံ စပွင့်လာခြင်း

Vol. 89 Ch. 1233

ငရဲဘုံ ၃၃ ဘုံ စပွင့်လာခြင်း

Vol. 89 Ch. 1233

မန်ဟို လက်နှစ်ဖက်အား ဖြန့်ကားလိုက်သည့်အခါ သူ့အရှေ့ရှိ ကြယ်တာရာကောင်းကင်သည် ပုံပျက်ရှုံ့တွသွားပြီး ချက်ချင်း ရှေ့ပြေးတက်သွားသော ဝါးဝါးတားတားအရိပ်ကြီးတစ်ခု ဘွားခနဲ ပေါ်လာ၏။

မိုးနှင့်မြေကို လှုပ်ရမ်းပစ်နိုင်သော တုန်လှုပ်ချောက်ချားဖွယ် လှိုင်းဂယက်များ ဖြာထွက်လာသည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးက အားမာန်အပြည့်ဖြင့် အော်ဟစ်ရင်း ရှေ့တက်၍ လက်နှစ်ဖက်လုံးကို မြှောက်ကာ အနှစ်သာရစွမ်းအားအပြည့် ထုတ်လွှတ်လိုက်သည်။ အုန်းခနဲ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး စုတ်ပြတ်ပေါက်ကွဲသွားသည်။

ပြန့်ကြဲသော အသားအစအနများ၊ သွေးစက်များက လျင်မြန်စွာ မည်းနက်သွားပြီး မျက်စိတစ်မှိတ်အတွင်း တဟုန်ထိုးထွက်ပြေးသွားသည့် ဝိညာဉ်နက်များအသွင်ပြောင်းသွား၏။ သို့သော် ဘီလူးကြီးက တိုက်ခိုက်နေဆဲပင်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ဝိညာဉ်များထံမှ လာနေသော စူးစူးဝါးဝါးအော်သံများကို ကြားရနိုင်သည်။ မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်များ ပြိုကွဲသွားပြီး ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ ခန္ဓာရော၊ ဝိညာဉ်ပါ အသတ်ခံလိုက်ရလေပြီ။

ထင်ရှားကျော်ကြားသော ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ ပထမဆုံး သူ၏ဂိုဏ်း ဖျက်စီးခံခဲ့ရသည်။ ထို့နောက် သူကိုယ်တိုင်လည်း သုတ်သင်ခံလိုက်ရတော့သည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ဖြစ်တည်မှုတစ်ခုလုံး ဖယ်ရှားမခံလိုက်ရခင် သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေခဲ့သော နောက်ဆုံးအရာမှာ.... သူနှင့်မန်ဟိုသာ ကြားရသည့်အသံတစ်သံ ဖြစ်၏။

“သင်ရဲ့ဖြစ်တည်မှုကို တောင်ပင်လယ်တွေက စက်ဆုပ်ရွံရှာတယ်၊ ပြစ်ဒဏ် - သေဒဏ်”

သို့သော် ကောင်းကင်ဘုံချုပ်နှောင်ဂါထာက မပြီးသေး။

ထို့နောက် ဘီလူးကြီးက တောင်ပင်လယ်လောက၏စိတ်ဆန္ဒကို ၎င်းနှင့်သယ်ဆောင်ပြီး အံ့ဩတုန်လှုပ်ဖွယ်လှိုင်းဂယက်များကို ဖြန့်ကျက်၍ ကြောက်ခမန်းလိလိ ဖိအားကို ထုတ်လွှတ်ရင်း ဟုန်ချိန်ဆီ ပြေးတက်လာသည်။

ဟုန်ချိန့်မျက်နှာမှာ လူသေကောင်လို ဖြူဆုပ်သွားတော့သည်။ သူမသည် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ သေဆုံးမှုကို ယခုလေးတင် မျက်မြင်တွေ့ခဲ့ရပြီး သူမ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် မန်ဟိုက ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် ယခုလိုမှော်အတတ်မျိုး ထုတ်လွှတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အမှန်တွင် ကျင့်ကြံသူတစ်ယောက် ထိုကဲ့သို့မှော်အတတ်မျိုး သုံးနိုင်ခြင်းကပင် သူမအမြင်အရ မဖြစ်နိုင်ပေ။ ဘီလူးကြီးကို ကြည့်လိုက်သည့်အခါ ... တောင်ပင်လယ်လောကတစ်ခုလုံး၏စိတ်ဆန္ဒကို သူမ အာရုံရလိုက်သည်။

“မဖြစ်နိုင်ဘူး” သူမက တတ်နိုင်သမျှမြန်မြန် နောက်ဆုတ်ရင်း အော်လိုက်သည်။ “ဒါ မဖြစ်နိုင်ဘူး” သို့သော် သူမအနေဖြင့် ပြေးပေါက်မရှိကြောင်း သိ၍ စူးစူးဝါးဝါးအော်ရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ သူမ၏ကျင့်ကြံခြင်းအခြေခံအား လှုပ်ရှားသွားစေသည်။ အနှစ်သာရစွမ်းအား ထွက်ပေါ်လာပြီး သူမမျက်နှာပေါ်ရှိ ပြည်ဖုအားလုံး တဖောက်ဖောက်ပေါက်ကုန်ကာ မရေမတွက်နိုင်သော ကင်းခြေများများအား ဘီလူးကြီးထံ ပြေးဝင်သွားစေသည်။ ၎င်းတို့က မီတာတစ်ရာကျော်ရှည်လျားသော နဂါးနတ်ဘုရားတစ်ပါးအသွင် စုစည်းသွားကြ၏။ ၎င်းက စွမ်းအားများပြည့်ဝနေလျက် လာနေသော ဘီလူးကြီးအား ပြေးတိုက်လိုက်ပြီး ထိသွားသည့်အခါ နဂါးနတ်ဘုရားမှာ မချိတင်ကဲ အော်လိုက်ရလေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ ဘီလူးကြီး၏ အမှုန့်ခြေခြင်းခံလိုက်ရသဖြင့် ပျောက်ကွယ်သွားတော့သည်။

ဟုန်ချိန်မှာ သူမ၏နဂါးနတ်ဘုရား စိစိညက်ညက်ကြေသွားသည်ကို ဆောက်တည်ရာမဲ့စွာ ကြည့်ရင်း တုန်ရီနေသည်။ သူမ၏ နို့နှစ်ရောင်ကင်းခြေများအားလုံး ပြာကျသွားခဲ့လေပြီ။ သွေးများ သူမပါးစပ်မှ ပန်းထွက်သွားပြီး အဝတ်အစားများလည်း စုတ်ပြဲကာ အသားများလန်သွားသည်။ သူမ၏ အရေတွန့်နေသောအရေပြား ပေါ်လာသည့်အခါ ဆေးမင်ကြောင်အရုပ်တစ်ရုပ်အား ဘွားခနဲ မြင်လိုက်ရသည်။

၎င်းက နဂါးနတ်ဘုရားဆေးမင်ကြောင်မှတစ်ပါး အခြားမဟုတ်ပေ။

ဆေးမင်ကြောင်အရုပ်သည် လင်းလက်တောက်ပနေပြီး နဂါးနတ်ဘုရားတစ်ပါးက ... ပေါ်လာပြန်၏။ ဤတစ်ခေါက်တွင် ၎င်းသည် အရှေ့တစ်ကောင်နည်းတူ ကြီးမားသော်လည်း ပို၍မှိန်ပျနေသည်။ ချက်ချင်းဆိုသလို ၎င်းက အစွယ်နှင့် ခြေသည်းများကို ထုတ်ရင်း ဘီလူးကြီးဆီ ပြေးဝင်သွားလေသည်။

သို့သော် ၎င်းမှာ ဟိန်းဟောက်နေရုံရှိသေး၊ ဘီလူးကြီး၏တိုက်ကွက်ကြောင့် အသက်ထွက်သွားတော့သည်။ ယင်းကတစ်ဖန် ဟုန်ချိန်၏ဆေးမင်ကြောင်အရုပ်အား ဖယ်ရှားခံလိုက်ရစေသည်။ ချက်ချင်းပင် သူမ၏အရှိန်အဝါမှာ အားနည်းသွားပြီး သူမ၏ကျင့်ကြံခြင်းအခြေခံမှာ တာအိုသခင်အဆင့်မှ ကျဆင်းသွားတော့၏။

တစ်ဆက်တည်းမှာပင် အသံတစ်သံက သူမနှင့်မန်ဟို၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။

“သင်ဟာ အပြင်သူတွေရဲ့ မှော်သိုင်းကို ကျင့်ကြံထားတယ်။ တောင်ပင်လယ်လောကမှာ မွေးဖွားခဲ့တဲ့အတွက် သင့်အသက်ကို နုတ်ယူမယ့်အစား သင်ပိုင်ဆိုင်ထားတဲ့ အပြင်သူသွေးဆက်ပဲ ဖျက်စီးခံရမယ်”

ဟုန်ချိန်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူမမျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။ ထို့နောက် ဘီလူးကြီးသည် သူမကို လျစ်လျူရှုကာ ရွှမ်တောက်စစ်ဆီ ရွေ့လျားလာ၏။

ရွှမ်တောက်စစ်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက တတ်နိုင်သမျှမြန်မြန် နောက်ဆုတ်လိုက်သည်။ သို့သော် သူမည်မျှကြိုးစားပါစေ၊ ဘီလူးကြီး၏ တိုက်ကွက်စက်ကွင်းမှ မလွတ်မြောက်နိုင်ပေ။ ဘီလူးကြီး သူ့အား လှမ်း၍ ဖိနှိပ်တော့မည့်အချိန်မှာပင် သူက အမိန့်တံဆိပ်ပြားတစ်ပြား ပေါ်လာသော ညာလက်ကို မြှောက်လိုက်သည်။

၎င်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား ကမ္ဘာဦးအငွေ့အသက်များ ထုတ်လွှတ်နေသည်။ ၎င်း၏အရှေ့မျက်နှာပြင်ထက်တွင် တောင်ကိုးလုံးပင်လယ်ကိုးစင်းပုံစံ ရေးထွင်းထားပြီး နောက်ကျောတွင်မူ ... ရှေးဟောင်းမှော်သင်္ကေတများ ရှိနေသည်၊ ထိုသင်္ကေတများက ...

ကိုးတံဆိပ် ဟူ၍ ဖြစ်သည်။

အမိန့်တံဆိပ်ပြား ပေါ်လာလျှင်ချင်း ရွှမ်တောက်စစ်က အော်လိုက်သည်။

“ငါ့ဘိုးဘေးက တစ်ခါတုန်းက အများအကျိုးဆောင်ရွက်ပေးခဲ့လို့ ဒီသေခြင်းဖယ်ခွာတံဆိပ်ပြားကို ပါရာဂွန်ကိုးတံဆိပ်ကိုယ်တိုင် ပေးအပ်ခဲ့တာပဲ။ မင်း ငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူး”

တခဏကြာသော် အသံတစ်သံက မန်ဟိုနှင့် ရွှမ်တောက်စစ်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ “အသိအမှတ်ပြုတယ်”

ရွှမ်တောက်စစ် ကြောက်ဒူးတုန်နေစဉ် အမိန့်တံဆိပ်ပြားမှာ ပြာကျသွားတော့သည်။ ဘီလူးကြီး၏တိုက်ကွက်က ဆက်လက်ဖြာထွက်လာသော်လည်း သူ့အား ထိခိုက်သွားစေခြင်းမရှိပေ။

အမိန့်တံဆိပ်ပြားပြာကျသွားသောအခါ ရွှမ်တောက်စစ်မှာ ရင်နာသွားသည်။ ထို့နောက် ဘီလူးကြီးက လှည့်၍ မန်မျိုးနွယ်ကုန်သွယ်သင်္ဘောသို့ ဦးတည်လိုက်ရာ ထိုအထဲမှ ကြောက်လန့်တကြားအော်သံများ ထွက်လာတော့သည်။

ဘီလူးကြီး မန်မျိုးနွယ်စုဘက် လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ ရုတ်တရက် စိုးရိမ်ပူပန်သွားတော့သည်။ သူ့အနေဖြင့် ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို ထုတ်လွှတ်နိုင်သော်လည်း တကယ်တမ်း.... မထိန်းချုပ်နိုင်ပေ။ ထိန်းချုပ်နိုင်လျှင်တော့ ရွှမ်တောက်စစ်နှင့် ဟုန်ချိန်အား သေချာပေါက် အပြတ်ရှင်းခဲ့ပြီးလေပြီ။

အမှန်က ... ဤသိုင်းကွက်တွင် ကိုယ်ပိုင်စိတ်ဆန္ဒ ရှိနေ၏။ ထိုစိတ်ဆန္ဒ နိုးထလာသည်နှင့် ၎င်းက တောင်ပင်လယ်လောကအတွင်းရှိ သက်ရှိသတ္တဝါအားလုံးကို ရှင်းလင်းသန့်စင်ချင်လေသည်။

ပထမဆုံးတိုက်ကွက် ကုန်သွယ်သင်္ဘောကို ထိသွားသဖြင့် ဝုန်းခနဲမြည်သံအား ကြားလိုက်ရသည်။ ၎င်းက သင်္ဘောကို မထိသော်လည်း ကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူများမှာ ပြစ်ဒဏ်တစ်ခုကို ခံယူနေရသည့်အလား စူးစူးဝါးဝါး အော်ဟစ်နေကြလေသည်။

ဤမန်မျိုးနွယ်စုဝင်များသည် စောစောက မန်ဟို့ကို လောဘတကြီး ကြည့်ခဲ့ကြသော်လည်း မန်မျိုးနွယ်ဝင်များ ဖြစ်နေသေး၏။ သူတို့အား သေဆုံးသွားလိုစိတ် မန်ဟို့တွင် မရှိပေ။ ထို့အပြင် လောဘတက်မိရုံလေးနှင့် သေဒဏ်မခံရသင့်ပေ။ ပို၍ပင်အ‌ရေးကြီးသည်က သူတို့မှာ သူနှင့်မန်မျိုးနွယ်စု၏ ပက်သက်မှုကိုပင် မသိသေးခြင်းဖြစ်သည်။

ဘီလူးကြီး၏တိုက်ကွက်က သင်္ဘောတစ်စင်းလုံးကို နောက်တစ်ကြိမ် လွှမ်းခြုံသွားသည့်အခါ မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက တာအိုမှော်သိုင်းကို အတင်းအဓမ္မပြန်ရုတ်သိမ်းလိုက်သည်။ သူသည် ဖြန့်ကားထားသော လက်နှစ်ဖက်လုံးကို ပြန်ချလိုက်ရာ တစ်ကိုယ်လုံး တုန်ရီသွားပြီး‌ သွေးတစ်လုတ်အန်လိုက်ရ၏။

သူ၏ခန္ဓာကိုယ်မှာ ပိုမိုအားနည်းသွားသော်လည်း တိုက်ကွက်ကို ပြန်လည်ရုပ်သိမ်းနိုင်ခဲ့သေးလေသည်။ ကောင်းကင်ဘုံ‌ချုပ်နှောင်ဂါထာမှာလည်း သူ၏ခန္ဓာကိုယ်ထဲသို့မဟုတ်၊ သူ၏ဝိညာဉ်ထဲသို့ စုပ်ယူခံနေရသယောင်ပင်။

သူ မှော်သိုင်းကွက်ကို ပြန်ရုပ်သိမ်းနေစဉ် ဘီလူးကြီးက သူရှိရာသို့ လှည့်ကြည့်သည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ ထစ်ချုန်းသွားပြီး ဘီလူးကြီးက ... သူ၏သဘောထားကို လက်ခံနေသကဲ့သို့ ခံစားလိုက်ရသည်။

သူ့မှာ အခြေအနေကို သုံးသပ်နေရန် အချိန်မရှိပေ။ ဘီလူးကြီး ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူက တွန့်ဆုတ်ခြင်းမရှိ နောက်ဆုတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ပို၍ဒဏ်ရာရစေလိုက်ရင်း တောက်ပနေသော အက်ကွဲကြောင်း ၃၃ ကြောင်း ရှိရာဧရိယာသို့ တဟုန်ထိုး ထွက်သွားတော့၏။

သူကား သေခြင်းတရားစိုးမိုးနေသော ထိုဧရိယာထဲသို့ သွားနေသေးလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘီလူးကြီးပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် ဟုန်ချိန်နှင့် ရွှမ်တောက်စစ်က  အငြိုးကြီးသောအမူအရာများဖြင့် သူ့နောက် ထပ်လိုက်လာသောကြောင့် ဖြစ်သည်။

ရွှမ်တောက်စစ်က ဟုန်ချိန်ထက် အတန်ငယ်ပိုမြန်သည်။ မျက်စိတစ်မှိတ်အတွင်း သူက မန်ဟို့အပေါ် ရောက်လာခဲ့လေပြီ။ မန်ဟိုသည် မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင် ကပျာကယာပြောင်းရင်း တဟုန်ထိုး ထွက်သွား၏။

ရွှမ်တောက်စစ်က အေးစက်စက် နှာမှုတ်ပြီး အရှိန်တင်တော့မည့်အချိန် တုံ့ခနဲ ရပ်လိုက်သည်။ ယခု သူ့မျက်နှာအပေါ်ရှိ အံ့ဩထိတ်လန့်မှုမှာ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို မြင်ခဲ့ရတုန်းကထက် မလျော့ပေ။

ဟုန်ချိန်လည်း မျက်စိမျက်နှာပျက်စွာဖြင့် ရပ်၍ အဝေးသို့ လှမ်းကြည့်ကာ အော်လိုက်သည်။ "အဲ့ဒါ ... ငရဲဘုံ ၃၃ ဘုံပဲ"

တောက်ပနေသော အက်ကွဲကြောင်း ၃၃ ကြောင်း လွှမ်းခြုံထားသော ဧရိယာသည် ယခင်ထက်ပင်ပို၍ ကြီးမားလာခဲ့ပြီး သူတို့အနား ရောက်ခါနီးနေလေပြီ။ မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟိုက တခဏလေးမျှ မရပ်နားဘဲ ထိုဧရိယာထဲသို့ ထိုး၀င်သွားတော့သည်။

“ငရဲဘုံ ၃၃ ဘုံ .... ငရဲဘုံ ၃၃ ဘုံ ထပ်ပွင့်လာနေပြီ။ ဒါက စပွင့်လာရုံပဲရှိသေးတာ။ အတိတ်တုန်းက မှတ်တမ်းတွေအရ ငရဲဘုံ ၃၃ ဘုံဟာ အဋ္ဌမတောင်ပင်လယ်ရဲ့ ဘယ်နေရာမှာမဆို ပေါ်လာနိုင်တယ်။ အဲဒီလိုပေါ်လာတာနဲ့ အပြည့်အဝပွင့်လာမယ့် အချိန်အပိုင်းအခြားကို ပြောလို့မရဘူး

“အပြည့်အဝပွင့်လာလို့ကတော့ အန္တရာယ်အများဆုံးဖြစ်သွားပြီး တာအိုဥသျှောင်တွေတောင် အထဲရောက်သွားရင် အသတ်ခံရနိုင်တယ်။ အခုလို စပွင့်တဲ့အချိန်မှာတောင်မှ အင်မတန်အန္တရာယ်များနေသေးတယ်......

“သေစမ်း ငရဲဘုံ ၃၃ ဘုံ။ သူတို့က နှစ်ပေါင်းထောင်ချီကြာတောင် တစ်ကြိမ်ပွင့်တာမဟုတ်ဘူး။ ဘယ်လိုလုပ် အခုမှ ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင် ပွင့်လာတာလဲ” ရွှမ်တောက်စစ်က မန်ဟို့ကို စိုက်ကြည့်သည်။ သူ၏အနှစ်သာရသာ ပြင်းထန်စွာ လိုလားနေသည့်အတွက်ကြောင့်မဟုတ်လျှင် ရွှမ်တောက်စစ်သည် လှည့်ထွက်သွားဖို့ တွန့်ဆုတ်နေမည်မဟုတ်ပေ။ ဝိညာဉ်နက်ခေါင်းဆောင်ကြီး သေဆုံးသွားပြီးနောက် သူသည် မည်သည့်ဂိုဏ်းအတွက်မှ၊ မည်သူ့အတွက်မှ ကျွန်ဖြစ်တော့မည်မဟုတ်ရာ မန်ဟို့ကို သတ်ဖို့ကြိုးစားနေလျှင်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။

သို့သော် တာအိုရင်းမြစ်အမျှင်က ရွှမ်တောက်စစ်၏နှလုံးသားကို ရစ်ပတ်စိုးမိုးနေခဲ့လေပြီ။ တခဏကြာသော် သူသည် အံတင်းတင်းကြိတ်ပြီးနောက် ငရဲဘုံ ၃၃ ဘုံထံ တန်းတန်းမတ်မတ် ဦးတည်သွား၏။

“လောင်းကြေးထပ်ဖို့ အချိန်ကျပြီ

“အောင်မြင်ရင်တော့ တာအိုရင်းမြစ်အမျှင်ကို ရကောင်းရလိမ့်မယ်။ အမျှင်သေးသေးလေးတောင်မှ ထိုက်တန်သေးတယ်

“ငါ မအောင်မြင်ရင် ... လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်နဲ့ ငရဲဘုံ ၃၃ ဘုံ စပွင့်လာတဲ့အချိန်ပဲဆိုတာ ထည့်တွက်လိုက်ရင် သေလောက်မှာမဟုတ်ဘူး” သူက စိတ်ပိုင်းဖြတ်ပြီးနောက် တဟုန်ထိုး ထွက်သွားတော့သည်။

ဟုန်ချိန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး တွေဝေနေမှုအား သူမမျက်ဝန်းများတွင် မြင်ရနိုင်သည်။ ငရဲဘုံ ၃၃ ဘုံနှင့်ပတ်သက်သည့် ဒဏ္ဍာရီများသည် အဋ္ဌမတောင်ပင်လယ်တွင် အမြဲတစေ အပြောများခဲ့၏။ ကောင်းကင်ဘုံ ၃၃ ဘုံက တောင်ပင်လယ်လောကကို အပေါ်မှ ပိတ်လှောင်ထားသည်။ အောက်တွင် ငရဲဘုံ ၃၃ ဘုံလည်း ရှိနေသည်။ သို့သော် ၎င်းတို့က လောကကို ချုပ်ထားသည့်အရာများ မဟုတ်ဘဲ သင်္ချိုင်းများ ဖြစ်၏။

ပါရာဂွန်အင်မော်တယ်လောကနှင့် ကြောက်မက်ဖွယ်အင်အားစုကြီးနှစ်စုအကြားက စစ်ပွဲကြီးအတောအတွင်း အပြတ်ရှင်းမရနိုင်သည့် အပြင်သူတချို့ ရှိခဲ့သည်။ ထိုလူများအကြား၌ တချို့က သေဆုံးပြီးနောက်တွင်ပင် မပျက်စီးနိုင်လောက်အောင် သန်မာသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားခဲ့ကြလေသည်။

အသတ်ခံခဲ့ရသည့်တိုင် သူတို့က မသေကြသေးပေ။ သူတို့၏ဝိညာဉ်များမှာ မပျက်စီးနိုင်သည့်အတွက် ချုပ်နှောင်ခံခဲ့ရရာ ငရဲဘုံ ၃၃ ဘုံ၏ မူလအစ ဖြစ်လာခဲ့သည်။

ဒဏ္ဍာရီများအရ ငရဲဘုံ ၃၃ ခုကို အတိတ်တုန်းက ပါရာဂွန်သုံးဦးမှ အတူတကွ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ပါရာဂွန်ကိုးတံဆိပ်က ခန္ဓာကိုယ်ကို ဖျက်စီးနိုင်သော်လည်း ဝိညာဉ်များအား သတ်မရသော ထိုအပြင်သူများအား ဦးဆောင်ချုပ်နှောင်ခဲ့သည်။

ငရဲဘုံ ၃၃ ဘုံကား တကယ်တော့ ကြောက်စရာကောင်းသော လှောင်အိမ်တစ်ခု ဖြစ်လေသည်။

ထိုလင်းလက်နေသော အကွဲကြောင်း ၃၃ ကြောင်း သည် သင်္ချိုင်း ၃၃ ခုကို ကိုယ်စားပြု၏။ ထိုသင်္ချိုင်း ၃၃ ခုက တစ်ဖန် နှစ်ပေါင်းအသင်္ချေ ချုပ်နှောင်ခံထားရသော ချောက်ချားဖွယ် အပြင်သူ ၃၃ ဦးကို ကိုယ်စားပြုပေသည်။

ငရဲဘုံ ၃၃ ဘုံ ပွင့်လာတတ်သည့်အကြောင်းရင်းက လူတွေကို ဝင်ခွင့်ပြုပြီး လေ့လာစေဖို့ မဟုတ်ဘဲ အတွင်းထဲရှိ ချုပ်နှောင်စွမ်းအား အားနည်းလာ၍ဖြစ်သည်။ မကြာခဏဆိုသလို ငရဲဘုံ ၃၃ ဘုံသည် ကျုံ့၍ ပျောက်ကွယ်မသွားခင် ၎င်းတို့၏စွမ်းအားကို ဖြည့်တင်းဖို့ အချိန်လိုအပ်၏။

သို့သော် ပွင့်နေသောခုလတ်တွင် ၎င်းတို့အထဲ ဝင်ပြီး ကံကြမ္မာကောင်းပင် ရှာဖွေနိုင်သည်။ ထိုကဲ့သို့ကံကြမ္မာကောင်းများသည် ထူးခြားတတ်သလို၊ သာမန်လည်းဖြစ်နိုင်သည်။ အမှန်အတိုင်းပြောရလျှင် ငရဲဘုံ ၃၃ ခု၏ ကံကြမ္မာကောင်းအကြောင်း ဟုန်ချိန်လောက် သိသူ မရှိသလောက်ရှားပေသည်။

အဘယ်ကြောင့်ဆိုသော် နဂါးနတ်ဘုရားကျောင်းသည် တစ်ချိန်က သေးငယ်သောဂိုဏ်းလေးတစ်ဂိုဏ်း ဖြစ်ခဲ့၏။ ထိုစဉ်က ၎င်းအား နဂါးနတ်ဘုရားကျောင်းဟုပင် မခေါ်ကြသေးပေ။ သို့သော် ထိုဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ဦးက ကံကောင်းထောက်မ၍ ငရဲဘုံ (၁၉) သို့ ဝင်၍ နဂါးနတ်ဘုရားတစ်ပါးနှင့် ဆုံတွေ့ကာ .. အမွေလက်ခံရရှိခဲ့သည်။ ယင်းက နဂါးနတ်ဘုရားကျောင်းအား ပေါ်ထွန်းလာစေခဲ့လေသည်။

“ငရဲဘုံ ၃၃ ဘုံ ပွင့်နေပြီ...” သူမက အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ “အဋ္ဌမတောင်ပင်လယ်မှာ အစုလိုက်အပြုံလိုက် နောက်တစ်ခေါက် သေရတော့မယ်...” ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားခဲ့၍ သူမကား တာအိုသခင်မဟုတ်တော့ပေ။ အမှန်တွင် သူမသည် နဂါးနတ်ဘုရား၏စွမ်းအားကိုပင် ဆုံးရှုံးခဲ့သည့်အတွက် များစွာအားနည်းနေခဲ့လေပြီ။ သို့သော် ရွှမ်တောက်စစ် ရှေ့သို့ဦးတည်သွားသည်ကို မြင်လျှင် သူမမျက်လုံးများ လင်းလက်သွားပြီး သူမလည်း ငရဲဘုံ ၃၃ ဘုံ ရှိရာသို့ ထွက်သွားတော့သည်။

သူမသည် မန်ဟို့အတွက် သွားနေခြင်းမဟုတ်၊ အထဲ၌ တွေ့ရမည့် ကံကြမ္မာကောင်းအတွက် သွားနေခြင်းဖြစ်၏။

ရွှမ်တောက်စစ်နှင့် ဟုန်ချိန် ငရဲဘုံ ၃၃ ဘုံဧရိယာသို့ သွားသည်ကိုမြင်လျှင် မန်မျိုးနွယ်သင်္ဘောသည် ရွေ့လျားစပြုလာ၏။ ကုန်းပတ်ပေါ်ရှိ သခင်လေးမှာ လွန်စွာစိတ်လှုပ်ရှားလာတော့သည်။

“မင်းတို့အားလုံး သူတို့နောက်လိုက်သွားကြ။ ငရဲဘုံ ၃၃ ဘုံက ကံကြမ္မာကောင်းတွေ မင်းတို့ ငါ့အတွက် ယူလာပေးမှာ ငါစောင့်နေမယ်။ ဘာကံကြမ္မာကောင်းပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး တစ်ခုခုသာ ယူလာခဲ့ မင်းတို့ကို ဆုအကြီးကြီးချမယ်.. အကြီးမှအကြီးကြီး

“ဟေ့ကောင်တွေ သွားကြလို့ပြောနေတယ်လေ။ မသွားဘူးဆို ငါတို့မျိုးနွယ်စုဆီ ပြန်ရောက်တာနဲ့ မျိုးနွယ်ရဟန်းမင်းကြီးကို တိုင်ပြောမယ်။ ဦးလေးဆယ့်တစ် ခင်ဗျား ကျုပ်ကို ကာကွယ်ဖို့ ဒီမှာနေခဲ့။ ကျန်တဲ့သူတွေ သွားကြ” လူငယ်၏အမိန့်ကြောင့် မန်မျိုးနွယ်ကျင့်ကြံသူများမှာ ကတုန်ကယင်ဖြင့် ငရဲဘုံ ၃၃ ဘုံ ရှိရာသို့ ပျံသန်းသွားကြတော့သည်။

ထိုကျင့်ကြံသူများထဲမှတစ်ယောက်က ... အမာရွတ်များနှင့် လူငယ်လေး မန်ချိန်ဖြစ်လေသည်။

All Chapters