အခန်း (၄၇)
Vol. 6 Ch. 47
ဖေးယွင်ကျင်း၏ခေါင်းမာမှုကြောင့် နန်ယု ခေါင်းကိုက်သွားသည်။
သူ ဤအခွင့်အရေးကို အသုံးချ၍ ဖေးယွင်ကျင်းအား နောင်တွင် မိမိကိုယ်ကို ပိုမိုစဉ်းစားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ဖေးယွင်ကျင်းအား ကိုယ်ကျိုးရှာသူတစ်ဦးအဖြစ် ပြောင်းလဲရန်မဟုတ်ပေ။ အနည်းဆုံး ဤကဲ့သို့သော အခြေအ နေမျိုးတွင်မူ သူ့ကိုယ်ပိုင်လိုအပ်ချက်များအား အပြည့်အဝ ဦးစားပေးစေလိုခြင်းဖြစ်သည်။
တကယ်လို့နန်ယုသာဆိုပါက၊ သူမ သုံးလကြာအသည်းအသန် စုဆောင်းထားသည့် အရာတစ်ခုအားဝယ်ရန်လုပ်နေချိန်တွင် နန်ကျီ ရုတ်တရက် နို့လက်ဖက်ရည်တစ်ခွက်တောင်းဆိုပြီး မဝယ်ပေးလျှင် မျက်ရည်ကျမည်ဟု ခြိမ်းခြောက်ခဲ့ပါက...
နန်ယု သူ့ခြေထောက်အား သေချာပေါက်ရိုက်ချိုးပစ်လိမ့်မည်။
သောက်၊ သောက်၊ သောက်! နို့လက်ဖက်ရည်တစ်ခွက် မသောက်ရရင် သေသွားမှာလား!
ဟုတ်သည်။ နန်ကျီ ခြေထောက်ကျိုး၍ ဆေးရုံတက်နေပြီး ထိုပိုက်ဆံနည်းနည်းလေးလိုအပ်နေပါက နန်ယု ပေးရန်ဆန္ဒရှိနေဦးမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်မှာမတူတော့ချေ။
"အန်တီ"
ခဏတာ ရပ်နားပြီးနောက် ဖေးယွင်ကျင်းနောက်ဆုံးတွင် စကားစပြောခဲ့သည်။
"ကျွန်တော် သိပ်နားမလည်သေးပေမယ့်၊ ဒါကို ကျွန်တော်လုပ်တာ အန်တီက ကျွန်တော့်အန်တီဖြစ်နေလို့ဆိုတာတော့ သိပါတယ်"
နန်ယု: "ဒါပေမဲ့ အန်တီကလည်း လူသားတစ်ယောက်ပဲလေ၊ တစ်နေ့ကျရင် အန်တီက အဆင်မပြေတဲ့ တောင်းဆိုမှုမျိုးလုပ်မိရင် ဘယ်လိုလုပ်မလဲ? ရှောင်ကျင်းက အန်တီ့ကိုအရင် ဖြည့် ဆည်းပေးပြီးမှ ကိုယ့်ကို ကိုယ် ခက်ခဲအောင်လုပ်ဦးမယ်ပေါ့”
ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်သည်။
"Ultraman ကို မဝယ်ရလို့ ဝမ်းနည်းပေမယ့် အန်တီ နို့လက် ဖက်ရည်သောက်တာကိုတွေးလိုက်တော့ မဝမ်းနည်းတော့ပါဘူး"
နန်ယု: ...
သူက ဒီလောက်ကောင်းတာနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ ?
နန်ယု တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖေးယွင်ကျင်း ခုံတန်းလျားပေါ်မှ ခုန်ဆင်းလာပြီး သူမဆီသို့လျှောက်သွားခဲ့သည်။ သူ ဒူးထောက်လိုက်ပြီး နန်ယု ပေါင်ပေါ်တွင် ခေါင်းတင်လိုက်ကာ လိမ္မာပါးနပ်သော အရိပ်အမြွက်ဖြင့်တောက်ပစွာ ပြုံးလိုက်သည်။
"အန်တီက ကျွန်တော့်ကို အနိုင်ကျင့်မှာမဟုတ်ဘူးဆိုတာ သိလို့ ဘာမှမဖြစ်ပါဘူး”
နောက်ထပ်တိတ်ဆိတ်မှုတစ်ခု လိုက်လာသည်။ နန်ယု တွေဝေသောမျက်နှာဖြင့် “မင်းမှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ? ငါ အကုန်လုံးသုံးပစ်ချင်တယ်"
ဖေးယွင်ကျင်း ဤည ပိုကြိုးစားပါက မနက်ဖြန် သူလိုချင်သော Ultraman အား ဝယ်နိုင်သေးသည်။ သို့သော် ယနေ့ အကုန်သုံးပစ်လိုက်လျှင်မူ သူ့မှာ ဘာမှမကျန်တော့ပေ။
ဖေးယွင်ကျင်း ပိုက်ဆံအိတ်အားတုံ့ဆိုင်းခြင်းမရှိဘဲ မြှောက်ပြလိုက်သည်။
"ဟုတ်ကဲ့၊ ဒီပိုက်ဆံတွေအားလုံး အန်တီအတွက်ပါ"
နန်ယု တွန့်ဆုတ်ခြင်းမရှိဘဲ ဖေးယွင်ကျင်းအား တိုက်ရိုက် တတိယထပ်ရှိ အဝတ်အစားအရောင်းဌာနသို့ခေါ်သွားခဲ့သည်။ ဤကဲ့သို့ ကုန်တိုက်များမှ အဝတ်အစားများသည် ယေဘုယျအားဖြင့် ဈေးမပေါချေ။ ရိုးရိုးလက်တိုအင်္ကျီဆိုလျှင်ပင် ယွမ်ငါးရာ၊ ခြောက်ရာခန့်မှ စတင်သည်။
နန်ယုအတွက်တော့ ဈေးမကြီးသည်မှာ သေချာသည်။ သူမ၏ အဝတ်အစားများမှာ အားလုံး မှာယူချုပ်လုပ်ထားခြင်းဖြစ်ပြီး တစ်လတစ်ခါ ဒီဇိုင်နာမှ သူ့၏အတိုင်းအတာများကို လာယူကာအိမ်အရောက်ပို့ပေးသည်။ သူ့ဗီလာထဲ၌ပင် အဝတ်ဗီရိုလေးခုရှိပြီး နှစ်ပေါင်းများစွာဝတ်လျှင်ပင် ထပ်မည်မဟုတ်သော အဝတ်အစားများဖြင့်ပြည့်နေသည်။
သို့သော် ဖေးယွင်ကျင်း၏ငွေစုပုံးလေးအတွက်တော့ ယွမ်တစ်ထောင်အောက် ပမာဏလေးသည်ပင် အသုံးခံဖို့မလုံလောက်ချေ။
နန်ယု ယွမ်ငါးရာသုံးဆယ့်ရှစ်ကျပ်တန် လက်တိုအင်္ကျီတစ်ထည်အားရွေးသည်။ ပြီးနောက် ယွမ်လေးရာ့ဆယ့်တစ်ကျပ်တန် ဖိနပ်တစ်ရံကို ဝယ်လိုက်သည်။
ဖေးယွင်ကျင်းတွင် ယွမ်လေးဆယ့်ကိုးကျပ်သာ ကျန်တော့ သည်။ ထို့ကြောင့် နန်ယု သူ့အား ပဉ္စမထပ်ရှိ အိမ်အလှဆင်ပစ္စည်းဆိုင်သို့ ခေါ်သွားပြီး ယွမ်လေးဆယ့်ကိုးကျပ်တန် ခေါင်းအုံးတစ်လုံးကို ရွေးချယ်လိုက်သည်။
ဤပစ္စည်းသုံးခုနှင့်အတူ ဖေးယွင်ကျင်း သုံးလကြာအသည်း အသန်စုဆောင်းခဲ့သော သူ့စုငွေများ အားလုံးကိုသုံးလိုက်ရသည်။
နန်ယု သူမလက်ထဲမှ နို့လက်ဖက်ရည်အား ရည်ရွယ်ချက်ရှိရှိ လှုပ်လိုက်သည်။
“ရှောင်ကျင်း၊ အန်တီ့ဖိနပ်နဲ့ ခေါင်းအုံးကို ကူသယ်ပေးလို့ရမလား? အန်တီ အလုပ်ရှုပ်နေလို့”
“ရတာပေါ့!”
ထို့ကြောင့် ယနေ့ ကုန်တိုက်သို့လာရောက်သူတိုင်းမှာ ရယ်စ ရာကောင်းသော မြင်ကွင်းတစ်ခုအားမြင်တွေ့ခဲ့ရသည်။
အရှေ့မှ လှပသော အမျိုးသမီးသည် သူမ၏ညာလက်ဖြင့် နို့လက်ဖက်ရည်တစ်ခွက်ကိုကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် ပေါ့ပါးသော အိတ်တစ်လုံးအားကိုင်ထားသည်။ သူမ ပေါ့ပေါ့ ပါးပါးနှင့် အေးအေးဆေးဆေးရှိနေသည်။
သို့သော် သူမ နောက်ခြေတစ်လှမ်းအကွာမှ ကလေးငယ်၏ အခြေအနေကမူ လုံးဝကွဲပြားနေသည်။
သူသည် အသက်လေးနှစ် သို့မဟုတ် ငါးနှစ်ခန့် ရှိပုံရပြီး ကျော ပိုးအိတ်လေးတစ်လုံးအားလွယ်ထားသည်။ သူ့ခေါင်းထက် နှစ်ဆကြီးသော ခေါင်းအုံးတစ်လုံးအား ရင်ခွင်ထဲတွင် ပိုက်ထား သည်။ သူ့လည်ပင်းတွင် ဖိနပ်တစ်ရံပါသည့် အိတ်တစ်ခုလည်း လွယ်ထားသည်ကို တွေ့ရသည်။
၎င်းမှာ မည်သို့သော ကလေးညှဉ်းပန်းနှိပ်စက်မှု မြင်ကွင်းမျိုးနည်း ?
“ရှောင်ကျင်း၊ သား ရလား? မရရင် အန်တီ ယူလိုက်မယ်”
“ရပါတယ်၊ လုံးဝမလေးပါဘူး!”
နန်ယု ဈေးဝယ်နေဆဲဖြစ်သည်။ အကန့်အသတ်ထုတ် Ultraman အရုပ်များ ရောင်းသော ဆိုင်ဘေးမှဖြတ်သွားခဲ့သည်။ အကန့်အသတ်ထုတ် အရုပ်ဆိုင်မှာ တန်းစီနေသည့် လူအရေအတွက်အရ ဆယ်မိနစ်ခန့်ဆိုလျှင် သူမတို့ အလှည့်ရောက်တော့မည်။
နန်ယု ဘာမှမဖြစ်သလိုဖြတ်သွားခဲ့သည်။ သို့သော် မှန်မှတစ် ဆင့် ဖေးယွင်ကျင်း၏အကြည့်သည် နောက်ကွယ်မှ ဆိုင်အား စွဲစွဲမြဲမြဲကြည့်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သို့သော်လည်း သူသည် မရပ်ဘဲ နန်ယုနောက်သို့တောက် လျှောက်လိုက်နေသည်။
ကလေးလေးမှာ အတော်လေးခေါင်းမာလှသည်။
နန်ယု ဖေးယွင်ကျင်း ပိုက်ဆံအားအကုန်သုံးပြီးနောက် သူမ ကိုယ်ပိုင်ပိုက်ဆံကို စသုံးစပြုလာသည်။ မကြာခင်မှာ သူမ လက်များတွင် အိတ်များစွာရှိလာသည်။ ဖေးယွင်ကျင်းသည်လည်း လမ်းလျှောက်နေသော အိတ်ဆွဲနေသည့် နတ်ဘုရားတစ်ပါးလိုဖြစ်နေပြီး သူ့ကိုယ်သူ မြုပ်လုနီးပါးဖြစ်နေသည်။
ကလေးငယ်၏အသက်ရှူသံမှာ ပိုပြီးလေးလံလာသည်။ သူ့ခြေလှမ်းများမှာ ပိုပြီးနှေးလာသည်။ သူ့အားအင်များ မည်သည့်နေရာတွင် ကုန်ဆုံးနေသည်ကို နန်ယု အတိအကျသိသည်။
သို့သော် သူမ သတိမထားမိဟန်ဆောင်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
နောက်ဆုံးတော့!
ဒုန်းကနဲ—
အိတ်တွေအများကြီးကြောင့် မျက်စိလည်ပြီး ပင်ပန်းနွမ်းနယ်နေသော ဖေးယွင်ကျင်း ဒုန်းကနဲမြေပေါ်သို့ လဲကျသွားသည်။
ကျယ်လောင်သောအသံဖြင့် သူ့ပစ္စည်းများ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲသွားသည်။
“နာလား?”
နန်ယု ဖေးယွင်ကျင်းအား အပုံအလယ်မှဆွဲထုတ်လိုက်သည်။ မျက်နှာနီရဲနေပြီး နဖူးတွင် ချွေးများစိုနေသော ကလေးအား စိုက်ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ဖေးယွင်ကျင်း “မနာတော့ပါဘူး” ဟု ချက် ချင်းမပြောတော့ပေ။
နန်ယု၏နူးညံ့သောအကြည့်ကို မြင်သောအခါ သူ သက်ပြင်းရှည်ကြီးချလိုက်သည်။
ဖေးယွင်ကျင်း လူအ မဟုတ်ဘဲ တော်သည့်ကလေးဖြစ်သည်။ သူသည် သူ့အရွယ်ကလေးအများစုထက်ပိုမိုနားလည်သည်။ သို့သော် သူသည် ခေါင်းပိုမာပြီး တစ်ခုခုအားစွဲလမ်းတတ် သည်။
သူ နန်ယု စကား၏အဓိပ္ပာယ်အား ယခုနားလည်သွားပုံရသည်။
ကိုယ့်ကို ကိုယ် ချစ်ပါ။
ဘယ်သူမှ မချစ်လျှင်တောင် ကိုယ့်ကိုကိုယ် ချစ်ရမည်။
ပင်ပန်းလျှင် ပင်ပန်းကြောင်းပြောပါ၊ လိုချင်တာကို လိုချင်ကြောင်းတောင်းဆိုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်သောသူများသာ တခြားသူများအား ပိုမိုကောင်းမွန်စွာချစ်နိုင်သည်။
ထိုသို့ဆိုလျှင် ဘာပဲဖြစ်ဖြစ် သူ့တွင် ဘာမှမကျန်တော့တာမျိုး ဖြစ်လာမည်မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့ သူ့တွင် ကိုယ်တိုင်ရှိနေသေးသော ကြောင့်ဖြစ်သည်။
"နည်းနည်း နာတယ်၊ နည်းနည်းလည်း ပင်ပန်းတယ်"
ဖေးယွင်ကျင်း ပါးများကိုဖောင်းလိုက်ပြီး နန်ယု ပေါင်အား ဖက်လိုက်သည်။
“ရှောင်ကျင်း အန်တီ ပွေ့ဖက်တာလိုချင်တယ်”
“အ အ လေး!” နန်ယု ဖေးယွင်ကျင်း နဖူးအားခေါက်လိုက်သည်။ သူ့အား မျက်နှာချိုသွေးကာ ပြုံးပြသည်ကိုမြင်သော အခါ သူလည်း မရယ်ဘဲမနေနိုင်တော့ပေ။
ထို့နောက် နန်ယု ဖေးယွင်ကျင်းအားလက်တစ်ဖက်ဖြင့် အလွယ်တကူ မတင်လိုက်သည်။ ကျန်သည့်လက်တစ်ဖက်ဖြင့် အလေးချိန်မရှိသလို အိတ်အပုံလိုက်ကိုကောက်ယူလိုက်သည်။
ဖေးယွင်ကျင်း၏ငယ်ဘဝသည် မေတ္တာကင်းမဲ့ခဲ့သည်မှာသေ ချာသည်။ ဤကဲ့သို့သော ကလေးမျိုးအား ပိုမိုချစ်ပေးသည့်အပြင် သူ့ကိုယ် သူ ချစ်ရန်လည်းသင်ပေးရမည်။
၎င်းမှာ နန်ယု၏ ဆယ်စုနှစ်ပေါင်းများစွာ ဘဝအတွေ့အကြုံဖြစ်သည်။
သူမ ထိုကလေး ဖြည်းဖြည်းချင်း အမှောင်ထုထဲမှ ထွက်လာပြီး တစ်ခါတစ်ရံတွင် ခေါင်းမာကာ ကလေးဆန်သည့် ပုံမှန်ကလေးတစ်ယောက် ဖြစ်လာဖို့မျှော်လင့်သည်။
"You Are My Light" ဆိုသည့် စာအုပ်၏ ယောက်ျားလေး ဇာတ်ဆောင်မဟုတ်ဘဲ ပုံမှန်လေးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်သည်။
အရမ်းဆင်ခြင်တုံတရားရှိဖို့ မလိုပေ။ ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်ဖို့လည်းမလိုပေ။
ဤအချိန်တွင် ဖေးယွင်ကျင်း နန်ယု၏ပခုံးနောက်ဘက်တွင် ခေါင်းမှီရန် ကိုယ့်ဘာသာ လုပ်ခဲ့သည်။ ချစ်စရာကောင်းပြီး ဂရုတစိုက် ပွတ်သပ်သည်။
သူသည် သူ့အန်တီ၏အဓိပ္ပာယ်ကို နားလည်ခဲ့သော်လည်း...
သူ့အန်တီမှာ ကွဲပြားသည်၊ တခြားဘယ်သူနှင့်မှ မတူချေ။
“အန်တီ၊ ကျွန်တော်က ကောင်းတဲ့ကလေးတစ်ယောက်လား ?”
“ဟုတ်တာပေါ့၊ ရှောင်ကျင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးကလေးပဲ!”
ဖေးယွင်ကျင်း ကောင်းသောကလေးတစ်ယောက်ဖြစ်သည်။ နန်ယု ဤအချက်အား ဘယ်တော့မှ သံသယမဝင်ခဲ့ချေ။
“သား Ultraman လိုချင်သေးလား?”
“လိုချင်တယ်!”
“အရမ်းကောင်းတယ်”
နန်ယု ပထမဆုံးယာဉ်မောင်းအား ပစ္စည်းများကို ယူသွားခိုင်းခဲ့သည်။ ထို့နောက် ဖေးယွင်ကျင်းအား ပဉ္စမထပ်သို့ ခေါ်သွားခဲ့သည်။
နေ့လယ်စာစားချိန်ဖြစ်သောကြောင့် လူများပိုပြီးနည်းသွားသည်။
နန်ယု ရှေ့တွင် တန်းစီနေသူ တစ်ဒါဇင်ခန့်သာရှိပြီး သူတို့အလှည့် မကြာခင်ရောက်တော့မည်။
သို့သော် နန်ယု၏ပေါ်လာမှုမှာ လူအုပ်စုထဲတွင် အနည်းငယ် ဆူညံစေခဲ့သည်။ တကယ်တော့ အစကတည်းက တချို့လူများသည် သူမအား နန်အုပ်စု၏သမီး နန်ယု ဟုတ်မဟုတ် တွေးနေခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူမ မျက်နှာမှာအရမ်းထူးခြားသောကြောင့် ပုံမှန်လူများနှင့် ဆင်တူရန်ခက်သည်။ ထို့အပြင် သူမ ကလေးတစ်ယောက်အား သယ်ထားခြင်းမှာ ၉၀% လောက်သေချာစေခဲ့သည်။
သို့သော်လည်း သူတို့ အင်တာနက်ပေါ်တွင် လှပသော အမျိုး သမီးအား ပွေ့ဖက်ချင်သည် သို့မဟုတ် ကလေးအား ခိုးယူချင်သည်ဟု ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင်ပြောကြပြောကြ၊ လက်တွေ့ဘဝတွင်တော့ လူအများစုမှာ ကိုယ်တိုင်ဦးဆောင်ဖို့ မရဲကြချေ။ ထို့အပြင် နန်ယုသည် နာမည်ကျော်တစ်ယောက်မဟုတ်ပေ။ သူမအား အနှောင့်အယှက်ပေးပြီး စိတ်ဆိုးစေခြင်းမှာ အပြစ်တစ်ခုဖြစ်လိမ့်မည်။
လှပသောအမျိုးသမီးနှင့် ချစ်စရာကောင်းသော ကလေးလေးကိုသာ တိတ်တဆိတ် ချီးကျူးလိုက်သည်က ပိုကောင်းသည်။
ဤအခြေအနေမျိုးတွင် လူတိုင်းသည် ပိုမိုစည်းကမ်းရှိရှိ တန်းစီရုံသာမက ဝန်ထမ်းများနှင့် စကားပြောဆိုရာတွင်ပင် ပုံမှန်ထက် ပိုမိုနူးညံ့သိမ်မွေ့လာသည်။ “ဒီနေ့က နိုင်ငံတကာ ယဉ် ကျေးပျူငှာမှုနေ့လား” ဟု ဝန်ထမ်းများ တွေးမိကြသည်။
ဖောက်သည်များမှာ အရင်က မဆီလျော်ဟုမဆိုလိုပါ။ သို့ သော် တချို့လူများမှာ သဘာဝအတိုင်းအသံကျယ်ကျယ်ပြောတတ်သည်။ ယခုဆိုလျှင် လူအချို့က သူတို့၏အသံများအား ထိန်းချုပ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ တစ် ယောက်ယောက်အား ထိတ်လန့်သွားမည်ကိုကြောက်နေသကဲ့ သို့ပင် ဖြစ်သည်။
ရှုပ်ထွေးနေသော ဝန်ထမ်းများမှာ အဘယ်ကြောင့်ဆိုသည်ကို ချက်ချင်းနားလည်သွားသည်။
“အိုး ဝါး! လှလိုက်တာ!”
“ဝါး! ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး!”
“ပြီးတော့ ဒီဝတ်စုံက ဘာလို့ ရင်းနှီးနေရတာလဲ?”
ဝန်ထမ်း မစဉ်းစားမီမှာပင် နန်ယု ရင်ခွင်ထဲမှ ဖေးယွင်ကျင်းသည် နန်ယု၏အကြည့်ကြောင့် အားပေးမှုရကာ ကိုယ်တိုင်ဦးဆောင်ပြီးပြောလိုက်သည်။
“ကျဲ၊ အကန့်အသတ်ထုတ် Ultraman ပစ္စည်းတွေ ရှိသေးလား ?”
“ရှိတယ်! ရှိတယ်!”
“ကျွန်တော် တစ်ခုလိုချင်တယ်”
ဝန်ထမ်းက ပြုံးလိုက်သည်။
"ကောင်းပြီ၊ ကလေးက Ultraman ကိုကြိုက်လား? ကျဲတို့ဆီမှာ ခေါင်းအုံးအသစ်တွေ၊ ပဟေဠိတွေ၊ ပုံပြင်စာအုပ်တွေနဲ့ အခြားအရာတွေလည်းရှိတယ်၊ လိုအပ်တာများရှိသေးလား? ဒီနေ့ ပရိုမိုးရှင်းရှိတယ်၊ ယွမ် ၂,၀၀၀ သုံးရင် မင်း ကြိုက်ရာ အကန့်အသတ်ထုတ် Ultraman ကတ်တစ်ခု ရမယ်"
ဖေးယွင်ကျင်း: "!!!!"
ငါ ဘာလုပ်ရမလဲ ? အရမ်းစိတ်လှုပ်ရှားနေမိတယ်။
အရင်တုန်းကဆိုလျှင် ဖေးယွင်ကျင်း ပိုက်ဆံမလုံလောက်လျှင် စိတ်မပါဘဲ လက်လျှော့လိုက်လိမ့်မည်။
သို့သော် နန်ယု၏ပြင်းထန်သော နားချမှုအပြီးတွင် သူ မျက် တောင်ခတ်လိုက်ပြီး နန်ယု အဝတ်အစားအားဆွဲကာ ချစ်စရာကောင်းအောင် လုပ်ရန်ကြိုးစားသည်။
“အန်တီ၊ ကျွန်တော် လိုချင်တယ်”
ဖေးယွင်ကျင်း နန်ယု၏အပြုအမူအား အတုယူပြီး ကလေးဆန်နေသည်!
၎င်းမှာ အနီးအနားမှစာရေးမအား ချက်ချင်းပင် ဖမ်းစားလိုက်သည်။ ဤမျှ ချစ်စရာကောင်းသော ကလေး ဘယ်လိုများရှိနိုင်ပါသလဲ?
သူ့မျက်တောင်များမှာ ဘာလို့ ဤမျှ ရှည်လျားပြီးကော့ညွှတ်နေရသနည်း ?
သူ့အသားအရေမှာ ဖြူဖွေးပြီး ချောမွေ့နေသည်။
“ဝါး၊ သူ့ရဲ့ ပါးဖောင်းဖောင်းလေးကို တကယ် ကိုက်လိုက်ချင်ျယ်”
ထိုအတွေးဝင်လာသည်နှင့် ဝန်ထမ်း ချက်ချင်းအသိစိတ်ပြန်ဝင်လာသည်။
အိုး ဘုရားရေ၊ ငါ ရူးနေပြီလား!
သို့သော် ဤအချိန်တွင် ဝန်ထမ်းသည် သူ့ရှေ့မှ လူကြီးနှင့်ကလေး ဘာလို့ရင်းနှီးနေလဲဆိုသည်ကိုလည်း သတိရလိုက်သည်။
၎င်းမှာ မစ္စနန်နှင့် သူမ၏ချစ်စရာကောင်းသော ကလေး မဟုတ်ပါလား?
အနီးကပ်ကြည့်တော့ သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုမှာထက်ပင် ပိုလှသည်။
သူမ ဒီနေ့ ဘယ်လိုကံကောင်းမှုမျိုးနဲ့ ကြုံနေရတာလဲ?
“ကောင်းပြီ”
နန်ယု ဖြည်းဖြည်းချင်းပြောလိုက်သည်။ ဖေးယွင်ကျင်း၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာတော့ သူမ အမြန်ထပ်ထည့်လိုက်သည်။
“ဒါက အန်တီက ရှောင်ကျင်းကိုချေးပေးလိုက်တဲ့ပိုက်ဆံ”
“ရှောင်ကျင်း အလုပ်လုပ်ပြီး ပိုက်ဆံပြန်ရှာရမယ်၊ သဘောတူလား?”
ဖေးယွင်ကျင်း ခဏတာ စဉ်းစားပြီး သူ့ညာလက်အား ထုတ်လိုက်သည်။
“သဘောတူတယ်”
အရမ်းကောင်းသည်။ လက်ကြီးတစ်ဖက်နှင့် လက်သေးတစ် ဖက်တို့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး သဘောတူညီမှု ချက်ချင်း ဖြစ်သွားသည်။
ထိုနေ့ညနေမှာ နန်ယု ထပ်ပြီးနာမည်ကြီးသွားသည်။
#နန်ယု၊ ဒါ တကယ့်ကိုသားအရင်းပဲ#
နာမည်ကြီးသွားသည့် ဓာတ်ပုံမှာ နန်ယု အရှေ့မှ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေပြီး ဖေးယွင်ကျင်း အနောက်မှာ အိတ်တွေအများကြီးနဲ့ လိုက်နေသည့်ပုံဖြစ်သည်။ မည်သည့်အချိန်က ရိုက်ခဲ့သည်ကို မသိရချေ။
ပေါ်လာသည်နှင့် ချက်ချင်းပင် ရယ်မောသံများထွက်ပေါ်လာသည်။ နန်ယု ကလေးအား ညှဉ်းပန်းနှိပ်စက်နေသည်ဟု ပြောသော သဘောမတူသည့်အသံများလည်း ရှိခဲ့သည်။
သို့သော် အင်တာနက်အသုံးပြုသူများမှာ အားလုံးကို ဝေဖန်ခဲ့သည်။ တကယ်လို့ သူမ ကလေးအား ညှဉ်းပန်းနှိပ်စက်ချင်ရင် အများပြည်သူရှေ့မှာ လုပ်ပါ့မလား? ထို့အပြင် တစ်ယောက် ယောက်မှ နန်ယုသည် သူမ ကလေးအား Ultraman ပစ္စည်းများအများကြီးဝယ်ပေးဖို့ ခေါ်သွားသည်ကို ဖော်ထုတ်ခဲ့သည်။
“ဒါက ညှဉ်းပန်းနှိပ်စက်မှုလား?”
[မင်းမှာ ကလေးမရှိဘူးမဟုတ်လား? ဂရုတစိုက်ပြုစုပျိုး ထောင်တဲ့သူတွေကို ဧည့်သည်တွေလို့ခေါ်တယ်၊ မစ္စနန်က ဒီလင်ပါသားနဲ့ တကယ်အဆင်ပြေနေတယ်လို့ ငါထင်တယ်]
[ဟုတ်တယ်၊ တစ်ခါတစ်ရံ ငါ ပစ္စည်းတွေကိုမကောက်ချင်တော့ရင် ငါ့ရဲ့ငါးနှစ်သားက အမေကိုကျွန်တော့်ကူယူပေးမယ်လို့ ပြောလိမ့်မယ်]
[ကလေးညှဉ်းပန်းနှိပ်စက်မှုဆိုတာကရော? ဘယ်လိုညှဉ်းပန်းနှိပ်စက်ခံရတဲ့ကလေးက ဖြူစင်ပြီးနူးညံ့တဲ့ မျက်နှာမှာအပြုံးရှိနေမှာလဲ? မင်းကဆိုးတာပဲ၊ မင်းအပြစ်ရှာတာ ကျွမ်းသားပဲ!]
...
တနင်္လာနေ့ စတော့ဈေးကွက်ဖွင့်သည့်အခါ နန်အုပ်စုအောက်ရှိ စတော့အချို့မှာ သိသိသာသာမြင့်တက်လာသည်။
ပိုက်ဆံများများသုံးလေလေ ပိုက်ဆံပိုရလေဖြစ်သော နန်ယု: ...
အမှန်မှာ ဖေးယွင်ကျင်းသည် ချမ်းသာခြင်းနတ်ဘုရား ပြန်ဝင် စားခြင်းသာဖြစ်ရပေမည်!