← Chapters

အခန်း (၄၉)

Vol. 6 Ch. 49

အခန်း (၄၉)

Vol. 6 Ch. 49

နှစ်ဘီလီယံမှာ သာမန် Startupလုပ်ငန်း တစ်ခုအတွက် အလွန်များပြားသည့် ပမာဏဖြစ်သည်။ ထိုငွေပမာဏသည် လုပ်ငန်းအား ပြန်လည်အသက်ဝင်စေရန်သာမကဘဲ၊ လျင်မြန်စွာ တိုး တက်မှုရရှိစေရန်အတွက်ပါ လုံလောက်သောငွေဖြစ်သည်။

စီးရီးဘီ (Series B) ရန်ပုံငွေအဆင့်အတွက်ပင်လျှင် ၎င်းသည် ဘဏ္ဍာရေးသတင်းများ၌ ခေါင်းကြီးပိုင်းနေရာယူနိုင်မည့် ထင်ရှားသည့် ပမာဏတစ်ရပ်ပင်။

နန်ယုတွင် ထိုငွေများရှိပါသလား?

ရှိပါတယ်။

သို့သော် ငွေသားအနေဖြင့်မဟုတ်ချေ။ ဝင်ငွေမထုတ်ဘဲ ထိုမျှကြီးမားသောပမာဏအား ပုံထားမည့်သူ မရှိပေ။ သူမ ငွေချေးလိုပါက တစ်ခုခုအားရောင်းချရပေမည်။

"နှစ်ဘီလီယံ ?"

နန်ယု နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

"မရဘူး"

သူမ အမူအရာမှာ သူမ စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေ သည်။ အသေးစိတ်အကြောင်းအရာအား မကြားရပဲ ပုံရိပ်သက်သက်ကို ကြည့်ရုံဖြင့် နန်ယုနှင့် လီယွမ်မိုတို့သည် ရင်းနှီးသော မိတ်ဆွေများဖြစ်သည်ဟု ထင်မြင်ရပေလိမ့်မည်။

သို့သော် လက်တွေ့အခြေအနေတွင် သူတို့၏ဆက်ဆံရေးမှာ နှစ်ဘီလီယံ ချေးငှားပေးနိုင်လောက်သည်အထိ ရင်းနှီးခြင်းမရှိပေ။

လီရီပိုင်သည် လီရီပိုင်ဖြစ်၍၊ လီယွမ်မိုသည် လီယွမ်မိုသာဖြစ် သည်။ လီယွမ်မို သူ့ကြွေးမြီများအား ပျက်ကွက်မည်မဟုတ်ဟု သူမ ယုံကြည်သည်ပင်ထားဦးတော့၊ နန်ယု ထိုအန္တရာယ်ကို ယူရန်မလိုအပ်ချေ။

လီယွမ်မို တစ်စက္ကန့်မျှ တိတ်ဆိတ်သွား၏။

"နှစ်ဘီလီယံအတွက် မူရင်း ရှယ်ယာ ၁၀ ရာခိုင်နှုန်းပေးမယ်"

နန်ယု မျက်တောင်ခတ်လိုက်သည်။

"ရှင့်ကုမ္ပဏီအောင်မြင်စွာနဲ့ အများပိုင်စာရင်းဝင်နိုင်မလားဆိုတာ ဘယ်သူသိလို့လဲ ? အဲဒီလိုနဲ့ နှစ်ဘီလီယံကို တန်းပြီး တောင်းနေတာ၊ ကျမကို ပိုက်ဆံပေါတဲ့ လူအလို့ထင်နေတာလား?"

ဟုတ်သည်၊ မိုပိုင်တွင် တောက်ပသည့်အနာဂတ်တစ်ခုရှိနေ၏။ နန်ယု မှတ်ဉာဏ်အရဆိုလျှင် လီယွမ်မိုသာပြဿနာမဖြစ်ခဲ့ပါကအများပိုင်အဖြစ် စာရင်းဝင်နိုင်ရန် ၁၀၀ ရာခိုင်နှုန်းသေချာ သည်။

နန်ယု၏နှစ်ဘီလီယံသည် အကြိမ်ပေါင်းများစွာတိုးပွားလာမည်ဖြစ်သည်။ ၎င်းမှာ အသေအချာအောင်ပွဲခံရမည့် ရင်းနှီး မြှုပ်နှံမှုဖြစ်ပေလိမ့်မည်။

ဤဘဝတွင် လီယွမ်မို၌ မတော်တဆတစ်ခုခု ဖြစ်ခဲ့သည်ပင်ထားဦးတော့၊ နန်ယု မိုပိုင်အား သူ့ယခင်ဘဝကဲ့သို့ ဘေးဒုက္ခမခံရစေရန် သေချာပေါက်တားဆီးနိုင်ပေလိမ့်မည်။ အဆိုးဆုံးအခြေအနေတွင် ပြင်ပအကူအညီအားရှာဖွေနိုင်သည်။

သို့သော် လူအများစုအမြင်၌ လီယွမ်မို၏မူရင်းရှယ်ယာ ၁၀ ရာခိုင်နှုန်းအတွက် နှစ်ဘီလီယံရယူလိုသည့် အကြံသည် စိတ် ကူးယဉ်မှုတစ်ခု သက်သက်သာဖြစ်ပေသည်။

နန်ယု ချက်ချင်း သဘောတူလိုက်ပါက ထူးဆန်းသွားပေလိမ့် မည်။

"အများပိုင်စာရင်းဝင်ဖို့ မဖြစ်ခဲ့ရင်တောင် နှစ်ဘီလီယံကို အတိုးနဲ့ပြန်ပေးပါမယ်"

လီယွမ်မို၏မျက်လုံးများမှာ လေးနက်သော အသွင်ကိုဆောင်နေသည်။ သူသည် ကြီးကျယ်ခမ်းနားသော ကတိများမပေးသော်လည်း သူမ အကြောင်းပြချက်မရှိဘဲ သူ့အား ယုံကြည်ချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။

သို့သော် စီးပွားရေးကျွမ်းကျင်သူ အများစု၏အမြင်တွင် ထိုသို့သောကတိကို ယုံကြည်သူတိုင်းသည် ပိုက်ဆံအများကြီးရှိသော လူအ တစ်ဦးထက်ပင် ပို'အ' သော လူဖြစ်ကြပေလိမ့် မည်။

သို့သော် လီယွမ်မိုမှာ နန်ယုနှင့်ဆုံဆည်းခဲ့ရသည်။

တစ်ဦးကပြောရဲခဲ့ပြီး ကျန်တစ်ဦးမှာယုံကြည်ခဲ့ပေသည်။

နန်ယု ခဏမျှအေးဆေးစွာ စဉ်းစားပြီး သူမ၏အမြတ်အစွန်းများကို အများဆုံးရရှိအောင် ဆုံးဖြတ်လိုက်သည်။

"ရှယ်ယာ ၂၀ ရာခိုင်နှုန်းဆိုရင်၊ ကျမ ရှင့်ကို ငါးဘီလီယံပေးနိုင်တယ်"

ထိုသို့ဆိုလျှင်မိုပိုင်သည် အများပိုင်အဖြစ် စာရင်းမဝင်မီအထိ ရန်ပုံငွေအတွက် စိုးရိမ်ပူပန်ရန်မလိုတော့ချေ။

"မရဘူး"

နန်ယု: "ကုမ္ပဏီဆုံးဖြတ်ချက်တွေထဲ ဘယ်တစ်ခုမှ ကျမ ဝင်ပါမှာမဟုတ်ဘူး"

လီယွမ်မို အတင်းအကျပ် အခိုင်အမာပြောလိုက်သည်။

"၁၀ ရာခိုင်နှုန်း၊ နှစ်ဘီလီယံပဲ"

နှစ်ဦးသား တိတ်ဆိတ်စွာစိုက်ကြည့်နေကြသည်။

နောက်ဆုံးတွင် နန်ယု အလျှော့ပေးလိုက်ရသည်။ ငွေများစွာ တောင်းဆိုခြင်းမှာ အဓိပ္ပာယ်မရှိသလို၊ အများကြီးယူခြင်းသည်လည်း နောက်ဆက်တွဲ ဒုက္ခများနိုင်သည်ဟု ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော် လူ့ဗီဇအရ သူမ ပိုက်ဆံပိုရှာလိုစိတ် ပေါက်လာခဲ့ခြင်းသာဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း မည်သူမျှ ငွေများလွန်းခြင်းကို မညည်းညူကြဘဲ နန်ယုပင်လျှင် ထိုနည်းအတိုင်းပင်။

ဤကိစ္စသည် စကားအနည်းငယ်ဖြင့် ပြီးဆုံးနိုင်မည် မဟုတ်ဘဲ အသေးစိတ် အချက်အလက်များကို ဆုံးဖြတ်ရန် စာချုပ်လို အပ်ပေလိမ့်မည်။ နန်ယု ကျွမ်းကျင်ပညာရှင်များအား မည်သို့လုပ်ဆောင်ရမည်ကို သေချာပေါက်ညွှန်ကြားပေးမည်ဖြစ်ပြီး သူမသည် ရန်ပုံငွေကိုသာပံ့ပိုးပေးလိမ့်မည်။

ဆွေးနွေးမှု ပြီးခါနီးပြီဖြစ်၍ နန်ယု ဖေးယွင်ကျင်းနှင့် အခြားသူများကို ခေါ်ရန်ပြင်ဆင်နေသည်။ သူ ထရပ်လိုက်ချိန်တွင် မေးခွန်းတစ်ခု ရုတ်တရက်မေးလိုက်သည်။

"ရှင် မူရင်းရှယ်ယာ ၁၀ ရာခိုင်နှုန်းကို နှစ်ဘီလီယံနဲ့ လဲလှယ်ဖို့ လုပ်နေတာဆိုရင် ဘာလို့ အစက 'ချေးပါ' လို့ပြောခဲ့တာလဲ?"

ထိုအခါ နန်ယု သူမ၏ ၅.၀ အမြင်စွမ်းအားဖြင့် ကျိန်ဆိုသည်၊ လီယွမ်မို၏မျက်လုံးများမှာ ခဏမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။

သူ အပြစ်ရှိသလို ခံစားနေရတာလား ? တကယ်လား ?

အိုဘုရားရေ! သူ အခြေအနေအား စမ်းသပ်ကြည့်ခဲ့ခြင်းသာ ဖြစ်ပေသည်။ နန်ယု နှစ်ဘီလီယံချေးပေးရန် ဆန္ဒရှိခဲ့ပါက မူရင်းရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့် အလဲအလှယ်လုပ်ရန် အကြောင်းမရှိပေ။

လီယွမ်မိုမှာ ရိုးသားသောအသွင်အား ဆောင်သော်လည်း အမှန်မှာ ကောက်ကျစ်သူဖြစ်သည်။

လီယွမ်မို ခေါင်းငုံ့လိုက်သည်။ "တောင်းပန်ပါတယ်"

နန်ယု: "ရှင် စိတ်ရင်းမမှန်ဘူးနော်"

လီယွမ်မို နှစ်စက္ကန့်မျှ တိတ်ဆိတ်နေသည်။

"ငါ မင်းကို ၁၁ ရာခိုင်နှုန်း ပေးမယ်"

နန်ယု: "... ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရှင် ဒီလို ပေါ့ပေါ့ပါးပါးလုပ်တာကို သိကြရဲ့လား?"

သို့သော် ထို့နောက်…

နန်ယု: "သဘောတူတယ်!"

သူမ တကယ်ဒေါသမထွက်ခဲ့ပေ။ လီယွမ်မို အလဲအလှယ်လုပ်ရန် ဆန္ဒရှိပါက နှစ်ဘီလီယံအတွက် ၁၀ ရာခိုင်နှုန်းသည် မလုံ လောက်သော်လည်း ၁၀ ဘီလီယံအတွက် ပြဿနာမရှိပေ။

ထို့အပြင် နန်ယု၏နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမှုမှာ စွန့်စားရမှုမရှိသော ရင်းနှီးမြှုပ်နှံမှုပင်။

မည်သည့် ရင်းနှီးမြှုပ်နှံသူက ကုမ္ပဏီအများပိုင်အဖြစ် စာရင်းမဝင်ပါက မူရင်းငွေနှင့်အတိုးအား ပြန်ပေးမည်ဟူသော ကတိဖြင့် ရင်းနှီးမြှုပ်နှံမည်နည်း။ ယင်းမှာ လုံးဝမဖြစ်နိုင်ချေ။

ဟုတ်သည်။ ၁ ရာခိုင်နှုန်းတိုးလာလျှင်ပင် ကြိုဆိုထိုက်သည့် အပိုဆုကြေးဖြစ်ပေသည်။

မိုပိုင်သည် အများပိုင်အဖြစ် စာရင်းဝင်သည်နှင့် ထို ၁ ရာခိုင် နှုန်းမှာ သန်းရာနှင့်ချီသော တန်ဖိုးအား အလွယ်တကူပြောင်း လဲပေးနိုင်သည်။ နန်ယု အချမ်းသာဆုံးအမျိုးသမီးများ စာရင်း တွင် ထိပ်ဆုံးသို့ရောက်ရန် အခွင့်အရေးများစွာရှိသည်ဟု ခံစားရပေသည်။

ထူးဆန်းပေသည်။ သူမ ပျင်းရိစွာ နေထိုင်ရန်သာကြိုးစားနေခြင်းဖြစ်သော်လည်း ငွေကြေးက သူမအား ပစ်မှတ်ထားနေသကဲ့သို့ ဖြစ်နေ၏။ ၎င်းမှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

ဤအကြောင်းကိုသိရှိသောအခါ နန်ကျီ နန်ယုသာ သူ့ရှေ့တွင် ရှိနေပါက သူ့ညီမအား သတ်ရန်ကြိုးစားမည်မှာ သေချာသည်ဟုကြွေးကြော်လိုက်သည်။

"ဘယ်လိုကံတွေများ ထူးနေတာလဲ ? ကောင်မစုတ်လေး"

မနာလိုစိတ်ထင်ဟပ်နေသော နန်ကျီ၏မျက်နှာမှာ ဖုန်းပေါ်တွင် လွှမ်းမိုးနေသယောင်ရှိသည်။

နန်ကျီ မိုပိုင်အကြောင်းကို အချိန်ကြာမြင့်စွာကတည်းက သိရှိပြီး ၎င်း၏အလားအလာကိုမြင်ခဲ့သည်။ Series A ရန်ပုံငွေအဆင့်တွင်ပင် ချဉ်းကပ်ခဲ့သေးသည်။

သို့သော် လီယွမ်မိုသည် နန်မိသားစုကိုသာမက အဓိကကော်ပို ရေးရှင်းအားလုံးကိုပါပယ်ချခဲ့သည်။ ထိုလူငယ်မှာ မယုံနိုင်လောက်အောင် ရည်မှန်းချက်ကြီးသူ ဖြစ်သည်။

"ကျေးဇူးပြုပြီး ယဉ်ကျေးတဲ့စကားလုံးလေးတွေ သုံးစမ်းပါ၊ ကျေးဇူး"

နန်ယု စိတ်ထဲမှ မျက်လုံးလှန်ပြလိုက်သည်။

"ဒါကို တားမရတဲ့ ကံဇာတာလို့ခေါ်တယ်"

ထိုဝါကြွားသော လေသံကိုနားထောင်ကြည့်!

နန်ကျီ အပြစ်တင်လိုက်သည်။

"နင်က နင့်သားကိုအသုံးချပြီး ကိုယ့်ရှေ့ရေးအတွက်လုပ်နေတာပဲ!"

ဖေးယွင်ကျင်းနှင့် လီရီပိုင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ကြပြီး လီယွမ်မိုသည် လီရီပိုင်၏အစ်ကိုဖြစ်သည်။ နန်ကျီ ထိုဆက်ဆံရေးအား ကောင်းစွာသိရှိထားပြီး ဖေးယွင်ကျင်းကြောင့် လီယွမ်မိုနှင့် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမသည် "သူမ သားကို အသုံးချပြီး ရှေ့ရောက်အောင်လုပ်သည်" ဟူသော နန်ကျီ၏စွပ်စွဲချက်မှာ လုံးဝမမှန် ကန်ချေ။

"ဘာလဲ ? မနာလိုဖြစ်နေတာလား ?"

နန်ယု ရှက်ရွံ့ခြင်းမရှိဘဲ ဂုဏ်ယူနေသည်။

"ငါ့မှာ အားကိုးရတဲ့သားရှိတယ်၊ ငါ ဂုဏ်ယူတယ်! အများကြီး ဂုဏ်ယူတယ်!"

နန်ကျီ: ...

ကျိန်စာ တိုက်ချင်စရာပင်။ ထိုစကားအား ပြန်ချေပရန်နည်းလမ်းမရှိခဲ့ပေ။

သို့သော် နန်ကျီ ထိုမျှလောက် အမှန်တကယ် "မနာလို" ဖြစ်နေခြင်းမဟုတ်ပါ။ သူသည် မိုပိုင်အတွက် မျှော်လင့်ချက်ကြီးမားသော်လည်း နန်ယုကဲ့သို့ မူရင်းရှယ်ယာ ၁၀ ရာခိုင်နှုန်းအတွက် နှစ်ဘီလီယံအား သုံးစွဲမည်မဟုတ်ချေ။

သူသည် စီးပွားရေးသမားဖြစ်၍ စီးပွားရေးမှ စီးပွားရေးသာ ဖြစ်သည်။

လီယွမ်မို ထိုအကြောင်းကြောင့်ပင် နန်ယုအားရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ကြီးမားသော မြို့တော်၌ နန်ယုသည် ကုမ္ပဏီအား ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငွေကြေးပံ့ပိုးနိုင်သော တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။

အခြားသူများ ရှိခဲ့လျှင်ပင် လီယွမ်မို သူတို့အားမသိပေ။

သို့သော် သူတို့နှစ်ဦးတွင် ပုဂ္ဂိုလ်ရေးအရ ဆက်နွှယ်မှုသိပ်မရှိဘဲ တစ်ဦးကိုတစ်ဦး ထိုမျှလောက် မည်သို့ယုံကြည်နိုင်ပါသနည်း။

၎င်းမှာ နှစ်ဘီလီယံဖြစ်သည်၊ နှစ်သိန်း မဟုတ်ချေ။

နန်ကျီ မနေနိုင်ဘဲ မေးလိုက်သည်။

"ယုယု၊ မင်းတို့ နှစ်ယောက်က..."

နန်ကျီ လီယွမ်မို၏ကိုယ်ရေးအချက်အလက်အား ယခင်က ဖတ်ရှုဖူးသည်။ ဆယ့်ရှစ်နှစ်မပြည့်မီတွင် သူသည် ပါရမီရှင်နှင့်ပုန်ကန်တတ်သော ဆယ်ကျော်သက်တစ်ဦးဖြစ်သော် လည်း ထို့နောက်တွင်မူ လုံးဝပြောင်းလဲသွားခဲ့သည်။

မိုပိုင်၏အဓိကပုဂ္ဂိုလ်အဖြစ် သူ့ရပ်တည်ချက်မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုကြောင့်သာမက လီယွမ်မိုသည် ဉာဏ်ရည်တု နယ်ပယ်၏ခေါင်းဆောင်တစ်ဦး ဖြစ်သည်—ကိုယ်ပိုင် နည်းပညာ ကျွမ်းကျင်သူပင်။ သူသည် အလုပ်အလွန်များလွန်းသည်။ ဖေးယီကျန့်ကဲ့သို့ပင် သူသည် မိသားစုအား အာရုံစိုက်သူ မဟုတ်ပေ။ ထို ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်အတူ သူ နန်ယုအား ရိုက်နှက်ပါက မည်သို့ဖြစ်မည်နည်း။

ထို့အပြင် လီယွမ်မိုသည် နန်ယုထက် နှစ်နှစ် ငယ်သည်။ သူ့ရုပ်ရည်မှာ အသက်အားဖော်ပြမည်မဟုတ်သော်လည်း အသက်ပိုကြီး-ပိုငယ်-ပိုငယ် ဆက်ဆံရေးများမှာ ယခုခေတ်တွင် ခေတ်စားနေသော်လည်း သူတို့၏စရိုက်လက္ခဏာများ...

နန်ယု နန်ကျီ၏ အတွေးများ လမ်းကြောင်း လွဲချော်သွားသည်ကို မသိခဲ့ပေ။ နန်ကျီ စကား စပြောသည်နှင့် သူမ ပြတ်ပြတ်သားသားပြန်ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး၊ လုံးဝ မစဥ်းစားနဲ့"

"ငါ အဲဒီလို လူမျိုးကိုမကြိုက်ဘူး"

နန်ယု နန်ကျီ၏မပြီးဆုံးသေးသော စကားများကိုဖြတ်ပြောလိုက်သည်။

"ကောင်းပြီ၊ ဒီအကြောင်းကို ကျော်လိုက်ရအောင်။ ငါလည်း ဒီလို အင်အားကြီးတဲ့ ယောက်ဖကို မကြိုက်ဘူး၊ ဖိအားများတယ်လို့ ခံစားရတယ်"

နန်ယု: "...ဟဲဟဲ"

နန်ကျီ သူမ ပြောသော အမျိုးအစားကိုအထင်မှားသွားသည် မှာ ရှင်းနေသည်။ သူ ရုပ်ရည်အား ရည်ညွှန်းသည်ဟုထင်ခဲ့သော်လည်း တကယ်တမ်းတွင် သူမသည် စရိုက်လက္ခဏာအား ပြောနေခြင်းဖြစ်သည်။

သို့သော် သူမ ရှင်းပြရန် စိတ်မဝင်စားဘဲ နောက်တစ်ဆင့်သို့ ကူးသွားသည်။

"ပေထန်မိသားစုနဲ့ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ ? နှစ်လ ကန့်သတ်ချက်က ပြည့်တော့မှာ မဟုတ်ဘူးလား?"

သူမ နန်ကျီ စိတ်လှုပ်ရှားမှု မဖြစ်အောင် အစွန်းတစ်ဖက်တွင် ထားရန် လိုအပ်သည်ဟု ခံစားရသည်။

မျှော်လင့်ထားသည့်အတိုင်း နန်ကျီ ထိုမေးခွန်းအားကြားသော အခါ တိတ်ဆိတ်သွားသည်။ နန်ယု စိတ်ပူပန်ခြင်းမရှိဘဲ စောင့်ဆိုင်းနေသည်။

"ညီမလေး"

နန်ကျီ ခက်ခက်ခဲခဲ ပြောသည်။

"နှစ်လနဲ့ တစ်ရက် ရယ်၊ နှစ်လနဲ့ နှစ်ဆယ့်ကိုးရက် ရယ်—နှစ်ခုလုံးက နှစ်လထဲမှာပဲ ရှိသေးတာလေ"

"အင်းပါ၊ ငါ့ကို အချိန် နည်းနည်းလေးပိုပေးပါဦးနော်"

နန်ယု: "ကောနဲ့ ဖေးယီကျန့် ဘယ်လို အစီအစဥ်တွေ စဥ်းစားထားကြလဲ ?"

လွန်ခဲ့သော နှစ်လအတွင်း ပေထန်မိသားစု၏ ပိုင်ဆိုင်မှုများ သိသိသာသာ လျော့နည်းသွားခဲ့သည်။ လီယွမ်မိုအား ရုတ်တ ရက်ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်ရခြင်း၏ အကြောင်း ရင်းမှာ ၎င်းကြောင့်ဖြစ်သည်ဟု နန်ယု သံသယရှိသည်။

ပေထန်မိသားစုမှာ သွေးသစ်လိုအပ်ပြီး ဉာဏ်ရည်တု နယ်ပယ်သည် ဖေးနှင့် နန်မိသားစုတို့ အားမကောင်းသောကဏ္ဍဖြစ် သည်။

သို့သော် ၎င်းတစ်ခုတည်းနှင့် ပေထန်မိသားစုအား လျင်မြန်စွာ ပြိုလဲစေရန် လုံလောက်ပုံမရပေ။

နန်ကျီ နန်ယုနှင့် အနည်းငယ်မျှ ဝေမျှရန် ဂရုမစိုက်ပေ။

"ပေထန်မိသားစုမှာ ဆုံးဖြတ်ချက်ချမယ့်သူ နည်းနည်းပဲ ရှိတာ၊ တခြားသူတွေကို စိုးရိမ်စရာ မလိုဘူး။ ငါတို့ ပေထန်မိသားစုကို လုံးဝဖျက်ဆီးပစ်ဖို့ မလိုအပ်ဘူး မဟုတ်ရင် အဆင့်မြင့်သူတွေက ငါတို့ လွှမ်းမိုးတာကိုလိုချင်မှာ မဟုတ်ဘူး"

သူ တစ်စက္ကန့်မျှနားပြီး ဆက်ပြောသည်။

"အဲဒီလူတွေက ဒီလိုနည်းဗျူဟာမျိုးကို အသုံးပြုရဲတယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း သူတို့ရဲ့ မှတ်တမ်းက သန့်ရှင်းမှာမဟုတ်ဘူး၊ ငါတို့ သက်သေတွေ ရှာနေတာ။"

ပေထန်မိသားစုအား ရုတ်တရက် တိုက်ခိုက်ခြင်းမှာ သူတို့ကို ရှုပ်ထွေးစေရန်နှင့် အခြားကိစ္စများမှ အာရုံလွဲစေရန် ရည်ရွယ်သည်။ အမှတ်တစ်ခုအထိ တွန်းပို့ခံရပါက လူများသည် မိုက်မဲ သော လှုပ်ရှားမှုများပြုလုပ်နိုင်ခြေရှိသည်။

နန်ကျီနှင့် ဖေးယီကျန့်တို့ ပုန်းလျှိုးကွယ်လျှိုး စစ်ဆင်ရေးအား စိတ်ထဲ၌ထားနေကြသည်။

နန်ယု နိမိတ်မကောင်းသော ခံစားချက်အားခံစားရသည်။

"ပေထန်မိသားစု စိတ်ပျက်အားငယ်သွားမှာကို မကြောက်ဘူးလား?"

ဖေးယီကျန့် သိုမဟုတ် နန်ကျီတစ်ဦးဦးကိုသာ ကိုင်တွယ်ဖြေရှင်းပါက ဤပြဿနာချက်ချင်းမဖြေရှင်းနိုင်ဘူးလား ?

ခဏလေး!

နန်ယု မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားသည်။

"ကောတို့ စီစဉ်နေတာ ဒါလား ? ငါးစာအဖြစ် သုံးဖို့လား?"

"ဟားဟား"

နန်ကျီ ရယ်လိုက်သည်။

"ညီမလေး၊ နင် အရမ်းစဉ်းစားလွန်းနေပြီ၊ ကောက အသက်ကို အရမ်းတန်ဖိုးထားတာ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါ့အသက်က ပေထန်မိသားစုထက် အများကြီးပိုအရေးကြီးတယ်"

"တကယ်လား ?" နန်ယု အနည်းငယ်သံသယရှိနေသည်။

သို့သော် နန်ကျီ၏ထပ်ခါတလဲလဲ အာမခံချက်များ နောက်ပိုင်းတွင် သူမ ဘာမှထပ်မပြောတော့ပေ။ ထိုနောက် သူတို့ နှစ်ယောက် နှစ်ဘီလီယံအား မည်သို့ရန်ပုံငွေရှာမည်ကို ဆွေးနွေးကြသည်။

နန်အုပ်စု၏ ရှယ်ယာများကို မထိဘဲနေခြင်းမှာ အကောင်းဆုံးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိသားစုကိစ္စများနှင့် သက်ဆိုင်သောကြောင့်ဖြစ်သည်။

အခြား အိမ်ခြံမြေများအတွက် နန်ယုမြို့တော်တစ်နေရာ၌ မြေကွက်တစ်ကွက် ပိုင်ဆိုင်ကြောင်း သတိရမိပြီး ၎င်းအား တစ်ဘီလီယံကျော်ဖြင့် ရောင်းချနိုင်သည်။

နန်ယု၏ပိုင်ဆိုင်မှုများအား သတိရရန်ကူညီပေးနေသော နန်ကျီ မကူညီနိုင်ဘဲ သက်ပြင်းချလိုက်သည်။

"ညီမလေး၊ ငါ ငွေကြေးအကျပ်အတည်းဖြစ်လာရင် နင် ငါ့ကို ကူညီဖို မမေ့နဲ့နော်"

နန်ယု: "...လစ်စမ်း!"

ထိုကိစ္စအား နန်ကျီလက်သို့ လွှဲပြောင်းပြီးနောက် နန်ယု ထိုကိစ္စနှင့် သူမကိုယ်သူမ အဆက်ဖြတ်လိုက်သည်။ လက်မှတ်ထိုးသည့်အခါ ပုံမှန်အတိုင်း လုပ်ဆောင်ခြင်းမှလွဲ၍ သူမသည် အခြေခံအားဖြင့် ငွေပေးချေသည့် ကိရိယာမျှသာ ဖြစ်သည်။

လီယွမ်မို ဒဏ်ရာရနေပြီး အလုပ်လုပ်နေရသည်ကို မြင်သော အခါ သူမ၏ခဲယဉ်းစွာတည်ရှိသော အသိစိတ်မှာအနည်းငယ် ထိုးနှက်လိုက်ပြီးနောက် သူမ လီရီပိုင်အား သူမ အိမ်သို့ပြန်ခေါ်သွားသည်။

လီယွမ်မို၏ဒဏ်ရာကြောင့် သူ နောက်ထပ် ရက်အနည်းငယ်ကြာ ဆေးရုံတက်နေရမည်ဖြစ်ရာ လီရီပိုင် ထိုနေရာတွင် အချိန်တိုင်းနေရန်မသင့်တော်သော်လည်း၊ သူ ဗီလာသို့တစ်ယောက် တည်း ပြန်သွားပါက အတွေးပေါင်းစုံပေါ်လာဖွယ်ရှိသည်။

လီယွမ်မို သူ့အတွက် ငွေရှာရန်အလွန်ကြိုးစားနေသည်ကို စဉ်းစားရင်း နန်ယု သူ့အခန်းဏ္ဍမှ ပါဝင်ရန်ဆုံးဖြတ်လိုက်သည်။ သူမ လီရီပိုင်အားပြန်ခေါ်လာပါက သူမကိုယ်တိုင် ဂရုစိုက်ရန် မလိုသော်လည်း ထိုအတွေးမှာရှိနေသည်။

သို့သော် နန်ယု မမျှော်လင့်ခဲ့ပေ!

နောက်ထပ် ပျင်းရိသောနေ့လယ်ခင်းတစ်ရက်၊ သူမ ဥယျာဉ်ရှိ ဒန်းကုလားထိုင်ပေါ်တွင် လဲလျောင်းကာတိတ်ဆိတ်မှုအား ခံစားနေချိန်...

"အန်တီ! ကြည့်ပါဦး၊ ကြည့်ပါဦး!"

သူမရှေ့တွင် မတူညီသော ပိုးမွှားများကိုင်ထားသော လက်ကလေးနှစ်ဖက်အား ကြည့်ရင်း နန်ယု: "....မင်းကို နောက်ထပ် ဝါသနာပါတဲ့ အတန်းတစ်ခု သွားအပ်ပေးရတော့မလား ??"

ကလေးတွေ အရမ်းအားလပ်နေခြင်းမှာ မကောင်းပေ!

All Chapters