← Chapters

လောဘက ခန္ဓာကို တပ်မက်နေသည်

Vol. 89 Ch. 1234

လောဘက ခန္ဓာကို တပ်မက်နေသည်

Vol. 89 Ch. 1234

မန်ဟိုက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ငရဲဘုံ ၃၃ ဘုံဧရိယာသို့ တဟုန်ထိုး သွားနေသည်။ ရွှမ်တောက်စစ်နှင့် ဟုန်ချိန်လည်း ထပ်ကြပ်မကွာ လိုက်လာသည်။ မကြာမီ သုံးယောက်လုံး သေခြင်းအရှိန်အဝါလှိုင်လှိုင်ထနေသော အကွဲကြောင်းများအနား ရောက်သွားကြလေပြီ။

မန်ဟို့မျက်လုံးများက အေးစက်စက် တောက်ပနေသည်။ သူသည် ဤမရဏနယ်မြေသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့၍ အသက်ဘေးအန္တရာယ်များအတွက် စိတ်ကိုပြင်ဆင်ထားလေသည်။ ဘေးဘီဝဲယာကို အကဲခတ်ပြီးသော် သေတော့မသေချာသော်လည်း တောက်ပနေသော အက်ကွဲကြောင်း ၃၃ ကြောင်းအနက် ဝင်၍ရသည့် လေးငါးကြောင်းသာ ရှိပုံပေါ်သည်။ ကျန်အကြောင်းများက မပွင့်လာသေးပုံပင်။

သို့သော် သူ အနီးဆုံးရှိ ပွင့်နေသော အကွဲကြောင်းဆီ တန်းတန်းမတ်မတ် ဝင်သွားစဉ် သူ့မျက်ဝန်းများတွင် တွေဝေတွန့်ဆုတ်ခြင်းမြူမှုန်မျှ မရှိပေ။

သူ့အနောက်ရှိ ရွှမ်တောက်စစ်နှင့် ဟုန်ချိန်တို့က အံကြိတ်ပြီးနောက် လိုက်လာကြသည်။

ထို့အနောက်တွင်တော့ တုန်ရီနေကြသော မန်မျိုးနွယ်ကျင့်ကြံသူများ ရှိလေသည်။ သူတို့မှာ အင်မော်တယ်နယ်ပယ်အဆင့်သာ ဖြစ်ကြရာ ဦးနှောက်ရှိသည့် မည်သည့်သခင်လေးမဆို သူတို့အား တာအိုနယ်ပယ်ပညာရှင်များ၏ တိုက်ပွဲတစ်ပွဲအတွင်း ဝင်ပါခိုင်းမည်မဟုတ်ပေ။

သို့သော် မန်မျိုးနွယ်စု၏ သခင်လေးဆိုသူက အတိအလင်း အမိန့်ပေးခဲ့သည်။ မလိုက်နာသည့်မည်သူမဆို မျိုးနွယ်စုသို့ ပြန်ရောက်သည်နှင့် ကြီးလေးစွာ ပြစ်ဒဏ်ချမှတ်ခံရလိမ့်မည်။

ထို့ကြောင့် သူတို့ခမျာ အံတင်းတင်းကြိတ်ရင်းသာ အသက်ကို လောင်းကြေးထပ်ကြရတော့သည်။ ရွေးချယ်စရာမရှိမှတော့ သူတို့လည်း မျှော်လင့်ချက်မဲ့နေသော မျက်လုံးနီနီကြီးများဖြင့် တောက်ပနေသောအကွဲကြောင်းထဲ တစ်ယောက်ပြီးတစ်ယောက် ပျံဝင်သွားကြတော့၏။

လူတိုင်း မန်ဟို့နောက်မှလိုက်၍ ငရဲဘုံ ၃၃ ဘုံထဲ ဝင်သွားကြပြီးနောက် ရှေးမနှောင်းမှာပဲ အဖြူရောင်အရိုးအစုအဝေးတစ်ခုသည် ကြယ်တာရာကောင်းကင်ကို ဖြတ်၍ လာနေ၏။ ၎င်းတို့က အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး မန်မျိုးနွယ်သင်္ဘောနှင့် မလှမ်းမကမ်းရောက်မှ ရပ်ကာ အထဲတွင် ကွယ်လျှိုးနေသော လူရိပ်များအား ဖော်ပြလိုက်သည်။ သူတို့အားလုံးက ခံစားချက်မဲ့သောအမူအရာများကို ပိုင်ဆိုင်ထားကြပြီး လူသတ်ငွေ့များကို ထုတ်လွှတ်နေ၏။

မန်မျိုးနွယ် သင်္ဘောပေါ်ရှိ သခင်လေးက အရိုးများကို မြင်လျှင် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ “ဟန်... ဟန်ချင်းလဲ့”

ဘေးတွင် ရပ်နေသော အဘိုးကြီးက ရှေ့တက်၍ မန်မျိုးနွယ်သခင်လေးကို ကိုယ်ဖြင့်ကာပြီး သင်္ဘော၏အကာအကွယ်ဒိုင်းကို အသက်သွင်းလိုက်သည်။ သူတို့နှစ်ယောက်လုံး အရိုးများနှင့် အကုန်လုံး၏အလယ်တွင် လက်ပေါ်မေးတင်လျက် ထိုင်နေသော အနက်ဝတ်လူငယ်ကို ရင်တမမဖြင့် ကြည့်နေကြသည်။

ဤလူငယ်ကား .... အဋ္ဌမတောင်ပင်လယ်မှ အက်ရှလွန်ကျင့်ကြံသူ ဟန်ချင်းလဲ့မှတစ်ပါးအခြားမဟုတ်ပေ။

“မန်မျိုးနွယ်စု ... “ သူက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် မန်မျိုးနွယ်သင်္ဘောကို ပထမဆုံးကြည့်ပြီးနောက် ငရဲဘုံ ၃၃ ဘုံရှိရာသို့ လှမ်းကြည့်သည်။

“မန်ဟို ဘယ်မှာလဲ” သူ၏အေးစက်စက်အသံသည် အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွား၏။

မန်မျိုးနွယ်စု၏ သခင်လေးမှာ ကြောက်ဒူးတုန်လာသည်။ သူသည် သူ၏မျိုးနွယ်ဝင်များအပေါ်တွင် ရမ်းရမ်းကားကား ဆက်ဆံ၍ မန်ဟို့အရှေ့၌ မောက်မာဝင့်ကြွားစွာ ပြုမူခဲ့သော်လည်း ယင်းက မိုးနှင့်မြေ၏ကွာခြားမှုကို သူ မသိသေးသည့်အတွက်ကြောင့်သာ ဖြစ်၏။ သို့သော် ဟန်ချင်းလဲ့နှင့်ပတ်သက်လျှင် သူ့မှာ ချက်ချင်း ကြောက်စိတ်တို့မွှန်ထူလာတော့သည်။

ဟန်ချင်းလဲ့၏အမေးကို ဖြေကြားလိုက်သူကတော့ သခင်လေး၏ တာအိုစောင့်ရှောက်သူပင်။ “မန်ဟို ဟိုဧရိယာထဲကို သွားတယ်” သူက ပြောသည်။ သူသည် ဟန်ချင်းလဲ့အား လျှော့တွက်၍မရကြောင်း ကောင်းကောင်းသိသည့် သတိကြီးသူတစ်ယောက်ဖြစ်၏။ ဟန်ချင်းလဲ့နှင့် မန်မျိုးနွယ်စုအကြား တည်ရှိသော သွေးကြွေးကိုလည်း သူ ကောင်းကောင်းသိသည်။

“ငရဲဘုံ ၃၃ ဘုံ စပွင့်နေပါလား....” ဟန်ချင်းလဲ့က တောက်ပနေသာ အကွဲကြောင်း ၃၃ ကြောင်းကို ဂရုစိုက်လေ့လာရင်း မျက်မှောင်ကြုတ်သွားသည်။ နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်ယောင်က သူ၏မျက်လုံးများတွင် ပေါ်လာသည်။ သူကား မန်မျိုးနွယ်သင်္ဘောကို လျစ်လျူရှု၍ သူ၏အရိုးအစုအဝေးအား ငရဲဘုံ ၃၃ ဘုံထံ စေစားလိုက်တော့သည်။

သူ့နောက်လိုက်များလည်း သူ့ကို ခြံရံလိုက်ပြီးနောက် ပြန်လည်ဝေဝါးသွားကြသည်

အချိန်များကုန်လွန်သွားသည်။ နာရီများစွာကြာသော် ကောင်းကင်နတ်ဘုရားကျင့်ကြံသူများဖြစ်သော အလင်းတန်းများစွာသည် ကြယ်တာရာကောင်းကင်၏ ထိုဧရိယာသို့ တဖွဲဖွဲ ရောက်လာကြ၏။ သူတို့က မန်ဟို့နောက်လိုက်လာခဲ့ခြင်းဖြစ်သော်လည်း ငရဲဘုံ ၃၃ ဘုံ ပေါ်လာခဲ့သည်ကို သတိထားမိလိုက်လျှင် အာမေဍိတ်သံများ ကြားလိုက်ရပြီး သက်ဆိုင်ရာဂိုဏ်းအသီးသီးသို့ သတင်းပို့လိုက်ကြသည်။

ထိုသတင်း ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ခွင် ပျံ့နှံသွားရန် မကြာလိုက်ပေ။ မကြာမီ မရေမတွက်နိုင်သောကျင့်ကြံသူများ ဤဧရိယာတွင် စုဝေးလာကြ၏။ အစွမ်းထက်ပညာရှင်တစ်ယောက်ပြီးတစ်ယောက်လည်း ရောက်လာသည်။ ငရဲဘုံ ၃၃ ဘုံမှာ .... အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးတွင် လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် နားလည်ရအခက်ဆုံးသော နေရာဖြစ်သည်မဟုတ်ပါလော။

အမှန်တွင် ၎င်းတို့က တောင်ပင်လယ်လောကတစ်ခုလုံးတွင်ပင် လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် နားလည်ရအခက်ဆုံး ဖြစ်လောက်သည်။

ငရဲဘုံ ၃၃ ဘုံ ပွင့်လာခြင်းက အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား တုန်လှုပ်သွားစေသည်။

မကြာမီ ကျင့်ကြံသူများစွာ စုဝေးရောက်ရှိနေခဲ့လေပြီ။ သို့သော် အမှန်တကယ် ဝင်ရဲသူအနည်းအကျဉ်းသာ ရှိသည်။ ကြည့််ရခြင်းအားဖြင့် မန်ဟိုပင်လျှင် ထိုမျှအရေးမပါတော့သယောင်ပင်။ သူ့ထက်ပို၍ အရေးကြီးသည်ကား ... ငရဲဘုံ ၃၃ ဘုံထဲ၌ ရရှိနိုင်မည့် ကံကြမ္မာကောင်းများဖြစ်သည်မဟုတ်လော။

**

မန်ဟို ငရဲဘုံ ၃၃ ဘုံဖြစ်သည့် တောက်ပနေသော အက်ကွဲကြောင်းကမ္ဘာထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရပြီး တခြားကမ္ဘာသို့ ရောက်ရှိသွား၏။ ထိုကမ္ဘာတွင် အရာအားလုံးက မီးခိုးရောင်သမ်းနေပြီး အဆုံးမဲ့သော သေခြင်းအခိုးအငွေ့များ လှိုင်လှိုင်ထနေ၏။ အကျိုးအပဲ့များနှင့်အတူ ရံဖန်ရံခါ ဟိန်းဟောက်သံများ ထုတ်လွှတ်၍ ကြောင်စီနေသော အမူအယာများဖြင့် ခြေဦးတည့်ရာ တရွတ်တိုက်လမ်းလျှောက်နေသော အသေကောင်အရိပ်များကို မြင်ရနိုင်လေသည်။

အားကောင်းသော သေခြင်းအရှိန်အဝါသည်လည်း လူတစ်ယောက်၏ အသက်မီးတောက်ကို ငြှိမ်းပစ်နိုင်လောက်သည်အထိ စုဝေးနေ၏။ မန်ဟိုသည် ဤကမ္ဘာထဲသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းကို ခံစားလိုက်ရပြီး သူ၏အရေပြားမှာ တဖြေးဖြေး ခြောက်ကပ်ရှုံ့တွလာတော့သည်။ သူ၏အသက်စွမ်းအားသည်လည်း ဖြည်းဖြည်းချင်း ကုန်ခမ်းလာပြီး သူ၏ထာ၀ရအလွှာပင်လျှင် အသုံးမဝင်တော့ပုံပင်။ သူ၏ဒဏ်ရာများ ပိုမိုဆိုးရွားလာ၏။

အဝေးတွင် ထောင်မတ်နေသော ဧရာမကျောက်တိုင်ကြီးတစ်တိုင်ကို မြင်ရနိုင်သည်။ ဝေးကွာနေသည့်တိုင် မန်ဟိုသည် ၎င်းအပေါ်တွင် ရေးသားထားသော မှိန်ပျပျစာလုံးများကို မြင်လိုက်ရသေး၏။

"ပရမတ္တချုပ်နှောင်ခြင်း .... ကြီးမြတ်သော အရှင်ပင်လယ်တာအိုနတ်မင်းသည် ဝိညာဉ်အကျဉ်းကျလျက် ဤနေရာ၌ အနားယူ‌နေတော်မူသည်"

စာလုံးများက ဩဇာတိက္ကမကြီးမားသည့် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပြီး ကျောက်တိုင်ကား ဤတစ်ကမ္ဘာလုံး၏ အချက်အချာဖြစ်နေ‌သယောင် ထင်ရသည်။ ၎င်းက ‌ဤနေရာကို ချုပ်ထားသည့် စည်းတံဆိပ်နှင့်တူနေသည်။ ထိုစာလုံးများ၏အောက်တွင်တော့ နာမည်တစ်ခုအား မြင်ရနိုင်၏။

"ကိုးတံဆိပ်"

မန်ဟိုသည် ထိုအရာကို မြင်လျှင် စိတ်နှလုံးတုန်လှုပ်သွားပြီး သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးစက်သည် စတင်ဆူပွက်လာ၏။ ၎င်းက မန်ဟို့ကိုယ်တစ်လျှောက် ပြည့်နှက်သွားသော ချီနှင့်သွေးအသွင် ပြောင်းသွားကာ သူ၏နှလုံးသားအား ကမ္ဘာနှင့် သဟဇာတဖြစ်စွာ ခုန်လာစေသည်။

ဒုတ်...ဒုတ်

ဒုတ်...ဒုတ်

သူ့နှလုံး ခုန်နေစဉ် သူ့ပတ်ပတ်လည်ရှိ မြေကြီးသည် တုန်ရီလာပြီး တစ်ချိန်တည်းမှာပင် ဟိုဟိုသည်သည် တရွတ်လိုက်လမ်းလျှောက်နေသောအရိပ်များက တုံ့ခနဲ ရပ်၍ သူ့အား မော့ကြည့်ကြသည်။

ထိုအခိုက်အတန့်တွင် ရွှမ်တောက်စစ်နှင့် ဟုန်ချိန်တို့ ရောက်လာသဖြင့် သူ့အနောက်မှ ဝုန်းခနဲအသံအား ကြားလိုက်ရသည်။

"မန်ဟို မင်း ဒီနေရာကို ထွက်ပြေးလာလည်း အရေးမကြီးဘူး။ မင်း သေကိုသေရမယ်" ရွှမ်တောက်စစ်က မန်ဟို့ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာရင်း ကြိမ်းဝါးသည်။

မန်ဟို့မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒ ဖြတ်ပြေးသွား၏။ ဒဏ်ရာများ ဆိုးဝါးနေသည်ကို လျစ်လျူရှုရင်း သူက အံတင်းတင်းကြိတ်ကာ ကျောက်တိုင်ဆီ တဟုန်ထိုးထွက်သွားသော မိုးပြာရောင်သိမ်းငှက်အသွင် ပြောင်းလိုက်သဖြင့် တဝုန်းဝုန်း မြည်သံများအား တစ်ကမ္ဘာလုံးတွင် ပြည့်နှက်သွားစေသည်။

ထိုနေရာမှ တစ်စုံတစ်ခုက သူ့ကို ခေါ်နေကြောင်း သူ ပြောနိုင်လေသည်။

မန်ဟို အမြန်ဆုံးအရှိန်ဖြင့် သွားနေရင်း ကျောက်တိုင်နှင့် နီးကပ်လာသည်နှင့်အမျှ သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးစက်သည် ပို၍ပွက်ပွက်ဆူလာ၏။ ယင်းက သူ၏ဒဏ်ရာများကို သက်သာလာစေရာ မန်ဟိုမှာ အင်မတန် ဝမ်းသာလာတော့သည်။

တစ်ဆက်တည်းမှာပင် အောက်ရှိအရိပ်များက စူးစူးဝါးဝါးအော်ပြီး မန်ဟိုနှင့် ရွှမ်တောက်စစ်တို့ ကျောက်တိုင်အနား မကပ်လာနိုင်အောင် တားတော့မည့်အလား လေပေါ်ပျံတက်လာကြသည်။

ထိုအခိုက်အတန့်တွင် မန်မျိုးနွယ်စုမှ မျိုးနွယ်၀င် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး မျက်နှာဖြူဖတ်ဖြူရော်နှင့် ဘေးဘီဝဲယာကို ကြည့်လိုက်ကြသည်။

အသေကောင်အရိပ်များက လေပေါ်ပျံတက်လာသဖြင့် ဝုန်းခနဲ မြည်သံများ ဆူညံသွား၏။ တချို့က ကျင့်ကြံသူများဖြစ်ပြီး တချို့က သားရဲများဖြစ်သော်လည်း အကုန်လုံးက မျက်မှောက်ခေတ်မှ မဟုတ်ကြောင်း ထင်ရှားစေသော အဆင်တန်ဆာများကို ၀တ်ဆင်ထားသည်။ သိသိသာသာပင် ထိုသူတို့သည် ရှေးစစ်ပွဲကြီးထဲတွင် ၀င်ပါခဲ့ကြပြီး ဤ‌နေရာတွင် ချုပ်နှောင်ခံထားရသော တစ်ယောက်နှင့်အတူ အရှင်လတ်လတ် မြှုပ်နှံခံခဲ့ရခြင်းဖြစ်၏။

၎င်းတို့ မန်ဟို့အနား ရောက်လာသည့်အချိန်တွင် မန်ဟိုသည် အတိတ်တုန်းက ဖြစ်ပျက်ခဲ့ဖူးသည့် တစ်စုံတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် သတိရလိုက်သဖြင့် မျက်လုံးများ လင်းလက်သွား၏။ န၀မတောင်ပင်လယ်၏ အင်မော်တယ်အပျက်အစီးများနယ်မှာတုန်းက ဆဋ္ဌမမြောက်မိစ္ဆာချုပ်နှောင်သူနှင့် သူ ဆုံတွေ့ခဲ့ရသည်။

ထိုစဉ်တုန်းက ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ရှင်ခြင်းသေခြင်းမန္တန်ကို သူ လေ့လာခဲ့ရလေသည်။

ဆဋ္ဌမမိစ္ဆာချုပ်နှောင်သူ ယခုလိုဖြစ်တည်မှုများနှင့် ကြုံတွေ့ခဲ့စဉ်က ၎င်းတို့ကို ထိန်းချုပ်ဖို့ ရှင်ခြင်းသေခြင်းမန္တန်အား မည်ကဲ့သို့ အသုံးပြုခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိလိုက်၏။

ထိုစဉ်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာနှင့် ယခုဖြစ်ပျက်နေသောအရာအကြား တူညီမှုများစွာ ရှိလေသည်။ အဓိကကွဲပြားမှုကတော့ ဤနေရာသည် ငရဲဘုံ ၃၃ ဘုံ ဖြစ်ပြီး ထိုနေရာက အင်မော်တယ်အပျက်အစီးများနယ်ဖြစ်ခဲ့ခြင်းပင်။

မန်ဟိုက တွေဝေတုံ့ဆိုင်းမနေဘဲ မျက်လုံးများ လင်းလက်တောက်ပနေလျက် သူ၏လက်ကို လာနေသော အရိပ်များထံသို့ ဝှေ့ယမ်းကာ ဆဋ္ဌမမန္တန်ကို ထုတ်လွှတ်လိုက်သည်။

သူ့ လက်ဝါးပေါ်တွင် မျက်စိကျိန်းဖွယ်အလင်းရောင်များ ထုတ်လွှတ်နေသည့် မှော်သင်္ကေတဒါဇင်ချီ ပေါ်လာ၏။ ရုတ်တရက် ထပ်တူညီသောမှော်သင်္ကေတများသည် မန်ဟို့ထံ ပြေး၀င်လာနေသော ဖြစ်တည်မှုအားလုံး၏ နဖူးပေါ်တွင် ပေါ်လာသည်။ ထို့နောက် မှော်သင်္ကေတများက မန်ဟို၏မှော်သင်္ကေတများနှင့်အတူ စည်းချက်ညီညီ လင်းလက်လာပြီးနောက် ၎င်းတို့၏နဖူးပေါ်မှ ဖယ်ခွာ၍ မန်ဟို၏ လက်ဖဝါးပေါ်တွင် စုဝေးသွားသဖြင့် ဖြစ်တည်မှုအားလုံး တုန်ရီသွားကြလေသည်။ ထို့နောက် မန်ဟိုက လက်ကို လက်သီးဆုပ်လိုက်ရာ ရုတ်ချည်းဆိုသလို သူ၏စိတ်ထဲတွင် အရိပ်ဒါဇင်များစွာအား ခံစားလိုက်ရသည်။

သူကား ၎င်းတို့ကို ထိန်းချုပ်နိုင်သွားလေပြီ။

ရှင်ခြင်းသေခြင်းမန္တန်မှာ မည်သည့်အခါကမှ သုံးရမလွယ်ကူခဲ့သော်လည်း မန်ဟို့အတွက် စဉ်းစားနေရန် အချိန်မရှိပေ။ သူက ချက်ချင်း အမိန့်ပေးလိုက်ရာ အရိပ်များစွာသည် ဟိန်းဟောက်၍ မန်ဟို့ဘေးမှ ဖြတ်ကာ ရွှမ်တောက်စစ်နှင့် ဟုန်ချိန်ထံသို့ ပြေး၀င်သွားတော့၏။

ရွှမ်တောက်စစ်မှာ ထိတ်လန့်‌အံ့ဩသွားသည်။ မန်ဟို ယခုလေးတင် မည်သည့်မှော်အတတ်ကို သုံးခဲ့မှန်း သူ မသိသော်လည်း ထူးဆန်းသောအရိပ်များသည် မန်ဟို့ကို လျစ်လျူရှုထားကြောင်း သူ မြင်လိုက်ရ၏။ ရွှမ်တောက်စစ်၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားတော့သည်။

ဟုန်ချိန်တွင်လည်း တူညီသောအမူအရာရှိသည်။

မန်ဟိုက ဖြစ်နေသောအရာကို လှည့်၍ပင် မကြည့်ပေ။ သူက သူတို့နှင့်ဝေးရာသို့ ဆက်လက်ရွေ့လျားသွားသော်လည်း တိုက်ခိုက်နေဆဲဖြစ်သည်။ သူသည် စတင်ရွေ့လျားသည်နှင့်တစ်ပြိုင်နက် မြင်မြင်သမျှဖြစ်တည်မှုတိုင်းအပေါ်တွင် ရှင်ခြင်းသေခြင်းမန္တန်အား ထုတ်လွှတ်ပြီး ၎င်းတို့အား ရွှမ်တောက်စစ်နှင့် ဟုန်ချိန်ကို တိုက်ခိုက်ရန် စေလွှတ်တတ်သည်။

မကြာမီ သူသည် ကျောက်တိုင်၏ဧရိယာသို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်တည်မှုတစ်ရာကျော်အား ရွှမ်တောက်စစ်နှင့် ဟုန်ချိန်နှင့် အကြိတ်အနယ် တိုက်ခိုက်နေရန် စေလွှတ်ခဲ့ပြီးလေပြီ။

ဖြစ်တည်မှုများတွင် ၎င်းတို့၏ရှင်ခြင်း၊သေခြင်းအပေါ် သိစိတ်မရှိပေ။ ၎င်းတို့က ညွှန်ကြားချက်များကိုသာ လိုက်နာ၏။ ၎င်းတို့ ရက်ရက်စက်စက် တိုက်ခိုက်နေစဉ် သေခြင်းအခိုးအငွေ့များက ၎င်းတို့ကို ရစ်သိုင်းလှည့်ပတ်နေသည်။ တအုန်းအုန်း မြည်သံများ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် မန်ဟိုက ကျောက်တိုင်၏အခြေသို့ ရောက်ရှိသွားခဲ့လေပြီ။

သူ ခေါင်းမော့ကြည့်လိုက်သောအခါ ကျောက်တိုင်မှာ‌ မြေကြီးထဲသို့ စိုက်ခံထားရသော ဧရာမတုတ်ချောင်းကြီးတစ်ချောင်းနှင့်တူကြောင်း သဘောပေါက်လိုက်သည်။ ၎င်း မည်မျှနစ်၀င်နေသလဲ ပြောရန် မဖြစ်နိုင်ပေ။ မည်သို့ဆိုစေ ကျောက်တိုင်တစ်တိုင်ဟု ပြောမည့်အစား ဧရာမကဗ္ဗည်းကျောက်စာတိုင်ကြီးဖြစ်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။

"ဒါက  ကဗ္ဗည်းကျောက်စာတိုင်ဆိုရင်..." မန်ဟိုက ရေရွတ်လိုက်သည်။ "ဒီနေရာက တကယ်သင်္ချိုင်းဂူတစ်ခုပဲ" ကဗ္ဗည်းကျောက်စာတိုင်မှ ခေါ်သံနှင့် ပါရာဂွန်သွေး၏ဆူပွက်နေမှုကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် ပို၍ပင် လျင်မြန်စွာ သက်သာလာ၏။

တောက်ပသော အလင်းရောင်က သူ၏မျက်၀န်းများတွင် ပေါ်လာသည်။ သူ၏ဒဏ်ရာများမှာ ဆိုးဝါးပြင်းထန်ခဲ့၍ ဤနေရာတွင် ကုစားနိုင်လျှင် ကဗ္ဗည်းကျောက်စာတိုင်ဖြစ်စေ၊ ရှေးဟောင်းအလောင်းတစ်လောင်းလောင်းဖြစ်စေ သူ ဂရုမစိုက်ပေ။ သူက လေပေါ်သို့ ပျံတက်လိုက်ကာ တခဏအကြာတွင် ကဗ္ဗည်းကျောက်စာတိုင်၏အပေါ်တွင် ပေါ်လာပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။

သူ ထိုင်ချလိုက်သည့်အခါ ကဗ္ဗည်းကျောက်စာတိုင်သည် သိမ့်ခနဲ တုန်ခါသွားပြီး သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးသည် ပို၍ပြင်းထန်စွာ ဆူပွက်လာ၏။ ထိုမျှသာမက သူ၏ကျင့်ကြံခြင်းအခြေခံသည်လည်း ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် အပြည့်အ၀ ကုစားခံနေရလေသည်။

သူက ကုစားနေစဉ် ရွှမ်တောက်စစ်နှင့် ဟုန်ချိန်အား ၀န်းရံထားသည့်အရိပ်များအား အေးစက်စက် ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်ပလာသည်။

တစ်ဆက်တည်းမှာပင် သူ တင်ပျဉ်ခွေထိုင်ချလိုက်စဉ် ကဗ္ဗည်းကျောက်တိုင်၏အောက်ရှိ မြေကြီးထဲ၌ လောဘတက်နေသော မျက်လုံးတစ်စုံ ဖျတ်ခနဲ ပေါ်လာပြီး မန်ဟို့ကို စိုက်ကြည့်နေသည်။

"ငါ့ကမ္ဘာမှာ သက်ရှိတစ်ကောင်မှ မမြင်ခဲ့ရတာ အကြာမှအကြာကြီး ကြာခဲ့ပြီ.... အပြင်လောကက လူတွေ လာပြီး ငါ့အရှေ့တည့်တည့်မှာ ရပ်ခဲ့တာတောင်မှ ငါ သူတို့ကို တစ်ခါမှ မမြင်ခဲ့ရဘူး။ ဒါပေမဲ့ သူကတော့ …. သူ့ကို ငါမြင်နေရတယ်။ လတ်ဆတ်တဲ့ သက်ရှိခန္ဓာကိုယ် ငါ‌ လောဘ အဲ့ဒါကို ရကိုရစေရမယ်"

All Chapters