အခန်း (၅၁)
Vol. 6 Ch. 51
"ဪ"
လီရီပိုင် ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဖေးယွင်ကျင်း သူ့အား ဆွဲလိုက်ပြီး ထိုကလေးအားပေါ့ပေါ့တန်တန်၊ လျစ်လျူရှုသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက် ခြံဝန်းအတွင်းရှိ အခြေအနေကိုပြန်လှည့်၍ဆက် လက်အကဲခတ်နေလေသည်။
'လျစ်လျူရှုခြင်းမှာ အကောင်းဆုံး မထီမဲ့မြင်ပြုခြင်းဖြစ် သည်' ဟူသော စကားပုံလိုပင်။
ဤရင်းနှီးသော အမူအရာနှင့် လုပ်ထုံးလုပ်နည်းအား နန်ယု စောင့်ကြည့်လေလေ ပိုရင်းနှီးလေလေဖြစ်လာသည်။
—ဒါ သူ အမြဲလုပ်နေကျ မဟုတ်ဘူးလား?
ဖေးယွင်ကျင်း ဒါကို ဘယ်တုန်းက သင်ယူခဲ့တာလဲ? နောက်ပြီး သူ အဲဒါကို အရမ်းကောင်းကောင်း သင်ယူခဲ့တာပဲ!
"ဟေ့၊ အဲ့ဒါ မင်း ဘာသဘောလဲ!"
လူကြီးတစ်ဦးပင်လျှင် ဒေါသအားထိန်းချုပ်နိုင်မည် မဟုတ်ဘဲ ကလေးငယ်တစ်ဦးမှာ ပိုဆိုးမည်မှာသေချာသည်။ သူ ချက် ချင်း ဒေါသထွက်လာကာ ရှေ့သို့အလျင်အမြန်ပြေးလာပြီး ဖေးယွင်ကျင်း အဝတ်များကိုဆွဲကာ သူ့အားလှည့်ခိုင်းရန် ကြိုးစား၏။
သို့သော် ဖေးယွင်ကျင်း နန်ယုနှင့်အတူ အချိန်အတန်ကြာ လေ့ကျင့်ထားပြီးဖြစ်၍ တိုက်ခိုက်မှုတွင် သာလွန်မှုမရှိသေးသော်လည်း ပိုမိုသွက်လက်၍ သတိရှိလာသည်မှာအမှန်ပင်။
သူ လှည့်စရာမလိုဘဲ ကလေးငယ်၏ချဉ်းကပ်မှုအား အလွယ် တကူ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လီရီပိုင်ကို ဘေးသို့ ဆွဲထုတ်ကာပြောလိုက်သည်။
"မင်းက ယဥ်ကျေးမှုမရှိတာ!"
ထိုကလေး: ...
သူ့အား ကလေးစုတ်လေးတစ်ဦးက မျက်နှာချင်းဆိုင်ပင် "ယဉ်ကျေးမှု မရှိဘူး" ဟု ပြောလိုက်သည်လား ?!
ဆရာဖန်၏လက်အောက်တွင် ပညာသင်ယူခွင့်ရသည့် ထိုကလေးငယ်မှာ သေချာပေါက် ဂုဏ်သရေရှိမိသားစုမှဆင်း သက်လာခဲ့သည်။ ထို့အပြင် သူသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်း၍ အလိုလိုက်ခံရသူလည်းဖြစ်သည်။
သူ ရောက်ရှိလာသောအခါ အခြားကလေးနှစ်ဦးမှာ မိမိကဲ့သို့ ထက်မြက်ခြင်း မရှိသည်က ထိုကလေးငယ်၏မာနအား ပိုမို တိုးပွားစေခဲ့သည်။ သူသည် အနာဂတ် ကမ္ဘာ့ထိပ်တန်းဂိုကစား သမားဖြစ်လာမည့်သူ၊ ဆရာ၏ဂုဏ်ယူစရာဟုခံယူထားသည်။
"မင်း၊ မင်း၊ မင်း!"
ထိုကလေးသည် ဖေးယွင်ကျင်းအား လက်ညှိုးထိုးလိုက်သည်။
"မင်းကမှ ယဥ်ကျေးမှုမရှိတာ!"
ဤသည်မှာ မူလတန်းကျောင်းသားများ၏ အငြင်းပွားနည်းမျှသာဖြစ်သည်။ သူတို့နှစ်ဦး ဆက်လက်ယှဉ်ပြိုင်နေမည် မဟုတ်သည်ကို မြင်သောအခါ နန်ယု ဝင်ရောက်တားဆီးရန် ပြင်လိုက်သည်။ သို့သော် သူမ မလုပ်ရသေးမီမှာပင် အခြားတစ်ဦးမှ စကားစပြောလာခဲ့သည်။
"ယီကျစ်"
ဂန္ထဝင်ဆန်သောလှပသည့် ဝတ်စုံအား ဝတ်ဆင်ထားသည့် အသက်ခြောက်ဆယ်ခန့်ရှိဟန်တူသော လူကြီးတစ်ဦးရုတ်တညရက် ပေါ်လာပြီး "ယီကျစ်" အမည်ရှိ ထိုကလေးငယ်ကို တည်ငြိမ်သော အကြည့်ဖြင့်ကြည့်နေသည်။
ဒေါသထွက်နေခဲ့သော ကလေးငယ်မှာ သူ့ဒေါသများချက် ချင်းလျော့ပါးသွားသည်ကို ခံစားရသည်။ သူ ကြောက်ရွံ့တုန်လှုပ်သည့် အမူအရာဖြင့် လူကြီးထံ ချဉ်းကပ်သွားပြီး ရိုသေစွာဖြင့် ခေါ်လိုက်သည်။
"ဆရာ၊ အဘိုးကျင်း"
ပြောစရာမလို၊ ဤဆရာသည် နန်ယုတို့ ရှာဖွေနေသည့် နိုင်ငံ တော်ချန်ပီယံ မစ္စတာဖန်ဖြစ်ပြီး၊ သူ့ဘေးတွင်လည်း ရင်းနှီးသော မျက်နှာတစ်ခုရှိနေသည်။
"အဘိုးကျင်း!"
ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ အံ့အားသင့်စွာအော်ဟစ်လိုက်ကြသည်။
မစ္စတာဖန်ဘေးနားရှိ ဘီးတပ်ကုလားထိုင်ပေါ်မှ လူကြီးမှာ မစ္စတာကျင်းပင်။ ၎င်းတို့ နောက်ဆုံး တွေ့ခဲ့ကြသည့် လပေါင်းများစွာမှစ၍ သူသည် များစွာမပြောင်းလဲသေးပေ။ ဖေးယွင်ကျင်းနှင့် လီရီပိုင်မှာ သူတို့အား ဂိုနှင့် မိတ်ဆက်ပေးခဲ့သည့် ထိုလူကြီးအား သဘာဝအတိုင်းမှတ်မိကြသည်။
"ဟားဟားဟား၊ ငါ့ဆီ လေးနှစ်အရွယ် ဘယ်ကလေးလာသင်လဲလို့ တွေးနေတာ? မင်းတို့ နှစ်ယောက်ပဲ"
မစ္စတာကျင်း ပြုံးလျက်ပြောပြီး ကလေးနှစ်ယောက်အား လက်ပြသည်။ သူတို့ ရောက်လာသောအခါလက်ဖြင့် အမူအ ရာပြလိုက်သည်။
"အင်း၊ မင်းတို့ အရပ်ပိုရှည်လာပြီပဲ"
ကလေးများသည် မိမိတို့ အရပ်ပိုရှည်လာသည်ဟု ပြောသည်အား ကြားရခြင်းကိုနှစ်သက်ကြပြီး ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ နှစ်ဦးစလုံး ပြုံးရယ်သွားကြသည်။
သို့သော် သူတို့သည် မိမိတို့၏ အရေးကိစ္စအား ချက်ချင်း သတိရကြသည်။ သူတို့အား ကြည့်နေသော မစ္စတာဖန်ထံ လှည့်ကာ အနည်းငယ်ဦးညွှတ်လိုက်ပြီး တစ်ပြိုင်နက်တည်း ပြောလိုက်သည်။
- "မင်္ဂလာပါ၊ ဖန်လောင်ရှစ် ကျွန်တော်တို့က ဖေးယွင်ကျင်းနှင့် လီရီပိုင်ပါ"
"ကောင်းပြီ"
မစ္စတာဖန် လျစ်လျူရှုစွာ ပြန်ဖြေပြီး သူ့ရှေ့မှကလေးနှစ်ယောက်အား ကြည့်ကာ မစ္စတာကျင်းကိုပြန်ကြည့်လိုက်သည်။
"မင်းကြောင့် ငါ စိတ်မပျက်ရဘူး"
မစ္စတာဖန်သည် ယခင်က အတွေ့အကြုံမရှိသည့် ကလေးများအား လက်မခံပေ။ အခြေခံ စည်းမျဉ်းများအား သူကိုယ်တိုင် သင်ကြားပေးရမည်။ သူသည် ကလေးထိန်း မဟုတ်ပေ။
ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့သည် သူတို့၏စကားဝိုင်းအတွင်း ရက်အနည်းငယ်ကြာ သင်ယူခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ထိုလူကြီးမှာ သူတို့အား လက်တွေ့အားဖြင့် အစပြုသူများအဖြစ်သာမြင်သည်။
မဟုတ်လျှင်...
သူသည် သူ့ဘေးမှ နန်ယုအား လျှို့ဝှက်စွာကြည့်လိုက်သည်။
နန်နှင့် ဖေးမိသားစုများသည် မြို့တော်၏ အာဏာအရှိဆုံး မိသားစုများတွင် ပါဝင်သည်။ မစ္စတာဖန် ဤမျှ သေးငယ် သော ကိစ္စကြောင့် သူတို့အား စော်ကားရန်မိုက်မဲသူ မဟုတ်ပေ။ ဤသည်မှာ စမ်းသပ်ရန် အခွင့်အရေးသက်သက်သာ ဖြစ်သည်။
သူတို့ မအောင်မြင်ပါက သူ သဘာဝအတိုင်းငြင်းပယ်နိုင် သည်။
တစ်ခုတည်းသော အလှည့်အပြောင်းမှာ မစ္စတာဖန် ကလေးနှစ်ဦး မစ္စတာကျင်းအားသိသည်ကို သိပုံမပေါ်ခြင်းပင်။
သူနှင့် မစ္စတာကျင်းမှာ ဆယ်စုနှစ်များစွာ သူငယ်ချင်းများဖြစ်ခဲ့ကြပြီး မစ္စတာကျင်းသည် များသောအားဖြင့် အတော်လေး ခပ်အေးအေး နေတတ်၍ သူ့ရုပ်ရည်နှင့် မျက်နှာပျက်စီးမှုများက သူ့တပည့်သုံးဦးကိုပင် ကြောက်ရွံ့တုန်လှုပ်စေကြောင်း သူ သိသည်။
သို့သော်လည်း ထိုကလေးနှစ်ဦးသည် မည်သည့် ကြောက်ရွံ့မှုမျှမပြသကြဘဲ ဆက်ဆံရေးကောင်းမွန်ပုံရလေသည်။
"ဟားဟားဟား" အဖိုးကြီးကျင်း ရယ်လိုက်သည်။
"မင်း ငါ့ကို ထည့်တွက်နေစရာ မလိုပါဘူး၊ ဒီကလေးတွေ ပိုကြီးလာမှ မင်းဆီပြန်ပို့မယ်လို့ ငါ စဉ်းစားခဲ့တာ ဒါပေမဲ့ သူတို့ ကိုယ်တိုင်ရောက်လာမှတော့ ဒါ ကံကြမ္မာပေါ့"
"မင်း သူတို့ကို လက်ခံမယ်ဆိုတာ ငါ လောင်းကြေးထပ်ရဲတယ်!"
"ဟား"
မစ္စတာဖန်သည် အဘိုးကျင်းထံမှ ဤမျှ မြင့်မားသော အကဲ ဖြတ်မှုအား မမျှော်လင့်ခဲ့ပေ။
"ဘယ်လို လောင်းကြေးလဲ ?"
"မင်း လွန်ခဲ့တဲ့ရက်ပိုင်းက ရထားတဲ့ မင်ကျောက်တုံးလေ"
အဖိုးကြီးကျင်းသည်လည်း ညှာတာခြင်းမရှိပေ။
"ကောင်းပြီ၊ ငါကတော့ မင်းရဲ့ 'တစ်ရာမြောက်သောနေ့မြေပုံ' ကို လိုချင်တယ်"
အသက်ငါးဆယ်ကျော် အဘိုးအိုနှစ်ဦးမှာ နန်ယုနှင့် အခြားသူများရှေ့တွင် လောင်းကြေးထပ်လိုက်ကြသည်။
"ယီကျစ်၊ သူနဲ့ တစ်ပွဲကစားလိုက်"
မစ္စတာဖန် ဖေးယွင်ကျင်းအား လက်ညှိုးထိုးပြ၏။
"စည်းမျဉ်းတွေတော့ သိတယ် မဟုတ်လား?"
ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်သည်။
လီရီပိုင်အား မဏ္ဍပ်ငယ်လေးအတွင်းရှိ မိန်းကလေးငယ်နှင့် ကစားရန် တာဝန်ပေးအပ်ခြင်းခံရသည်။
ပွဲစဉ်အား ထိုနေရာ၌ပင် စတင်ခဲ့ပြီး အချိန်ကန့်သတ်ချက် မရှိပေ။
နိုင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းမှာ အောင်မြင်မှု သို့မဟုတ် မအောင်မြင်မှု၏ စံသတ်မှတ်ချက်မဟုတ်ပေ။ သို့မဟုတ်ပါက အစပြုသူ နှစ်ဦးအား ဂိုကို နှစ်နှစ်ကြာ လေ့လာခဲ့သည့် ကလေးပါရမီရှင်တစ်ဦးကို အနိုင်ရစေခြင်းသည် မစ္စတာဖန်ကိုယ်တိုင်အတွက် မတရားရာကျပေလိမ့်မည်။
သူသည် ကစားပွဲများမှတစ်ဆင့် လူများအား အကဲဖြတ်နေခြင်း ဖြစ်သည်။
အဖိုးကြီးကျင်း ဤမျှ ယုံကြည်ချက်ရှိရှိ ပြောသောကြောင့် မစ္စတာဖန် သူ့သူငယ်ချင်းဟောင်းမှာ အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု မထင်ခဲ့ပေ။ ဤကလေးနှစ်ဦးတွင် မည်သည့် အရည်အချင်းများရှိသည်ကို သူတို့ မြင်ရပေလိမ့်မည်။
နန်ယု ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ နေရာယူသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ ဘေးသို့လျှောက်သွားပြီး ထိုင်ရန် ပြင်လိုက်သော်လည်း အဘိုးကျင်း သူမအား လက်လှမ်းပြလိုက်သည်။
"အဘိုးကျင်း"
နန်ယု သက်ကြီးရွယ်အိုများရှေ့တွင် ယဉ်ကျေးစွာ ပြောလိုက်သည်။
ထို့အပြင် အဘိုးကျင်းမှာ အဘိုးနန်၏သူငယ်ချင်းလည်း ဖြစ်သည့်အပြင် အပန်းဖြေစခန်းတွင်ရှိစဉ်က သူတို့ အဆင်ပြေခဲ့ကြသည်။
"ကလေးမ၊ မင်းအစ်ကိုနဲ့ ဟိုဖေးဆိုတဲ့ ကောင်လေးတို့ အခုတလော ပြဿနာတချို့ရှိနေတယ်လို့ ကြားတယ်"
အဘိုးကျင်း လေသံမှာ သာမန်စကားပြောဟန် ဖြစ်သော်လည်း အငြိမ်းစားမယူမီ အဘိုး၏ အဆင့်အတန်းအား စဉ်းစားမိသောအခါ နန်ယု ဤစကားကို သာမန်စကားပြောအဖြစ်မမှတ်ဘယူခဲ့ပေ။
သူမ မျက်နှာအမူအရာ မပြောင်းလဲဘဲပြုံးနေသည်။
"သူတို့ ပေထန်လူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတာ ဖြစ်နိုင်ပါတယ်"
ထိုစကား၏အဓိပ္ပာယ်မှာ ရှင်းလင်းသည်။
နန်နှင့် ဖေး မိသားစုများမှာ ပေထန်မိသားစုတစ်ခုလုံးအား သိမ်းပိုက်လိုခြင်း မဟုတ်ဘဲ၊ သတ်သတ်မှတ်မှတ် လူပုဂ္ဂိုလ်အချို့ကိုသာ ရည်ရွယ်သည်။
ထိုအကြောင်းအားကြားသောအခါ အဘိုးကျင်း အဓိပ္ပာယ်ပါသောအပြုံးကို ပြုံးလိုက်သည်။
"ပေထန်မိသားစုထဲမှာ တချို့ကအတော်လေးဆိုးသွမ်းကြတယ် အထူးသဖြင့် ဟိုအဘိုးကြီးက သူတို့ရဲ့သက်ကြီးရွယ်အိုတွေကိုတောင် မရိုမသေပြုတာ"
ဤသည်မှာ စိတ်ကူးယဉ်ကမ္ဘာတစ်ခု ဖြစ်သည့်အတွက် စာအုပ်ထဲတွင် အစွမ်းထက်သော မိသားစုအနည်းငယ်ကြားမှ ဖြစ်ရပ်များကို ပုံဖော်ထားရာ ဤကာလအတွင်း နိုင်ငံတော်နှင့် အစိုးရ၏အာဏာမှာ ပျောက်ကွယ်နေခဲ့သည်။
စာဖတ်သူများသည် ၎င်းအား ဂရုမစိုက်ကြချေ။
သို့သော် ယခု သူမသည် ဤကမ္ဘာ၊ တကယ့်ကမ္ဘာတွင် နေထိုင်နေခြင်းဖြစ်သည်။
နန်ယု အနာဂတ်၏ အစိတ်အပိုင်း သို့မဟုတ် စာအုပ်၏အ ကြောင်းအရာများအား သိရုံမျှဖြင့် မိမိသည် လွှမ်းမိုးနိုင်သည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးသည့်အပြင် နိုင်ငံတော်၏အာဏာကိုလည်း စိန်ခေါ်မည် မဟုတ်ပေ။
ယခု အဘိုးကျင်း၏သဲလွန်စအား နားထောင်သောအခါ သူမ ထိုဆုံးဖြတ်ချက်ကို ချခဲ့သည့်အတွက်ဝမ်းသာသွားသည်။
နိုင်ငံတော်သည် အချို့သောအရာများကို တကယ်ပဲ မသိနိုင်တာလား?
ဤထိပ်တန်း ချမ်းသာကြွယ်ဝသော မိသားစုများအပေါ် သူတို့၏သဘောထားမှာ မည်သို့ရှိသည်နည်း။
နန်ယု မသိသလို မိမိကိုယ်တိုင် စမ်းသပ်လိုခြင်းလည်း မရှိပေ။ သူမသည် မစ္စတာကျင်းအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားသာ ပြောလိုက်သည်။
သူမအား နန်နှင့် ဖေး မိသားစုများကို ဝေဖန်ရန် အသုံးပြုသည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ၎င်းမှာ သတိပေးချက်တစ်ခု ဖြစ်နေဆဲပင်။
အဘိုးကျင်း ကျေးဇူးတင်စကားကို အပြင်ပန်းအားဖြင့် တုံ့ပြန်ခြင်းမရှိသော်လည်း အတွင်းစိတ်မှ နန်ယုအား ထပ်မံချီးကျူးလိုက်သည်။
နန်ယုသာ အိမ်ထောင်မပြုရသေးပါက သူသည် သူ့မြေးများ ကိုယ်စား လက်ထပ်ခွင့်တောင်းရန် အဘိုးနန်ထံ သွားရောက်ပေလိမ့်မည်။ သူတို့ထဲမှ မည်သူတစ်ဦးဦးအတွက်ပင် ဖြစ်စေ!
သူတို့နှစ်ဦး စကားပြောခြင်းရပ်သွားသည်။ အဘိုးကျင်းမှာ ဂိုခုံပေါ်တွင် အာရုံစိုက်နေပြီး နန်ယု တစ်ခါတစ်ရံ ဖေးယွင်ကျင်းနှင့် အခြားသူများ၏ အမူအရာများကို ကြည့်ကာ တစ်ခါတစ်ရံ ခြံဝန်းရှိ ရှုခင်းများအား ကြည့်ရှုနေသည်။
ဂိုနှင့်ပတ်သက်၍ သူမ ဘာမှ နားမလည်ပေ။ ကစားသမားများ ၏လှုပ်ရှားမှုများမှာ လှပသည်ဟုသာ သူမ ထင်မြင်နေသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ! ငါ မယုံနိုင်ဘူး!"
တိတ်ဆိတ်မှုမှာ ယီကျစ်အမည်ရှိ ထိုကလေးငယ်၏အသံဖြင့် ပြတ်တောက်သွားပြီး သူသည် သူ့ရှေ့ရှိ ဂိုခုံအား မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
"ငါ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ ..."
မည်သို့ပင်ဆိုစေကာမူ သူသည် ခြောက်နှစ်သာ ရှိသေးသည်။ သူ၏ အထူးကျွမ်းကျင်သော နယ်ပယ်တွင် သူ လွန်ခဲ့သော စက္ကန့်ပိုင်းကမှ မထီမဲ့မြင်ပြုခဲ့သည့် အစပြုသူတစ်ဦးအား ရှုံးနိမ့်ခြင်းမှာ သူ့မျက်လုံးများကို ချက်ချင်းမျက်ရည်များပြည့်လာစေသည်။
မစ္စတာဖန်နှင့် အဘိုးကျင်းတို့ သူ့အားကြည့်မနေခဲ့ပါက ရှုယီကျစ်တုံ့ပြန်မှုမှာ ပိုလို့ပင်ကြီးမားပေလိမ့်မည်။
"မင်း ဘယ်မှာရှုံးသွားလဲ သိလား?"
မစ္စတာဖန်မျက်နှာအမူအရာမှာ ပိုတင်းမာလာသည်။
"မာနကြီးတာ၊ စိတ်လိုက်မာန်ပါဖြစ်တာ၊ ပြီးတော့ စိတ်မတည်ငြိမ်တာ"
"မင်း အဓိက ဂိုကစားနည်းရဲ့ တားမြစ်ချက်တိုင်းကို ကျူးလွန်ခဲ့တယ်!"
ဤမျှပြင်းထန်စွာ ပြစ်တင်ပြောဆိုခြင်း ခံလိုက်ရသည့် ရှုယီကျစ် မျက်ရည်များ ထိန်းမရဘဲစီးကျလာသည်။
သူ၏ယခင်မာနထောင်လွှားမှုနှင့် ဆန့်ကျင်ဘက်၊ သူသည် အတော်ပင် သနားစရာကောင်းသည့် ပုံပေါက်နေသည်။
ဖေးယွင်ကျင်း ရှုယီကျစ်အား အနိုင်ရခြင်းမှာ ရိုးသားစွာ ပြောရပါမူ ကံတရားကြောင့်ပင် ဖြစ်သည်။ ဖေးယွင်ကျင်း၌ ဂိုအတွက် သဘာဝပါရမီပါရှိပြီး သူ့ထက် အများကြီး သာလွန်သည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်တိုင် ဇွဲမလျှော့၊ မကြောက်မရွံ့ ရှိနေသည်။
သို့သော် ရှုယီကျစ်သည် သူ့အား ရင်ဆိုင်ရသောအခါ ကိစ္စမှာ တခြားစီ ဖြစ်နေသည်။
ခြောက်နှစ်သား ကလေးတစ်ဦးမှာ ထိုသို့သော ခံနိုင်ရည်မျိုး ရှိရန် ဝေးကွာနေသေးသည်။ သူသည် မိမိ၏ ပြိုင်ဘက် ဖေးယွင်ကျင်း ဖြစ်သည်ကို သိသောကြောင့် သူ့အား အမြန်ဆုံးအနိုင်ယူပြီးနောက် အပြင်းအထန် လှောင်ပြောင်လိုစိတ်သာ ရှိနေခဲ့သည်။
ထိုစိတ်ထားကြောင့် သူသည် ဖေးယွင်ကျင်း၏ထောင်ချောက်ထဲသို့ အလိုလို ကျရောက်သွားခြင်းဖြစ်သည်။
အမှန်တကယ် ဂိုကျွမ်းကျင်မှုအရဆိုလျှင် ဖေးယွင်ကျင်းမှာ ရှုယီကျစ်နှင့် နှိုင်းယှဉ်ပါက အလွန်တရာလိုအပ်နေသေးသည်။
သို့သော် အနိုင်ရသူ ဖေးယွင်ကျင်းမှာ မည်သည့် မာန သို့မ ဟုတ် ကျေနပ်မှုကိုမျှ မပြခဲ့ပေ။ ယင်းအစား သူ ရှုယီကျစ်အား ကြည့်ကာ လေးလေးနက်နက်ဖြင့်ပြောလိုက်သည်။
"မငိုပါနဲ့၊ ဒီတစ်ခါ ငါ ကံကောင်းတာ၊ နောက်ကျရင် မင်းကို မျှမျှတတယှဉ်ပြိုင်ပြီး အနိုင်ယူပါ့မယ်"
ထို့နောက် သူသည် ခေါင်းကိုလှည့်ကာ သူတို့နှစ်ဦးကစားခဲ့သည့် ပွဲစဉ်အား ပြန်ကြည့်နေသည်။ မိမိ မည်သည့် အမှားများ ပြုလုပ်ခဲ့မိသည်၊ မည်သည့်အရာများ တိုးတက်အောင်လုပ်နိုင်သည်အား ပြန်လည်ဆန်းစစ်နေသည့်နှယ်။
ရှုယီကျစ် ဖေးယွင်ကျင်းအား ဤပုံစံအတိုင်း ကြည့်နေမိ သည်။ သူသည် မိမိထက် သိသိသာသာငယ်ပါသော်လည်း...
ထို့အပြင် မိမိလက်ရှိ ရှက်ရွံ့ဖွယ်အခြေအနေအား စဉ်းစားမိသောအခါ ပိုငိုချင်လာရသည်။
ဘေးနားတွင် ရပ်နေသည့် နန်ယုမျက်ဝန်းများ၌ အပြုံးရိပ်များ ထင်ဟပ်နေသည်။ ဒီကောင်လေး ရှောင်ကျင်းက မွေးရာပါ 'ကလေးဆိုး' လေးများလား ?
မစ္စတာဖန် မျက်ဝန်းများထဲ ကျေနပ်မှုများမှာ လျှံကျလုနီးပါးပင်။
နန်ယု ဤ 'မျက်နှာဖြတ်ရိုက်ခြင်း' အဆုံးသတ်နှင့် အလွန် ကျေနပ်အားရနေသည်။
ခဏအကြာတွင် လီရီပိုင်နှင့် မိန်းကလေးငယ်တို့ကြားမှကစားပွဲပြီးဆုံးသွားသည်။
လီရီပိုင် ထရပ်ပြီး ဦးခေါင်းနောက်ဘက်ကိုကုတ်လိုက်သည်။ သူ့မျက်နှာတွင် ရှုံးနိမ့်မှုကြောင့် မည်သည့် စိတ်မကျေနပ်မှုကိုမျှ မပြပေ။ ယင်းအစား သူ မိန်းကလေးငယ်အား "ဘယ် လောက် အထင်ကြီးစရာ ကောင်းလိုက်လဲ!" ဟူသောအမူအ ရာဖြင့် ကြည့်လိုက်သည်။
"ငါ ရှုံးတယ်၊ မင်း အရမ်းတော်တာပဲ"
အလှကိုမြတ်နိုးခြင်းမှာ အသက်အရွယ်မရွေး ဖြစ်တတ်သည်။ ထိုကဲ့သို့သော ချစ်စဖွယ် မျက်နှာပိုင်ရှင်၊ လူမျိုးကွဲ ကလေးတစ်ဦး၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ မိန်းကလေးငယ် ရှက်ရွံ့သွားပြီး တိုးတိုးလေးပြောလိုက်သည်။
"နင်လည်း အရမ်းကောင်းပါတယ်၊ ငါ နည်းနည်းကြာကြာသာ မသင်ယူခဲ့ရင် မင်းကို အနိုင်ယူနိုင်မယ်လို့ မသေချာဘူး"
၎င်းမှာ ဂိုကစားခြင်း၏စစ်မှန်သော အဓိပ္ပာယ်ပင် ဖြစ်သည်။
မစ္စတာဖန် လုပ်ငန်းစဉ်တစ်ခုလုံးအား မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့ပြီးနောက် ကလေးနှစ်ဦးစလုံး တကယ်ကောင်းမွန်ကြောင်း၊ အထူးသဖြင့် ဖေးကောင်လေးမှာ အလွန်ကောင်း သော စရိုက်နှင့် ဉာဏ်ရည်ရှိကြောင်းဝန်ခံလိုက်ရသည်။
သူတို့သာ ဂိုလမ်းကြောင်းတွင် စိတ်ပါဝင်စားစွာ မိမိကိုယ်ကို မြှုပ်နှံပါက သူတို့၏ အနာဂတ် အောင်မြင်မှုများမှာ သူ့ကိုယ် ပိုင်အောင်မြင်မှုများထက် နည်းပါးမည် မဟုတ်ပေ။
"ဟေး၊ မှင်ကျောက်တုံးကို ပြင်ဆင်ထားဖို့ မမေ့နဲ့နော်၊ ငါ နောက်မှ အိမ်ပြန်ယူသွားမယ်" အဖိုးကြီးကျင်း ပြုံးလျက် ပြောလိုက်သည်။
မစ္စတာဖန်: "...ငါ ဘာမှ မပြောရသေးဘူးလေ!"
"Tsk" အဖိုးကြီးကျင်း စက်ဆုပ်သလိုပြောလိုက်သည်။
"မင်း မလိုချင်ရင် ငါ ယူမယ် ဘာပဲဖြစ်ဖြစ် ငါ ဒီကလေးနှစ်ယောက်ကို အရမ်းသဘောကျတယ်၊ ငါ့အဆင့်နဲ့ သူတို့ကို သင်ပေးတာ ဘာအမှားမှရှိမှာမဟုတ်ဘူး"
"သွားသေလိုက်! မင်းရဲ့ နိမ့်ကျတဲ့အဆင့်နဲ့!"
ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုဉာဏ်ကောင်းသည့် ကလေးငယ်နှစ်ဦးမှာ ချက်ချင်းပင် မစ္စတာဖန်ထံသို့ ပြေးသွားကာခေါင်းညွှတ်လိုက်သည်။
"မင်္ဂလာပါ လောင်ရှစ်"
မစ္စတာဖန်: "...အဟမ်း၊ စနေနဲ့ တနင်္ဂနွေ နေ့လယ်တိုင်းလာခဲ့ကြ၊ နောက်မကျစေနဲ့"
"ဟုတ်ကဲ့!"
တပည့်အဖြစ် အောင်မြင်စွာဝင်ခွင့်ရခြင်း၏ ပျော်ရွှင်မှုနှင့်အတူ နန်ယုမှာ အပြန်လမ်းတွင် ဗီလာသို့ ချက်ချင်းပြန်ရန် မရွေးချယ်ခဲ့ပေ။ နေ့လယ် သုံးနာရီကျော်သာရှိသေးပြီး အချိန် စောသေးသည်။
နန်ယု သူမကဲ့သို့ စိတ်လှုပ်ရှားနေသည့် ကလေးနှစ်ယောက်အား လှည့်ကြည့်သည်။
"ဂုဏ်ယူပါတယ်၊ ဆု လိုချင်လား ? ဒီနေ့ တစ်ရက်တည်းပဲနော်၊ လက်လွတ်မခံကြနဲ့~"
ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ မျက်လုံးများ တစ်ချိန်တည်းတွင် တောက်ပလာသည်။
ဖေးယွင်ကျင်း: "အန်တီ၊ ကျွန်တော် ဂိမ်းရုံသွားချင်တယ်!"
လီရီပိုင်: "နန်ကျဲ၊ ကျွန်တော် Kentucky (KFC) ကြက်ကြော်စားချင်တယ်!"
(T/N- KFCအရှည်က Kentucky Fried Chicken ပါ၊ မူရင်းပိုင်ရှင်က Kentucky ပြည်နယ်၊ Corbin မြို့ မှာစရောင်းခဲ့တာပါ)
သူ ရုပ်မြင်သံကြားတွင် Kentucky ကြက်ကြော်ကြော်ငြာကို အကြိမ်များစွာ မြင်ဖူးသော်လည်း လက်ထောက်ရှုမှာ လီရီပိုင်အား ဤအစားအစာများကို စားသုံးခြင်းအားအမြဲလိုလို သဘောမတူခဲ့ပေ။ သူ တကယ် စားချင်လျှင်ပင် ဗီလာ၏ စားဖိုမှူးအားပြင်ဆင်ခိုင်းလိမ့်မည်။
ဤနည်းဖြင့် ကျန်းမာရေးနှင့် သန့်ရှင်းမှုအား အာမခံနိုင်သော် လည်း ကလေးများမှာ ပိတ်ပင်ထားလေလေ ပိုစားချင်လေလေ ဖြစ်သည်။
နန်ယုသည် စကားပြောရ လွယ်ကူသူဖြစ်သောကြောင့် လီရီပိုင် ချက်ချင်းတောင်းဆိုလိုက်သည်။
၎င်းတို့မှာ ရိုးရှင်းသည့် တောင်းဆိုမှုများသာ ဖြစ်သည်။ နန်ယု ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ဂိမ်းရုံကို အရင်သွားကြမယ်၊ ပင်ပန်းလာရင် Kentucky ကြက်ကြော်ကို သွားစားကြမယ်၊ ဘယ်လိုလဲ?"
၎င်းမှာ နေ့စဉ်အစားအစာ မဟုတ်သောကြောင့် တစ်ခါတစ်ရံ စားသုံးခြင်းအား နန်ယု ပြဿနာမရှိဟု မြင်သည်။
"ယေး! အရမ်းကောင်းတာပဲ!"
"နန်ကျဲက အကောင်းဆုံးပဲ!"
"အန်တီ၊ ချစ်တယ်!"
ကားအတွင်း၌ ကလေးများ၏ 'သက်တံကဲ့သို့အမွှမ်းတင်စကား'များဖြင့် ရုတ်တရက် ဆူညံသွားလေသည်။
ချီးကျူးစကားများ၏လက်ခံသူအဖြစ် နန်ယု ၎င်းတို့အားလုံးကို မဆိုင်းမတွ လက်ခံလိုက်သည်။
သူမ ကလေးများအား ပြုစုပျိုးထောင်ရာတွင် ပါရမီရှိသည်ဟုခံစားရသည်။ တစ်ယောက်ချင်းစီကိုကြည့်လိုက် ဘယ်လောက် အသက်ဝင်ပြီး ချစ်စရာကောင်းလိုက်သလဲ!