← Chapters

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း (၅၄)

Vol. 6 Ch. 54

တရားဝင် ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ဖြစ်သည့်အတွက် "You Are My Light" သည် စိတ်ကူးယဉ်ဆန်သော အကြောင်းအရာများစွာ ပါဝင်သည်။

ဒုတိယဇာတ်ဆောင် အမျိုးသားရှိလျှင် ဒုတိယဇာတ်ဆောင် အမျိုးသမီးရှိသည်မှာ သဘာဝကျသည်။

ဖေးယွင်ကျင်း အရွယ်ရောက်လာပြီးနောက် သူ့ဆိုးသွမ်းသော စရိုက်ကြောင့် ဒုတိယဇာတ်ဆောင် အမျိုးသမီးတင်မက၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမ ဇာတ်ဆောင် အမျိုးသမီးများအထိ ရှိလာသည်။

ထိုမိန်းကလေးများမှာ ဖေးယွင်ကျင်း ရုပ်ရည်နှင့် နောက်ခံကောင်းများကြောင့် သို့မဟုတ် သူ၏လှည့်ဖြားသော စကားများကြောင့်ဖြစ်စေ သူ့အချစ်အားရရန် ပေါ်တင်ရော၊ လျှို့ဝှက်စွာ အပြိုင်အဆိုင်ကြိုးစားကြသည်။

သို့သော် ဖေးယွင်ကျင်းအတွက်မူ သူတို့သည် နန်ယုနှင့် အခြားသူများအား လှည့်ဖြားရန်နှင့် အထောက်အပံ့ပေးရန်အတွက် အသုံးချခံ ကိရိယာများသာ။

ဝူနာနာ ဒုတိယဇာတ်ဆောင်အမျိုးသမီးနေရာရခြင်းမှာ သူမ၏ မြင့်မားသော မိသားစု နောက်ခံနှင့် အကန့်အသတ်မဲ့ချစ်မြတ် နိုးမှုတို့ကြောင့်ပင်။

ဝူနာနာ၏ ဝူမိသားစုမှာ ယခင်က ဖော်ပြခဲ့သည့် ဝူကျန့်ဝေနှင့် လုံးဝမသက်ဆိုင်။ တစ်ဦးမှာ ကျေးလက် လုပ်ငန်းရှင်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ တစ်ချိန်ကကြီးလေးသော မိသားစုများထဲမှ တစ်ခုဖြစ်ခဲ့ဖူးသည်။

ဝူမိသားစု ဆယ်စုနှစ်တစ်ခုကျော်ရုန်းကန်ခဲ့ရသော်လည်း ၎င်းတို့နေရာကို အမှန်တကယ် အစားထိုးနိုင်သော အခြားမိသားစု ပေါ်မလာသေးပေ။

ရှေးစကားအတိုင်း "ပိန်သော ကုလားအုပ်သည် မြင်းထက် ကြီးသည်" ဟူသကဲ့သို့ပင်၊ ဝူမိသားစု မည်မျှပင် ကျဆင်းပါစေ၊ ဤလောကရှိ အခြားမိသားစု အများစုထက် အင်အားကြီးမားနေဆဲ ဖြစ်သည်။

ထို့အပြင် နှစ်ဆယ်ကြာပြီးနောက် ပေထန်မိသားစုကျဆင်းမှုမှာ ပို၍ လျင်မြန်ခဲ့ပြီး၊ ဖေးမိသားစု ပြည်တွင်းပဋိပက္ခများရင်ဆိုင် နေရချိန်တွင် ဝူမိသားစုမှာ ပြိုင်ဘက်တစ်ဦးဖြစ်လာသည်။ ၎င်းသည် ရယ်စရာကိစ္စ မဟုတ်ပေ။

ဝူမိသားစုခေါင်းဆောင်၊ မစ္စတာဝူ၏သမီးဖြစ်သူ ဝူနာနာသည် သာမန်ပုဂ္ဂိုလ်မဟုတ်ချေ။

မိသားစုနောက်ခံနှင့် မိဘများ၏အလိုလိုက်မှုတို့ကြောင့် ဝူနာနာသည် ထင်ရာစိုင်း ပြုမူခဲ့သည်။ ဇာတ်လိုက်မ မပေါ်မီ အခြား မိန်းကလေးများနှင့် ရန်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဆိုးသွမ်းသောဇာတ်ပို့တစ်ဦးလုပ်သင့်သည့်အတိုင်း လုပ်ဆောင်ခဲ့သည်။

ဇာတ်သိမ်းပိုင်းအနီးတွင် သူမသည် ဇာတ်လိုက်မနှင့် ဖေးယွင်ကျင်းတို့ ထာဝရကွဲကွာလုနီးနီး ဖြစ်စေခဲ့သည်။

ထို့ကြောင့် သူ့ ကံကြမ္မာလည်း ပျက်စီးခဲ့ရသည်။ သူမတစ်ဦးတည်းသာမက ဝူမိသားစုတစ်ခုလုံးသည် ဖေးယွင်ကျင်း၏ ဒေါသဒဏ်အားခံခဲ့ရပြီး ဒေဝါလီခံကာ ဂုဏ်သိက္ခာမဲ့စွာထွက် ပြေးခဲ့ရသည်။

ဝူနာနာ၏ စိတ်နေစိတ်ထားအရ နိုင်ငံခြားတွင် ငွေကြေးနှင့် သြဇာအာဏာမရှိဘဲ ကောင်းမွန်သောဘဝကို မည်သို့ရရှိနိုင်မည်နည်း။

သို့သော် နန်ယု ဤဒုတိယ ဇာတ်ဆောင်အမျိုးသမီးအကြောင်း အသေးစိတ်မသိခဲ့ပေ။ အန်ရီရန်နှင့်မတူဘဲ သူမတွင် ရှင်းလင်း သည့် ဇာတ်လမ်းနောက်ခံ မရှိချေ။ သူမသည် အချိုရည်များ ပစ်ပေါက်ခြင်း၊ မာနကြီးပြီး အာဏာရှင်ဆန်စွာ ပြုမူခြင်းများဖြင့် ရုတ်တရက် ပေါ်လာသူဖြစ်သည်။

စာအုပ်မှ ဝူနာနာသည် ဖေးယွင်ကျင်းအား အဘယ်ကြောင့် ထိုမျှစွဲလမ်းရသည်ကို အသက်ကယ်ကျေးဇူးပြုဖူးသောကြောင့်သာ ဟူ၍ ပေါ့ပေါ့တန်တန် ဖော်ပြခဲ့သည်။

"နန်ယု" ကိုယ်တိုင်ကလည်း ဝူနာနာအား စိတ်အနှောင့်အယှက်ပေးသော ကလေးမလေးတစ်ဦးအဖြစ်သာ မှတ်မိခဲ့သည်။

သို့သော်...

နန်ယု လက်ညှိုးအား အသုံးပြု၍ ခြေထောက်ပေါ် ခပ်ဖွဖွ ခေါက်ရင်း၊ နန်ကျီ၏ ညွှန်ကြားပြောဆိုမှုများကို စိတ်မပါ့တပါ "အင်း" ဟူ၍သာ ပြန်ဖြေကာ တစ်စုံတစ်ခုအား စဉ်းစားနေခဲ့သည်။

ဝူနာနာနှင့် "နန်ယု" တို့တွင် တူညီမှုအချို့ရှိသည်။

နှစ်ဦးစလုံးချမ်းသာသော မိသားစုမှ မွေးဖွားပြီး ဖေးမိသားစုအား ရူးသွပ်စွာ စွဲလမ်းကာ မာနကြီး၍ စိတ်ထင်ရာလုပ်ခဲ့ကြသည်။

နန်ယု စာရေးသူက ဖေးယွင်ကျင်းဇာတ်တွင် ဤကဲ့သို့ ဇာတ်ပို့တစ်ဦးအား ထည့်သွင်းရခြင်းမှာ အနိုင်ကျင့်ခြင်း၏စိတ်လှုပ် ရှားမှုကို နှစ်ဆတိုးရန်လား၊ သို့မဟုတ် တိုက်ဆိုင်မှုလားဟု တွေးမိသည်။

ဤဆိုးသွမ်းသော ဇာတ်ပို့နေရာယူမည့် ကလေးမလေးမှာ တစ်နှစ်ခန့်သာ ရှိသေးပြီး လမ်းလျှောက်တတ်ရုံ၊ စကား မပီတပီ ပြောတတ်ရုံသာ ရှိသေးသည်။

သူမသာ ဖေးယွင်ကျင်းနှင့် လီရီပိုင်ကို ဤတစ်ကြိမ် မြို့ပြကျေးရွာသို့ မခေါ်သွားခဲ့လျှင် ထိုအဘွားအို လွတ်မြောက်သွားမည်လား ?

ဝူနာနာသည် ပထမဆုံး ပေါ်လာချိန်တွင် ဝူမိသားစု၏အကြီးဆုံးသမီးဖြစ်ခဲ့သော်လည်း လွန်ခဲ့သောဆယ်စုနှစ်က သူမ၏ ဘဝ မည်သို့ဖြစ်ခဲ့မည်နည်း။

နန်ယု အဖြေအားမသိနိုင်သော်လည်း ကယ်တင်ခဲ့သည့်အ တွက် နောင်တမရပေ။ ထိုကလေးငယ်မှာ ဝူနာနာ ဖြစ်ကြောင်း မသိခဲ့လျှင်ပင် မဆိုင်းမတွကယ်တင်ခဲ့မည်ပင်!

မသေချာသော အနာဂတ်အတွက် လူကုန်ကူးသမားများ ကလေးတစ်ဦးအား ပြန်ပေးဆွဲသည်ကို သူမ ကြည့်နေမည်မဟုတ်ချေ။ ထိုသို့ ကြည့်နေလျှင် နန်ယု သူမ ကိုယ်တိုင်စိတ် ရောဂါသည်ဟု ခံစားရပေလိမ့်မည်။

ရဲများ၏ပြောစကားအရ ၎င်းမှာ ရိုးရှင်းသော ပြန်ပေးဆွဲမှုမျှသာမဟုတ်ဘဲ ချမ်းသာသော မိသားစုများအကြား ရန်ငြိုးတစ်ခုခု ပတ်သက်နေပုံရသည်။

"မစ်နန်၊ ဒီကိစ္စ အားလုံး ပြီးသွားပြီ"

နန်ကျီ၏ အဆက်မပြတ် စကားပြောဆိုမှုမှာ နောက်ဆုံးတွင် ရဲ ရောက်ရှိလာခြင်းနှင့်အတူ ရပ်တန့်သွားပြီး နန်ယုလည်း ဒုက္ခမှ ကယ်တင်ခံခဲ့ရသည်။

နန်ယု သက်ပြင်းချလိုက်ပြီး စကားနာထိုးခြင်းကြောင့် မျက် ဝန်းများ အလင်းရောင် ကင်းမဲ့နေသည့် ကလေးနှစ်ယောက်အား ကြည့်ကာ ရင်ထဲမှ စာနာလိုက်ရသည်။

နန်ယုသည် နန်ကျီမှာ သူမ၏ အစ်ကိုဖြစ်နေသောကြောင့်သာ သတိထား နားထောင်နေရခြင်းဖြစ်သည်။ လူအများရှေ့တွင် အလွန်ဩဇာရှိပုံပေါ်သော မစ္စတာနန်သည် အမှန်တကယ်တွင် ဤမျှ စကားများသူ ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ခဲ့မည် မဟုတ်ပေ။

ရဲများအနေဖြင့် ဤအကြောင်းအရာအား လျှို့ဝှက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ သို့မဟုတ်ပါက နန်မိသားစု၏ ဂုဏ်သိက္ခာမှာ ထိခိုက်ပြီး လူအများ၏ ပြက်ရယ်ပြုခြင်းကို ခံရပေလိမ့်မည်။

"သွားကြစို့! မင်းတို့ ဒီမှာ ဆက်နေချင်သေးလို့လား?"

နန်ကျီ၏ လှောင်ပြောင်သရော်သံပါသော စကားများကြောင့် နန်ယု လက်သီးအားကျစ်ဆုပ်မိသော်လည်း ပြုံးရွှင်သော မျက်နှာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

"အစ်ကို၊ ကောင်းတာကိုမြင်ရင် လက်ခံတတ်ရမယ်လေ!"

နန်ကျီ: ...ဒါ လူသတ်ချင်တဲ့ စိတ်ဆန္ဒများလား?

သို့သော် ထိုခြိမ်းခြောက်မှုမှာ အမှန်တကယ်ပင် အရာရောက်ခဲ့၏။ နန်ကျီ ထိုအချိန်မှစ၍ ပိုမိုနာခံလာခဲ့သည်။ နန်ယုနှင့် အခြားသူများ ယာဉ်မောင်း၏ကားထဲသို့ ဝင်ရောက်ပြီးသည့်တိုင် သူသည် စကားတစ်ခွန်းမျှ ထပ်မံမဆိုလာတော့ပေ။

ထို့ကြောင့်ပင် အချို့သော လူသားများအား အလိုလိုက်၍မရနိုင်၊ ဖိအားပေးရမည့် အချိန်ရောက်ပါက ပြင်းပြင်းထန်ထန် ဖိအားပေးသင့်သည်ဟု ကောက်ချက်ချနိုင်သည်။

"အန်တီ၊ ကလေး အဆင်ပြေရဲ့လား ?"

ကားထဲတွင် နန်ကျီ မရှိတော့သောအခါမှ ဖေးယွင်ကျင်း၏ ပင်ပန်းနွမ်းနယ်နေသော စိတ်အခြေအနေမှာ နောက်ဆုံးတွင် ရှင်းလင်းသွားပြီး သူ မေးမြန်းလိုသော မေးခွန်းအားမေးလိုက်သည်။

"အဆင်ပြေပါတယ်"

ရဲများ၏ပြောဆိုချက်အရ ဝူနာနာအား ဆေးဝါးအချို့ ပေးခဲ့သော်လည်း အဘွားအိုသည် သူမကို တကယ်တမ်းသတ်ရန် ရည်ရွယ်ခဲ့ခြင်းမရှိပေ။ ချက်ချင်း ဆေးဝါးကုသမှု ခံယူခဲ့သောကြောင့် ပြင်းထန်သောဒဏ်ရာများလည်း မဖြစ်ပွားခဲ့ပေ။

"ကောင်းလိုက်တာ!"

လီရီပိုင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်သီးဆုပ်လိုက်သည်။

"ကလေးခိုးသူတွေက တကယ် ဆိုးတာပဲ!"

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့မှာ မူကြိုကျောင်းမှ ပြန်ပေးဆွဲခံရမှု ကာကွယ်ရေးသင်ခန်းစာများကြောင့် လှည့်စားခံရသော ကလေးငယ်များ၏သနားစရာ အခြေအနေအား သိရှိနားလည်ခဲ့ကြသူများဖြစ်သည်။

ယခု မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့်အခါ သူတို့၏ မွေးရာပါ တရားမျှတမှု စိတ်ဓာတ်မှာတစ်ဟုန်ထိုး နိုးကြားလာတော့သည်။

"ဟုတ်တယ်"

နန်ယု ထိုအခွင့်ကောင်းကို ယူကာ ကိုယ်ခံပညာဆိုင်ရာအကြံ ဉာဏ်အချို့အားသင်ကြားပေးလိုက်သည်။ မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

လမ်းတစ်လျှောက်လုံး သင်ကြားပေးခြင်းနှင့် မေးခွန်းများဖြေ ကြားပေးခြင်းတို့ ပြုလုပ်ပြီးနောက် နန်ယုနှင့် ကလေးနှစ်ဦး အိမ်သို့ရောက်ချိန်တွင် ည ဆယ်နာရီ နီးပါးခန့် ရှိနေပြီ။ ဦးလေး ကျိုးသည် နန်ယု၏ ဖုန်းခေါ်ဆိုမှုဖြင့် သူမ ဘေးကင်းကြောင်း သိခဲ့ရသော်လည်း စိတ်ပူပန်မှုများဖြင့် စိုးရိမ်တကြီးစောင့်ဆိုင်း နေခဲ့သည်။ နောက်ဆုံး ပြန်ရောက်လာသောအခါမှ စိတ်သက် သာရာရစွာ သက်ပြင်းချလိုက်သည်။

"သခင်မလေး..."

"ခဏ!"

နန်ယု ဦးလေးကျိုးပြောမည့် စကားအား ချက်ချင်းတားလိုက်ပြီး ပင်ပန်းရိပ်သန်းသော အပြုံးကိုပြုံးလိုက်သည်။

"ဦးလေးကျိုး၊ ရှောင်ကျင်းနဲ့ လီရီပိုင်တို့ ပင်ပန်းနေပြီ၊ မနက် ဖြန်မှပဲ ဆက်ပြောကြတာပေါ့"

"အဘိုးကျိုး၊ ရှောင်ကျင်း အရမ်းပင်ပန်းနေပြီ၊ ဒီနေ့ လမ်း လျှောက်တာ အရမ်းများသွားတယ်"

"ကျွန်တော်ကောပဲ! အဘိုးကျိုး၊ ကျွန်တော် တအားအိပ်ချင်နေပြီ!"

ဦးလေးကျိုး၏ ကရုဏာစိတ်မှာ အတိုင်းထက်အလွန်ဖြစ်သွားသည်။ သူ ကြိုတင်စီစဉ်ထားသည့် ဆုံးမမည့်အစီအစဉ်အား ရုတ်တရက် ဖျက်လိုက်ပြီး ထိုသုံးယောက်ကိုသနားကြင်နာစွာ ကြည့်ကာ ကိုယ်တိုင်ရေချိုးပေးပြီး အိပ်ရာဝင်ခိုင်းချင်စိတ်ပင် ပေါ်မိသည်။

ဦးလေးကျိုး၏ ပွစိပွစိပြောဆိုခြင်းကို အောင်မြင်စွာရှောင်ရှားပြီးနောက် နန်ယုနှင့်ကျန်နှစ်ဦးမှာ သူ့နောက်သို့လိုက်ကာအပေါ် ထပ်သို့ တက်လာခဲ့ကြသည်။ ဦးလေးကျိုး မြင်ကွင်းမှ လွတ်သည်နှင့် နန်ယု ဖေးယွင်ကျင်းနှင့်လီရီပိုင်တို့အား မျက်လုံးမှိတ်ပြလိုက်သည်။

ကလေးနှစ်ဦး အဓိပ္ပာယ်ပါပါပြုံးလိုက်ကြသည်။ ကလေး ဆိုးကဲ့သို့ ဟန်ဆောင်ပြုမူလိုက်ခြင်းမှာ တကယ်အလုပ်ဖြစ်ခဲ့သည်။

သို့သော် အမှုမှာ စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ရဲက အသေးစိတ် အချက်အလက်များကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် နန်ယု ကိစ္စပိုမကြီးထွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် အွန်လိုင်းတွင် မည်သည့်အရာကိုမျှ ရှင်းပြရန် မဆုံးဖြတ်တော့ပေ။ မည်သို့ပင်ဆိုစေ၊ အင်တာနက်အသုံးပြုသူများမှာ သက်သေအထောက်အထားမရှိဘဲ ခန့်မှန်းနေကြခြင်းသာ။ သူတို့ ရလဒ်များအား စောင့်ဆိုင်းသင့်သည်။

သူမအား အဆက်ဖြတ်မည်၊ ချမ်းသာပြီး မကြင်နာသူဟုတိုင် ကြားမည်ဟု ခြိမ်းခြောက်သူများကို နန်ယု ဂရုမစိုက်တော့ပေ။ သူမသည် သက်သောင့်သက်သာရှိသော နှင်းဆီဆီဖြင့် ရေချိုးပြီး ကောင်းကောင်းအိပ်စက်အနားယူလိုသည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီး သုံးရက်မြောက်နေ့တွင် နန်ယု ဝူမိသားစုထံမှ ကျေးဇူးတင်စကား ပြောကြားရန် လာရောက်တွေ့ဆုံခွင့် တောင်းဆိုမှုအား လက်ခံရရှိခဲ့သည်။

နန်ယု မငြင်းခဲ့ပေ။

သူမ ချမ်းသာသူများ၏လူမှုဆက်ဆံရေးအား အထူးတလည် မနှစ်သက်သော်လည်း မလိုအပ်သောငြင်းဆန်ခြင်းကိုရှောင် ရှားကာ အခွင့်အရေးတိုင်းကို လက်ခံသည်။ နန်ယု နေ့ဘက်တွင် အလုပ်များနေနိုင်သည်။

ထို့ပြင် ကလေးနှစ်ဦးကျောင်းသွားနေရသည်ကို ထည့်သွင်းစဉ်းစား၍ ဝူမိသားစု၏လာရောက်တွေ့ဆုံမှုအား ည ၇ နာရီတွင် စီစဉ်ခဲ့သည်။

ဦးလေးကျိုး၏ ဦးဆောင်မှုဖြင့် လူအုပ်စုမှာ ဗီလာ ဧည့်ခန်းထဲသို့ ဝင်လာသည်။ ရှေ့ဆုံးတွင် သူမ ယခင်နေ့က ရဲစခန်း၌ ခဏတာ တွေ့ဆုံခဲ့သော မစ္စတာဝူနှင့် မစ်ဝူတို့ ပါဝင်သည်။ နန်ယု အရေးကြီးသော ပွဲလမ်းသဘင်များစွာတွင် သူတို့ကိုယခင်က တွေ့ဖူးသော်လည်း ရင်းနှီးသောဆက်ဆံရေးမျိုးမရှိပေ။

သူမ၏ ယခင်ပုံစံနှင့် နှိုင်းယှဉ်ပါက မစ်ဝူသည် "အမျိုးသမီးကောင်း" ဟူသော အယူအဆကို ပြီးပြည့်စုံစွာ ဖော်ညွှန်းနေ သည်။ သူမ၏ ဆံပင်မှ ခြေထောက်အထိ အသေးစိတ်တိုင်းမှာ စီစဉ်ထားသည့်အတိုင်း တိကျလှသည်။

သူမ ဘေးတွင် ရပ်နေသောမစ္စတာဝူသည် အနည်းငယ် ပို၍ ပင်ပန်းနွမ်းနယ်နေဟန် ပေါ်သည်။ နန်ယု မနေ့က နန်ကျီထံမှ ကြားခဲ့သောကောလာဟလများအားသတိရပြီး သူ ဘာကြောင့် ဤလို ဖြစ်နေရသည်ကို နားလည်သွားသည်။

ယောက်ျားများမှာ သူတို့ စားနိုင်သည်ထက် အမြဲပိုလိုချင်ကြပြီး အရာအားလုံးကိုမျှတအောင် လုပ်နိုင်သည်ဟု ထင်ကြသည်၊ သို့သော် ရလဒ်ကတော့... အဟက် ~

သို့သော် သူ ဝူနာနာအား တကယ်ချစ်၍ အလိုလိုက်ခဲ့သည်။ သူမ ဝူမိသားစုတွင် မျိုးဆက်သုံးဆက်နီးပါးအတွင်း တစ်ဦးတည်းသော သမီးဖြစ်ပြီး မစ္စတာဝူ၏အသက်လေးဆယ်အရွယ်မှရသည့် သမီးလည်း ဖြစ်သည်။ သူမအတွက် ကောင်း ကင်မှ ကြယ်များကို ခူးဆွတ်ပေးလိုသည်ထက် ပိုမိုချစ်သည်။ ထို့ကြောင့် သူ့သမီး ပျောက်ဆုံးမှုမှာ သူ့အပြင်လူ (ချစ်သူ) နှင့် ဆက်စပ်နေကြောင်း သိရှိသောအခါ မစ္စတာဝူ ဒေါသထွက်ကာ အပြင်ဘက် ဆက်ဆံရေးအားလုံးကိုဖြတ်တောက်ခဲ့သည်။ ထိုအရာမှာ မစ်ဝူအတွက် ကောင်းသော အံ့အားသင့်စရာဖြစ်မလားဟု သူမ တွေးမိသည်။

သို့သော် သူမသည် ဘာမှ ဂရုမစိုက်သည့်ပုံစံပင်။

နန်ယု နန်ကျီ ပြောပြသည်များအပေါ်တွင်သာ အားကိုးကာ ဝူမိသားစု၏အတင်းအဖျင်းများကို စိတ်ဝင်စားမှု အနည်းငယ်သာရှိသည်။ သူမ အကြည့်လွှဲလိုက်သည်။

ထိုဇနီးမောင်နှံဘေးတွင် ကလေးထိန်းတစ်ဦးမှာ ကလေးတွန်း လှည်းကို တွန်းလာသည်။ အတွင်း၌ ထိုင်နေသည်မှာ ပြန်ပေးဆွဲခံခဲ့ရသည့် ဇာတ်လမ်း၏ဗဟိုချက်ဖြစ်သော ဝူနာနာပင်။

ထိုနေ့က နန်ယု ဝူနာနာ၏ မျက်နှာအား ကောင်းစွာ မကြည့်ရသေးပေ၊ အထူးသဖြင့် သူမ မျက်လုံးများ မှိတ်ထားခဲ့သော ကြောင့် ဖြစ်သည်။ သို့သော် ယနေ့တွင် လုံးဝနီးပါး ပြန်လည်ကောင်းမွန်လာသော ထိုကလေးငယ်ကို မြင်သောအခါ ယခင်က ကလေးများအားဂရုမစိုက်သော နန်ယုပင်လျှင် "ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ!" ဟု အမှတ်မထင် ရေရွတ်လိုက်မိသည်။

သူမသည် ရုပ်ပြစာအုပ်ထဲမှ နတ်သမီးတစ်ပါးနှင့် တူပြီး လှပသော မင်းသမီးဝတ်စုံအား ဝတ်ဆင်ထားသည်။ မျက်လုံးဝိုင်းကြီးများ၊ ရှည်လျား ကောက်ကွေးသော မျက်တောင်များနှင့် ပိန်ပိန်ဝိုင်းဝိုင်း မျက်နှာသည် ဆွဲဖျစ်ချင်စရာပင်။

ထိုမိန်းကလေး နန်ယုအား မြင်လိုက်သည်နှင့် ချစ်စဖွယ် ပြုံးပြပြီး ဖက်ရန်အတွက် ဆင်းချင်သည့်အလား လက်ကလေးပင် ဆန့်တန်းလိုက်သည်။

"အိုး၊ နာနာက မစ်နန်ကို တကယ်သဘောကျတာပဲ"

မစ်ဝူက ပြုံးလျက်ပြောပြီး ဝူနာနာအား ကလေးတွန်းလှည်းမှ ချီကာ နန်ယုထံခေါ်ဆောင်လာသည်။

သူမ နောက်တွင် လက်ထောက်သုံးဦးမှ ကျေးဇူးတင်ကြောင်း လက်ဆောင်များကို ဦးလေးကျိုးနှင့် အခြားသူများအား အသီး သီးပေးအပ်လိုက်သည်။ တစ်ဦးစီသည် သူတို့၏အလုပ်များအား မနှောင့်ယှက်ဘဲလုပ်ဆောင်ကြသည်။

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့မှာ မစ်ဝူအား စိတ်ဝင်တစားဖြင့် ချဉ်းကပ်လာကြသည်။ ထိုမျှငယ်ရွယ်သော မိန်းကလေးနှင့် ဤမျှ နီးနီးကပ်ကပ်နေဖူးခြင်း မရှိသေးသဖြင့် သူတို့လည်း စိတ်ဝင်စားနေကြသည်။

မစ်ဝူသည် မတွန့်ဆုတ်ခဲ့ပေ။ သူမ ဝူနာနာအား ချပေးလိုက်ပြီး ထိုကောင်လေးနှစ်ဦးထံ သူမ၏လက်သေးသေးလေးကို မြှောက်လိုက်သည်။

"လာ၊ နာနာ၊ ကောလို့ ခေါ်လိုက်ပါဦး"

ဝူနာနာသည် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့အား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်သည်။ သို့သော် မစ်ဝူ မျှော်လင့်သလို ခေါ်လိုက်ခြင်းမရှိဘဲ သူတို့အား ရှောင်ကာလှည့်လိုက်ပြီး နန်ယုထံသို့ ယိမ်းထိုးသွားသည်။

မည်သူမျှ မတုံ့ပြန်နိုင်မီ သူမသည် နန်ယု၏ခြေသလုံးကိုလှစ် ခနဲပြေးဖက်လိုက်ပြီး ခေါင်းလေးထောင်ကာ ချိုမြိန်စွာအော် ခေါ်လိုက်သည်။

"ကျဲကျဲ"

သူမ အသံမှာ တိုးသော်လည်း ရှင်းလင်းသည်။ ဖေးယွင်ကျင်းနှင့်လီရီပိုင်တို့ အနည်းငယ် နာကျင်ရသလိုခံစားရသည်။ သူတို့၏ချစ်စရာကောင်းသော ညီမငယ်လေးက သူတို့ကိုမကြိုက်ဘူးလား ?

သို့သော် နန်ယု ပြုံးလိုက်သည်။ သူမ ဝူနာနာအား ကောက်ယူကာ ဘေးရှိဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး မစ္စတာဝူနှင့် မစ်ဝူတို့ကိုထိုင်ခိုင်းလိုက်သည်။

"နာနာက မစ်နန်ကို တကယ်သဘောကျတာပဲ၊ သူ့ကို ကယ်တင်ခဲ့တာကို ကလေးက သိနေမှာပဲ"

မစ္စတာဝူ ပြုံးလျက်ပြောလိုက်သည်။

နန်ယု မငြင်းသာပေ။ ကလေးငယ်၏တောက်ပသော မျက်လုံးများအားမြင်သောအခါ ဝူနာနာသည် လှပသောမိန်းကလေးကို သဘောကျရုံသာဖြစ်သည်ဟု သူမ ခံစားရသည်။

"မစ္စတာဝူ၊ ရှင် နောက်နေတာပဲ၊ ကျွန်မ..."

လူကြီးများ စကားစမြည်စတင်ပြောဆိုကြသည်။ ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့သည်လည်း နောက်ကျမကျန်စေရန် နန်ယု၏ ဘေးနှစ်ဖက်မှနေ၍ ထိုကလေးငယ်၏အာရုံအား ဆွဲဆောင်ရန် ကြိုးစားနေကြသည်။

သို့သော် သူတို့၏ စိတ်ဝင်စားမှုမှာ အကန့်အသတ်သာ ဖြစ် သည်။ ဝူနာနာသည် နန်ယုအား ပိုစိတ်ဝင်စားပြီး ထရပ်ကာ သူမ မျက်နှာကိုထိရန်ပင် လက်လှမ်းကြည့်သည်။

မစ်ဝူ လန့်သွားပြီး ကလေးအားထိန်းလိုက်ချင်သည်။

နန်ယု ပြုံးပြီး "ရတယ်" ဟုပြောလိုက်သည်။

"ကျွန်မ ထင်တာတော့ နာနာ ကျွန်မရဲ့ဆံပင်ကအသုံးအဆောင်လေးတွေကို သဘောကျတာဖြစ်မယ်၊ ကျွန်မ..."

မွ~ !

နန်ယု စကားမပြီးမီ နေရာတစ်ခုလုံးတွင် ကျယ်လောင်သော နမ်းသံ ထွက်ပေါ်လာသည်။

သူမ ပါးပြင်ပေါ်တွင် တံတွေးရာစိုစို တစ်ခုချက်ချင်းကျန်ရစ်ခဲ့သည်။ ပြစ်မှုကျူးလွန်သူ (ဝူနာနာ) သည် သူ အောင်မြင်ခဲ့သော ကြောင့် အလွန်ပျော်ရွှင်နေပုံရပြီး ပျော်ရွှင်စွာရယ်မောလို့နေ သည်။

ဒါ ဘာလဲ ?

နန်ယု မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

"မင်း ကလေးလေး၊ မင်းက လျှို့ဝှက်တိုက်ခိုက်နည်းတောင် သိ နေပြီပေါ့လေ ?"

ဝူနာနာ ထိုစကားများကို နားမလည်သည်မှာသေချာသည်။ သူ နန်ယုအား လျှို့ဝှက်စွာနမ်းပြီးနောက် ရှက်နေသည့်အလားပင် သူမ တစ်ကိုယ်လုံးကို နန်ယုရင်ခွင်ထဲသို့ မှီထားလိုက်သည်။ ဤလုပ်ရပ်မှာ ထိုနေရာရှိ လူကြီးများကိုရယ်မောစေသည်။

ဖေးယွင်ကျင်း တစ်ဦးတည်းသာမရယ်နိုင်ခဲ့ပေ။ သူ ဝူနာနာအား မျက်နှာသေဖြင့်ကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

ဒီကောင်မလေးက လုံးဝချစ်စရာမကောင်းဘူး! သူ ငါ့အန်တီကိုတောင် ခိုးနမ်းရဲတယ်၊ ငါတောင် တစ်ခါမှ မနမ်းဖူးသေးဘူး!

All Chapters