← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

“ဆည်းပူးရမည့် ဓားလမ်းစဉ်”

ညီအစ်ကိုနှစ်ဦးသည် အစီအစဉ်များကို အတည်ပြုပြီးနောက် ရေကန်မှ ထွက်ခွာလာကာ ဆရာဖြစ်သူထံသို့ သွားရောက်ကြသည်။

လင်ကျင်း နှင့် ကျန်းဖန်အာ တို့သည် မီးဖိုအတွင်းမှ လောင်စာများကို ငြှိမ်းသတ်ရန် ကျန်ရစ်ခဲ့၏။ သူတို့သည် မီးကို အထူးဂရုစိုက်ကြရပြီး မတော်တဆ မီးပွားများ လေထဲသို့ လွင့်ပါသွားလျှင် တောမီးက ချက်ခြင်း ဝါးမြိုသွားပေလိမ့်မည်။

ခဏတာမျှ အလုပ်ရှုပ်သွားကြပြီးနောက် လင်ကျင်း က ကျန်းဖန်အာ ကို အကြံပေးသည်။

“ငါတို့လည်း ရေချိုးလိုက်ရင် မကောင်းဘူးလား… အခုအချိန်မှာ မီးကို အတင်းငြှိမ်းလိုက်လို့ရှိရင် ပြာတွေကို ချက်ခြင်း သိမ်းလို့ရမှာ မဟုတ်သေးဘူး…

သူ့ဘာသာသူ ငြှိမ်းသွားအောင် ထားပြီးမှ ရှင်းလိုက်ရင် နှစ်ခါ မပင်ပန်းတော့ဘူးပေါ့…”

ကျန်းဖန်အာ မှာလည်း ရေချိုးချင်နေသူ ဖြစ်သောကြောင့် နှစ်ခါပင် ညှိနှိုင်းရခြင်း မရှိပေ။ သူသည် ဆရာဖြစ်သူနှင့် ဆရာဦးလေးတို့ ရေချိုးနေစဉ်ကတည်းက အလွန်အားကျစွာ ကြည့်နေမိခဲ့သည်။

ထို့အပြင် သူတို့၏ ဤကဲ့သို့ အပြုအမူသည် ဆရာဖြစ်သူအပေါ် မည်သို့မျှ ထိခိုက်စေမည် မဟုတ်သောကြောင့် လင်ကျင်း နှင့်အတူ အဝတ်အစားများချွတ်ကာ ကန်အတွင်း ဆင်းလိုက်ကြ၏။

မကြာမီ ကန်အတွင်းမှ ကလေးနှစ်ဦး၏ ပျော်ရွှင်စွာ ရေကစားနေသည့် အသံများ ပဲ့တင်ထပ်လာသည်။ မီးဖိုအတွင်းမှ ခပ်ငွေ့ငွေ့ ကျန်နေသော အပူရှိန်က ရေကန်ကို အလွန်အမင်း နွေးထွေးစေကာ ရေချိုးရသည်က အမှန်ပင် သက်သောင့်သက်သာ ဖြစ်စေသည်။

သူတို့သည် ခဏကြာအောင် ဆော့ကစားပြီးနောက် လင်ကျင်း သည် ကန်ထဲတွင် ပက်လက်လှန်ရင်း အတွေးများ နက်ရှိုင်းစွာ အစားထိုးလာ၏။ သူက ရုတ်တရက် ပြောလိုက်သည်။

“ညီလေး… မင်းက ဉာဏ်အရမ်းမကောင်းဘူး ဆိုတာကို ငါသိတယ်… ဒါပေမဲ့ မင်းက လုံးဝ သုံးစားမရတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး… မင်းရဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် တိုးတက်မှု ဘာဖြစ်လို့ နာကျင်စရာကောင်းလောက်အောင် နှေးကွေးနေရတာလဲ…”

“မင်းဆီမှာ ဘာအခက်အခဲတွေများ ရှိနေလို့လဲ…”

ကျန်းဖန်အာ သည် အစ်ကိုဖြစ်သူ၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ခပ်တိုးတိုး ပြောလိုက်၏။

“ဆရာ အခန်းထဲမှာ ဓားအိမ်တစ်ခု ရှိတယ်…”

လင်ကျင်း ခေါင်းညိတ်ကာ ပြောသည်။

“ငါ သိတယ်လေ….”

ဓား၏ မူလဇစ်မြစ်သည် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းသည်ဟု သူတို့က သိထားပြီး ဆရာသည် ဓားကို ဆရာဦးလေးကို ပေးလိုက်ကာ ဓားအိမ်ကိုသာ ယူထားခဲ့သည်။

ကျန်းဖန်အာ က အနည်းငယ် မချင့်မရဲ လေသံနှင့် ပြောသည်။

“တစ်နေ့မှာ ဆရာက ရုတ်တရက် အဲဒီဓားအိမ်ပေါ်က တန်ဖိုးကြီး ရတနာတွေကို သဘောကျသွားပြီး အကုန်လုံး ခွာယူခဲ့တယ်… အခွံပဲ ကျန်တော့တဲ့ ဓားအိမ်ကိုကျ လွှင့်ပစ်ဖို့ ကျွန်တော့်ကို ပေးခဲ့တယ်…”

“ဆရာက အပေါ်က အဆင်တန်ဆာတွေကို ခွာတုန်းက ဒီအတိုင်းပဲ ထိုးခွာခဲ့တာကြောင့် ကျွန်တော့်ဆီကို ရောက်လာတော့ ဓားအိမ်က တော်တော်လေး ပျက်စီးနေပြီ… ဒါပေမဲ့ အဲဒီ ဓားအိမ်ထဲမှာ စာသားအချို့ရေးထားတဲ့ ပိုးစာလိပ်ကလေးတစ်ခု အကောင်းအတိုင်း ကျန်နေခဲ့တယ်…”

“ကျွန်တော် မရှင်းတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး အစ်ကို့ကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးတယ် မဟုတ်လား…”

လင်ကျင်း ခေါင်းညိတ်ပြလိုက်သည်။ ကျန်းဖန်အာ ပြောသည့်အရာများက အမှန်တကယ်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူ့၏ ညီသည် စာဖတ်ခြင်းအပေါ်တွင် မည်သည့်အတွက်ကြောင့် ရုတ်တရက် စိတ်ဝင်စားလာသည်ကိုပင် သူ နားမလည်နိုင်အောင် ဖြစ်ခဲ့သေးသည်။

ကျန်းဖန်အာ က ဆက်ရှင်းပြသည်။

“အဲဒီစာလိပ်ကို ကျွန်တော် ဖွင့်ပြီးဖတ်ကြည့်တော့ အထဲမှာရေးထားတာက အထွဋ်အထိပ် ကျင့်စဉ်တစ်ခု ဖြစ်နေတာကို သိလိုက်ရတယ်…”

“ဆရာ ကျွန်တော်တို့ကို သင်ပေးခဲ့တဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ဆိုတာက ကျွန်တော်တို့ ခွန်အားကို မြှင့်တင်ပေးရုံ သက်သက်အပြင် တခြားဘာမှ များများစားစား အသုံးမဝင်ဘူး… ဒါပေမဲ့ ဒီစာလိပ်ထဲက ကျင့်စဉ်ကတော့ အရမ်းကို အဆင့်မြင့်လွန်းတဲ့အတွက် ကျွန်တော်လည်း မနေနိုင်တော့ဘဲ နည်းနည်းလောက် စမ်းပြီးလေ့ကျင့်ကြည့်ခဲ့တယ်…”

လင်ကျင်း သည် ခဏတာမျှ ကြောင်ငေးကြည့်နေပြီးနောက် မေးလိုက်သည်။

“အဲဒီကျင့်စဉ်က ဓားအိမ်ထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ…”

ကျန်းဖန်အာ ခေါင်းခါပြလိုက်၏။ ထိုကိစ္စကို သူလည်း နားမလည်ပေ။

သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသည့် လက်စားချေလိုစိတ်သည် အလွန်ပြင်းထန်နေပြီး ဆရာဖြစ်သူမှာလည်း အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်မှလွဲလျှင် အခြားမည်သည့် ကျင့်စဉ်ကိုမျှ သင်မပေးသောကြောင့် ကျန်းဖန်အာ က ထိုကျင့်စဉ်ကို တိတ်တဆိတ် ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။

လင်ကျန်း သည် အတန်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ငါတို့ ဒီကိစ္စကို ဆရာဆီမှာ အမှန်အတိုင်း ဝန်ခံလိုက်ကြမယ်…”

ကျန်းဖန်အာ အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

“ကျွန်တော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ့ကို ပြောပြချင်နေတာကြာပြီ… ဒါပေမဲ့ ကျွန်တော် ဘယ်ကနေ စပြောရမှန်းမသိဘူး ဖြစ်နေလို့… ကျွန်တော် တွေးမိတာတစ်ခုက ဆရာ့စားပွဲပေါ်မှာ ဒီစာလိပ်ကို သွားခိုးတင်ထားရင် ကောင်းမလား…”

လင်ကျင်း သည် ထိုအကြံမှာ အကြံကောင်းတစ်ခု မဟုတ်သည်ကို သိသော်လည်း ထို့ထက် ပိုကောင်းသော နည်းလမ်းကို မစဉ်းစားတတ်သောကြောင့် တိတ်ဆိတ်မှုက ချက်ခြင်းပင် ကြီးစိုးသွားလေသည်….

ထိုအချိန်တွင် ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့မှာ ၎င်းတို့၏ ဆန္ဒများကို ဆရာဖြစ်သူထံတွင် သွားရောက် ပြောဆိုနေခဲ့သည်။

ကျန်းယွမ်ချောင် သည် သူ့၏ တပည့်ကြီး၌ မိသားစုအတွင်းရေး ပြဿနာတစ်ခု ရှိနေကြောင်းကို ယခင်ကတည်းက ကောင်းစွာ သိရှိထားသည်။ ထို့အပြင် သူသည် ယန်နတ်ဆေးကို သုံးစွဲခဲ့ဖူးသူ ဖြစ်ပြီး အုပ်စု(ခ)တွင် ချန်ပီယံ ဖြစ်ဖူးကာ၊ အုပ်စု(က)တွင် သတ္တမနေရာကို ရရှိခဲ့သူ ဖြစ်သောကြောင့် ဤတစ်ကြိမ် မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် များစွာ စိတ်ဝင်စားခြင်း မရှိတော့ပေ။

ကျန်းယွမ်ချောင် က မဆိုင်းမတွပင် သဘောတူလိုက်သည်။

စွန်းယန်ဝမ် သည် အားတုံ့အားနာ ဖြစ်သွားဟန်ဖြင့် ပြောသည်။

“တပည့်ဟာ ဂိုဏ်းရဲ့ ဓားပညာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှကို မသင်ရသေးပါဘူး… တကယ်လို့ ရှုံးနိမ့်သွားပြီး မျက်နှာပျက်စရာတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ…”

ကျန်းယွမ်ချောင် က ပြုံးလိုက်သည်။

“မင်းရဲ့ အထွဋ်အထိပ် သွေးကြောကျင့်စဉ် ကျင့်ကြံမှုက ပြီးပြည့်စုံတဲ့ အဆင့်ကိုတောင် မရောက်သေးဘူး… ဒီအချိန်မှာ အဓိက ကျင့်စဉ်တစ်ခုကို ရွေးချယ်ဖို့ဆိုတာက မင်းအတွက် တော်တော်လေးကို အခက်အခဲဖြစ်နိုင်တယ် ဆိုပေမယ့် ဓားပညာရပ်လောက်ကို သင်ပေးရတာက ဘာပြဿနာမှ မရှိပါဘူး…”

“ဒါပေမဲ့ အချိန်က အကန့်အသတ်နဲ့သာ ရှိနေတာကြောင့် မင်းကို ပုံစံတစ်မျိုးတည်းကိုပဲ ကျွမ်းကျင်အောင် လေ့ကျင့်ပေးလိုက်မယ်…”

“ငါတို့ ဆောင်ယန်ဂိုဏ်းရဲ့ ဓားကျင့်စဉ် ဆယ့်ကိုးမျိုးမှာ ဓားရှည်ရော… ဓားတိုရော အသုံးပြုလို့ရတယ်… မင်း ဘယ်တစ်ခုကို သင်ယူချင်လဲ…”

စွန်းယန်ဝမ် သည် ဆောင်ယန်ဂိုဏ်း၏ ဓားကျင့်စဉ်များကို လေ့လာသင်ယူဖူးခြင်း မရှိသော်လည်း ဆရာဖြစ်သူ၏ ကျန်းချင်းရှီ အား မကြာခဏ သင်ကြားပြသမှုများနှင့် စိမ်းသူမဟုတ်သောကြောင့် ဂိုဏ်း၏ ဓားကျင့်စဉ် ဆယ့်ကိုးမျိုးစလုံး အကြမ်းဖျင်းအားဖြင့် သိနေခဲ့သည်။

သူက ချက်ခြင်း အဖြေပေးလိုက်သည်။

“စီနီယာနဲ့ ကင်းမြီးကောက်ဂိုဏ်းက မိန်းကလေးတို့ တိုက်ခိုက်တုန်းက စီနီယာဟာ သူမရဲ့ ကြာပွတ်ကို ဓားချက် တစ်ချက်တည်းနဲ့ အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ပစ်တာကို ကျွန်တော် တွေ့ခဲ့တယ်… အဲဒီဓားကွက်ဟာ သိပ်ကို စွမ်းအားကြီးမားပြီး ကြီးစိုးမှုရှိလွန်းတာကြောင့် ကျွန်တော့် စိတ်ထဲမှာ အခုချိန်ထိ မှတ်မိနေတုန်းပဲ…”

ကျန်းချင်းရှီ က ရယ်လိုက်သည်။

“အဲဒါက ဟွမ်ယွမ်ဓား ကျင့်စဉ်ထဲမှာပါတဲ့ မူလဓားကွက်ပဲ…”

ထိုနာမည်ကို ကြားသောအခါ စွန်းယန်ဝမ် အလွန်အမင်း အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ဘာဖြစ်လို့ မူလဓားကွက် လို့ ခေါ်ရတာလဲ…”

ကျန်းချင်းရှီ က ပြုံးလိုက်သည်။

“မင်းဆီမှာ ဟူမိသားစုရဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုးနဲ့ နတ်ဆိုးသတ်ဓား ကျင့်စဉ်တွေ ပိုင်ဆိုင်ထားတယ် မဟုတ်လား… ဒါဆိုရင် သူတို့ မိသားစုရဲ့ ဓားကျင့်စဉ်ကိုကျတော့ ဘာဖြစ်လို့ မူလဓားကျင့်စဉ် လို့ မခေါ်တာလဲဆိုတာ သွားမေးကြည့်လိုက်ပါလား…”

စွန်းယန်ဝမ် ၏ သိချင်စိတ် ပြင်းပြနေသော အချက်မှာလည်း ထိုအချက်ပင် ဖြစ်သည်။

“အဲဒါက ဘာဖြစ်လို့လဲ စီနီယာ…”

ကျန်းချင်းရှီ က ပေါ့ပေါ့ပါးပါးပင် အဖြေပေးသည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ ဖုန်းဘိုးဘေးကြီးက ခွင့်မပြုလို့ပဲ…”

စွန်းယန်ဝမ် သည် မည်သို့ ပြန်ပြောလိုက်ရမည်ကိုပင် မသိတော့အောင် စကားလုံးများ ပျောက်ဆုံး သွားတော့သည်။

“ဤ ဖုန်းဘိုးဘေးကြီး သည် ဘာမို့လို ထိုကဲ့သို့ တားမြစ်ရပါသနည်း”

“ယင်းသည် မည်မျှ မောက်မာကာ အထက်စီးဆန်သော လုပ်ရပ်မျိုး ဖြစ်ပါသနည်း”

သူ့ရင်ထဲတွင် မေးခွန်းများ ပလုံစီအောင် ဖြစ်ပေါ်လာပြီး အနည်းငယ် စပ်စုလိုဟန်ဖြင့် မေးလိုက်၏။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဓားနတ်ဘုရား ဟူချင်းတိ က ဘာမှဝင်မပြောဘူးလား…”

ကျန်းချင်းရှီ က ပြောသည်။

“ဖုန်းဘိုးဘေးကြီး သက်ရှိထင်ရှား ရှိနေစဉ်တုန်းကတော့ သူက ဘာမှ မပြောခဲ့ဘူး… ဒါပေမဲ့ ဘိုးဘေးကြီး ကွယ်လွန်သွားခဲ့တဲ့ အချိန်မှာ သူက ငါတို့ရဲ့ ဂိုဏ်းချုပ်… ဆရာ့ရဲ့ အစ်ကိုကြီးဆီကို စာရေးပြီး ငါတို့ဂိုဏ်းရဲ့ ဓားကျင့်စဉ်နဲ့ သူတို့ဂိုဏ်းရဲ့ ဓားကျင့်စဉ်ကြားမှာ ပညာရပ် ဖလှယ်ဖို့ ကမ်းလှမ်းခဲ့ဖူးတယ်…”

စွန်းယန်ဝမ် က စကားထောက်ပေးသည်။

“အဲဒီတော့ ဂိုဏ်းချုပ်ကြီးက ဘယ်လို ပြန်ဖြေလိုက်လဲ…”

ကျန်းချင်းရှီ က ရယ်မောကာ ပြောသည်။

“ဂိုဏ်းချုပ်က စာနဲ့ပဲ ပြန်ပို့ပေးလိုက်တယ်…”

“ငါတို့ ကျင့်ကြံခြင်းလောကရဲ့ ဥသျှောင် ဖုန်းဘိုးဘေးကြီးဟာ တပည့်ခုနှစ်ယောက် မွေးမြူခဲ့တယ်၊ အဲဒီအထဲမှာ ဒုတိယတပည့်ကြီး တစ်ယောက်သာ ဂိုဏ်းချုပ်ကြီးအဆင့်ကို ရောက်ရှိခဲ့ပြီး ကျန်တဲ့ ငါတို့တွေကတော့ ဟိုမရောက် သည်မရောက် အလယ်အလတ် အဆင့်နဲ့ပဲ ဂိုဏ်းချုပ် အဆင့်ကို ရောက်ဖို့တောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတယ်”

“တတိယမျိုးဆက် တပည့်တွေမှာဆိုရင်တော့ အောင်မြင်မှုက သိသိသာသာကို လျော့ကျသွားပြီး အကြီးဆုံး သုံးယောက်လောက်ပဲ စိတ်အားထက်သန်စွာ ကြိုးစားခဲ့လို့ ဂိုဏ်းချုပ်အဆင့်ကို ရောက်ရှိလာခဲ့တယ်”

စွန်းယန်ဝမ် ဆက်လက် နားစွင့်နေသော်လည်း ကျန်းချင်းရှီထံမှ မည်သည့် စကားသံမျှ ထွက်ပေါ် မလာတော့သည့်အခါ သူက အလျင်စလို ထပ်မေးလိုက်ပြန်သည်။

“ပြီးတော့ကော စီနီယာ… ဘာတွေ ဆက်ဖြစ်ကုန်လဲ…”

ကျန်းယွမ်ချောင်း က ဝင်ဖြေသည်။

“မင်းဆရာရဲ့ အစ်ကိုကြီးက အဲဒီလောက်ပဲ ရေးခဲ့တာလေ… အဲဒီနောက်ပိုင်း ဟူချင်းတိ ဆီကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်တော့မှ အစဖော်လာတာမျိုး မရှိတော့ဘူး…”

“အဲဒီတုန်းကတော့ ဆောင်ယန်ဂိုဏ်း တစ်ခုလုံးဟာ ဟူချင်းတိ လာပြီးစိန်ခေါ်မှာကို လက်သီးဆုပ်ပြီး စောင့်နေခဲ့ကြတယ်… ဆရာကိုယ်တိုင်လည်း ဒီ ဓားနတ်ဘုရားဆိုတဲ့ လူရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ လပေါင်းများစွာ တံခါးပိတ်ကျင့်စဉ် ဝင်နေခဲ့တယ်…”

“ဒါပေမဲ့ ဒီကိစ္စကြီး တစ်ခုလုံးဟာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားလိမ့်မယ်လို့ ဘယ်သူကများ ထင်မှတ်ထားခဲ့မှာလဲ…”

ကျန်းချင်းရှီ က ကြားထဲမှဖြတ်ကာ ပြောလိုက်သည်။

“ဓားနတ်ဘုရား ဟူချင်းတိ ကို မတွေ့ရတာ ဆယ်စုနှစ် နှစ်ခုစာလောက်တောင် ရှိနေပြီ… အဲဒီစာကလည်း တော်တော်လေးကို မသင်္ကာစရာ ကောင်းတယ်… ဒီနှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ ဓားနတ်ဘုရား ဟူချင်းတိ အသက်ရှင်နေသေးတယ်ဆိုတဲ့ အရိပ်အယောင်ကို ပြခဲ့တာက အဲဒီအချိန်က နောက်ဆုံးပဲ…”

“ငါတို့ ဆောင်ယန်ဂိုဏ်း တစ်ခုလုံးက ဒီကိစ္စဟာ ဟူမိသားစုရဲ့ မရိုးမသား စိတ်ကူးကြောင့်ပဲ ဖြစ်ရမယ်လို့ သံသယ ရှိခဲ့တယ်… မဟုတ်လို့ရှိရင် နောက်ထပ် ဘာမှထပ်ဖြစ်မလာဘဲ လုံးဝပျောက်ကွယ်သွားစရာ အကြောင်းမှ မရှိတာ…”

စွန်းယန်ဝမ် စိတ်ထဲတွင် စဉ်းစားလိုက်မိသည်။

“တကယ်တော့ အဲဒီဓားနတ်ဘုရား ဆိုတဲ့လူက ကျန်းမာရေး ထူထူထောင်ထောင် ဆိုပေမယ့် ဆရာ့ အစ်ကိုကြီးရဲ့ စာကြောင့် ဒေါသထွက်လွန်ပြီး သေသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ…”

“ဟူး… အခုမှပဲ ငါ့ဆရာ ဘာဖြစ်လို့ လက်နက်တွေနဲ့ ငွေတစ်ပြားမှ မပါဘဲ ဒီလောက် ဒေါသတကြီး တောင်ပေါ်က ဆင်းလာရလဲဆိုတဲ့ အကြောင်းအရင်းကို နားလည်တော့တယ်…”

“ဆရာ့အစ်ကို ဆိုတဲ့လူက လူတွေကို ဒေါသထွက်အောင် လုပ်တဲ့နေရာမှာ နတ်ဘုရားတစ်ပါးလို ထူးချွန်လွန်းနေတာကို…”

ဖုန်းဘိုးဘေးကြီးသည် သူ့၏ ပညာများ အားလုံးကို တပည့်ခုနှစ်ဦးအား လက်ဆင့်ကမ်း အမွေပေးခဲ့သည်။

ထိုအထဲတွင် သူတို့၏ ဆရာသည် ဂိုဏ်းချုပ်ကြီးအဆင့်ကို ရောက်ရှိခဲ့ပြီး ကျန်ခြောက်ဦးမှာ ဂိုဏ်းချုပ် အဆင့်များ ဖြစ်နေသည်။ ထို့အပြင် တတိယမျိုးဆက်မှ စီနီယာအကျဆုံး တပည့်သုံးဦးမှာလည်း ဂိုဏ်းချုပ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

စွန်းယန်ဝမ် အနေဖြင့် ဟူမိသားစု၏ အတွင်းရေးကို မသိသော်လည်း ဆောင်ယန်ဂိုဏ်းကဲ့သို့ စွမ်းအားကြီးမားသူများ မှိုလိုပေါက်နေလိမ့်မည်ဟုတော့ လုံးဝမယုံပေ။

ဟူဖုန်းဝေ ထံတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များ ရှိနေပြီး နောင်တစ်ချိန်တွင် ဂိုဏ်းချုပ်ကြီး တစ်ဦးပင် ဖြစ်လာနိုင်သည် အရည်အချင်းကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပေလိမ့်မည်။

သို့သော် ထိုသူမှာလည်း ဆရာမိုဝူရွှယ် ၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သောကြောင့် သူ့၏ အနာဂတ် အလားအလာက မည်သည့်နေရာတွင် သွားမျှော်လင့်ရပါတော့မည်နည်း။ ထို့အပြင် ၎င်းသည် ကျန်းချင်းရှီ လောက်ပင် စွမ်းအားကြီးမားချင်မှ ကြီးမားပေးလိမ့်မည်။

စွန်းယန်ဝမ် သည် သောင်စဉ်ရေမရ အတွေးများကို စွန့်လွှတ်လိုက်ပြီး ဦးနှောက်အား မည်သည့် အလုပ်မျှ မလုပ်ခိုင်းတော့ပေ။ သူက လက်သီးဆုပ်ကာ ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်၏။

“တပည့်က ဒီနတ်ဆိုးသတ်ဓား ကျင့်စဉ်က မူလဓားကွက်ကို သင်ယူလိုပါတယ် ဆရာ…”

ကျန်းယွမ်ချောင် က ပြုံးရင်းပြောသည်။

“မင်း ဂိုဏ်းထဲကို စရောက်လာတဲ့ အချိန်ကစပြီး အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ကြိုးကြိုးစားစား ကျင့်ကြံခဲ့သလို ဟူမိသားစုရဲ့ နတ်ဆိုးသတ်ဓား ကျင့်စဉ်ကိုလည်း တစ်ပြိုင်တည်း ကျင့်ကြံထားတာကြောင့် ဓားလမ်းစဉ်ရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်က ရှိနေပြီးသားပါ…”

“ဟွမ်ယွမ်ဓားကျင့်စဉ်ရဲ့ ဒီဓားကွက်က သင်ယူဖို့ အခက်ကြီးလည်း မဟုတ်ပါဘူး… ဒါပေမဲ့ ဓားလမ်းစဉ် ဆိုတာက သူယူရလွယ်ကူပေမယ့် ကျွမ်းကျွင်းကျင်ကျင် အသုံးပြုတတ်ဖို့ ဆိုတာက သိပ်ခက်တယ်…”

“ဒီလောက် အချိန်တိုလေးအတွင်းမှာ မင်းရဲ့ ဓားပညာရပ်က အထွဋ်အထိပ်ဓားလမ်းစဉ်ရဲ့ နက်နဲ သိမ်မွေ့တဲ့ အဆင့်မျိုးကို ဘယ်လိုမှ မရောက်နိုင်ဘူး… မင်းတိုက်ခိုက်ပြီဆိုတာနဲ့ မင်းရဲ့ မူလစွမ်းရည် အတိုင်းပဲ လုပ်ဆောင်ဖို့ သတိရပါ… ဘယ်တော့မှ အတင်းအကျပ် ကြိုးစားတာမျိုး မလုပ်ပါနဲ့…”

ကျန်းချင်းရှီ ကလည်း ဖြည့်စွက်ကာ ပြောသည်။

“ဒုတိယညီလေးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ အချိန် သိပ်တိုတောင်းသေးတယ် ဆိုပေမယ့် ငါးနှစ်အောက် ကျင့်ကြံထားကြတဲ့ ဒီတပည့်တွေထဲမှာ သူ့ထက်သာတဲ့သူ အများကြီး ရှိနေမယ်ဆိုတာ တပည့် လုံးဝ မယုံပါဘူး…”

ကျန်းယွမ်ချောင် က အသာအယာပြုံးလိုက်ပြီး ပြောသည်။

“အခွင့်အရေး နည်းနည်းမှ မရှိဘဲနဲ့တော့ ငါလည်း ယန်ဝမ် ကို ဒီအတိုင်း လွှတ်ပေးပါ့မလား…”

“မင်းရဲ့ အစ်ကိုကြီးက ခရီးရှည်ကြီးတစ်ခုကို သွားရတော့မယ်… ဒီရက်ပိုင်းအတွင်းမှာ မင်းရဲ့ လုပ်စရာ ကိစ္စတွေ အကုန်လုံးကို ဘေးဖယ်ထားပြီး ငါနဲ့အတူတူ တံခါးပိတ်ကျင့်စဉ် ဝင်ရမယ်…”

All Chapters