← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

“အထွဋ်အထိပ် ကျင့်ကြံသူ ဟူသည်”

ဦးခေါင်းနှစ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံများ ထွက်ပေါ်လာပြီး တုဝမ်လီ နှင့် တုချန်ရှင်း တို့ ညီအစ်ကိုနှစ်ဦး၏ အသက်မဲ့နေသော ခန္ဓာကိုယ်များက မြေပြင်ပေါ်ကို တအိအိ ပြိုလဲကျ သွားသည်။

အပြာရောင်ဝတ်ရုံနှင့် အမျိုးသားသည် ပိုးသားဖြင့် ရက်လုပ်ထားသော လက်ကိုင်ပုဝါ တစ်ထည်ကို ယူလိုက်ပြီး သွေးများ စွန်းနေသော လက်ကို အသာအယာ သုတ်လိုက်သည်။ သူက အေးစက်စွာ ရယ်မောရင်း စကားတစ်ခွန်း ပြောဆိုရန်ပင် မထိုက်တန်သလို ပြုမူလိုက်၏။

သာမန် ဂိုဏ်းသားအဆင့်မျှသာရှိသော ထိုနှစ်ယောက်က သူ့ပြိုင်ဘက် ဖြစ်လာစရာ မည်သည့် အကြောင်းမျှမရှိပေ။ ထို့အပြင် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် လုံးဝသေသင့်သည်။

သူသည် အလွန်ဝေးကွာသော အရပ်တစ်ခုဆီသို့ လှမ်းကြည့်လိုက်ပြီး ထိုဦးတည်ချက်က တိုင်ရီကျောင်းတော် တည်ရှိသော နေရာဖြစ်သည်။ ထို့နောက် အရေးမစိုက်စွာ ပြောလိုက်၏။

“ဒီ စက်ဆုပ်ဖို့ကောင်းတဲ့ အရာနှစ်ခုကို သေတ္တာထဲ ထည့်ထားလိုက်… ပြီးတော့ လက်ဆောင်ပဏ္ဍာတွေ ပြင်ဆင်ထားပါ…”

“ဂိုဏ်းချုပ်ကြီးကျန်း ကိုယ်တိုင်ရှိနေတာကို ငါတို့က ဘယ်လိုလုပ်ပြီး မလေးမစား သွားလုပ်လို့ ဖြစ်မှာလဲ…”

နံနက်ပိုင်းတွင် စွန်းယန်ဝမ် သည် သူ့၏ ချီနှင့်သွေးစွမ်းအင်ကို အပြည့်အဝ လှည့်ပတ်နိုင်စေရန် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ဦးစွာ လေ့ကျင့်ပြီးမှ သူတပည့်နှစ်ဦးကို အကဲခတ်လိုက်သည်။ သူ့ဆရာ၏ လှမ်းခေါ်သံကို ကြားပြီးနောက် လင်ကျင်း နှင့် ကျန်းဖန်အာ တို့ကို မနက်စာစားရန် သွားခေါ်တော့မည့် အချိန်တွင် ကျောင်းဝန်း အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“အင်ပါယာနန်းတော် ကျားအစောင့်တပ်က စစ်သူကြီး ဝေချီဝူကုန်း… ကျန်းနတ်ဘုရားကို ဂါရဝပြုဖို့ ရောက်ရှိလာပါတယ်…”

စွန်းယန်ဝမ် သည် သူ့တပည့်လေး နှစ်ဦး၏ ပခုံးများကို ပုတ်လိုက်ပြီး အလျင်စလို မှာလိုက်သည်။

“မီးဖိုချောင်ကနေ မနက်စာသွားယူပြီး အနောက်ဘက် အဆောင်မှာပဲနေကြ… လူအာရုံစိုက်ခံရအောင် မလုပ်ကြနဲ့…”

သူကိုယ်တိုင်က တံခါးဝဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ကျောင်းဝန်း အပြင်ဘက်တွင် အပြာရောင် ဝတ်ရုံနှင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုသူ၏ ပုံပန်းသဏ္ဍာန်သည် လွန်စွာဩဇာအာဏာ ကြီးမားပုံပေါ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အင်ပါယာ၏ စည်းမျဉ်း စည်းကမ်းများက အထင်းသား ပေါ်လွင်နေခဲ့သည်။ သူ့၏ နောက်တွင် သေတ္တာပေါင်း များစွာကို သယ်ဆောင်လာသော လူတစ်ဒါဇင်ကျော်ခန့် ရှိနေပြီး အကုန်လုံးက အင်ပါယာတပ်ဖွဲ့မှ လူများ ဖြစ်ပုံရသည်။ စွန်းယန်ဝမ် သည် လက်သီးနှစ်ဖက်ကို ဆုပ်ကာ အလျင်အမြန် ပြောဆိုလိုက်၏။

“ကျုပ်က တိုင်ရီကျောင်းတော်ရဲ့ ဒုတိယတပည့် စွန်းယန်ဝမ် ပါ… ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး အထဲကို အရင်ဆုံး ဝင်ခဲ့ကြပါ…”

စွန်းယန်ဝမ် သည် ဤလောကမှ ကျင့်ကြံသူများနှင့် အင်ပါယာ နန်းတော်တို့ကြားမှ ဆက်ဆံရေးကို လုံးဝ မသိပေ။

ထို့ကြောင့် သူ့၏ ပုံစံသည် အောက်ကျို့ခြင်း မဟုတ်သလို၊ မောက်မာခြင်းလည်း မရှိဘဲ လောကကြီးနှင့် အဆက်အသွယ် ပြတ်နေသော ဆရာ၏ တပည့်တစ်ဦး ပီသစွာ အနည်းငယ် အရိုင်းဆန်ပြီး ထိန်းချုပ်ထားခြင်း မရှိသော လွတ်လပ်ပွင့်လင်းမှုမျိုး ပေါ်လွင်နေသည်။

ဝေချီဝူကုန်း က အနည်းငယ် ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်ရင်း သူ့လူများကို ဦးဆောင်ကာ ကျောင်းဝန်းအတွင်းသို့ ဝင်ရောက်လာသည်။

စွန်းယန်ဝမ် ကို အံ့အားသင့်စေသည့် အချက်က သူ့ဆရာ ကျန်းယွမ်ချောင် ကိုယ်တိုင် ထွက်ပေါ်လာခြင်း မရှိဘဲ ကျန်းချင်းရှီ သာ ထွက်လာခြင်း ဖြစ်သည်။ ဝေချီဝူကုန်း ကို မြင်သောအခါ ကျန်းချင်းရှီ က ပေါ့ပါးစွာ မေးလိုက်သည်။

“ကျားအစောင့်တပ်က စစ်သူကြီး ဝေချီဝူကုန်း ပဲ… ဘာကိစ္စများရှိလို့ ကျုပ်တို့ရဲ့ သေးငယ်တဲ့ နေရာလေးကို ရောက်ရှိလာတာပါလဲ…”

ဝေချီဝူကုန်း က အလွန်ရိုသေလေးစားသည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်။

“ကင်းမြီးကောက်ဂိုဏ်းက တုဝမ်လီ နဲ့ တုချန်ရှင်း တို့ ညီအစ်ကိုနှစ်ယောက်က အပြစ်မဲ့သူတွေကို လိုက်လံသတ်ဖြတ်ခဲ့ပါတယ်… ကျွန်တော်က ဖြတ်သွားရင်း ဒီမတရားမှုကို လက်မခံနိုင်တာကြောင့် သူတို့နှစ်ယောက်စလုံးကို သတ်ပစ်လိုက်တယ်… သူတို့ရဲ့ ခေါင်းတွေကိုလည်း ကိုယ်တော်တို့ စစ်ဆေးကြည့်ရှုနိုင်ဖို့အတွက် တစ်ပါတည်း ယူဆောင်လာခဲ့ပါတယ်…”

“ကျန်းနတ်ဘုရားက ဒီနေရာမှာ နေထိုင်တယ်ဆိုတာကို သိခဲ့ရတဲ့အတွက် သေနာပတိမိုက ကျွန်တော်တို့ကို အထူးစေလွှတ်ပြီး လက်ဆောင်ပဏ္ဍာတွေ ပေးပို့ခိုင်းခဲ့တာပါ… ကိုယ်တော့်ဆီမှာ နောက်ထပ် မေးမြန်းစရာ တစ်စုံတစ်ရာ မရှိဘူးဆိုရင် ကျွန်တော် ဝေချီဝူကုန်း ပြန်ဖို့အတွက် တောင်းဆိုပါတယ်…”

ထိုသူသည် ကျောက်တိုင်ကြီး တစ်ခုကဲ့သို့ မားမားမတ်မတ်နှင့် တည်ငြိမ်နေသော်လည်း စွန်းယန်ဝမ် ပင်လျှင် ဤစစ်သူကြီး ဆိုသူမှာ အလွန်သတိကြီးစွာ ထားနေပြီး ဤနေရာမှ အလျင်အမြန် ထွက်ခွာ ချင်နေသည်ကို သတိပြုမိသည်။

ကျန်းယွမ်ချောင် သည် လုံးဝထွက်လာခြင်း မရှိပေ။ ပထမတပည့်သာ နှုတ်ဆက်ရန် ထွက်လာခဲ့ပြီး အမူအရာက အေးစက်လျက်ရှိသည်။

သို့သော် ဝေချီဝူကုန်း ထံတွင် မကျေနပ်သည့် အမူအရာမျိုး တစ်စွန်းတစ်စမျှ မမြင်တွေ့ရဘဲ ထိုအစား သူ့မျက်နှာထက်တွင် စိုးရိမ်ပူပန်ဟန်များသာ အထင်းသား ဖြစ်ပေါ်နေခဲ့သည်။

ထိုအခါကျမှသာ စွန်းယန်ဝမ် သည် ဤလောက၏ အထွဋ်အထိပ် ကျင့်ကြံသူတစ်ဦး၏ ဖြစ်တည်မှု ဆိုသည်မှာ မည်ကဲ့သို့ အခြေအနေမျိုးရှိကြောင်း အမှန်တကယ် နားလည်ခဲ့ရသည်။ သူသည် တစ်စုံတစ်ခုကိုလည်း သတိပြုမိလိုက်၏။

“ဒီလူရဲ့ စကားတွေက ရှေ့နောက်မညီတော့ တော်တော်လေး နားလည်ရခက်တယ်… ပထမတစ်ခါ ပြောတုန်းက ဖြတ်သွားတယ်လို့ ပြောပြီး… နောက်တစ်ခါကျတော့ လက်ဆောင်ပဏ္ဍာတွေ ပို့ဖို့လို့ပြောတယ်… ဆရာ့ရဲ့ အရှိန်အဝါက တကယ်ပဲ အဲဒီလောက်တောင် ကြီးမားနေတာလား…”

ကျန်းချင်းရှီ က မေးလိုက်သည်။

“စစ်သူကြီး ယီချီ ကို အမှတ်မထင် ရင်းနှီးနေသလိုမျိုး ခံစားရတယ်… ဒီရိုးရှင်းတဲ့ ဘုန်းတော်ကြီးကို စစ်သူကြီး မှတ်မိတာမျိုး ရှိလား…”

ယီချီဝူကုန်း က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ယုယန်စီရင်စု အုပ်ချုပ်ရေးမှူးရဲ့ ဧည့်ခံပွဲမှာ ကျွန်တော် ကိုယ်တော်နဲ့ တစ်ကြိမ် ဆုံခဲ့ဖူးပါတယ်… အဲဒီတုန်းက ကိုယ်တော်ဟာ ဂုဏ်သိက္ခာ ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်တဲ့ အိန္ဒြေသိက္ခာမျိုးနဲ့ ရောက်လာတာကို မြင်ခဲ့ရတာပါ…”

“ထိုက်ကန်တော် ခိုးသားစခန်းရဲ့ ခေါင်းဆောင် ချီနန်ကျုံး ဟာ လက်ထပ်ပြီးကာစ ဇနီးမောင်နှံထဲက ဇနီးဖြစ်သူကို သူ့အငယ်အနှောင်း လုပ်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ပြီး ခင်ပွန်းသည်ကို သွေးအန်တဲ့ အထိ ရိုက်နှက်နှိပ်စက်ခဲ့တယ်…”

“အသက်ရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ နှစ်ဖက်မိဘနဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်… ဒီလို လူ့ကျင့်ဝတ်ကို ဖောက်ဖျက်နေတဲ့ တိရစ္ဆာန်ကောင်ကို ကိုယ်တော်က ဓားချက် တစ်ချက်နဲ့တင် သတ်ဖြတ်ပစ်ခဲ့တယ်…”

“အဲဒီတုန်းက ကိုယ်တော့်ရဲ့ ပုံစံဟာ တကယ့်နတ်ဘုရား တစ်ပါးလို ဖြစ်နေခဲ့တာမိုလို့ ကျွန်တော် လုံးဝ မေ့နိုင်စရာ မရှိခဲ့ပါဘူး…”

ကျန်းချင်းရှီ က တဟဲဟဲ ရယ်မောလိုက်ပြီး ပြောသည်။

“ပစ္စည်းတွေကို ချထားခဲ့လိုက်ပါ…”

ဝေချီဝူကုန်း သည် ချက်ခြင်းပင် လက်ကိုဝှေ့ရမ်းလိုက်ပြီး သူ့လူများကို အမိန့်ပေးကာ ပစ္စည်းများအား ကျောင်းတော်အတွင်းသို့ ပို့ဆောင်ခိုင်းလိုက်၏။ ထို့နောက် ကျန်းချင်းရှီ ကို အရိုအသေပေးလိုက်ပြီး ထွက်မပြေးရုံတမယ် ခြေလှမ်းကျဲကြီးများဖြင့် ကျောင်းဝန်းအတွင်းမှ ခပ်သုတ်သုတ် ပြန်ထွက် သွားကြသည်။

စွန်းယန်ဝမ် အလွန်စိတ်ဝင်စားသွား၏။

“စီနီယာချင်းရှီ… အဲဒီ ယုယန်စီရင်စု အုပ်ချုပ်ရေးမှူးရဲ့ ဧည့်ခံပွဲမှာ တကယ်ပဲ ဘာတွေများ ဖြစ်ပျက်ခဲ့ကြတာလဲ…”

ကျန်းချင်းရှီ က ခေတ္တခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါက တော်တော်ကြီးကို ကြာခဲ့ပါပြီ… ငါ သိပ်တောင် မမှတ်မိတော့ဘူး…”

စွန်းယန်ဝမ် သည် ထိုကိစ္စကို ရုပ်လုံးဖော်ရင်း စိတ်ထဲတွင်လည်း တွေးနေမိသည်။

“ဒီ ကျားအစောင့်တပ်က စစ်သူကြီး က စီနီယာ ချင်းရှီ ကို ကြောက်နေတာများလား…”

သူ ဤလောကသို့ ရောက်ရှိလာချိန်က များစွာ ကြာမြင့်ခြင်း မရှိသေးသောကြောင့် ကျင့်ကြံခြင်း လမ်းစဉ်၏ ဆောင်ရန်၊ ရှောင်ရန် အချက်များကို များများစားစား သိရှိခြင်း မရှိပေ။ ကျန်းချင်းရှီ အပေါ် သူ့ထင်မြင်ချက်က လွန်စွာရိုးစင်းသည်။

သူသည် ပေါ့ပေါ့ပါးပါး နေထိုင်တတ်သော ယဉ်ကျေးသိမ်မွေ့သူ တစ်ဦး၊ ဘုန်းတော်ကြီး တစ်ပါးထက် ပိုမိုချောမောခန့်ညားသော တော်ဝင်မင်းသား တစ်ပါးနှင့်သာ ပို၍ ဆင်တူသည်ဟု ထင်သည်။

သို့သော် ကျန်းချင်းရှီ ၏ လုပ်ဆောင်ချက် နှစ်ကြိမ်ခန့်ကို မြင်တွေ့ခဲ့ပြီးနောက် စွန်းယန်ဝမ် ၏ သူ့အပေါ်ထားသော အထင်အမြင်ကလည်း တက်တက်စင်အောင် ပြောင်းလဲသွားခဲ့ရသည်။ သူသည် ကျန်းချင်းရှီ ကို မျောက်တစ်ကောင်ကဲ့သို့ပင် စတင်ထင်မြင်လာမိသည်။ (စွန်းဝူခုန်းကို သွားမြင်ပြီ ထင်တယ်)

အမှန်တကယ်ပင် အတော်လေး ကြီးမားသော မျောက်တစ်ကောင် ဖြစ်ပေလိမ့်မည်။

ဝေချီဝူကုန်း သည် တိုင်ရီကျောင်းတော်မှ အလျင်အမြန် ထွက်ခွာလာပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိသည်။

ဤသူသည် ကင်းမြီးကောက်ဂိုဏ်း၏ ဂိုဏ်းချုပ်များ ဖြစ်သော တုဝမ်လီ၊ တုချန်ရှင်း ညီအစ်ကို ဖြစ်စေ အင်ပါယာ ကျားအစောင့် တပ်၏ စစ်သူကြီးရာထူး ရထားသော စွမ်းအားကြီးသူ မည်သူမဆိုကို ဖြစ်စေ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်ကို မြင်တွေ့ခဲ့ရသောကြောင့် သူ့ကိုယ်သူ သေဘေးမှ လက်မတင်ကလေး လွတ်မြောက်လာသည်ဟု ခံစားလိုက်မိသည်။

သူက အသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“ဒီကိုယ်တော်လေးက အထွဋ်အထိပ် ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ရဲ့ တပည့်ဖြစ်နေမှတော့ ဒီလောက် ကြောက်ဖို့ကောင်းနေတာ သိပ်တော့ အထူးအဆန်း မဟုတ်ပါဘူး…”

အခြေအနေများကို သုံးသပ်ရင်း သူသည် လွန်ခဲ့သော ကာလများမှ အကြောင်းများကို ပြန်စဉ်းစား နေမိသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ယုယန်စီရင်စု အုပ်ချုပ်ရေးမှူးသည် သူ့ဖခင်၏ မွေးနေ့အတွက် ဧည့်ခံပွဲ တစ်ခုကို ကျင်းပခဲ့သည်။ ဆောင်အန်းပြည်နယ်၏ ထိပ်သီးကျင့်ကြံသူ လေးဦးအနက်မှ တစ်ဦး ဖြစ်သော ယွမ်ရှန်ရှု ကိုလည်း ဧည့်ခံပွဲသို့ ဖိတ်ကြားခဲ့သည်။

၎င်း၏ တည်ရှိမှုကြောင့် ပြည်နယ်တစ်ခုလုံးမှ ကျင့်ကြံသူ ရာပေါင်းများစွာသည် ဧည့်ခံပွဲသို့ ရောက်ရှိ လာခဲ့ကြပြီး အမှန်ပင် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ဖြစ်ခဲ့သည်။

ပေယန်ပြည်နယ်မှ နာမည်ကြီး ကျင့်ကြံသူဖြစ်သော ရှန်ဟန် သည် ဤပွဲတွင် သူ့၏ ဓားစွမ်းရည်အား တစ်လောကလုံးကို ချပြရန် ရည်ရွယ်ချက်ဖြင့် ဧည့်ခံပွဲသို့ ရောက်ရှိလာခဲ့ပြီး ဤလောက၏ နာမည်ကြီး ကျင့်ကြံသူ ခုနှစ်ဦးကို လူသိရှင်ကြား စိန်ခေါ်ခဲ့သည်။

ထိုစဉ်က ရှန်ဟန် သည် ပြိုင်ဘက်ငါးဦးကို ဆက်တိုက် အနိုင်ယူခဲ့ပြီး ထိုသူများ အားလုံးကလည်း ကျင့်ကြံခြင်း လောကတွင် အထိုက်အလျောက် နာမည်ကျော်ကြားသူများ ဖြစ်သည်။

သူသည် မြောက်ပိုင်းနန်ရှား၏ ထိပ်သီးဓားပါရမီရှင် စွန်းရွယ်အာ ကို စိန်ခေါ်တော့မည့် အချိန်တွင် ရုတ်တရက် အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

ယင်းက ဧည့်ခံပွဲသို့ ထိုက်ကန်တော် ခိုးသားစခန်း ခေါင်းဆောင် ချီနန်ကျုံး ရောက်ရှိနေကြောင်း ကျန်းချင်းရှီ သိရှိသွားခဲ့ခြင်း ဖြစ်သည်။

ယီချီဝူကုန်း ၏ မြင်ကွင်းထဲတွင် ထိုစဉ်က ပုံရိပ်များ တထပ်ထပ် ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။

ယုယန်စီရင်စု အုပ်ချုပ်ရေးမှူးသည် ဖခင်၏ မွေးနေ့ပွဲ ပြီးဆုံးသည့် အချိန်အထိ တိုက်ခိုက် သတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် အထူးမေတ္တာရပ်ခံခဲ့ပုံကို အမှတ်ရနေမိသည်။

သို့သော် ကျန်းချင်းရှီ မှာ ထိုတောင်းဆိုမှုကို အနည်းငယ်မျှ ဂရုစိုက်ခဲ့ခြင်း မရှိပေ။ သူသည် ဧည့်ခံပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၏ အမျက်ဒေါသကို ထိပ်တိုက်ရင်ဆိုင်ကာ ဒါဇင်နှင့် ချီသော တိုက်ခိုက်မှုများကြားမှ ချီနန်းကျုံး ၏ ဦးခေါင်းကို ဓားချက်တစ်ချက်ဖြင့် ဖြတ်တောက် ပစ်ခဲ့သည်။

ရှန်ဟန် စိန်ခေါ်ခဲ့သည့် ကျင့်ကြံသူ ခုနှစ်ဦးအနက် ငါးဦးသည် ချီနန်းကျုံး ဘက်မှ ဝင်ရောက်တိုက်ခိုက် ပေးခဲ့သော်လည်း နှစ်ဦးသည် ကြေကွဲဖွယ် ရလဒ်ဖြင့် အဆုံးသတ်သွားခဲ့သည်။ အခြားတစ်ဦးသည် မသေရုံတမယ် အပြင်းအထန် ဒဏ်ရာရသွားပြီး ကျန်းချင်းရှီ ၏ သနားညှာတာမှုကြောင့် ဒုက္ခိတဘဝသို့ ကူးပြောင်းသွားခဲ့သည်။

ရှန်ဟန် နှင့် စွန်းရွယ်အာ တို့မှာမူ ထိုတိုက်ပွဲအတွင်းသို့ အနည်းငယ်မျှ ဝင်ရောက်စွက်ဖက်ရဲခြင်း မရှိပေ။ သူ့ရန်သူများကို သတ်ဖြတ်ပြီးနောက် ကျန်းချင်းရှီ သည် ထိုင်ခုံတစ်လုံးအား ကန်ထုတ် ပစ်လိုက်ပြီး စားပွဲပေါ်သို့ ဓားကို ပစ်တင်ကာ နောက်ထပ် ရှေ့ထွက် တိုက်ခိုက်လာမည့် သူကို တိုက်ရိုက် စိန်ခေါ်လိုက်သည်။

သို့သော် ရာပေါင်းများစွာ ရှိနေခဲ့သော ကျင့်ကြံသူများနှင့် သူရဲကောင်းစစ်သည်တော်များ အတွင်းမှ မည်သူတစ်ဦး တစ်ယောက်ဆီကမျှ အသံ ထွက်ပေါ်မလာခဲ့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရသည်အထိ တိတ်ဆိတ် သွားခဲ့သည်။

ကျန်းချင်းရှီ သည် ယုယန်စီရင်စု အုပ်ချုပ်ရေးမှူးကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး ပြောဆိုခဲ့သည်။

“ဒီနေ့က မင်းအဖေရဲ့ မွေးနေ့ပွဲ ဖြစ်နေလို့ မင်းတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် မင်းအသက်ကို ငါ ချမ်းသာပေးလိုက်မယ်… ဒါပေမဲ့ ဒီလို ခမ်းနားပြောင်မြောက်တဲ့ ပွဲမျိုး ထပ်လုပ်ပြီး သောက်ရှက်မရှိတဲ့ လူယုတ်မာတွေကို မင်းအိမ်ရဲ့ အရေးကြီး ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်နေဦးမယ် ဆိုရင်တော့ ငါ မင်းကို နားလည်အောင် လုပ်ပေးဖို့ ငဲ့ညှာနေမှာ မဟုတ်တော့ဘူး…”

“အပြစ်မရှိတဲ့လူတွေ ပူဆွေးသောက ရောက်နေရတဲ့အချိန်မှာ မင်းတို့က ဘယ်လို မျက်ခွက်မျိုးတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ရဲနေကြတာလဲ…”

ထိုစဉ်က ယီချီဝူကုန်း သည် တရားမျှတခြင်းဆိုသည့်‌ ခေါင်းစဉ်အောက်မှ ဖြစ်ပေါ်လာသော ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး ယုယန်စီရင်စီ အုပ်ချုပ်ရေးမှူးဘက်မှ ကာကွယ်ရန် အသင့်ရှိနေ ခဲ့သည်။

သို့သော် သူသည် သူ့၏ အသက်ထက်ပင် ပိုမိုယုံကြည်ရသော သံမဏိကြိမ်လုံး လက်နက်ကို ဆုပ်ကိုင်လိုက်စဉ် သူ့ထက် ကျင့်ကြံမှုအဆင့် များစွာမြင့်သော ချီနန်ကျုံး ၏ ဦးခေါင်းမှာ လေပေါ်သို့ မြောက်တက်သွားသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။

ထိုမြင်ကွင်းမှ ဖြစ်ပေါ်လာသော ကျန်းချင်းရှီ အပေါ် ကြောက်ရွံ့စိတ်သည် ယနေ့အထိ သူ့ရင်ထဲတွင် ကိန်းအောင်းနေခဲ့သည်။

ယခု သူသည် တိုင်ရီကျောင်းတော်တွင် ကျန်းချင်းရှီ နှင့် ပြန်လည်ဆုံတွေ့ရမည်ဟု လုံးဝ မျှော်လင့် ထားခဲ့ခြင်း မရှိပေ။

သူ့၏ရင်သည် လုံးဝဟာလာဟင်းလင်း ဖြစ်သွားပြီး ဂိုဏ်းချုပ်ကြီး တစ်ဖြစ်လည်း ကျန်းနတ်ဘုရားကို တွေ့ဆုံရခြင်း၏ ခက်ခဲမှု အဓိပ္ပာယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် သဘောပေါက် နားလည်လာခဲ့သည်။

ကျန်းယွမ်ချောင် ၏ တပည့်သည်ပင် ဤမျှလောက် စွမ်းအားကြီးနေသည် ဆိုလျှင် ဆရာဖြစ်သူ ကိုယ်တိုင် ထွက်ပေါ်လာမည်ဆိုပါက အခြေအနေသည် မည်သို့ ဖြစ်သွားပါမည်နည်း။

ထိုအချိန်တွင် စွန်းယန်ဝမ် သည် သေတ္တာများအား တစ်လုံးချင်း စတင်ဖွင့်လှစ်လိုက်သည်။

သူ့၏ ကံသည် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ပထမဆုံး ဖွင့်လိုက်သည့် သေတ္တာ အတွင်းမှာပင် ဦးခေါင်းပြတ် နှစ်လုံးနှင့် ပက်ပင်းတွေ့ဆုံခဲ့သည်။

သူသည် သတ်ဖြတ်မှုများကို ကိုယ်တိုင်ပြုလုပ်ခဲ့ဖူးသူ ဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်သောအခါ မည်သို့မျှ သည်းခံနိုင်စွမ်း မရှိတော့ဘဲ တဝေါ့ဝေါ့ ထိုးအန်ချလိုက်မိ၏။

ကျန်းချင်းရှီ ထံမှ နှစ်သိမ့်စကားသံ အချို့နှင့် ရေအေးများ နှစ်ခွက်သုံးခွက် ဆင့်သောက်ပြီးမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျန်ရှိသော သေတ္တာများအပေါ် သူ့၏ စိတ်ဝင်စားမှုက လုံးဝ ဗလာနတ္ထိ ဖြစ်သွား၏။ သူသည် နံနက်စာ နှင့် နေ့လယ်စာကိုပင် လုံးဝမေ့လိုက်ပြီး ထိုအစား အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ကို အကြိမ်မည်မျှ လေ့ကျင့်ခဲ့သည် ဆိုသည်ကိုပင် မမှတ်မိတော့ပေ။ ညစာရောက်မှသာ တို့ကနန်း ဆိတ်ကနန်း စားနိုင်ခဲ့သည်။

သူ့အား နားမလည်နိုင်ဆုံး အချက်မှာ ယခင်က သတ်ဖြတ်မှုများ ပြုလုပ်ဖူးပါလျက် ဤဦးခေါင်းပြတ်များကို မြင်မှ အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရသည် ဆိုသည့် အချက် ဖြစ်သည်။

သူ့နှလုံးသားသည် အတော်လေး ထိလွယ်ရှလွယ် အခြေအနေတွင် ရှိနေသေးပြီး ပျက်စီးလွယ်သော လူတစ်ဦး အခြေအနေတွင်သာ ရှိသေးကြောင်း သူကိုယ်သူ ဝန်မခံချင်သော်လည်း ဝန်ခံလိုက်ရသည်။

All Chapters