← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

“ကျင့်ကြံခြင်း အဆင့်ကိုးဆင့်”

ကျန်းချင်းရှီ မှာ စွန်းယန်ဝမ် အတွက် အနည်းငယ် စိတ်မသက်မသာ ခံစားမိပြီး လင်ကျင်းနှင့် ကျန်းဖန်အာ တို့ကို ခေါ်ဆောင်ကာ ဦးခေါင်းပြတ်များအား မြေမြှုပ်ရန် ထွက်သွားကြသည်။

ထိုဦးခေါင်းနှစ်လုံးမှာ မြို့ငယ်လေးမှ လူများအား သတ်ဖြတ်ခဲ့သူများဖြစ်ကြောင်း သိလိုက်ရသောအခါ ကလေးနှစ်ဦးစလုံး၏ မျက်နှာများသည် ဒေါသကြောင့် ချက်ခြင်းပင် နီရဲတွတ်လာကြသည်။

သူတို့သည် လက်နက်များဖြင့် ဦးခေါင်းတစ်လုံးစီကို အကြိမ်ပေါင်းများစွာ ခုတ်ထစ်ကာ တစ်စစီ ကွဲကြေသည် အထိ ထုချေပစ်ကြသည်။ ထို့နောက် တစ်စစီ ဖြစ်သွားသော အစိတ်အပိုင်းများပေါ်သို့ သေးများဖြင့် တဗြန်းဗြန်း ပန်းလိုက်ကြ၏။

နောက်တစ်နေ့ ရောက်သောအခါ စွန်းယန်ဝမ် လုံးဝ ထူထူထောင်ထောင် ဖြစ်သွားသည်။ ကောင်းကင်မြွေဂိုဏ်းမှ ခေါ်ဆောင်လာသော အလုပ်သမားများသည် နေရာ အတော်တော်များများကို ရှင်းလင်းပြီး ဖြစ်သောကြောင့် သူ့၏ တပည့်နှစ်ဦးအား အခြားအခန်း တစ်ခုစီတွင် နေရာချပေး ထားခဲ့ရာ တိတ်ဆိတ်ငြိမ်သက်မှုကို ပြန်ရလာခဲ့သည်။

ကျင့်ကြံသူများ မှိုလိုပေါက်နေသည့် ဤလောကနှင့် သူ တဖြည်းဖြည်း ယဉ်ပါးစပြုလာပြီ ဖြစ်သည်။ သာမန်နေ့ရက်များသည် အေးချမ်းစွာဖြင့် ကုန်ဆုံးသွားသော်လည်း ကျင့်ကြံသူများ ထွက်ပေါ်လာသည့် အချိန်တိုင်း သွေးချောင်းစီး သတ်ဖြတ်မှုများ မလွဲမသွေ ဖြစ်ပေါ်လေ့ရှိသည်က ဤလောက၏ အထာတစ်ခုပင် ဖြစ်ချေသည်။

ဝေချီဝူကုန်း ထွက်သွားပြီးနောက် တိုင်ရီကျောင်းတော်သည် ယာယီငြိမ်းချမ်းသော တည်ငြိမ်မှုကို ပြန်လည် ရရှိခဲ့သည်။

သို့သော် များမကြာမီ ကျောင်းတော်မှ ပြန်ထွက်သွားပြီး ကင်းမြီးကောက်ဂိုဏ်းဝင် ရာပေါင်းများစွာနှင့် အတူ ပြန်ရောက်လာသော လျိုချင်ရှန်း တို့ သားအဖသည် ထိုမြို့ငယ်လေးတွင် အခြေချကာ ပုန်းအောင်း နေထိုင်ခဲ့ကြသည်။

အားသာချက် တစ်ခုအနေဖြင့် အလုပ်သမားဦးရေ တိုးပွားလာခြင်း ဖြစ်ပြီး ကျောင်းတော် ပြုပြင် တည်ဆောက်ရေး လုပ်ငန်းကလည်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကျန်းယွမ်ချောင် နှင့် ကျန်းချင်းရှီ တို့၌ ဆောက်လုပ်ရေးနှင့် ပတ်သက်သော အတွေ့အကြုံ ဗဟုသုတ အနည်းငယ်မျှ မရှိပေ။ စွန်းယန်ဝမ် သည်လည်း ထိုနည်းတူစွာ ကျွမ်းကျင်မှု မရှိသည့်တိုင် ယခင်ကမ္ဘာ၌ ဦးလေးရှောင်အိုက် ကဲ့သို့သော တန်ဖိုးကြီးမားသည့် အိမ်ပိုင်ရှင်များ၏ ဩဇာလွှမ်းမိုးနိုင်စွမ်းကို အလွန်အမင်း အားကျခဲ့ဖူးသည်။

ထို့အပြင် ကမ္ဘာပေါ်တွင် အလှပဆုံး နေအိမ်များကို ပြသသည့် ရုပ်သံဗွီဒီယိုပေါင်း များစွာကိုလည်း မြင်တွေ့ခဲ့ဖူးသည်။ ထိုပုံစံများအတိုင်း အတိအကျ ပုံတူကူးယူနိုင်စွမ်း မရှိသည့်တိုင် သူ့တွင် ထူးခြားသည့် စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေခဲ့ရာ ပြန်လည်တည်ဆောက်မှု အပိုင်းကို သူက တာဝန်ယူလိုက်သည်။

သူ့၏ စေခိုင်းမှုအောက်တွင် အခမဲ့လုပ်သားအင်အားများ ရှိနေခဲ့ပြီး လိုက်နာမှု အားကောင်းသော သက်သေအဖြစ် တိုင်ရီကျောင်းတော်သည် ထူးခြားသော ဟန်တစ်ခုဖြင့် ပြန်လည် ဖြစ်တည် လာခဲ့သည်။

စွန်းယန်ဝမ် သည် ထိုလုပ်သားများ အင်အားဖြင့် ဆယ်ကျိုးကျော်မြင့်သော (၁ ကျိုးလျှင် ၃.၃ မီတာ၊ သို့မဟုတ် ၁၁ ပေခန့်၊ ဆယ်ထပ်တိုက်လောက် ရှိမည်ဟုထင်ပါသည်) ကျောက်တုံးတံတိုင်း မျှော်စင်များနှင့် အပူဇော်ခံ နေရာများ ဆောက်လုပ်ခဲ့သည်။

မျှော်စင်သည် လေးဘက်လေးတန် သစ်သားတိုင်ကြီးများ စိုက်ထူကာ လင့်စင်သဏ္ဍာန် ပြုလုပ်ထားပြီး အပေါ်တွင် အမိုးများ အုပ်မိုးထားသည်။ ယင်းက သူ့၏ ထူးခြားသော စိတ်ကူးစိတ်သန်း တစ်ခုလည်း ဖြစ်သည်။

ယခင်ကမ္ဘာတွင် ရှိစဉ်က သူ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ကြည့်ခဲ့ဖူးသည်။ ထိုရုပ်ရှင်သည် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ခံခဲ့ရသော်လည်း ဇာတ်လမ်းထဲတွင် ပါဝင်သော လူဆိုးသည် ထိုကဲ့သို့ အဆောက်အဦမျိုးပေါ်တွင် ထိုင်ကာ သူ့၏ တပည့်များအား မကောင်းမှုများ ပြုလုပ်ရန် ညွှန်ကြား နေခဲ့သည်။

သူ့အနေဖြင့် ထိုသို့သော ဗိသုကာ လက်ရာကို အတော်လေး ကြီးကျယ်ခမ်းနားသည်ဟု ထင်မြင်ခဲ့မိသည်။ အလွန်လှပသော ရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်သလို စိတ်တည်ငြိမ်မှု အပြည့်ဖြင့် ကျင့်ကြံနိုင်ရန် အလွန်သင့်လျော်သော နေရာတစ်ခု ဖြစ်သည်။

ယင်းက စိတ်ကူးယဉ်ဆန်မှုကို လက်တွေ့အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်ပြီး လက်တွေ့တွင် အထင်ကြီးစရာ ကောင်းသောကြောင့် အသုံးဝင်မှုနှင့် အသုံးမဝင်မှု နှစ်မျိုးလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်ဟု ယူဆနိုင်စရာရှိသည်။

ဤကမ္ဘာတွင် မှန်ကဲ့သို့ ပစ္စည်းများ မရှိခြင်းက အတော်ပင် နှမျောစရာကောင်းလှသည်။ ဤမျှ မြင့်မားသော မျှော်စင်မျိုးသည် သာယာသော ရာသီဥတုမျိုးတွင်သာ အသုံးပြုနိုင်ပြီး မိုးများ သည်းထန်စွာ ရွာသွန်းသည့်အခါ နေထိုင်၍ ရဦးမည် ဖြစ်သော်လည်း၊ အလွန်ပူပြင်းသည့် ရာသီဥတုနှင့် ဆိုးရွားသော အအေးဒဏ်များကိုတော့ ခံနိုင်မည် မဟုတ်ပေ။

စွန်းယန်ဝမ် သည် ကင်းမြီးကောက်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းမှ ကျင့်ကြံသူများကို ဦးဆောင်၍ တိုင်ရီကျောင်းတော်အား ပြန်လည်ပြင်ဆင်နေသည့် အချိန်တွင် တောင်အောက်ရှိ မြို့ငယ်လေး မှာလည်း အလားတူ ပြန်လည် တည်ဆောက်နေခဲ့သည်။

ဤမြို့၏ မူလနေထိုင်သူများသည် တုဝမ်လီ နှင့် တုချန်ရှင်း တို့ ညီအစ်ကို နှစ်ဦးမှ ကင်းမြီးကောက် ဂိုဏ်းသားများအား အမိန့်ပေး စေခိုင်းကာ သတ်ဖြတ်ခဲ့ခြင်းကြောင့် အားလုံး သေဆုံးခဲ့ရသည်။

ထိုညီအစ်ကိုမှာလည်း ကံတူအကျိုးပေးခြင်းကြောင့် ဇာတ်သိမ်းမလှခဲ့ပေ။ ကင်းမြီးကောက်ဂိုဏ်းသည် ယခုအခါ လျိုချင်ရှန်းနှင့် သူ့၏သမီးတို့က ပြန်လည် ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း မြို့ကို သွားရောက်သည့် အကြိမ်တိုင်း သူသည် အနည်းငယ်မျှသော ပျော်ရွှင်မှုကို မခံစားရဘဲ ဖြစ်နေခဲ့သည်။ ယင်းက သူ့အတွက် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်စေသော အရာတစ်ခု ဖြစ်နေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လကျော်က ကုန်ဆုံးသွားခဲ့သည်။ စွန်းယန်ဝမ် ၏ အထွဋ်အထိပ် သွေးကြောကျင့်စဉ် အပေါ် အပင်ပန်းခံ ကျင့်ကြံမှုမှာလည်း အပေါင်းလက္ခဏာများ ဆောင်ခဲ့ပြီး တိုးတက်မှုရလဒ်များ ရရှိလာခဲ့သည်။ တစ်ညတွင် စတုတ္ထသွေးကြောသည် ရုတ်တရက် ပွင့်သွားပြီး ချီစွမ်းအင်လှိုင်း တစ်ခုက သူ့ခန္ဓာကိုယ် အနှံ့အပြားသို့ အတားအဆီးမရှိ စီးဆင်းလာခဲ့သည်။

သူသည် အကြီးအကျယ် စိတ်လှုပ်ရှားသွားပြီး မနက်လင်းသည်နှင့် တစ်ပြိုင်နက် ထိုအကြောင်းအား ဆရာဖြစ်သူနှင့် ကျန်းချင်းရှီ တို့အား ချက်ခြင်းပင် ပြောပြလိုက်၏။

ကျန်းယွမ်ချောင် သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် တပည့်များနှင့် မြေးတပည့်များ အပါအဝင် အားလုံးကို ထိုအကြောင်းအား မည်သူ့ကိုမျှ ပြန်မပြောပြရန် ညွှန်ကြားခဲ့သည်။

စွန်းယန်ဝမ် သည် ထိုသို့ မပြောခိုင်းရသည့် အကြောင်းရင်းကို မသိသော်လည်း မည်သည့် မေးခွန်းကိုမျှ မေးမြန်းမနေဘဲ သူတို့အပြင် အခြားမည်သူမျှ မသိစေရန် ဆုံးဖြတ်လိုက်သည်။

သူသည် စတုတ္ထသွေးကြောကို ဖွင့်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူ့စိတ်ထဲတွင် အဆုံးမရှိသော မျှော်လင့်ချက် ရောင်နီများဖြင့် တဖျတ်ဖျတ် တောက်ပလာသည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် သွေးကြော တစ်ခု ထပ်ပွင့်လာမည့် အချိန်တွင် သူ့ဆရာထံမှ ကျင့်စဥ်အသစ်များ စတင် သင်ယူ နိုင်တော့မည် ဖြစ်၍ဖြစ်သည်။

ယခုအချိန်တွင် ဟူမိသားစု၏ နတ်ဆိုးသတ်ဓား ကျင့်စဉ်ကိုသာ တတ်မြောက်ထားသေးပြီး အခြား မည်သည့် တိုက်ခိုက်ရေး ပညာမျှ သူ့ဆီတွင် မရှိပေ။ ထို့အပြင် ဤဓားသိုင်းသည် ဟူမိသားစု၏ အမွေအနှစ် ဖြစ်သောကြောင့်‌ ပေါ်ပေါ်တင်တင် အသုံးပြု၍လည်း မရပြန်ပေ။

အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သည် ချီစွမ်းအင်နှင့် သွေးကြောများကို ဖွင့်လှစ်သည့် ကျင့်စဉ် ဖြစ်သောကြောင့် ကျင့်ကြံသူများ အနေဖြင့် ၎င်း၏ အနှစ်သာရကို ခွဲခြားသိမြင်ရန် အနည်းငယ် ခက်ခဲပေလိမ့်မည်။

နတ်ဆိုးသတ်ဓား ကျင့်စဉ် မှာတော့ တိုက်ကွက်များ ဖော်ထုတ်အသုံးပြုရခြင်းကြောင့် တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးသည့် သာမန်ကျင့်ကြံသူ ဖြစ်လင့်ကစား ကျင့်စဉ်၏ အခြေခံအကျဆုံး စွမ်းရည်အပေါ် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေပြီး ယင်းအား မှတ်မိနိုင်ခြေက သိသိသာသာ မြင့်မား နေခဲ့သည်။

သူ့၏ ကျင့်ကြံခြင်းအား အပြီးသတ်လိုက်ချိန်တွင် အချိန်သည် ညနေခင်းပိုင်းသို့ပင် ရောက်နေပြီ ဖြစ်သောကြောင့် လင်ကျန်း နှင့် ကျန်းဖန်အာ တို့ကို လေ့ကျင့်ပေးရန် အလျင်အမြန် လုပ်ဆောင်ရသည်။ ထိုအခါမှသာ သူ့တပည့်နှစ်ဦး၏ အရည်အချင်းများကို မြင်တွေ့လိုက်ရပြီး သူတို့သည် အလွန်သာမန်သာ ဖြစ်နေသည်ကို သဘောပေါက်ခဲ့သည်။

လင်ကျင်း နှင့် ကျန်းဖန်အာ တို့ တိုင်ရီကျောင်းတော်သို့ ရောက်ရှိလာသည်မှာ နှစ်လကျော်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လင်ကျင်း သည် အနည်းငယ်ပိုမို ဉာဏ်ရည်မြင့်မားသောကြောင့် အခြေခံ တည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုး အနက်မှ ဆယ့်ခုနှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူနိုင်ခဲ့သည်။

သို့သော် ကျန်းဖန်အာ မှာ အနည်းငယ် ဉာဏ်ထိုင်းသူ ဖြစ်သောကြောင့် ခြောက်မျိုးအထိသာ နားလည် သဘောပေါက်သေးသည်။ တပည့်နှစ်ဦးကြားမှ အရည်အသွေးပိုင်း ကွာဟမှုက သိသိသာသာကို ထင်ရှားနေ၏။

အစောပိုင်း အချိန်များက စွန်းယန်ဝမ် သည် သူ့၏ ကျင့်ကြံမှုတွင်သာ အာရုံစိုက်နေခဲ့သောကြောင့် ကလေးနှစ်ဦးအား များစွာ အလေးထားခြင်း မရှိခဲ့ပေ။

ဤနေ့တွင်တော့ စတုတ္ထမြောက်သွေးကြောကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူ့၏ အမြဲတစေ လေးလံနေသော စိတ်သည် နောက်ဆုံးတွင် တစ်ထစ်လျော့သွားပြီး သူ့တပည့်များအတွက် အချိန်အနည်းငယ် စဉ်းစားပေးနိုင်လာခဲ့သည်။ သူသည် အကြောင်းအရာ တချို့အပေါ်တွင်လည်း များစွာရှင်းလင်းမှု မရှိသလို ဖြစ်နေသည်။

“ဟူမိသားစုရဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုးကို ဆရာမိုဝူရွှယ် ငါ့ကို သင်ပေးတုန်းက တစ်လကျော်အတွင်းမှာ အကုန်လုံး နားလည်ခဲ့တယ်… လင်ကျင်း နဲ့ ကျန်းဖန်အာ တို့က ငါ့ထက် ကျင့်ကြံချိန် နှစ်ဆနီးပါး ပိုယူထားပေမယ့် ဘာဖြစ်လို့ ဒီလောက် အတိုင်းအတာ လောက်ကိုပဲ နားလည်သဘောပေါက် နေရသေးတာလဲ…”

“ဒီလောကက လူတွေက ငါ့လောက် ဉာဏ်ရည်ဉာဏ်သွေး မမြင့်မားတာကတော့ သေချာတယ်… ဒါပေမဲ့ ငါ့တပည့်နှစ်ယောက်စလုံးကတော့ တော်တော်လေးကို ဉာဏ်နည်းလွန်းတဲ့ အခြေအနေမျိုး ဖြစ်နေပြီ…”

“ဒါက နည်းနည်းတော့ ရင်လေးစရာကောင်းတယ်… အခုမှ ဆရာမိုဝူရွှယ် ပြောခဲ့တဲ့ ဟူမိသားစုရဲ့ ကျင့်စဉ်တွေက ကျင့်ကြံခြင်းလောကမှာ နာမည်ကြီးတယ် ဆိုတာကို သဘောပေါက်တော့တယ်… သူတို့က အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုးကို ပထမဦးဆုံး စတင်ကျင့်ကြံပြီး နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ချီစွမ်းအင်က သူ့အလိုအလျောက် ဖြစ်ပေါ်လာတာပဲ…”

“ဒါပေမဲ့ ငါ့တပည့်နှစ်ယောက်အတွက်တော့ ဒီလိုစွမ်းအား ဖြစ်ပေါ်လာဖို့ နှစ်တွေဘယ်လောက် ကြာအောင် ပင်ပင်ပန်းပန်း ကျင့်ကြံဖို့ လိုအပ်နေလိမ့်မလဲ…”

သူ့၏ ဆရာသည် သူရွေးချယ်ထားသော မြေးတပည့် နှစ်ဦးအပေါ် အဘယ်ကြောင့် ဂရုမစိုက်ဘဲ ပစ်ထားခဲ့ခြင်းနှင့် အထွဋ်အထိပ် သွေးကြောကျင့်စဉ်အား သင်ကြားမပေးရန် တားဆီးခဲ့ခြင်းကို သူ ယခုမှ ကောင်းစွာ နားလည်လာခဲ့သည်။ သူတို့နှစ်ဦး၏ အရည်အချင်းသည် အမှန်တကယ်ပင် ဆိုးဆိုးရွားရွား ဖြစ်နေခဲ့ဟန်တူသည်။

အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်တွင် အနည်းငယ်ပိုမို ရှေ့ရောက်နေသော လင်ကျင်းက မေးသည်။

“ဆရာ… ကျွန်တော်တို့ တခြားတိုက်ခိုက်ရေး ကျင့်စဉ်တွေ… လှုပ်ရှားမှု ပညာရပ်တွေနဲ့ လက်နက် နည်းစနစ်တွေကို ဘယ်တော့လောက်မှ စပြီး သင်ယူခွင့်ရမှာလဲ…”

စွန်းယန်ဝမ် က အေးအေးဆေးဆေးပင် ဖြေလိုက်သည်။

“အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် သိမြင်နားလည်ပြီး ချီစွမ်းအင်ကို စုဆောင်းနိုင်ပြီဆိုမှ တိုက်ခိုက်ရေး နည်းစနစ်တွေကို ဆက်လေ့ကျင့်လို့ရမယ်…”

“လင်ကျင်း… မင်းရဲ့ ဝမ်းကွဲညီလေး ဖန်အာ ကို ဒီထက်ပိုပြီး ကြိုးစားသင်ယူဖို့ အမြဲတမ်း တွန်းအားပေးထားမှ ဖြစ်မယ်… သူ့ရဲ့ တိုးတက်မှုက အရမ်းနှေးလွန်းနေတယ်… ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ သင်ယူရမယ့် အချိန်က ထင်ထားတာထက် အများကြီး နောက်ကျကျန်ခဲ့နိုင်တယ်…”

လင်ကျင်း သည် ကလေးတစ်ဦး ဖြစ်သောကြောင့် ဆရာဖြစ်သူ၏ စကားကို ကြားသောအခါ အာရုံက အလုံးစုံ ပြောင်းလဲသွားသည်။ သူသည် မေးမြန်းနေသည့် ကိစ္စကို မေ့လျော့သွားပြီး ဆရာပြောသည့် အတိုင်း သူ့၏ ဝမ်းကွဲညီလေးအား အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်အား မြန်ဆန်အောင် လေ့ကျင့်နိုင်မည့် ပုံစံများကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ပြန်လည် သင်ကြားပြသပေးတော့သည်။

တပည့်များကို ညွှန်ကြားပြီးနောက် စွန်းယန်ဝမ် သည် ကိစ္စတစ်ခုနှင့် ပတ်သက်ပြီး အလွန်သိချင်စိတ် ပြင်းပြနေသောကြောင့် ကျန်းချင်းရှီ ထံသို့ ထွက်လာခဲ့သည်။

“စီနီယာ… သွေးကြောတစ်ခု ဖွင့်ဖို့အတွက် စီနီယာ ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့ရလဲ…”

ကျန်းချင်းရှီ က သဘောကျစွာ ပြုံးလိုက်ပြီး ဖြေသည်။

“ပထမဆုံး သွေးကြောကတော့ အကြာဆုံးပဲ… သုံးလ ဒါမှမဟုတ် လေးလလောက် ရှိမယ်နဲ့တူတယ်… အဲဒီနောက်ပိုင်း သွေးကြောတွေ အကုန်လုံးကတော့ အတူတူနီးပါးလောက်ပါပဲ… တစ်ခုကို သုံးလဝန်းကျင်ပဲ အချိန်ပေးရတယ်…”

စွန်းယန်ဝမ် စိတ်ထဲတွင် တွက်ချက်ကြည့်နေသည်။ ယင်းက သူ့၏ အရှိန်အဟုန်နှင့် တန်းတူလောက်ပင် ဖြစ်သည်။ သူက ထပ်၍ မေးလိုက်၏။

“စီနီယာ… ကျင့်ကြံခြင်း လောကမှာ တိုက်ခိုက်ရေး စွမ်းရည်တွေကို တိုင်းတာဖို့အတွက် စံနှုန်းတစ်ခုခု သတ်မှတ်ထားတာများ ရှိလား… ဥပမာ ဂိုဏ်းချုပ်ကြီး အဆင့်အောက်မှာ ရှိတဲ့သူတွေ အကုန်လုံးရဲ့ အဆင့်တွေမှာ ဘယ်သူက ဘယ်သူ့ထက် ပိုပြီး စွမ်းအားကြီးတယ်ဆိုပြီး သတ်သတ်မှတ်မှတ် မရှိဘဲ အဆင့်တူရင် တိုက်ခိုက်ရေး စွမ်းရည်က တစ်တန်းတည်းပဲလား…”

“ဒါမှမဟုတ် အဲဒီအဆင့် ကျင့်ကြံသူတွေရဲ့ စွမ်းဆောင်ရည်က တန်းတူတော့ ဖြစ်မနေလောက်ဘူး မဟုတ်လား…”

ကျန်းချင်းရှီ သဘောကျစွာ ရယ်မောလိုက်သည်။

“ကျင့်ကြံခြင်းလောကမှာ စွမ်းအားကြီးတယ်၊ စွမ်းအားနည်းတယ် ဆိုတာကို တိုင်းတာဖို့က တိုက်ခိုက်ပြီးမှပဲ ဆုံးဖြတ်နိုင်တယ်… လဲကျသွားသူတွေက လုံလောက်တဲ့ စွမ်းအားမျိုးကို မပိုင်ဆိုင်ထားလို့ဘဲ… ရပ်တည်နိုင်သူတွေသာလျှင် စွမ်းအားကြီးမားတာမျိုးပေါ့…”

“ဒါပေမဲ့ တော်ဝင်အိမ်တော်ရဲ့ ဘိုးဘေးကြီးက ဘယ်လိုစဉ်းစားလိုက်လဲတော့ မသိဘူး… ကျင့်ကြံခြင်း အဆင့်ကိုးဆင့်ကို ခွဲခြားပေးခဲ့ပြီး… မွေးရာပါ ကျင့်ကြံခြင်းမှာလည်း နယ်ပယ်လေးခုဆိုပြီး သတ်မှတ် ပေးလိုက်တယ်…”

“ဒီသတ်မှတ်ချက်အရ ကျင့်ကြံခြင်းလောကမှာ ခန္ဓာကိုယ်တွင်းကို ကျင့်ကြံခြင်းနဲ့… ရုပ်ခန္ဓာပြင်ပ ကျင့်ကြံခြင်းဆိုပြီး နှစ်ပိုင်းကွဲသွားတယ်… ဒီနှစ်ပိုင်းမှာ အတွင်းပိုင်းကို ကိုးဆင့် ခွဲထားပြီး… အပြင်ပိုင်းကိုလည်း ကိုးဆင့်ပဲ ထပ်ခွဲလိုက်တယ်…”

“ဥပမာ သွေးကြောသုံးခု ဖွင့်လှစ်ထားနိုင်တဲ့သူတွေ ဒါမှမဟုတ် တစ်ချက်တည်း တိုက်ခိုက်ရိုက်နဲ့ ဓားချက်သုံးချက် ဆက်တိုက် ထုတ်ဖော်နိုင်စွမ်း ရှိတဲ့သူတွေ… ဒါမှမဟုတ် လျှပ်စီးလို လျှင်မြန်မှုရှိတဲ့ သူတွေကို ထိပ်သီးကျင့်ကြံသူတွေလို့ သတ်မှတ်နိုင်ပြီး… သူတို့ရဲ့အဆင့်က နဝမအဆင့်ကို ရောက်ရှိနေပြီလို့ ယေဘုယျ သတ်မှတ်လို့ရတယ်….”

“သွေးကြော ငါးခုကို ဖွင့်လှစ်ထားနိုင်တဲ့သူ… ဒါမှမဟုတ် လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခွဲပစ်နိုင်သူတွေ ဆိုရင်တော့ အဌမအဆင့် ကျင့်ကြံသူအဖြစ် ယူဆတယ်….”

ကျန်းချင်းရှီ သည် ကျင့်ကြံခြင်း အဆင့်ကိုးဆင့်၏ သတ်မှတ်ချက်များကို ရှင်းပြပြီးနောက် သူ့အား မွေးရာပါ စွမ်းအား၏ နယ်ပယ်လေးခုကို ထပ်မံရှင်းပြသည်။

“မွေးရာပါ စွမ်းအားရဲ့ နယ်ပယ်လေးခုမှာ ကနဦးနယ်ပယ်… သိမ်မွေ့နယ်ပယ်… လွန်မြောက် နယ်ပယ်နဲ့ အထွဋ်အထိပ်နယ်ပယ် ဆိုပြီးတော့ ခွဲခြားထားတယ်…”

“ကနဦးနယ်ပယ်ကို ရောက်ရှိသွားတဲ့ ကျင့်ကြံသူ တစ်ဦးဟာ ပင်ကိုယ်ပါရမီ သိပ်ကောင်းတယ်လို့ သတ်မှတ်လို့ရတယ်… ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ ကျင့်ကြံခြင်း လောကမှာ သိပ်ကိုရှားပါးတဲ့ တည်ရှိမှုတွေဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကို ထိန်းသိမ်းထားနိုင်တဲ့သူမျိုးတွေလည်း ဖြစ်တယ်…”

“သိမ်မွေ့နယ်ပယ်ကို ရောက်လာတဲ့အခါကျရင်တော့ ဂိုဏ်းချုပ်ကြီးလို အဆင့်မျိုး ဖြစ်လာပြီ…”

“တာ့လန်… နန်ရှား… ပေယန် တို့လို မဟာအင်အားကြီး နိုင်ငံကြီးတွေအပြင် တခြား မရေမတွက်နိုင်တဲ့ ဒေသအသီးသီးမှာပါ ဂိုဏ်းချုပ်ကြီး အရေအတွက်က လက်ဆယ်ချောင်း ပြည့်အောင် မရှိဘူး…”

“ဒီလောကမှာ အင်အားအကြီးဆုံးလို့ သတ်မှတ်လို့ရတဲ့ ဂိုဏ်းကြီးတွေမှာတောင် သူတို့ရဲ့ ပင်မထောက်တိုင်ဖြစ်တဲ့ ဂိုဏ်းချုပ်ကြီး အရေအတွက်က တစ်ဦး… အများဆုံး နှစ်ဦးအထိပဲ ပိုင်ဆိုင်ကြတယ်…”

“အဲဒီလို ဂိုဏ်းချုပ်ကြီး အဆင့်ရှိတဲ့သူမျိုး မရှိဘူးဆိုရင် အဲဒီဂိုဏ်းကို အားနည်းနေပြီ… ဆုတ်ယုတ်နေပြီလို့ သတ်မှတ်ရမှာပဲ…”

All Chapters