← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

“ငါ့အိမ်တံခါးဝအထိ လာရဲတယ်ပေါ့”

စွန်းယန်ဝမ် က မေးလိုက်သည်။

“ဒါဆိုရင် ဒီအဆင့်တွေရဲ့ အထက်အဆင့်တွေကတော့ မဟာပညာရှင်ကြီးတွေနဲ့ တကယ့် အထွဋ်အထိပ် ကျင့်ကြံသူကြီးတွေပေါ့ ဟုတ်လား…”

ကျန်းချင်းရှီ က ရယ်လိုက်သည်။

“အသေအချာပဲ…”

ထိုသို့ဆိုပါက သူသည်လည်း အဆင့်တစ်ခု ရရှိလာပြီဖြစ်သော ကျင့်ကြံသူအဖြစ် သတ်မှတ်နိုင်ပြီ မဟုတ်လော။ သူက ထပ်မေးလိုက်၏။

“စီနီယာ… ဒါဆို လျှိုချင်ရှန်းတို့ သားအဖနဲ့ ဟို ကျားအစောင့်တပ်က စစ်သူကြီးဆိုတဲ့ လူတွေကကော ဘယ်အဆင့်တွေမှာလဲ…”

ကျန်းချင်းရှီ က အလွန်သဘောကျစွာ တဟားဟားရယ်ရင်း ပြောလိုက်သည်။

“ကျင့်ကြံခြင်း အဆင့်ကိုးဆင့်ရဲ့ အဆင့်အတန်း သတ်မှတ်ချက်တွေကို အသေးစိတ် သတ်မှတ်ထားတယ် ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စာအုပ်ထဲကအတိုင်း တသမတ်တည်း သွားတွက်လို့မှ မရတာ…”

“သူတို့တွေကို အကြမ်းဖျင်းအားဖြင့် ဆဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့် ကျင့်ကြံသူတွေလို့ပဲ သတ်မှတ်ထားလို့ရတယ်… မင်းက အသေးစိတ် ထပ်ပြီးခွဲခြမ်းနေဖို့ မလိုဘူး… တကယ်လို့ မင်း သွေးကြောငါးခု ပွင့်လာပြီး ငါတို့ဂိုဏ်းရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို သင်ယူပြီးသွားရင် သူတို့က မင်းပြိုင်ဘက် လုံးဝဖြစ်လာမှာ မဟုတ်တော့ဘူး…”

“မင်းစိတ်ဝင်စားတယ်ဆိုရင် နောက်ပိုင်း ကျင့်ကြံခြင်းလောကထဲကို သွားလာတဲ့အခါ ကျင့်ကြံခြင်း အဆင့်ကိုးဆင့်အကြောင်း အသေးစိတ် ရေးသားထားတဲ့ စာအုပ်ကို ဝယ်ပြီး လေ့လာကြည့်လို့ရတယ်… အဲဒီစာအုပ်ထဲမှာတော့ မင်းသိချင်တဲ့ အဆင့်တွေအကြောင်းကို အသေးစိတ်ကအစ ခွဲခြားပေးထားတယ်… ငါလည်း အဲဒီလောက် အသေးစိတ်အထိတော့ အကုန်လုံး ပြန်မမှတ်မိ နိုင်တော့ဘူး…”

အခြေခံ အကြောင်းအရာအချို့ကို နားလည်သွားပြီးနောက် စွန်းယန်ဝမ် သည် ကျန်းချင်းရှီ အား ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီး သူ့အခန်းသို့ ပြန်လာခဲ့သည်။

ဤသို့ဖြင့် နောက်ပိုင်းရက်များတွင် စွန်းယန်ဝမ် သည် သူ့၏ ကျင့်ကြံမှုအား အဆင့်မြှင့်နေသလို တပည့်နှစ်ဦးအား အခြေခံအုတ်မြစ် ကျင့်စဉ်ကို အမြန်ဆုံး သင်ယူနိုင်ရန် တွန်းအားပေးနေခဲ့သည်။

တစ်နေ့ သူကျင့်နေစဉ် ရုတ်တရက် ကျောင်းတော်၏ အပြင်မှ ပဲ့တင်ထပ်လာသော ကျောက်စိမ်းကုချင်း သံစဉ်ကဲ့သို့ အလွန်ချိုမြိန်ကာ သာယာ နာပျော်ဖွယ်ကောင်းသည့် အသံတစ်ခုကို ကြားလိုက်ရသည်။

“စီမာကျိယန် က ညီမ ဝူချင်းယင် နဲ့အတူ တိုင်ရီကျောင်းတော်ရဲ့ ဘုန်းတော်ကြီးကျန်းကို ဂါရဝပြုဖို့ ခွင့်တောင်းပါတယ်…”

ဝူချင်းယင် ဆိုသော အမည်ကို ကြားလိုက်ရသည်နှင့် စွန်းယန်ဝမ် ၏ ရင်ထဲတွင် ဒေါသမီးများ တဝုန်းဝုန်း တောက်လောင်လာပြီး အံကိုတင်းတင်း ကြိတ်လိုက်မိသည်။ သူသည် ချက်ခြင်းပင် ဓားတစ်လက်ကို ဆွဲယူလိုက်ပြီး အပြင်သို့ ဒေါသတကြီး ပြေးထွက်ကာ အော်ဟစ်လိုက်၏။

“လူယုတ်မာ…. မင်း ဘယ်မျက်နှာနဲ့ ငါတို့ ကျောင်းတော်ကို ထပ်လာရဲသေးတာလဲ…”

ဝူချင်းယင် သည် မူလက စီမာကျိယန် ၏ နောက်တွင် တည်ငြိမ်စွာ ရပ်နေခဲ့သော်လည်း လူယုတ်မာ ဟူသော စကားကို ကြားလိုက်ရသည်နှင့် မျက်နှာတစ်ခုလုံး ထူပူသွားပြီး သူမ၏ ချောမောသော မျက်နှာလေးက ပန်းသီးမှည့်လေး တစ်လုံးလို နီရဲတွတ်သွားသည်။

စီမာကျိယန် အလွန်အံ့အားသင့်သွားပြီး နောက်သို့လှည့်ကာ မေးလိုက်၏။

“မင်းက ဘယ်လိုလုပ်ပြီး လူယုတ်မာ ဖြစ်နေရတာလဲ…”

ဤမျှယဉ်ကျေးသိမ့်မွေ့သူ မိန်းမပျိုလေး တစ်ဦးက မည်သို့ လူယုတ်မာ ဖြစ်သွားရပါသနည်း….

သူမသည် မေးမြန်းနေရင်း ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိသည်။ သူမ၏ ညီမလေးသည် မည်သည့်နည်းနှင့်မျှ လူယုတ်မာ တစ်ဦး မဟုတ်ပေ။

သို့သော် စွန်းယန်ဝမ် ၏ ဓားတစ်လက်ကို ကိုင်ထားပြီး ဒေါသတကြီး ဖြစ်နေသော ပုံစံနှင့် ဝူချင်းယင် ၏ အရှက်သည်းနေသော မျက်နှာအမူအရာတို့ကို ဆက်စပ်ကြည့်ပြီးနောက် နောက်ကွယ်တွင် သူမ မသိသော ဇာတ်လမ်းတစ်ခု ရှိနေသည်ကို တပ်အပ်သိလိုက်သည်။

စွန်းယန်ဝမ် သည် တဒင်္ဂစိတ်လွတ်သွားပြီး ကျောင်းတော်အတွင်းမှ ဒေါသတကြီး ထွက်လာပြီးမှသာ ရုတ်တရက် သူ့၏ အမှားကို သတိပြုမိလိုက်၏။

“ဒုက္ခပဲ… ဒီရက်ပိုင်းထဲမှာ ငါ့ကိုယ်ထဲကို ဘာတွေဝင်ပူးနေလဲမသိဘူး… နဝမအဆင့် ကျင့်ကြံသူလေး တစ်ယောက် ဖြစ်လာရုံနဲ့ ဘာဖြစ်လို့ လူတိုင်းကို တိုက်ခိုက်ချင်စိတ်တွေ ပေါက်နေရတာလဲ…”

စီမာကျိယန် သည် အသက်နှစ်ဆယ် သို့မဟုတ် နှစ်ဆယ့်တစ်နှစ်ခန့် ရှိပြီး သွယ်လျလှပသော ကိုယ်နေဟန်ထားဖြင့် ကျောက်ဆစ်ပန်းပုရုပ် တစ်ခုကဲ့သို့ လက်ရာမြောက်စွာ ရပ်နေခဲ့သည်။ သူမသည် နှင်းပွင့်များကဲ့သို့ စွတ်စွတ်ဖြူနေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ နာမည်ကြီး မင်းသမီးများထက်ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေခဲ့သည်။

လှပဝိုင်းစက်သော မျက်လုံးလေးများသည် ကြယ်ပွင့်လေးများကဲ့သို့ တဖျတ်ဖျတ် လက်နေပြီး စင်ရော်တောင် မျက်တောင်ရှည်များက တဖျတ်ဖျတ် ပုတ်ခတ်နေကာ အချိန်၏ စီးဆင်းမှုကိုပင် ရပ်တန့်ထားသလို ထင်ရသည်။

ချက်ခြင်းပင် စွန်းယန်ဝမ် သည် ကမ္ဘာနှစ်ခု၏ အလှပဆုံး အမျိုးသမီးကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးလိုက်ခြင်း ဖြစ်သည်။

သူသည် ဝူချင်းယင် နှင့် နှစ်ကြိမ်တိုင်တိုင် ဆုံတွေ့ဖူးသော်လည်း သူမ၏ ရုပ်ရည်သွင်ပြင်ကို သေသေချာချာ မြင်တွေ့ခဲ့ရခြင်း မရှိပေ။ ယခု သူမကို သေချာကြည့်လိုက်သောအခါ ဤ လူဆိုးမ သည်လည်း ထူးခြားသော အလှတရားတစ်ခု ပိုင်ဆိုင်ထားသည်ကို တွေ့ရ၏။

သူမ၏ အသားအရေသည် အနည်းငယ် နူးညံ့မှု မရှိသော်လည်း မျက်နှာလေးသည် ကြည်လင် တောက်ပနေကာ ကိုယ်လုံးကိုယ်ပေါက်သည် တောင့်တောင့်တင်းတင်းနှင့် အချိုးအစား ပြေပြစ်လွန်းသည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာအောင် ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုများဖြင့် ပုံဖော်ထားသော ခန္ဓာကိုယ်မျိုး ဖြစ်သည်။

သူမ၏ နောက်ပြောင်ကျီစယ်မှုကို အရှိန်သပ်လိုက်ပြီး စီမာကျိယန် က ရိုသေစွာ ပြောလိုက်သည်။

“ဆရာသခင်လေး… စီမာကျိယန် က ကျွန်မရဲ့ ညီမလေးအတွက် တောင်းပန်ပါတယ်ရှင့်…”

သူမသည် အလွန်လှပသော ကိုယ်နေဟန်ထားမျိုးဖြင့် ခန္ဓာကိုယ်လေးကို ရှေ့သို့ ညွှတ်လိုက်ပြီး ဦးခေါင်းလေးငုံ့ကာ အရိုအသေ ပေးလိုက်သည်။ သူမ ဝတ်ဆင်ထားသော ဝတ်ရုံ၊ လတစ်စင်းကဲ့သို့ တောက်ပသော အလှတရားနှင့် ထူးခြားပေါ်လွင်နေသော ရုပ်ရည်တို့ကြောင့် ဤအပြုအမူက အလွန် မျက်စိပသာဒ ဖြစ်စရာကောင်းနေသည်။

သူသည် မိုဘိုင်းဖုန်းပေါ်တွင် မိတ်ကပ်ဘူး မည်မျှအကုန်အကျ ခံထားသည်ကို မသိရသော အမျိုးသမီးပေါင်း များစွာကို မြင်တွေ့ဖူးသော်လည်း သူမကို မြင်သည့်အချိန်မှသာ သူ့နှလုံးသားက ပြင်းထန်စွာ လှုပ်ရှားလာသည်။

စွန်းယန်ဝမ် သည် အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်သောအခါ အလွန်မတည်မငြိမ် ဖြစ်နေသော သူ့ခန္ဓာကိုယ်သည် ချက်ခြင်းပင် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိ သွားသည်။ သူ့၏ မျက်နှာထက်တွင် ပီပြင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး တည်ငြိမ်စွာ မေးလိုက်၏။

“မိန်းကလေးက စီမာစစ်ဆေးရေးမှူးရဲ့ သမီး လား…”

စီမာကျိယန် က ဖြေသည်။

“ဟုတ်ပါတယ်… ကျွန်မက စီမာစစ်ဆေးရေးမှူးရဲ့ သမီးပါ…”

“မကြာသေးခင်က ကျွန်မတို့ မိသားစုမှာ သေရေးရှင်ရေး ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရပြီး အသက်ဘေးက ကပ်ပြီး လွတ်မြောက်ခဲ့ပါတယ်… ညီမ ချင်းယင် ရဲ့ အကူအညီ တောင်းခံပေးခဲ့မှုက ကျွန်မတို့ကို ဒီကပ်ဆိုးကနေ ကယ်ထုတ်ပေးခဲ့တာပါ…”

“ကျွန်မရဲ့ အဖေက ချင်းယင် ရဲ့ စိတ်ဓာတ်ကို သိပ်သဘောကျတဲ့အတွက် သူ့ကို မွေးစားသမီးအဖြစ် မွေးစားလိုက်တာကြောင့် ချင်းယင် က ကျွန်မရဲ့ ညီမလေး ဖြစ်လာတာပါ…”

“အခု အဖေကလည်း ဘေးကင်းလုံခြုံသွားပြီ ဖြစ်တာကြောင့် သူက ကျွန်မကို ညီမလေးကို ခေါ်ပြီး ဆရာသခင်လေးကို လာတောင်းပန်ခိုင်းလိုက်တာပါ… အရင်ဖြစ်ခဲ့တဲ့ ကိစ္စက တကယ်တော့ နားလည်မှု လွဲသွားကြတာပါ…”

“ဆရာသခင်လေးက သဘောထားကြီးမြတ်ပြီး သူရဲကောင်း တစ်ယောက်လို စိတ်ဓာတ်မျိုး ပိုင်ဆိုင်တဲ့အတွက် ကျွန်မရဲ့ ညီမလေးကို ထပ်ပြီး အပြစ်မတင်တော့ဖို့ မျှော်လင့်ပါတယ်ရှင်…”

မကြာသေးမီက လျှိုချင်ရှန်း တို့ သားအဖ၏ ပြောပြမှုကြောင့် ဤဖြစ်စဉ်များကို အကြောင်းစုံ သူ သိရှိခဲ့ရသည်။ သို့သော် ဤကဲ့သို့ နန်းတွင်းအာဏာ လွန်ဆွဲပွဲများက သူ့အတွက် များစွာ စိတ်ဝင်စားစရာ မကောင်းပေ။

ကျင့်ကြံခြင်း လောကတွင် ဂိုဏ်းချုပ်များနှင့် ဂိုဏ်းချုပ်ကြီး အဆင့်ရှိသူများကသာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပေးနိုင်သူများ ဖြစ်သောကြောင့် နန်းတော်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခြင်းသည် ဤကမ္ဘာ၏ ဒုတိယ ရွေးချယ်မှုသာ ဖြစ်လာခဲ့သည်။

ဝူချင်းယင် သည် ထို့နေ့က သူ့အပေါ်ကို ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ သူမ၏ ရန်သူကိုသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သူလည်း ကောင်းစွာသိနေသည်။ ထို့နောက် သူတို့ ရေချိုးနေသည့် အချိန်တွင် တွေ့ဆုံခြင်းမှာလည်း လုံးဝ မတော်တဆမှုသာ ဖြစ်သည်။

သူသည် နောက်တစ်ကြိမ် တွေ့ပါက သူမအား နာကျင်အောင် ရိုက်နှက်မည်ဟု စိတ်ထဲတွင် ကြုံးဝါးထားသော်လည်း “ပြုံးနေသော မျက်နှာကို မရိုက်နှက်ရ” ဆိုသည့် စကားလုံးက သူ့ကို လုံးဝ ချည်နှောင်သွားခဲ့သည်။

စီမာကျိယန် ကဲ့သို့ လတစ်စင်းလို အေးမြပြီး ချိုသာသော အပြုံးပိုင်ရှင်လေး တစ်ဦး၏ စကားသံကို ကြားရသောအခါ သူ့ ဒေါသ၏ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းလောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။

စီမာကျိယန် နှင့် ဝူချင်းယင် တို့သည် သူမတို့ချည်း ရောက်လာခြင်းတော့ မဟုတ်ပေ။ သူမတို့ နောက်တွင် သန်မာထွားကြိုင်းသော အစေခံ ဆယ်ဦးကျော် လိုက်ပါစောင့်ရှောက် ပေးနေသည်။ စီမာကျိယန် က သူမ၏ လက်ကို ဝှေ့ရမ်းလိုက်သောအခါ အစေခံတစ်ဦးသည် အနက်ရောင် မြင်းကြီးတစ်ကောင်ကို ချက်ခြင်း ရှေ့သို့ ဆွဲခေါ်လာ၏။

ဤမြင်းနက်ကြီး၏ ခန္ဓာကိုယ်သည် အလွန်ကြံ့ခိုင်သန်စွမ်းပြီး ကျောင်းတော်တွင် မွေးထားသော မြင်းများထက် ပိုမိုထွားကြိုင်းသည်။ ၎င်းသည် လည်ဆံမွေးများကို ခါရမ်းကာ အမြီးကို တဖျတ်ဖျတ် ခတ်နေပြီး ခမ်းနားထည်ဝါသော အရှိန်အဝါကို ဖော်ထုတ်ပြသနေ၏။

စီမာကျိယန် က ပြုံးကာ ပြောသည်။

“အဲဒီနေ့က ကျွန်မရဲ့ ညီမလေးက သတင်းပို့ဖို့အတွက် မြင်းစီးပြီး အလျင်စလို ထွက်လာခဲ့ရတယ်… ကံမကောင်းစွာနဲ့ပဲ အဲဒီမြင်းလေးက လူဆိုးခေါင်းဆောင် တစ်ယောက်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တယ်… အဲဒါကြောင့် ကျွန်မရဲ့ အဖေက တောင်းပန်တဲ့အနေနဲ့ ဒီမြင်းကို ခက်ခက်ခဲခဲ ပြန်ရှာပြီး ဝယ်ပေးခဲ့တာပါ…”

ထိုသို့သော အခြေအနေတွင် သူသည် အခြားဘာကို ဆက်လက် စောဒကတက်နိုင် ပါတော့မည်နည်း။ သူက ဦးညွှတ်ကာ ပြန်လည်နှုတ်ဆက်ပြီး ပြောလိုက်သည်။

“ဒီကိစ္စကို ကျုပ်စိတ်ထဲ မထားပါဘူး…”

ဝူချင်းယင် စီးသွားသောမြင်းသည် သာမန်မြင်းတစ်ကောင်သာ ဖြစ်သော်လည်း သူမယူလာသော ဤအနက်ရောင် မြင်းသည် မိုင်ပေါင်းထောင်နှင့်ချီအောင် ခရီးနှင်နိုင်သော မြင်းကောင်း တစ်ကောင်ဖြစ်သောကြောင့် သာမန်မြင်းများထက် ဆယ်ဆမက ပို၍တန်ဖိုးကြီးနေသည်က အံ့ဩစရာ မဟုတ်ပေ။

ထို့အပြင် သူမ၏ လျော်ကြေးသည် အမှန်တကယ် စိတ်ရင်းဖြင့် ပေးအပ်သော ရိုးသားမှု ဖြစ်နေခဲ့သည်။

စီမာကျိယန် သည် သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ပြီး သိမ်မွေ့သော မျက်ဝန်းများဖြင့် သူ့ကို စူးစိုက်ကြည့်ကာ သူမ လာရခြင်း၏ အဓိက ရည်ရွယ်ချက်ကို ပြောလိုက်သည်။

“ကျွန်မ ကြားသိရသလောက် သိပ်ကိုလေးစားစရာကောင်းတဲ့ နတ်ဘုရား ကျန်းယွမ်ချောင် ဟာ ဒီနေရာမှာ တိတ်တဆိတ် ကျင့်ကြံနေခဲ့တယ် ဆိုတာပဲ… ဆရာသခင်လေးက ကျွန်မကို ကျေးဇူးပြုပြီး မိတ်ဆက်ပေးလို့များ ရနိုင်မလားရှင့်…”

“ကျွန်မရဲ့ဆရာက အော်မေနဂါးနှိမ်နင်းသူပါ…”

စွန်းယန်ဝမ် ၏ မျက်နှာထက်တွင် ရုတ်တရက် နားလည်သွားသည် အရိပ်အယောင်တချို့ ဖြတ်ပြေး သွားပြီး ရုတ်တရက် စဉ်းစားလိုက်မိသည်။ ဤမိန်းကလေးသည် သူ့ဆရာ၏ ဂုဏ်သတင်းကြောင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ အဲဒီ အော်မေနဂါးနှိမ်နင်းသူ ဆိုတာက ဘာကိုဆိုလိုတာလဲ ငါလည်းမသိပါလား…”

သူသည် အသိပညာ ဗဟုသုတနှင့် ပတ်သက်လျှင်တော့ အတော်လေး ခေါင်းပါးသူဖြစ်ကြောင်း ဝန်ခံရမည်။ တပည့်သက်တမ်းသည် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာလာပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်း အပိုင်းတွင်သာ ဇောက်ချနေခဲ့ခြင်းကြောင့် ကျင့်ကြံခြင်းလောက၏ တချို့အရာများက သူနှင့် အစိမ်းသက်သက်သာ ဖြစ်နေသည်။

သို့သော် စီမာကျိယန် ၏ အလွန်ယုံကြည်မှုရှိသော ပုံစံကို မြင်ရသောအခါ ဤအော်မေနဂါးနှိမ်နင်းသူ ဆိုသူမှာလည်း အလွန်ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်ဟု သူက ခန့်မှန်းလိုက်သည်။

“ကျုပ် သွားပြီး သတင်းပို့ပေးပါမယ်…”

သူက ပြောလိုက်သည်။

ကျောင်းအတွင်းသို့ ပြန်ဝင်လာသောအခါ ကျန်းချင်းရှီ နှင့် တန်းတန်းမတ်မတ် တွေ့ရသောကြောင့် သူက အလျင်စလို မေးမြန်းလိုက်သည်။

“စီနီယာ… ကျောင်းတော်ရဲ့ အပြင်ဘက်မှာ ရင်သပ်ရှုမောဖွယ် အလှပဂေးလေး တစ်ယောက်က အော်မေနဂါးနှိမ်နင်းသူရဲ့ တပည့်လို့ သူ့ကိုယ်သူ ပြောနေတယ်…”

ထိုစကားများ သူ့နှုတ်မှ ထွက်သွားသည်နှင့် စွန်းယန်ဝမ် သည် အလွန်ကျေနပ် ပီတိဖြစ်နေသည့် ခံစားချက်များ ခံစားနေရကြောင်း ကျန်းချင်းရှီ ချက်ခြင်း နားလည်သွားသည်။

ကျန်းချင်းရှီ က ညင်သာစွာ ရယ်မောပြီး မှတ်ချက်ပေးသည်။

“ရင်သပ်ရှုမောဖွယ် အလှပဂေးလေးပေါ့ ဟုတ်လား… ဒါက တော်တော်လေးကို ထူးခြားဆန်းသစ်တဲ့ စကားလုံးမျိုးပဲ…”

“အော်မေဂိုဏ်းဟာ ထိပ်သီးဓားဂိုဏ်းကြီး ဆယ်ခုထဲက တစ်ခုပဲ… အဲဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ဂိုဏ်းချုပ် တုလုံ ဟာ ပြိုင်ဘက်ကင်းတဲ့ အမျိုးသမီး ဓားကျင့်ကြံသူဖြစ်ပြီးတော့ သူမရဲ့ သိုင်းပညာက သိပ်ကိုထူးခြားတဲ့အပြင် သူမ အသုံးပြုတဲ့ ဓားသိုင်းကလည်း နတ်ဘုရားအဆင့်နီးပါးပဲ…”

“ဒီ မိန်းကလေး စီမာကျိယန် ဆိုတာကလည်း ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာ ပန်းခရမ်း နဂါးပျို ဆိုပြီး တော်တော်လေး လှပတဲ့ နာမည်ပြောင်နဲ့ လူသိများသူ တစ်ဦးပဲ…”

စွန်းယန်ဝမ် က အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါပေမဲ့ သူမက အဖြူရောင် ဝတ်ရုံကို ဝတ်ထားတာလေ ပန်းခရမ်းရောင်မှ မဟုတ်တာ…”

ကျန်းချင်းရှီ က သဘောကျစွာ ပြုံးလိုက်ပြီး ပြောသည်။

“သူမကို တခြားအင်္ကျီအရောင်တွေ မဝတ်ရဘူးလို့ မင်းက ပိတ်ပင်ထားခဲ့လို့လား…”

“ဒုတိယညီလေး… မင်း ငါနဲ့အတူတူ အပြင်ကိုလိုက်ခဲ့ပြီး အဲဒီ ပန်းခရမ်းနဂါးပျိုနဲ့ သွားတွေ့ရအောင်…”

စွန်းယန်ဝမ် က ချက်ခြင်းပင် မေးလိုက်၏။

“ကျွန်တော်တို့ ဆရာ့ကို အရင်ဆုံး ပြောသင့်တာ မဟုတ်ဘူးလား…”

ကျန်းချင်းရှီ က ထပ်မံရယ်မောကာ ပြောလိုက်သည်။

“အဲဒီ နဂါးနှိမ်နင်းသူ အမျိုးသမီး ကိုယ်တိုင်ရောက်လာမယ် ဆိုရင်တော့ ဆရာက သေချာပေါက် ထွက်ပြီး ကြိုဆိုပါလိမ့်မယ်… ဒါပေမဲ့ အော်မေဂိုဏ်းက တပည့်ငယ် တစ်ယောက်အတွက်ဆိုရင်တော့ မင်း စီနီယာနဲ့ အဆင့်အတန်းနဲ့တင် လုံလောက်နေပါပြီ…”

စွန်းယန်ဝမ် စိတ်ထဲတွင် တွေးလိုက်မိသည်။

“ဒါဆိုရင် ဂိုဏ်းချုပ်ကြီး တစ်ယောက်ရဲ့ တပည့်က တခြားသူတွေထက် တန်းတစ်ခု ပိုမြင့်နေတာမျိုးလား…”

ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို ခေါ်ကာ ကျောင်းတော်၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူက စီမာကျိယန် ကို တွေ့သောအခါ လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး နူးညံ့သော အသံဖြင့် ပြောသည်။

“တိုင်ရီကျောင်းတော်က ကျန်းချင်းရှီ က ပန်းခရမ်း နဂါးပျိုကို နှုတ်ခွန်းဆက်သပါတယ် ခင်ဗျာ…”

စီမာကျိယန် သည် ခပ်ပါးပါး အပြုံးလေးတစ်ခု ပြုံးပြပြီး ကျက်သရေရှိစွာဖြင့် အရိုအသေ ပြန်ပေးလိုက်သည်။

“ကျိယန် ကလည်း စီနီယာ ချင်းရှီ ကို နှုတ်ခွန်းဆက်သပါတယ်… ကျွန်မရဲ့ ဆရာက ဆရာသခင်ကျန်းကို နှုတ်ခွန်းဆက်စကား ပြောကြားဖို့လည်း အမှာပါးလိုက်ပါတယ်ရှင့်…”

ကျန်းချင်းရှီ က သဘောကျစွာ ရယ်မောလိုက်ပြီး ပြောသည်။

“အော်မေဂိုဏ်းချုပ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါ…”

ဤစကားများ၏ အသွားအလာအရ တိုင်ရီကျောင်းတော်၏ ပထမတပည့်ကြီးသည် သူ့၏ ဆရာနှင့် မိတ်ဆက်ပေးရန် လုံးဝဆန္ဒမရှိကြောင်း မြင်နိုင်သည်။

စွန်းယန်ဝမ် အနေဖြင့် သူ့ စီနီယာ၏ နောက်ကျောတွင် စီမာကျိယန် ကဲ့သို့ တပည့်တစ်ဦးအတွက် ယင်းက မထိုက်တန်ဟူသော စာသားများကိုပင် မြင်ယောင်လာသလို ခံစားလိုက်ရသည်။

All Chapters