အခန်း (၂၄)
Vol. 3 Ch. 24
“ဆရာသခင်လေး၏ မျှော်စင်နှင့် ကျင့်ကြံခြင်း”
ကျန်းချင်းရှီ သည် ဧည့်သည်များကို တိုင်ရီကျောင်းတော်အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး စွန်းယန်ဝမ် ၏ မျှော်စင်နန်းတော်များ အနက်မှ တစ်ခုကို ရွေးချယ်ကာ ဧည့်ခံခဲ့သည်။
ဤမျှော်စင်မျိုးသည် ဤလောကတွင် မဆိုထားနှင့် ကမ္ဘာမြေပေါ်တွင်ပင် ဤမျှ ထူးခြား ဆန်းကြယ်သော အဆောက်အဦမျိုးက မရှိသလောက် ရှားသည်။
စွန်းယန်ဝမ် သည် မျှော်စင်ကို ဒီဇိုင်းစတင် ရေးဆွဲသည့် အချိန်ကတည်းက လှေကားများ မပါဝင်ခြင်း ဖြစ်သည်။ ပစ္စည်းရှားပါးမှုနှင့် လုပ်သားများ၏ လုပ်ငန်းအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းတို့ကြောင့် ခမ်းနားထည်ဝါသော လှေကားများနေရာတွင် တွဲလောင်းချထားသော သစ်သားလှေကားများကိုသာ အစားထိုးထားခဲ့သည်။
စီမာကျိယန် နှင့် ဝူချင်းယင် တို့မှာ ထိုမျှ ထူးဆန်းသော အဆောက်အဦမျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိပေ။ သူမတို့က ယင်းသည် ဂိုဏ်းချုပ်ကြီးက ဧည့်သည်များ၏ ပေါ့ပါးသွက်လက်မှု စွမ်းရည်ကို စမ်းသပ်ခြင်းတစ်မျိုး ဖြစ်လိမ့်မည်ဟု ထင်မှတ်လိုက်ကြသည်။
စီမာကျိယန် လည်း စိတ်ထဲတွင် တွေးနေမိသည်။ ဤကဲ့သို့ အရာသည် သူမအတွက် မည်ကဲ့သို့ အခက်အခဲတစ်ခု ဖြစ်နိုင်ပါမည်နည်း။ အော်မေဂိုဏ်း၏ ရွှေကြိုးကြာအသွင် ပြောင်းလဲခြင်း ကျင့်စဉ်သည် ကျင့်ကြံခြင်းလောကတွင် အလွန်နာမည်ကျော်ကြားသည်။
သူမသည် ကြိုးကြာငှက် တစ်ကောင် ပျံဝဲသလို သစ်သားလှေကားပေါ်သို့ ခြေသုံးချက်သာ နင်းလိုက်ပြီး မျှော်စင်၏ အပေါ်ဆုံးထပ်သို့ ပျံတက်သွားသည်။ ထို့နောက် တောက်ပသော အပြုံးကလေး တစ်ခုဖြင့် နောက်ကိုလှည့်ကာ မေးလိုက်၏။
“စီနီယာ ချင်းရှီ နဲ့ ယန်ဝမ် တို့ ဘယ်လိုမြင်လဲ… ညီမရဲ့ လှုပ်ရှားမှုပညာရပ်က အဆင့်အတန်း မီတယ်လို့ သတ်မှတ်လို့ရလား…”
ကျန်းချင်းရှီ က သဘောကျစွာ ပြုံးလိုက်ပြီး ချက်ခြင်းအပေါ်သို့ ခုန်ပျံတက်လိုက်၏။ သူသည် လှေကားကို တစ်ချက်သာ ကန်ခဲ့ပြီး စီမာကျိယန် ထက် အဆများစွာ ပိုမိုသော လှပမှုမျိုးဖြင့် အပေါ်သို့ တက်သွားခြင်း ဖြစ်သည်။
သူက စကားတစ်ခွန်းမျှ မဆိုသော်လည်း ဤတည်ငြိမ်မှု ရှိသော အသွင်အပြင်ကပင် စီမာကျိယန် အတွက် စကားလုံးများနှင့် ဖော်ပြသည်ထက် ပို၍နက်နဲသော အထင်ကြီး လေးစားစိတ်ကို ဖြစ်စေခဲ့သည်။ သူမ သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်မိ၏။
“ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ရဲ့ ပထမဆုံး တပည့်ကြီးဆိုတဲ့အတိုင်းပဲ သူ့ရဲ့စွမ်းအားက ကောလဟလတွေက ပြောတာထက်တောင် ပိုပြီး သာလွန်ထူးခြားတဲ့ စွမ်းရည်မျိုး တကယ် ပိုင်ဆိုင်ထားတာပဲ….”
စွန်းယန်ဝမ် တွင်တော့ ထိုသို့သော လေပေါ်ပျံနိုင်သည့် စွမ်းရည်မျိုး အနည်းငယ်ပင် မပိုင်ဆိုင်သေးပေ။ သူသည် လှုပ်ရှားမှု နည်းစနစ်များအပေါ် အနည်းငယ် တီးမိခေါက်မိ အဆင့်သာ ရှိသေးသောကြောင့် သစ်သားလှေကားအတိုင်းသာ အပေါ်ကို တက်လာခဲ့သည်။
ဝူချင်းယင် ၏ လှုပ်ရှားမှုစွမ်းရည်ကလည်း အလားတူ အားနည်းချက်များ ရှိနေခဲ့သည်။ သို့သော် စွန်းယန်ဝမ် သည် သူမ၏ ဂုဏ်သိက္ခာအပေါ် ထောက်ထားသည့်အတွက် ရည်ရွယ်ချက်ပါသော ယဉ်ကျေးမှု တစ်ခုကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အထင်မှားသွားပြီး သူ့ကို အလွန်ကျေးဇူး တင်သွားသည်။ သူမက စွန်းယန်ဝမ် ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်တက်လာခဲ့၏။
သူမသည် ယခင်အချိန်များ ကတည်းက သူ့အပေါ် ကျေးဇူးတင်ပြီးသား ဖြစ်သည်။ သူမ၏ သူ့အပေါ် ကျူးလွန်းထားမှုများမှာ အလွန်ဆိုးဆိုးရွားရွား ကိစ္စရပ်များသာ ဖြစ်နေခဲ့ပြီး သတ်ဖြတ်လုနီးပါးအထိ ဖြစ်ခဲ့ဖူးသည်။
ယခု သူ့၏ ဤလုပ်ရပ်က သူမအပေါ် ကောင်းသည်ဆိုသည်ထက် အမှန်တကယ်ပင် ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။
ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့သည် ဤမျှော်စင်ပေါ်မှ ပတ်ဝန်းကျင် တစ်ခုလုံး၏ ရှုခင်းများကို ကြည့်ရှုရင်း ကျင့်ကြံခြင်းဖြင့် အချိန်များကို ကုန်လွန်လေ့ရှိသည်။ ထို့ကြောင့် ဤနေရာတွင် လက်ဖက်ရည်အိုးနှင့် မီးဖိုက အမြဲတမ်း အဆင်သင့် ရှိနေသောကြောင့် ဧည့်ခံရန်အတွက် များစွာ ပြဿနာ မဖြစ်တော့ပေ။
စွန်းယန်ဝမ် သည် ရေနွေးအိုးတစ်အိုး အလျင်အမြန် တည်လိုက်ပြီး ဧည့်သည်နှစ်ဦးကို ရေနွေးကြမ်းဖြင့် ဧည့်ခံသည်။ သူသည် မည်သည့်စကားကို စပြောရမည် မသိသောကြောင့် ခပ်မဆိတ်သာ နေလိုက်သည်။
စီမာကျိယန် သည် မြင့်မြတ်သော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသူ ဖြစ်သောကြောင့် သူမ၏ လှုပ်ရှားမှုများသည် အလွန်အဆင့်အတန်း မြင့်ကာ ယဉ်ကျေးသိမ်မွေ့သော အမူအရာက ထင်ရှား ပေါ်လွင်လွန်းသည်။
ထို့အပြင် အော်မေဂိုဏ်းကဲ့သို့ ထင်ရှားကျော်ကြားသော ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦး ဖြစ်သည့်အပြင် ပါရမီရှင် ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် တည်ငြိမ်သော ယုံကြည်ချက်မျိုးလည်း သူမထံတွင် အပြည့်ရှိနေသည်။ သူမကပင် ဦးဆောင်ကာ စကားဝိုင်းကို ဖွင့်လှစ်လိုက်သည်။
“ဒီတစ်ကြိမ် ကျွန်မရဲ့ ညီမလေးသာ အကူအညီတောင်းတာ နှောင့်နှေးနေခဲ့မယ်ဆိုရင် ကျွန်မ အဖေလည်း အဲဒီသစ္စာဖောက်တွေရဲ့ လက်ထဲမှာ ကျိန်းသေ အသတ်ခံရလိမ့်မယ်…”
“ချင်းယင် ကို ကင်းမြီးကောက်ဂိုဏ်းက တောက်လျှောက် လိုက်သတ်နေခဲ့တဲ့အတွက် သူမ လွတ်မြောက်ဖို့ဆိုတာ တော်တော်ကြီးကို ခက်ခဲခဲ့တယ်… စီနီယာတို့ နှစ်ယောက်ရဲ့ ကြားဝင် ကူညီပေးမှုကြောင့် ညီမလေး ဘေးကင်းခဲ့ရတာပါ…”
“ကျွန်မတို့ ဒီကို လာခဲ့ရတာက ရည်ရွယ်ချက် နှစ်ခုကြောင့်ပါ… ပထမအချက်က စီနီယာတွေကို တောင်းပန်ဖို့ပါ… ဒုတိယအချက်ကတော့ စီနီယာတို့ဆီက လူနှစ်ယောက် တောင်းဆိုချင်လို့ပါ…”
“ကင်းမြီးကောက်ဂိုဏ်းက အခု တိုင်ရီကျောင်းတော်ရဲ့ သစ္စာခံ ဖြစ်နေခဲ့ပြီဆိုတော့ ဒီတောင်းဆိုမှုက နည်းနည်းတော့ မသင့်လျော်ဘူးဆိုတာ ကျွန်မ နားလည်ပါတယ်… ဒါပေမဲ့ တုဝမ်လီ နဲ့ တုချန်ရှင်း တို့ ညီအစ်ကိုနှစ်ယောက်ဟာ ကင်းမြီးကောက်ဂိုဏ်းကို အလုံးစုံ သိမ်းယူပြီး အုပ်ချုပ်ခဲ့တဲ့ ကာလမှာ မရေမတွက်နိုင်တဲ့ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်…”
“ကျွန်မတို့ စီမာမိသားစုက အမျိုးသမီးနဲ့ ကလေးဒါဇင်ပေါင်းများစွာကို သူတို့ သတ်ဖြတ်ပစ်ခဲ့တယ်… အဲဒါကြောင့် စီနီယာတို့အနေနဲ့ ကျွန်မရဲ့ တောင်းဆိုမှုလေးကို ခွင့်ပြုပေးဖို့ အနူးအညွတ် မျှော်လင့် ပါတယ်ရှင်…”
စွန်းယန်ဝမ် က ချက်ခြင်းပင် ကန့်ကွက်လိုက်သည်။
“ဒါကတော့ လုံးဝမဖြစ်နိုင်တော့ပါဘူး… အဲဒီနှစ်ယောက်က…”
စီမာကျိယန် ၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားသော်လည်း စွန်းယန်ဝမ် က ဂရုမစိုက်စွာ ဆက်ပြောသည်။
“သူတို့နှစ်ယောက်လုံး အသတ်ခံလိုက်ရပါပြီ… ကျုပ်တို့ တိုင်ရီကျောင်းတော်ကလည်း သေပြီးသား သူတွေကို အသက်ပြန်သွင်းနိုင်တဲ့ စွမ်းရည်မျိုး မရှိပါဘူး… အဲဒါကြောင့် မိန်းကလေး တောင်းဆိုတဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တော့သလို… သူတို့ရုပ်အလောင်းတွေကို ပေးဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်…”
“သူတို့ရဲ့ ခေါင်းတွေတော့ ရှိနေပါသေးတယ်… မကြာသေးခင်ကပဲ ကျောင်းတော်ရဲ့ အနောက်ဘက်က တောင်တန်းတွေပေါ်မှာ မြှုပ်နှံထားပါတယ်… မိန်းကလေးတို့ လိုချင်ရင် သွားပြီး တူးယူလိုက်ပါ…”
ဝူချင်းယင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။ သူမတို့ ဤနေရာသို့ မလာမီ စီမာကျိယန် က သူမကို သတိပေးခဲ့သည့် အကြောင်းအရာများကို ပြန်အမှတ်ရ လိုက်မိသည်။
ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် သည် တိုင်ရီကျောင်းတော်တွင် ရှိနေသည်ဟူသော ကောလဟလများ ထွက်ပေါ်နေကြောင်း၊ တုဝမ်လီ နှင့် တုချန်ရှင်း တို့ ညီအစ်ကိုသည် စီမာမျိုးနွယ်စုဝင် အများအပြားကို သတ်ဖြတ်ခဲ့သော်လည်း အကယ်၍ ကျန်းယွမ်ချောင် ကသာ ၎င်းတို့ကို ထုတ်ပေးရန် ငြင်းဆန်မည် ဆိုပါက သူမတို့အနေဖြင့် မည်သို့မျှ တတ်နိုင်မည်မဟုတ်ဘဲ ဒေါသကို မြိုသိပ်ထားရုံသာရှိကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် မည်သည့်အခြေအနေမျိုးတွင်မှ စကားကို မဆင်မခြင် မပြောမိစေရန် အထူးမှာကြား ထားခဲ့သည်။
စီမာကျိယန် သည် ချက်ခြင်းပင် ထရပ်လိုက်ပြီး အရိုအသေပေးကာ ပြောလိုက်သည်။
“စီနီယာတို့ နှစ်ယောက်ကို ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်…”
စီမာချန် သည် နိုင်ငံ့အရေးကိစ္စများနှင့် ပတ်သက်၍ ဧကရာဇ်အား အမျက်ထွက်သွားစေသည့် အကြောင်းအရာများကို စာရေးသား တင်ပြခဲ့သောကြောင့် မိမိနေအိမ်သို့ပြန်ကာ တံခါးပိတ် အပြစ်ဆင်ခြင်ရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။
သို့သော် မိုးသက်မုန်တိုင်းများ ကျဆင်းနေသည့် ညတစ်ညတွင် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့တစ်ဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး သူတို့အိမ်တော်ကို ဝိုင်းရံထားလိမ့်မည်ဟုတော့ သူတို့ လုံးဝ မမျှော်လင့်ခဲ့ပေ။
စီမာချန် သည် သိုင်းပညာ တတ်မြောက်သူ မဟုတ်သလို သူ့၏ အိမ်တော်တွင် အစောင့်အရှောက် ကျင့်ကြံသူ ဟူ၍လည်း မရှိပေ။ အော်မေဂိုဏ်းမှ မိသားစုထံ ပြန်ရောက်နေသော စီမာကျိယန် မှာလည်း သူမထက် ကျင့်ကြံခြင်း အဆင့်အတန်း ပိုမိုမြင့်မားသော လူများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။
သူမသည် အနည်းငယ်မျှ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ကင်းမြီးကောက်ဂိုဏ်းသားများ၏ ရက်စက်စွာ သတ်ဖြတ်နေမှုများကိုသာ သည်အတိုင်း ကြည့်နေခဲ့ရသည်။ ထိုစဉ်က စီမာမိသားစု တစ်ခုလုံးသည် အလွန်ကြောက်မက်ဖွယ် ကောင်းသော ကပ်ဆိုးကြီးတစ်ခုကို မုချ ရင်ဆိုင်ခဲ့ရ၏။
မထင်မှတ်စရာကောင်းသည့် အဖြစ်အပျက်တစ်ခုက ကင်းမြီးကောက်ဂိုဏ်းသည် ဝူချင်းယင် ကို လိုက်လံသတ်ဖြတ်နေချိန်တွင် တိုင်ရီကျောင်းတော်သည် ထိုအရှုပ်တော်ပုံ အတွင်း ဝင်လာခဲ့ခြင်း ဖြစ်သည်။
ဤမျှ နှစ်ပေါင်း မရေမတွက်နိုင်အောင် စွန့်ပစ်ခံထားရသည့် ကျောင်းတော်တွင် ဤလောက၏ အထွဋ်အထိပ် ဂိုဏ်းချုပ်ကြီးတစ်ဦး တိတ်တဆိတ် ပုန်းအောင်း ကျင့်ကြံနေသည်ကို သိသွားသောအခါ လျှို့ဝှက်ကြံစည်နေသူများ အားလုံး မကျေမချမ်းနှင့်ပင် နောက်ပြန်ဆုတ်သွားကြသည်။
စီမာမိသားစုသည် နေရာပေါင်းစုံမှ အကူအညီများ ရယူကာ ပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများမှ တစ်ဆင့် နောက်ဆုံးတွင် အခြေအနေကို ပြောင်းပြန်လှန်ပစ် နိုင်ခဲ့သည်။
စီမာကျိယန် သည် တိုင်ရီကျောင်းတော်အပေါ် လွန်စွာ ကျေးဇူးတင်မိသော်လည်း တုဝမ်လီ နှင့် တုချန်ရှင်း တို့ ညီအစ်ကိုကြောင့် သူမရင်ထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်နေခဲ့သည်။ ထို့ကြောင့် သူမသည် စိုးရိမ်ပူပန်စွာဖြင့် တိုင်ရီကျောင်းတော်ကို လာရောက် ရှာဖွေရခြင်း ဖြစ်သည်။
သို့သော် ထိုညီအစ်ကို နှစ်ယောက်စလုံး သေဆုံးပြီဖြစ်ကြောင်း ကြားသောအခါ စီမာမျိုးနွယ်၏ အမွေဆက်ခံသူ တစ်ဖြစ်လဲ သူမသည် အလွန်ကြီးမားသော စိတ်သက်သာရာ ရမှုကို ခံစားခဲ့ရသည်။ ထိုယုတ်မာကောက်ကျစ်သူ နှစ်ဦးသည် မည်သူ့လက်ချက်ဖြင့် သေဆုံးရသည်ကို သူမ အနည်းငယ်မျှ ဂရုမစိုက်ပေ။ ၎င်းတို့ မရှိတော့ခြင်းကသာ သူမကို အလွန်ကျေနပ်စေခဲ့သည်။
စွန်းယန်ဝမ် သည် အမျိုးသမီးများနှင့် ပြောဆိုဆက်ဆံရသည့် နေရာတွင် အနည်းငယ်မျှ ကျွမ်းကျင်မှု မရှိပေ။ သူ့၏ ယခင်ကမ္ဘာတွင်လည်း မိန်းကလေး သူငယ်ချင်း ရှစ်ဦးသာ ရှိခဲ့ဖူးသည်။ ကျန်းချင်းရှီ သည် လူကောင်းတစ်ဦး ဖြစ်သော်လည်း တိုက်ခိုက်ခြင်း မဟုတ်သည့် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ ရသောနေရာများတွင် သူသည် စကားနည်းသူ တစ်ဦးအဖြစ်ကို အလိုအလျောက် ရောက်ရှိသွားသည်။
ထို့ကြောင့် စီမာကျိယန် သည် ဤစကားဝိုင်း၏ အဓိက ဦးဆောင်သူ နေရာကို အပြည့်အဝပင် သိမ်းပိုက်လိုက်ရသည်။ သူမသည် ကျင့်ကြံခြင်းလောကမှ ပါရမီရှင်များ အကြောင်းကို စတင် ပြောဆိုကာ စကားဝိုင်းအား ဆွဲဆန့်ရန် ကြိုးစားကြည့်သော်လည်း ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့က စိတ်ဝင်စားခြင်း မရှိသည့် အမူအယာများဖြင့် ဖြစ်နေသည်။
ကျန်းချင်းရှီ သည် ထိုသို့သော အကြောင်းအရာများကို အနည်းငယ်မျှ စိတ်ဝင်စားသူ မဟုတ်သလို၊ စွန်းယန်ဝမ် မှာလည်း ထိုပုဂ္ဂိုလ်များအကြောင်း နားကန်းတစ်လုံးမျှ သိသူ မဟုတ်ပေ။
သို့သော် စီမာကျိယန် သည် အနည်းငယ်မျှဖြင့် ဇွဲမလျှော့တတ်သူ ဖြစ်သောကြောင့် သူမ၏ စကားခေါင်းစဉ်ကို ကဗျာ နှင့် စာပေဘက်သို့ ချက်ခြင်းပင် ပြောင်းလဲပစ်ခဲ့သည်။
ဂုဏ်သိက္ခာကြီးမားသော မိသားစုကြီးမှ ပေါက်ဖွား ကြီးပြင်းလာခဲ့သည့် စီမာကျိယန် သည် စာပေ နှင့် သိုင်းပညာ နှစ်ခုစလုံးတွင် ထူးချွန်သူ ဖြစ်သည်။
သူမသည် မကြာသေးမီက တာ့လန်ပြည်နယ်တွင် ထင်ရှားကျော်ကြားလာသည့် ကဗျာဆရာ အချို့၏ နာမည်များကို ပြောပြသောအခါ ကျန်းချင်းရှီ သည် အနည်းငယ် စိတ်ဝင်တစား ဖြစ်လာသည်။
အံ့အားသင့်စရာ အကောင်းဆုံး အချက်မှာ ဤတိုင်ရီကျောင်းတော်၏ ပထမတပည့်ကြီးသည် ဗဟုသုတ အလွန်ကြွယ်ဝကြောင်း ထိုအခါမှ သိခွင့်ရခဲ့ပြီး သူ့၏ ပေါ့ပေါ့ပါးပါး ဝေဖန်ထောက်ပြသည့် စကားလုံးတိုင်းက အလွန်တန်ဖိုးရှိသည့် အချက်များ ဖြစ်နေခြင်း ဖြစ်သည်။
မိန်းမပျိုလေး နှစ်ဦးလုံး၏ ရင်ထဲတွင် အလွန်လေးစားသော ချီးကျူးမှုများဖြင့် ချက်ခြင်း ပြည့်နှက် သွားခဲ့သည်။
သို့သော် စွန်းယန်ဝမ် မှာတော့ ခွေးအကြီးလှည်းနင်း ထားသလို မည်သည့်နေရာမှ စပြောရမည်ကို မသိဖြစ်နေသည်။ သူသည် ကဗျာစာပေနှင့် ပတ်သက်လျှင် အနည်းအကျဉ်းလောက်သာ သိသူဖြစ်ပြီး ဤလောကသို့ မရောက်မီက နှစ်ငါးထောင်ကြာမှ တစ်ယောက်စ၊ နှစ်ယောက်စ ပေါ်ထွက်နိုင်သော စာပေပညာရှင်များ ရေးသားခဲ့သည့် စာများကိုသာ ဖတ်ခဲ့ဖူးသည်။
ထိုစာပေပညာရှင်များ၏ စာများသည် ကျောင်းစာသင်ရိုးညွှန်းတမ်းတွင် ပါဝင်နေသောကြောင့် သူဖတ်ရခြင်း ဖြစ်သလို ရာစုနှစ်များစွာအတွင်း တစ်ယောက် နှစ်ယောက် ပေါ်ထွက်လာသည့် စာပေပညာရှင်များ အနေနှင့်တော့ ထိုသင်ရိုးထဲတွင် ပါဝင်ရန် ထိုက်တန်ခြင်း မရှိပေ။ ထို့ကြောင့် သူလည်း မဖတ်ဖြစ်ပေ…
စီမာကျိယန် ပြောဆိုနေသော စာပေပညာရှင်များ ဆိုသည်မှာ မဟာလန်မင်းဆက်မှ နှစ်စဉ် အမြောက်အများ ထုတ်လုပ်ပေးနေသော သာမန်ပုဂ္ဂိုလ်များသာ ဖြစ်သည်။ ၎င်းတို့အား နှစ်ငါးထောင် သက်တမ်းရှိသော စာပေသမိုင်း၏ အနှစ်သာရနှင့် မည်ကဲ့သို့ နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း။
သူသည် ထိုသူများကို ရေတွင်းအောက်ခြေမှ ဖားသူငယ်များ အဖြစ်သာ ရှုမြင်ပြီး စိတ်ထဲတွင်လည်း တွေးလိုက်မိသည်။
“ငါ့သားလောက် အရွယ်ကို ရေးခိုင်းရင်တောင် ဒီထက် အဆဒါဇင်ပေါင်းများစွာ သာသေးတယ်…”
ဝူချင်းယင် သည် ပတ်ဝန်းကျင်အပေါ် လေ့လာအကဲဖြတ်နိုင်စွမ်း အားနည်းသူ ဖြစ်သောကြောင့် ခေါင်းငိုက်စိုက်ချကာ အိပ်ငိုက်နေသည့် စွန်းယန်ဝမ် ကို မြင်ပြီး အခြေအနေကို ယခုထက်ပို၍ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာအောင် ပြုလုပ်ပေးချင်နေသည်။
ထိုအချိန်တွင် စီမာကျိယန် သည် တာ့လန်ပြည်နယ်တွင် မကြာသေးမီကမှ နာမည်ကျော်ကြား လာသော ကလေးပါရမီရှင် တစ်ဦးအကြောင်း ပြောဆိုနေချိန် ဖြစ်သည်။ သူမက ကောက်ကာငင်ကာ မေးလိုက်၏။
“ဆရာစွန်း… ဒီကလေးပါရမီရှင်ရဲ့ ကဗျာအပေါ်မှာ ဘယ်လို မြင်မိပါသလဲ…”
စွန်းယန်ဝမ် သည် အိပ်ပျော်လုနီးပါး ဖြစ်နေသောကြောင့် သူ့ဦးနှောက်သည် ပုံမှန်အခြေအနေကဲ့သို့ လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း မရှိဘဲ ရုတ်တရက် ပြောမိပြောရာများ ပြောချလိုက်သည်။
“ကျုပ် သုံးလေးနှစ်သားလောက်တုန်းက ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာတွေနဲ့တော့ သိပ်မကွာပါဘူး…”
“ဘဲငန်း… ဘဲငန်း… ဘဲငန်း… လည်ပင်းကိုဆန့် ကောင်းကင်ကိုကြည့် သီချင်းဆိုတယ်… အဖြူရောင် အတောင်တွေက စိမ်းလဲ့တဲ့ရေကန်ထက်မှာ မျောနေတယ်… အနီရောင် ခြေပြားတွေက ကြည်လင်တဲ့ လှိုင်းကြက်ခွပ်လေးတွေကို ခွင်းခဲ့တယ်…”
“အများကြီးကွာခြားမှု မရှိပါဘူး…”
မူလက ကဗျာအကြောင်း ဆွေးနွေးနေကြသော စီမာကျိယန် နှင့် ကျန်းချင်းရှီ တို့သည် ချက်ချင်းပင် စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။
ဤ ဘဲငန်းတစ်ကောင်အား ချီးမွမ်းခမ်းဖွင့်ထားသည့် ကဗျာသည် အချိန်မရွေး၊ ရာစုနှစ်မရွေး၊ ထောင်စုနှစ်တစ်လျှောက် ထင်ရှားကျော်ကြားခဲ့သော အလွန်ထူးချွန်သည့် လက်ရာဖြစ်သည်။ ပထမတန်းစား ကဗျာအမျိုးအစားမျိုး မဟုတ်သည့်တိုင် ထောင်စုနှစ်ကြာသည်အထိ မည်သူမျှ မယှဉ်နိုင်ခဲ့သော ကလေးပါရမီရှင် တစ်ဦး၏ ကဗျာဖြစ်သည်။
အသက်နှစ်ဆယ်ကျော် အရွယ်တွင် ထိုသို့သော ကဗျာအား စပ်ဆိုခြင်းသည် မည်သို့မျှ အထူးအဆန်း မဟုတ်သော်လည်း သုံးလေးနှစ် အရွယ်တွင် ဖန်တီးနိုင်ခြင်းက စစ်မှန်သော နတ်ဘုရားပါရမီကို ဖော်ပြနေသည်။
လျိုပင်းဝမ် သည် ဤ ဘဲငန်းချီးမွမ်းခြင်း ကဗျာကြောင့် ငယ်စဉ်ကပင် နာမည်ကျော်ကြားခဲ့ပြီး ထောင်စုနှစ် တစ်ခုကြာသည်အထိ တည်ရှိနေဆဲ ဖြစ်သည်။
စီမာကျိယန် သည် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး စိတ်ထဲတွင်လည်း တွေးလိုက်သည်။
“ဒီလောက် အရည်အသွေးမြင့်မားတဲ့ ကဗျာမျိုးကို သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ရွတ်ဆိုနိုင်မှာလဲ…”
သူမက ချက်ခြင်းပင် မေးလိုက်၏။
“ဆရာစွန်းက အသက်ခုနှစ်နှစ် ရှစ်နှစ် အရွယ်လောက်တုန်းက ဘယ်လို ကဗျာမျိုးတွေကို စပ်ဆိုခဲ့လဲ ဆိုတာ သိလို့များရမလား…”
စွန်းယန်ဝမ် ၏ စိတ်သည် အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့ပြီး ချက်ခြင်းပင် စဉ်းစားလိုက်သည်။
“ငါက ဘာကိစ္စကြောင့် ဒီကလေးကုလား ကဗျာတွေကို ရွတ်ပြနေရတာလဲ… ဒါက စာပေပညာရှင်တွေ စုဝေးတဲ့နေရာမှ မဟုတ်တာ… ငါက ကျင့်ကြံသူလေ… ကဗျာတွေနဲ့ နာမည်ကြီးလာအောင် လုပ်ဖို့မှ မလိုတာ…”
သို့သော် စီမာကျိယန် ၏ စကားသည် သူ့အား ထွက်ပေါက်အားလုံးကို ပိတ်နေစေပြီး နောက်ဆုတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့သည်ကို သိသောကြောင့် စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်၏။
“ကျုပ် ခုနှစ်နှစ် ရှစ်နှစ်သားလောက်တုန်းက မိုးနဲ့မြေကိုတောင် ကောင်းကောင်း ခွဲခြားနိုင်စွမ်းမရှိဘဲ စကားကြီး စကားကျယ်တွေ ပြောဖို့လောက်ပဲ တတ်ခဲ့တာပါ… တကယ်တော့ သုံးလေးနှစ်သား အရွယ်က စွမ်းရည်မျိုးတောင် မရှိတော့ပါဘူး…”
စီမာကျိယန် သည် သူမ၏ နှင်းဆီရောင် နှုတ်ခမ်းပါးလေးကို စေ့ရင်း သဘောကျစွာ ရယ်မော လိုက်သည်။
“ကျိယန် က အသေးစိတ် အခြေအနေလေးကို နားထောင်ချင်ပါတယ်ရှင်…”
သူမက တောင်းဆိုလိုက်သည်။
စွန်းယန်ဝမ် သက်ပြင်းတစ်ချက် “ဝှူး”ခနဲ မှုတ်ထုတ်လိုက်ပြီး မတတ်သာစွာ ပြောရတော့သည်။
“ဘယ်လိုဟာတွေလဲဆိုတော့…”
“ငယ်ရွယ်စဉ်ကတည်းက ကြိုးစားသင်ယူရမည်… စာပေစွမ်းရည်သည် အဆင့်အတန်းကို တည်ဆောက်နိုင်၏… အင်ပါယာနန်းတော် တစ်ခုလုံးမှ အနီရောင် ဝတ်ရုံနှင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဆင့်မြင့် အရာရှိများ အားလုံးသည် စာဖတ်စွမ်းရည် အားကောင်းကြသူများ ဖြစ်သည်… ပညာရဲရင့် ပွဲလယ်တင့် ဆိုသလို သူတို့အားလုံး ပညာရှိများ ဖြစ်ကြသည်…”
“ပညာဆိုသည်က ကြိုးစားခြင်းမှသာ ရရှိနိုင်သည်… ပိုးစုန်းကြူးတစ်ကောင်၏ အလင်းရောင်မျှရှိသော ပြတင်းပေါက်ဖြစ်နေလျှင်ပင် စာအုပ်ပေါင်း တစ်သောင်းကို ဖတ်ရမည်… ဤဆောင်းတွင်းသုံးလ စာကြည့်ခြင်းသည် လုံလောက်ပြီ ဖြစ်သောကြောင့် ဗိုက်ထဲတွင် ဗလာဖြစ်နေသည်ဟု မည်သူက လှောင်ပြောင် ရယ်မောဝံ့ပါသနည်း…”
“ငယ်စဉ်ကတည်းက ပညာကို ကြိုးစားသင်ယူခဲ့ပြီး ဘဝတစ်လျှောက်လုံး ရည်မှန်းချက်များ မြင့်မြင့်မားမား ထားခဲ့သည်… တခြားသူများ ဓားကို ကိုင်စွဲထားချိန်တွင် ငါ့၌ ဓားကဲ့သို့ ထက်မြက်သော ကလောင်တံ ရှိနေသည်…”
……
“အစရှိသည်ဖြင့်ပေါ့… ဘာအဓိပ္ပာယ် အနှစ်သာရမှ မပါတဲ့ ကဗျာတွေလေ… နားထောင်တဲ့သူကို သက်သက် စိတ်ဒုက္ခပေးတဲ့ အချည်းနှီး စိတ်ကူးတွေနဲ့ ပြည့်နှက်နေတဲ့ စကားစုမျိုးတွေပဲ…”